← Chapters

မရဏချောက်နက်၏ အဆုံးသတ်

Vol. 26 Ch. 352

မရဏချောက်နက်၏ အဆုံးသတ်

Vol. 26 Ch. 352

“သွားပြီ၊ ငါတို့တော့ သေချာပေါက် သေရတော့မယ်။” ကျင့်ကြံသူ အများအပြား မျက်နှာပျက်ယွင်းကာ စိတ်ပျက်အားငယ်စွာ ညည်းညူလိုက်ကြသည်။

မရဏချောက်နက်၏ ကိုယ်တိုင်ဖျက်ဆီးမှုကြောင့် သူတို့၏ အရိုးများပင်မကျန် ပြာကျသွားပေတော့မည်။

ဤ မရဏချောက်နက်သို့ စစ်ချီခြင်းသည် သမိုင်းတွင် မှတ်တမ်းတင်ခံရမည့် အရေးတော်ပုံကြီးတစ်ခုဖြစ်ပြီး ပါဝင်ခဲ့သော ကျင့်ကြံသူအားလုံး သမိုင်းတွင် နာမည်တွင်ကျန်ရစ်ခဲ့မည်ဖြစ်ကာ သူတို့၏ စေတနာကို နောင်လာနောက်သားများက မှတ်မိနေရမည်ဖြစ်၏။ ကောင်းကွက်ကို ရွေးပြောရလျှင် မရဏချောက်နက်ကို ဖျက်ဆီးပြီး နောင်ရေးအတွက် ပြဿနာများကို ဖယ်ရှားခဲ့ကြသော်လည်း ဆိုးရွားသည်ကတော့ သူတို့အားလုံးမှာ လူယုံသတ်၍သေရခြင်းသာ ဖြစ်ပေတော့သည်။

“နောက်ဆုံးတော့လည်း ကြိုးစားခဲ့ရသမျှ အချည်းနှီးပါပဲ" ဘုရင်တန့်ယိုသည် ဆက်တိုက် ပြိုကျနေသော ကမ္ဘာငယ်ကို ကြည့်ရင်း ရင်ထဲတွင် အတိုင်းမသိ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ဇာတိချက်မြှုပ်နေအိမ်ဖြစ်ပြီး သူတစ်ပါးဖျက်ဆီးဖြိုခွဲမှုကြောင့် ပျောက်ကွယ်ရပေတော့မည်။

“တကယ်တော့ ငါ ဒီအစီအစဉ်မှာ မပါသင့်ဘူး။ ငါ့လူတွေနဲ့အတူ မရဏချောက်နက်မှာပဲ ရိုးရိုးသားသား နေထိုင်ခဲ့သင့်တာ။ ဒီအခြေအနေထိ ရောက်လာတာ ငါ့မှာလည်း တာဝန်ရှိတယ်။ ငါ သူတို့ကို လက်လွှတ်ပေးခဲ့မိပြီ!” မလွဲမရှောင်သာသော သေခြင်းတရားကို ရင်ဆိုင်ရသောအခါ ဘုရင်တန့်ယို၏ စိတ်ထဲတွင် နောင်တတရားများ တဖွားဖွားပေါ်ပေါက်လေတော့၏။

မရဏမျိုးနွယ်နှင့် ပူးပေါင်းခြင်းသည် အသားစားဝံပုလွေအား အိမ်ခန်းထဲသို့ ဖိတ်မန္တကပြုလိုက်ခြင်းနှင့် မခြား။

ကံဆိုးစွာဖြင့် ထိုအချိန်က သူသည် ကြီးစွာသောရည်မှန်းချက်ဖြင့် အသိစိတ်အမှောင်ဖုံးနေခဲ့ကာ အကျိုးအမြတ်ရလိုစိတ်သာ ရှိခဲ့၍ ရရှိလာနိုင်သည့် ဆုံးရှုံးမှုများကို ကြိုမတွေးခဲ့မိပါချေ။

“ဂိုဏ်းချုပ်၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ?” အကြီးအကဲလျိုက စိုးရိမ်တကြီး မေးလိုက်သည်။

ဝမ်ချန်းဝေ၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်နေပြီး ယောင်တောင်တောင်ပြန်ပြောလာ၏။ “မင်းက ငါ့ကို မေးတယ်၊ ငါက ဘယ်သူ့ကို မေးရမလဲ? လိုင်ဖူ ကို မေးရမလား?”

အကြီးအကဲလျို- “...”

ဒုန်း!

ထိုစဉ် ကောင်းကင်သည် အဆက်မပြတ် ပြိုကျနေပြီး မြေကြီးလည်း ဆက်တိုက်အက်ကွဲနေကာ သက်ရှိအားလုံး ဤကမ္ဘာနှင့်အတူ ပျောက်ကွယ်သွားတော့မည်။

ကောင်းကင်သို့ တက်လှမ်းရန် လမ်းမရှိ၊ မြေပြင်သို့ ဆင်းသက်ရန်လည်း တံခါးမရှိတော့ချေ!

မျှော်လင့်ချက်မဲ့သော အငွေ့အသက်များ လေးဘက်လေးတန်သို့ ပျံ့နှံ့နေသည်။

ခွင်းဖန်းသည်ပင် ကိုယ်ကို လှုပ်ယမ်းကာ စိုးရိမ်တကြီး အော်ဟစ်နေလျက်။

ကျွန်းငယ်လေးပေါ်တွင် ပန်းကန်လုံးဆံပင်ပုံဖြင့် ကောင်လေးတစ်ယောက်သည် ပြိုကျနေသော ကောင်းကင်ကို ကြည့်လိုက်ပြီး ခေါင်းခါကာ ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဟူး”

ထို့နောက် သူသည် သတိရှိရှိဖြင့် နဂိုကတူးထားသော မြေတွင်းထဲသို့ ပြန်လည်ခုန်ဆင်းသွားပြီး ခေါင်းလေးကိုသာဖော်လျက် သေခြင်းတရားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ပြန်၏။

“ရှုရှု ရပ်လို့မရတော့ဘူး!”

ယင်းကို မြင်သောအခါ ပုရှောင်ရှီးသည်လည်း သတိတရဖြင့် အစားအစာများကို ရူးသွပ်စွာ ဆက်လက်စားသုံးရင်း သူ၏ နောက်ဆုံးအချိန်များကို အစားပုပ်တစ်ဦးအဖြစ်သာ ပျော်မွေ့နေလိုက်သည်။ သူမသည် တတ်နိုင်သမျှသော အသက်သာဆုံး နည်းလမ်းဖြင့်သာ သေဆုံးလိုသည်။

လူတိုင်းသည် အောက်ခြေသို့တိုင်ထိုးကျနေသော စိတ်အခြေအနေနှင့် ဤတစ်ကြိမ်တွင်တော့ အသက်ရှင်သန်ရန် အခွင့်အရေး လုံးဝမရှိတော့ဟု ခံစားခဲ့ကြရသည်။

“ယဲ့ကျွင်းလင်၊ မင်း ပါးစပ်အဟောင်းသား ဖြစ်နေပြီလား? ဒါ မင်းငါ့ကို အရမ်း ဖိအားပေးတဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ တန်ဖိုးပဲ! မင်း ငါ့ကို အခုနေ သတ်လိုက်ရင်တောင် မရဏချောက်နက် ဖျက်ဆီးခံရတော့မယ်ဆိုတဲ့ အမှန်တရားကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး!”

မင်ယဲ့က ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံတွင် မနာလိုမှုများနှင့် သေခါနီးလူတစ်ယောက်၏ အထီးကျန်မှုများကို ခံစားမိနိုင်၏။

သူလည်း ဤသို့ သေဆုံးလိုသည့်ဆန္ဒ မရှိသော်ငြား ကံမကောင်းစွာဖြင့် အခြေအနေသည် အလွန်အရေးတကြီး ဖြစ်နေသောကြောင့် ဤနည်းလမ်းကို အသုံးပြု၍ သူ၏ နောက်ဆုံးတိုက်ပွဲကို တတ်နိုင်သမျှ အရေးသာအောင် အဆုံးသတ်ခဲ့ရပေမည်။

“ဒီတိုက်ပွဲပြီးရင် မရဏမျိုးနွယ်ရဲ့ အရှေ့ပိုင်းစီရင်စုကို အုပ်စိုးမယ့် စီမံကိန်းမှာ ငါ့ မင်ယဲ့ရဲ့ မဖျောက်ဖျက်နိုင်တဲ့ ရဲစွမ်းသတ္တိတွေကို လူတိုင်းက ဂုဏ်သိက္ခာအပြည့်နဲ့ ပြောဆိုဆွေးနွေးကုန်ကြလိမ့်မယ်။ ထိုက်တန်တယ်၊ ထိုက်တန်တယ်!”

ဤအခြေအနေတွင်။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလာသည်။ “ဒီကောင်လေးက တကယ်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းတာပဲ"

သူ့ကိုအစောက ခွေးတစ်ကောင်လိုရိုက်ရုံကလွဲပြီး ငါဘာလုပ်ခဲ့သေးလို့လဲ? ပြောနေတာများ မသိရင် ငါကပဲသူ့ကို ချောင်ပိတ်ပြီးနှိပ်စက်လိုက်မိတဲ့အတိုင်း။

စိတ်မရှည်စရာပဲ!

သို့‌သော် လက်ရှိတွင် အရေးတကြီး အခြေအနေကို ရင်ဆိုင်နေရသောကြောင့် ယဲ့ကျွင်းလင် ခဏတာမျှ စဉ်းစားပြီးနောက် လက်မြှောက်လိုက်သည်။

ရွှစ်!

ကောင်းကင်နှင့် မြေကြီး၏ အဆုံးမရှိသော စွမ်းအားများသည် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ ပတ်လည်တွင် စုစည်းလာပြီး အလွန်ကြီးမားသော အစီအရင်တစ်ခုအား ချက်ချင်း ပုံဖော်လာသည်။ အစီအရင်ပေါ်တွင် ဖားလောင်းတွန့်တွန့်လေးများကဲ့သို့ များပြားသော ရှေးဟောင်းသင်္ကေတများစွာ ပေါ်ထွက်လာပြီး တောက်ပသော အလင်းကို ထုတ်လွှတ်နေ၏။

“ဒါ၊ ဒါက နေရာကူးပြောင်းခြင်း အစီအရင် လား?!” မင်ယဲ့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခေါင်းထဲ ဒိန်းခနဲမြည်သွားရသည်။

လက်ဖျောက်တစ်ချက်တီးရုံဖြင့် နေရာကူးပြောင်းရေး အစီအရင် တစ်ခုကို တည်ဆောက်နိုင်ခြင်းသည်ကား ကောင်းကင်အစီအရင် ဆရာသခင်အဆင့်ရှိမှာသာ လုပ်နိုင်သော အရာဖြစ်သည်။

ထို့အပြင် ဤအတိုင်းအတာနှင့် အစီအရင် ပုံဖော်သည့် အမြန်နှုန်းကို တွက်ဆကြည့်ရသလောက် သူ့မျိုးနွယ်ရှိ ဆဋ္ဌမအဆင့် ကောင်းကင်အစီအရင်ဆရာသခင်တောင် မလုပ်နိုင်ဟု ခန့်မှန်းမိသည်။ ဒီ ယဲ့မျိုးရိုးက တကယ်ပဲ နဝမအဆင့် ကောင်းကင်အစီအရင်ဆရာသခင် ဖြစ်နေတာလား?!!!

တကယ်လို့ အဲဒီလိုသာဆိုရင်...

မင်ယဲ့ ဆက်မတွေးရဲတော့ဘဲ အစီအရင်ကို ဖျက်ဆီးရန် အလျင်အမြန် ပြေးသွားဖို့ ပြင်ဆင်လိုက်သော်လည်း ယဲ့ကျွင်းလင်က လက်တစ်ချက်ယမ်း၍ သူ့ကိုရိုက်ထုတ်လိုက်ရာ တော်ဝင်မြို့တော်မှ အပျက်အစီးပုံများကြားထဲ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားခဲ့တော့၏။

ယဲ့ကျွင်းလင် ပြောလိုက်သည်။ “လိုက်ချင်လို့လား? မရဘူးနော်၊ အဲ့အမှိုက်ပုံထဲမှာပဲ မသေမချင်းထိုင်စောင့်နေ!”

ထို့နောက် ယဲ့ကျွင်းလင်သည် နေရာကူးပြောင်းရေး အစီအရင်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်ကာ အစီအရင်ကို မသေမျိုးစွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်။

ရွှစ်!

နေရာကူးပြောင်းရေး အစီအရင်သည် အဆုံးမဲ့အလင်းတန်းများ ထွက်ပေါ်လာပြီး လူတိုင်းကို ဝေးလံဘေးကင်းသော နေရာသို့ ပို့ဆောင်ဖို့ စတင်လည်ပတ်တော့သည်။

“နေပါဦး၊ ကျွန်တော့်ကို စောင့်ပါဦး!”

ဝမ်ချန်းဝေသည် ထိတ်လန့်တုန်လှုပ်စွာ ပြေးလာပြီး ဝမ်းနည်းနေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။ “တကယ်တော့ ကျွန်တော်က နှစ်ဖက် သူလျှိုပါ! အခုနက ဖြစ်ခဲ့တာတွေ အားလုံးက ဟန်ဆောင်ထားတာ! ကျွန်တော့်ရဲ့ နှလုံးသားက အမြဲတမ်း မဟာမိတ်တပ်နဲ့အတူ ရှိနေခဲ့တာပါ!”

အလင်းကန့်လန့်ကာအတွင်းမှ ယဲ့ကျွင်းလင်က သက်ပြင်းချရင်း မှာကြားလိုက်သည်။ “ချန်းဝေ၊ တစ်ခုမှတ်ထား၊ နောက်ဘဝမှာ လိုင်ဖူကို မရိုက်နဲ့တော့နော်။”

ဝမ်ချန်းဝေ- “?”

ဟာကွာ၊ အဲ့ဒီ လိုင်ဖူ ဆိုတာ ဘယ်ကကောင်လဲလို့?

ရွှစ်!

နေရာကူးပြောင်းရေး အစီအရင် ပျောက်ကွယ်သွားသည်။

All Chapters