← Chapters

အခန်း (၃၅၃)

Vol. 26 Ch. 353

အခန်း (၃၅၃)

Vol. 26 Ch. 353

အပျက်အစီးများကြားတွင် ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦး သွေးများ ဖုံးလွှမ်းလျက် လဲလျောင်းနေသည်။ သူ၏ မျက်လုံးများက ကောင်းကင်ကို အသက်မဲ့စွာ စိုက်ကြည့်နေလျက်။

သူ ပြုံးလိုက်သည်။ ထို့နောက် ပြုံးရင်း ငိုချလိုက်ရာ ငိုသံမှာ အတော်လေးနားဝင်ဆိုးလှ၏။

အပြီးတိုင် ကျရှုံးသွားခြင်းဆိုသည်မှာ မည်သို့သောခံစားချက်ကို ပေးစွမ်းနိုင်မည်နည်း?

ဒီလိုခံစားချက်တဲ့လား?

မင်ယဲ့၏ အသိစိတ်ထဲတွင် ဘဝတစ်လျှောက်လုံး၏ အမှတ်ရစရာများအားလုံး ဆလိုက်ရှိုးပြသလို လျင်မြန်စွာ ဖြတ်သန်းသွားသည်။

မရဏမျိုးနွယ်၏ ငယ်ရွယ်သော မျိုးဆက်သစ်များထဲတွင် သူသည် ထင်ရှားကျော်ကြားသော ထူးချွန်သူတစ်ဦး ဖြစ်သော်လည်း ထိပ်ဆုံးနေရာမှ အလှမ်းဝေးနေဆဲ ဖြစ်၏။ သူသည် မိမိ၏စွမ်းဆောင်ရည်ကို သက်သေပြရန်၊ ကောင်းမွန်မြင့်မားသော အနာဂတ်ကို ရရှိရန်နှင့် လူအများဆီမှ လေးစားခံရရန် ဆန္ဒပြင်းပြခဲ့သည်။ နောက်ပိုင်းတွင် ခွင်းလွင်နယ်မြေ စွမ်းအင်ရင်းမြစ်များ ပြန်လည်နာလန်ထူတိုးပွားနေကြောင်း သိလာရပြီး မျိုးနွယ်စုက မည်သူ့ကို စေလွှတ်၍ တာဝန်ထမ်းဆောင်စေရမည်ကို ဆွေးနွေးလာခဲ့သည်။ သူကိုယ်တိုင်က မိမိ၏ဆန္ဒအလျောက် တာဝန်ယူခဲ့ကာ စီမံကိန်းတစ်ခုလုံးကို ရှေ့ဆောင်လမ်းပြပြီး အရှေ့ပိုင်းစီရင်စုတွင် မရဏမျိုးနွယ်၏ အုပ်ချုပ်မှုကို အုတ်မြစ်ချပေးဖို့ ကတိပြုခဲ့၏။ အကယ်၍ အောင်မြင်ပါက သူ၏ ပံ့ပိုးမှုသည် အတုမရှိကြီးမား‌သော ဂုဏ်သိမ်တစ်ခုသာပင်။ ခွင်းလွင်၏ အဖိုးတန်အခွင့်အရေးများကို ကြိုတင် သိမ်းပိုက်နိုင်ရုံသာမက မျိုးနွယ်စုထံမှ တန်ဖိုးကြီးဆုလာဘ်များလည်း ရရှိနိုင်ပေမည်။

ထိုအချိန်တွင် သူသည် မျိုးနွယ်စု၏ စွန့်စားသူ သူရဲကောင်းတစ်ဦးအနေဖြင့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင် ပြီးလျှင် ဒုတိယနေရာ၌ ရပ်တည်နိုင်ပေမည်။ ထို့ထက်လည်း ပိုသာချင် သာနိုင်သေး၏။

ကံမကောင်းစွာဖြင့် ဤနေရာတွင် သူသည် သူ၏ဘဝတွင် အကြီးမြတ်ဆုံးသော ရန်သူနှင့် တွေ့ဆုံခဲ့သည်။ ပြိုင်ဘက်သည် အလွန်အစွမ်းထက်သော အနေအထားတွင် သူ့ကိုသနားစဖွယ်ငုံ့ကြည့်ကာ သူ၏ တဟုန်ထိုး တိုးတက်လိုသော အောင်မြင်မှုအိပ်မက်ကြီးကို ညက်ညက်ပါအောင် ချေမှုန်းပစ်ခဲ့သည်။

ထိုရန်သူကို သူအလွန်မုန်းတီးမိ၏။

မင်ယဲ့သည် နာကျည်းမုန်းတီးစိတ်ဖြင့် မျက်လုံးများကို မှေးမှိတ်လိုက်ရာ မျက်နှာပေါ်တွင် မျက်ရည်နှစ်စက် စီးကျလာသည်။ အကယ်၍သာ အချိန်ကို နောက်ပြန်လှည့်နိုင်မည်ဆိုလျှင် သူသည် ဤမစ်ရှင်ကို ထမ်းဆောင်ရန်ထက် သတ်သေလိုက်ဖို့ကိုသာ ရွေးချယ်မည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကောင်ကြီးက ခွင်းလွင်တွင် မားမားမတ်မတ်ရပ်တည်နေမှတော့ မရဏမျိုးနွယ်သာမက အခြား ရှေးဟောင်းကြယ်မျိုးနွယ်များ နောင်တွင် ခွင်းလွင်နယ်မြေကို ကျူးကျော်လိုပါက ပြင်းထန်သော ဆုံးရှုံးမှုများနှင့် ဆိုးရွားသော အဆုံးသတ်ကို ရင်ဆိုင်ရမည်မလွဲပေ။

“ယဲ့ကျွင်းလင်၊ ငါ သရဲ ဖြစ်လာရင်တောင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး...”

မကြာမီ။

ကမ္ဘာတစ်ခုလုံး ပြိုကျသွားခဲ့ပြီး တည်ရှိနေသော သက်ရှိအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး ထာဝရ တိတ်ဆိတ်ခြင်းဖြင့် မြှုပ်နှံခံလိုက်ရတော့၏။

တစ်ချိန်တည်းတွင် အပြင်လောက၌ အလွန်ကြီးမားသော နေရာကူးပြောင်းရေး အစီအရင်တစ်ခု တောက်ပလင်းချင်းစွာ ထွက်ပေါ်လာသည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ကျင့်ကြံသူ များ၏ ထူထပ်သိပ်သည်းသော ပုံရိပ်များ ဝိုးတဝါး ထွက်ပေါ်လာတော့၏။

သူတို့၏ တည်နေရာသည် မရဏချောက်နက်၏ ဝင်ပေါက်နှင့် မနီးမဝေးတွင်သာ။

သို့သော် ယခုမူ မရဏချောက်နက်က ဘယ်ရောက်သွားပြီနည်း။

ထို လေပွေသည် မည်သည့်အခါကမှ မတည်ရှိခဲ့ဖူးသကဲ့သို့ ရုတ်ချည်း အစအနမကျန် ပျောက်ကွယ်သွားခဲ့၏။

“ဘုရားရေ၊ ငါတို့ တကယ် အသက်ရှင်သေးတာပဲ!” တစ်စုံတစ်ဦးက အာမေဋိတ်ပြုလိုက်သည်။

“မသေမျိုးအရှင်ယဲ့က အစီအရင်ကို ကိုယ်တိုင်တည်ဆောက်ပြီး ငါတို့အားလုံးကို လွတ်မြောက်စေခဲ့တာ!” အခြား အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒါကို ဘယ်လိုလုပ်လိုက်တာလဲ? နဝမအဆင့် အစီအရင်ဆရာသခင်တောင် နှိုင်းယှဥ်လို့မရနိုင်ဘူး မဟုတ်လား?” အမျိုးသားတစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။

“ဘယ်ကသာ! ဒါနဲ့ နှိုင်းယှဉ်ရင် နဝမအဆင့် အစီအရင်ဆရာသခင် ဆိုတာ ဘာမှကိုမဟုတ်ဘူး! ဟိုမရဏမျိုးနွယ်က မသေမျိုးအရှင်ယဲ့ကို ကောင်းကင်အစီအရင်ဆရာသခင်လို့ အော်လိုက်တာ မင်း မကြားဘူးလား?!”

“ဒါနဲ့ ကောင်းကင်အစီအရင်ဆရာသခင် ဆိုတာ ဘယ်အဆင့်လဲ? ဘာလို့ ငါ ဘယ်တုန်းကမှ မကြားဖူးတာလဲ?”

“ထားလိုက်တော့၊ အရမ်း အစွမ်းထက်တာတော့ သေချာတယ်!”

ဆွေးနွေးသံများ ပျံ့လွင့်နေသည်။ လူတိုင်းသည် ဘေးဆိုးမှ လွတ်မြောက်ခဲ့ရသည့်အတွက် အလွန်ကံကောင်းသည်ဟု ခံစားနေရကာ ပေါ့ပါးရွှင်မြူးလျက်။

“အစ်ကိုကြီးယဲ့၊ အစ်ကိုကြီးရဲ့ ကြီးမြတ်သော ကျေးဇူးကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး!” ထိုလူငယ်ကို ရွှယ်ဝူဟန် လေးစားချစ်ခင်စွာ‌ ငေးကြည့်နေလိုက်သည်။ ဤကမ္ဘာတွင် ဤမျှ အစွမ်းထက်ပြီး အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်သူတစ်ဦး တကယ်ရှိနေပါရောလား။

လူတွင်လည်း သူ့ထက်ငါအပြိုင် အဆင့်အတန်းများစွာ ကွဲပြားသကဲ့သို့ ကောင်းကင်များတွင်လည်း တစ်ခုထက်တစ်ခုပိုမြင့်သော အထပ်ပေါင်းများစွာ ရှိနေခဲ့သည်ပင်။

နှစ်ဦးစလုံး မသေမျိုးအရှင်များ ဖြစ်နေသော်လည်း တစ်ဖက်လူက တုနှိုင်းမရအောင် အံ့သြဖွယ်ကောင်းနေခဲ့သည်။

အံ့သြဖွယ်ကောင်းလွန်းသဖြင့် ကြည့်နေရင်းကို ကြက်သီးထရသည်အထိ။

“မသေမျိုးအရှင်ယဲ့၊ အရှင့်ရဲ့ကျေးဇူးကို ကျွန်တော်တို့ ရင်ထဲမှာ ထာဝရ ထားရှိပါမယ်!” ကျင့်ကြံသူများအားလုံး တစ်ညီတည်း ဦးညွှတ်လိုက်ကြသည်။

လေးစားရိုသေသော ကျေးဇူးစကားဆိုသံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပြီး ယုံကြည်ကိုးကွယ်မှုက ချွင်းချက်မရှိ။

“ရပါတယ်ဗျာ ရပါတယ်။” ယဲ့ကျွင်းလင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။

ကောင်းကင်အစီအရင်ဆရာသခင် အဆင့်သို့ ရောက်ရှိပါက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို လိုသလို အသုံးပြု၍ အစီအရင်များကို အလွယ်တကူ ပုံဖော်နိုင်မည်ဖြစ်၏။ အခြားသီးသန့်ပစ္စည်းများ လိုအပ်သော အစီအရင် အချို့မှလွဲ၍ အခြားအရာများအားလုံးကို လက်ဖျောက်တစ်ချက်တီးရုံမျှဖြင့် ဖန်တီးပြီးစီးနိုင်သည်။ ထို့အပြင် သူသည် ထိပ်တန်း နဝမအဆင့် ကောင်းကင်အစီအရင်ဆရာသခင် ဖြစ်လေသည်။

ကောင်းကင်အစီအရင်ဆရာသခင်များ အလွန်တရာ လေးစားခံရခြင်းမှာ မထူးဆန်းပေ။ မသေမျိုးအရှင်ဘုရင်များပင် သူတို့အပေါ် ယဉ်ကျေးစွာ ဆက်ဆံကြသည်ဟု အဆိုရှိသည်မဟုတ်လော။ အကြောင်းမှာ သူတို့၏ ကြီးမားသော ဗျူဟာတန်ဖိုးကြောင့်ပင်။ သရဲများကဲ့သို့ ပေါ်လာပြီး ဟုတ်ခနဲ ပြန်လည်ပျောက်ကွယ်သွားနိုင်သော စစ်တပ်ကို မည်သူက မကြောက်ဘဲ ရှိပါမည်နည်း?

ကောင်းကင်အစီအရင်ဆရာသခင်များပင် ဤမျှအစွမ်းထက်ပါက ထိုထက်တစ်ဆင့်ပိုမြင့်သော တာအိုအစီအရင်ဆရာသခင် အကြောင်းကား စကားဖြင့် အကျယ်တဝင့်ရှင်းပြနေဖို့ပင် မလိုတော့ပါ။

မရဏချောက်နက် အတွင်းရှိ အခက်အခဲများ၏ အလှည့်အပြောင်းများကို ပြန်လည်အမှတ်ရရင်း ယဲ့ကျွင်းလင်သည် မေးစေ့ကို ပွတ်သပ်ကာ ထိုအတွေ့အကြုံသစ်ကို ကျေနပ်စွာ စားမြုံ့ပြန်နေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် ဤတစ်ကြိမ်ကတော့ အမှန်ပင် အလွန်အန္တရာယ်များခဲ့သည်သာ။ ပြိုင်ဘက်က စီစဥ်ထားသည့် ထောင်ချောက်သည် အပြစ်အနာအဆာကင်းမဲ့ပြီး အသုံးပြုသောအစီအရင်မှာလည်း သူတို့အားလုံးကို နေရာတွင်ပင် ဖိချေသတ်နိုင်သည်အထိ စွမ်းအားပြင်းနေခဲ့သည်။

ရန်သူအတွက် ကံမကောင်းစွာဖြင့် သူသည် စထရာတိုစဖီးယားတွင် ရောက်ရှိနေခဲ့ပြန်၏။

(စထရာတိုစဖီးယား - ကမ္ဘာ့လေထုအလွှာတွေထဲမှာ အမြင့်ဆုံးအလွှာ)

All Chapters