← Chapters

ယွီဟွားဂိုဏ်းကို စာရင်းရှင်းကြစို့

Vol. 26 Ch. 354

ယွီဟွားဂိုဏ်းကို စာရင်းရှင်းကြစို့

Vol. 26 Ch. 354

“မရဏချောက်နက် ပျက်စီးသွားပြီဆိုတော့ ကျွန်တော်တို့ အရှေ့ပိုင်းစီရင်စုရဲ့ တည်ငြိမ်မှုကို နှစ်သောင်းပေါင်းများစွာ အာမခံနိုင်ပြီ။ မရဏသတ္တဝါတွေရဲ့ စောင့်ကြည့်ခြင်းခံရတဲ့ အန္တရာယ် မရှိတော့ဘူး၊ အကြီးအကဲရဲ့ယဲ့ ကုသိုလ်တော်က အတိုင်းအဆ မရှိပါဘူး!” ရွှယ်ဝူဟန်က ထပ်မံချီးမွမ်းလာသည်။

“ဟုတ်တယ်၊ ဟုတ်တယ်။” လူတိုင်းက အပြိုင်အဆိုင် ထောက်ခံကြသည်။

ဤအောင်ပွဲခံတိုက်ပွဲသည် အရှေ့ပိုင်းစီရင်စုကို အုတ်အုတ်ကျက်ကျက် လှုပ်ခတ်စေမှာ သေချာပြီး နောင်လာနောက်သားများသည်လည်း အသေးစိတ်မှတ်တမ်းတွေ မှတ်သားလေ့လာရတော့မှာ သေချာ၏။ ယဲ့ကျွင်းလင် ဦးဆောင်သော အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့၏ မရဏချောက်နက်ကို ဘယ်လိုဘယ်ပုံ ချေမှုန်းတိုက်ဖျက်ခဲ့ကြောင်း ဂုဏ်ပုဒ်ဗျူဟာမှတ်တမ်းများ ရှိလာမည်ပင်။

"ဘာမှသိပ်မလုပ်လိုက်ရပါဘူးဗျာ" ယဲ့ကျွင်းလင် ပြန်ဖြေလိုက်သည်။

“နေပါဦး၊ ယွီဟွားဂိုဏ်း၊ အဲ့ဒီဘေးဆိုးကြီး ကျန်သေးတာကို မေ့နေတာ! ဒါက ကျွန်တော်တို့ အရှေ့ပိုင်းစီရင်စုရဲ့ ဆူးညှောင့်ခလုတ်ကြီးပဲ!” တစ်စုံတစ်ဦးက သူ့နဖူးသူရိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ယွီဟွားဂိုဏ်းက မရဏချောက်နက် နဲ့ လျှို့ဝှက် ပူးပေါင်းခဲ့တာ။ အရင်တုန်းကတော့ ကျွန်တော့်မှာ အရမ်းအထင်ကြီးလေးစားခဲ့ရတာလေ၊ အရှေ့ပိုင်းစီရင်စုရဲ့ အမြင့်မြတ်ဆုံး မသေမျိုးအလင်းတန်းကြီးလို့တောင် မှတ်ယူထားခဲ့တာ!”

“ဂိုဏ်းချုပ်ကိုယ်တိုင်ကတောင် လူသားမျိုးနွယ်ကို သစ္စာဖောက်ရာမှာ ဦးဆောင်ခဲ့တယ်။ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်မသွားမှတော့ နောက်နွားတွေလည်း ကောက်ကွေ့နေကြမှာ အသေအချာပဲ။ သူတို့အားလုံး ပူးပေါင်းကြံစည်ခဲ့ကြတာ၊ တိရိစ္ဆာန်ထက်နိမ့်ကျတဲ့ကောင်တွေ!”

“ချီးတဲ့မှ၊ သူတို့ကြောင့် ငါတို့ စစ်တပ်တစ်ခုလုံးကို ချေမှုန်းခံရလုနီးပါး ဖြစ်ခဲ့တာ။ ကံကောင်းလို့ အရှင်ယဲ့ပါလို့ပေါ့။ မဟုတ်ရင် ငါတို့အားလုံး အသက်ပြန်ပါလာတော့မှာမဟုတ်ဘူး!”

ယွီဟွားဂိုဏ်း ဆိုသည့်နာမည်ကို ပြောလိုက်သည်နှင့် ကျင့်ကြံသူအားလုံး မျက်လုံးများတွင် ဒေါသတရားများ ပြည့်နှက်နေကာ မုန်းတီးမှုဖြင့် အံတင်းတင်းကြိတ်ကုန်ကြ၏။

သူတို့၏ ရင်ထဲတွင် သစ္စာဖောက်ခံရခြင်းမှ အရှက်ရစိတ်ဖြင့် အောင်ပွဲရသည့်တိုင် အခဲမကျေနိုင်ခဲ့ကြ။

အရှေ့ပိုင်းစီရင်စုတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် စည်ပင်တိုးပွားခဲ့ပြီး ကျင့်ကြံသူ အများအပြား လေးစားခံရသည့် ဂုဏ်ထူးဆောင် မသေမျိုးဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးသည် တစ်နေ့တွင် မိမိ၏ မျိုးနွယ်စုဝင်များကို သစ္စာဖောက်မည်ဟု စိတ်ပင် မကူးခဲ့မိပါချေ။

နှစ်သောင်းပေါင်းများစွာ ဂုဏ်သိက္ခာယုတ်လျော့စေမည့် ထိုမျှယုတ်မာသော လုပ်ရပ်ကို ကျူးလွန်ရန် သူတို့၏ကိုယ်ချင်းစာစိတ်များကို ခွေးချကျွေးခဲ့လေသလား?

“ကျုပ်အမြင် ပြောရရင်တော့ ဒီအခွင့်အရေးကို အသုံးချပြီး ချင်းကျိုးကို တိုက်ရိုက်ချီတက်သင့်တယ်၊ ယွီဟွားဂိုဏ်းကို သွေးချောင်းစီးစေပြီး နောင်ရေးအတွက် ပြဿနာအငုတ်အမြစ်တွေပါမကျန် ထာဝရ ဖယ်ရှားပစ်သင့်တယ်!” လီဝူကျယ်က စိတ်အားထက်သန်စွာဖြင့် သူ၏ ဓားရှည်ကို မြှောက်ကာ အားအင်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။

ဤအကြံပြုချက်ကို ကျင့်ကြံသူ အများအပြားက ချက်ချင်း လက်ခံလိုက်ကြ၏။

“သဘောတူတယ်! ဒီအကြွေးကို ထိပ်တိုက်စာရင်းရှင်းဖို့ အချိန်တန်ပြီ!”

လူတိုင်းသည် ယွီဟွားဂိုဏ်း၏ နောက်ကျောဓားထိုးမှုကြောင့် နက်နက်ရှိုင်းရှိုင်း နာကျည်းနေလျက်ရှိကာ လက်စားချေလိုစိတ်မှာ တားဆီးမရအောင် ပြင်းထန်လျက်။

တပ်မကြီးအတွင်းတွင် ယွီဟွားဂိုဏ်းကို တိုက်ခိုက်ရန် အော်ဟစ်ကြွေးကြော်သံများ ကျယ်လောင်လာသည်။

ရွှံ့ရုပ်တောင် ဒေါသထွက်ရင် လှုပ်လာနိုင်သေးတာပဲ။ သူတို့အားလုံးက သြဇာကြီးတဲ့ ဂုဏ်သိက္ခာရှိ စွမ်းအားရှင်တွေပဲလေ။ ဒီလို သေလုနီးပါးအခြေအနေထိရောက်အောင် ထောင်ချောက်ဆင်ခံရတာကို ဒေါသမထွက်ဘဲရှိပါ့မလား?

ဒီအကြွေးကို မဆပ်ရင် သူတို့ လူမဖြစ်ထိုက်တော့ဘူး!

အရှေ့ပိုင်းစီရင်စုရဲ့ နံပါတ်တစ် မသေမျိုးဂိုဏ်း ဖြစ်နေရင်တောင် ဘာဖြစ်လဲ? လူသားမျိုးနွယ်ကို သစ္စာဖောက်တဲ့ ဒီလို ရှက်စရာလုပ်ရပ်ကို ကျူးလွန်ခဲ့ပြီးတဲ့နောက် အရှေ့ပိုင်းစီရင်စုမှာ အဲ့လူတွေကို အရှင်လတ်လတ် နေရာ‌ပေးထားစရာ လိုနေသေးလို့လား?

သူတို့ တိုက်ခိုက်ရမယ်! ကောင်းကင်ဘုံကိုယ်စား အပြစ်ပေးရမယ်!

“အားလုံးပဲ၊ ယွီဟွားဂိုဏ်းဟာ ရှေးအကျဆုံး မသေမျိုး တာအိုအမျိုးအနွယ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တာ။ ဂိုဏ်းအတွင်းမှာ မသေမျိုးအရှင် အများအပြား စောင့်ရှောက်နေမှာ သေချာတယ်။ အစစအရာရာ သတိထားပြီး ဆောင်ရွက်ရမယ်။”

ရွှယ်ဝူဟန်သည် သူ၏ ငယ်စဉ်ဘဝက ရွှမ်ကျီးဓားဂိုဏ်းတွင် နားရည်ဝအောင်ကြားခဲ့ဖူးသော ကောလဟလများအရ ယွီဟွားဂိုဏ်း၏ နက်နဲသောရင်းမြစ်ကို အထင်မသေးဝံ့ပေ။

ထိုသို့သော ရှေးဟောင်း မသေမျိုးဂိုဏ်း များအတွက် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ဆိုသည်မှာ ပဏာမမျက်နှာဖုံးသက်သက်သာဖြစ်ကာ နောက်ကွယ်တွင် ကြိုးကိုင်နေသည့်ဘော့စ်များကတော့ မသေမျိုးအရှင်များသာ ဖြစ်တတ်ကြ၏။

ယခု ဂိုဏ်းချုပ် ကိုယ်စားပြုသော ထိပ်တန်းတိုက်ခိုက်ရေးအဖွဲ့ ချေမှုန်းခံလိုက်ရပြီဖြစ်၍ နောက်ကွယ်ရှိ မသေမျိုးအရှင်များသည်လည်း လျှို့ဝှက်ချက်များ ပေါ်ပေါက်ပြီးသွားသောအချိန်တွင် ငြိမ်ငြိမ်ထိုင်နေတော့မည်မဟုတ်။

ဤတိုက်ပွဲသည် အနှေးနှင့်အမြန် ရှောင်လွှဲ၍မရတော့ပေ!

မသေမျိုးအရှင် အများအပြားက စောင့်ရှောက်နေသည်ဟူသော ကောလဟာလကို ကြားသောအခါ မူလက စိတ်လှုပ်ရှားနေသော ကျင့်ကြံသူများ ရုတ်တရက် ရင်တုန်သွားကြပြီး ရေခဲရေ တစ်စည်ဖြင့် သွန်းလောင်းခံလိုက်ရသကဲ့သို့ ခေါင်းမှ ခြေဖျားအထိ အေးစက်သွားကြသည်။

ထိုမသေမျိုးဂိုဏ်းသို့ သွားရောက်ထိုးစစ်ဆင်ရာတွင် မသေမျိုးအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို မဖြစ်မနေလိုအပ်သည်။ မဟုတ်ပါက မည်မျှပင် လူများများ ရှိစေကာမူ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် ကွာခြားမည်မဟုတ်။

ထိုစဥ် မရဏချောက်နက်တွင် သူတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အားလုံးကို သတိရသွားပြီး အားလုံး တိုင်ပင်ညှိနှိုင်းခြင်း မရှိပါဘဲ ဆံဖြူလူငယ်အား မျှော်လင့်ချက်အပြည့်မျက်ဝန်းများဖြင့် တစ်ပြိုင်တည်း မော့ကြည့်မိလိုက်ကြတော့၏။

ယွီဟွားဂိုဏ်းကို အပြီးတိုင်ဖျက်ဆီးဖို့ရာ သူတစ်ယောက်သာ တတ်နိုင်ပေမည်။

ဒီလူဟာ ကမ္ဘာ့ဆန္ဒကိုတောင် လက်သီးတစ်ချက်နဲ့ ချေမှုန်းပစ်နိုင်တဲ့ ပုဂ္ဂိုလ်ထူးပဲ!

"အစ်ကိုကြီးယဲ့၊ ပြောစရာတစ်ခုခုများ ရှိပါသလား...?” ရွှယ်ဝူဟန်က သတိကြီးစွာ မေးလိုက်သည်။

ယဲ့ကျွင်းလင် တစ်ခုခု ပြောတော့မည့်ဆဲဆဲ သူ၏ စိတ်ထဲတွင် စနစ်မှ သတိပေးသံကို ရုတ်တရက် ကြားလိုက်ရသည်။

“တင်၊ ပိုင်ရှင့်အတွက် တာဝန်နေရာအသစ်ပေါ်လာပါပြီရှင်။ ယွီဟွားဂိုဏ်းဆီ အောင်မြင်စွာသွားရောက်ပြီး ပါဝင်စွမ်းဆောင်ရင် ဆုလာဘ်ကို ပေးအပ်ပါမယ်- စစ်မှန်သော မသေမျိုးအဆင့် လက်နက်သုံးခုကို တစ်ပြိုင်နက်တည်း အဆင့်နိမ့် မသေမျိုးအရှင်သခင်အဆင့် အဖြစ် မြှင့်တင်ပေးပါမယ်!”

ဤအသံကို ကြားသောအခါ။

ယဲ့ကျွင်းလင် အံ့အားသင့်သွားပြီး သူ၏ မျက်လုံးများတွင် ပျော်ရွှင်ဝမ်းမြောက်မှု အရိပ်အယောင်များ လင်းလက်သွားသည်။

မသေမျိုးလက်နက်များတွင်လည်း အဆင့် ပိုင်းခြားမှုများရှိပြီး ၎င်းတို့မှာ စစ်မှန်သော မသေမျိုးအဆင့် လက်နက်၊ ကောင်းကင် မသေမျိုးအဆင့် လက်နက်၊ ဉာဏ်အလင်း မသေမျိုးအဆင့် လက်နက်၊ မသေမျိုးအရှင်သခင်အဆင့် လက်နက်၊ မသေမျိုးအရှင်ဘုရင်အဆင့် လက်နက်၊ မသေမျိုးအရှင်အုပ်စိုးသူအဆင့် လက်နက်၊ မသေမျိုးအရှင်သူတော်စင်အဆင့် လက်နက် နှင့် မသေမျိုးအရှင်ဧကရာဇ်အဆင့် လက်နက် တို့ဖြစ်သည်။

အဆင့်တစ်ခုစီကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် အမြင့်ဆုံးအဆင့် ဟူ၍ ထပ်မံ ပိုင်းခြားထားသည်။

သူသာ ယွီဟွားဂိုဏ်းသို့ တာဝန်ထမ်း‌ဆောင်ရန် သွားရောက်ပါက သူ၏ စန်းယွမ်ဓား၊ ကောင်းကင်သင်္ချိုင်းခေါင်းတလား နှင့် ချန်းရှန်တိ ထိုလက်နက်သုံးခုသည် စစ်မှန်သော မသေမျိုးအဆင့် မှ အလွန်ရှားပါးသော မသေမျိုးအရှင်သခင်အဆင့် သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။

ဒါက ကြီးမားတဲ့ အကျိုးကျေးဇူးပဲ!

ခွင်းလွင်နယ်မြေရှိ မသေမျိုးအရှင် အများအပြားသည် စစ်မှန်သော မသေမျိုးအဆင့် လက်နက် များကို အသုံးပြုနေကြဆဲ သို့မဟုတ် မသေမျိုးအဆင့်လက်နက်ပင်မရှိလောက်အောင် ဆင်းရဲနေချိန်တွင် သူ့တွင် မသေမျိုးအရှင်သခင်အဆင့် လက်နက်သုံးခု ရှိလာတော့ပေမည်။

တိုက်ပွဲ စတင်သည်နှင့် ဆုလာဘ်က အစွမ်းပြမည်ဖြစ်ပြီး စစ်မြေပြင်တစ်ခုလုံးကို ချေမှုန်းပစ်နိုင်မည်!

ဘာလို့ မသွားရမှာလဲ?

“အစ်ကိုကြီးယဲ့?” ရွှယ်ဝူဟန်သည် ယဲ့ကျွင်းလင် တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ထိုသူ ယွီဟွားဂိုဏ်းကို ကြောက်ရွံ့နေသည်ဟု ထင်မှတ်ကာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ကျွင်းလင်သည် ချောင်းတစ်ချက်ဟန့်ကာ ပြတ်သားစွာ ပြောလာ၏။ “ဘာမှ မဖြစ်ဘူး၊ အဲ့မသေမျိုးတွေကို ဂရုစိုက်နေစရာ မလိုဘူး!”

ဤစကားများ ထွက်လာသည်နှင့်။

လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားကာ သူတို့၏ မျက်နှာများ ဝမ်းသာအားရ ပန်းရောင်လွှမ်းလျက် အသက်ရှူနှုန်း မြန်ဆန်လာသည်။ ထိုစကားတစ်ခွန်းကို အပြန်ပြန်အလှန်လှန် လိုက်လံရွတ်ဆိုကြရင်း ပို၍ပင် စွမ်းအားကြီးလာသလို ခံစားမိရ၏။

"ကျွန်တော် အရှေ့ပိုင်းစီရင်စုရဲ့ လူသားမျိုးနွယ် ကို ကိုယ်စားပြုပြီး အရှင်ယဲ့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ပါတယ်!” ရွှယ်ဝူဟန် ဝမ်းမြောက်စွာဖြင့် လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်။

“မသေမျိုးအရှင်ယဲ့ကို ကျေးဇူးတင်ပါတယ်!!!” ကျင့်ကြံသူများက လေးစားစွာ ကြွေးကြော်လိုက်ကြပြီး တစ်ညီတည်း ဦးညွှတ်လိုက်ကြသည်။

ထိုသူ၏ လုပ်ဆောင်မည်ဟူသော ကတိကြောင့် သူတို့၏ စိတ်နှလုံးများ တည်ငြိမ်သွားခဲ့သည်။ မဟုတ်ပါက ယွီဟွားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခြင်းသည် ဖြစ်နိုင်ချေရလဒ်များစွာ ထွက်ပေါ်လာနိုင်ပြီး အောင်ပွဲကို အာမ,မခံနိုင်ပေ။

“အားလုံးပဲ၊ ဒီလောက်ထိ ကျေးဇူးတင်နေဖို့ မလိုအပ်ပါဘူး။ ယွီဟွားဂိုဏ်းကလည်း ကျွန်တော့်ကို အရင်က ရန်ပြုခဲ့သေးတာပဲ။ အခု အချိန်တန်ပြီ၊ အကြွေးဟောင်းတွေ အကြွေးသစ်တွေ အကုန်ဖြေရှင်းပြီး အပြီးသတ်လိုက်ကြတာပေါ့။” ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်ရင်း တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြင့် တည်ငြိမ်စွာ ပြောကြားလိုက်သည်။

စနစ်တာဝန်မရှိလျှင်တောင် သူသည် ဤခရီးကို သွားမည်သာပင်။ ခန္ဓာကူးပြောင်းမလာခင်ကတည်းက သူ အမုန်းဆုံးသူများမှာ နယ်ခြားရန်သူများနှင့် ပူးပေါင်းပြီး မိမိမျိုးနွယ်ကို သစ္စာဖောက်သူများသာဖြစ်၏။

ထို့နောက် ယဲ့ကျွင်းလင်သည် မြေပုံကို စစ်ဆေးကာ တည်နေရာကို တိတိကျကျ သတ်မှတ်ပြီး ချင်းကျိုးသို့ ဦးတည်သော နေရာကူးပြောင်းရေး အစီအရင်အတွက် စတင်‌ရေးဆွဲပြင်ဆင်တော့သည်။

“ထွက်ခွာ!”

ရွှစ်

တောက်ပသောအလင်းများ ထွက်ပေါ်လာခြင်းနှင့်အတူ သင်္ကေတစာလုံးများစွာလည်း အစီအရင်တစ်ဝိုက် လည်ပတ်နေသည်။ အလွန်ကြီးမားသော နေရာကူးပြောင်းရေး အစီအရင်သည် မသေမျိုးအရှင်၏စွမ်းအင်ဖြင့် ချက်ချင်း အသက်ဝင်လာပြီး လူတိုင်း၏ အာမေဋိတ်သံများကြားတွင် ပျောက်ကွယ်သွားခဲ့၏။

ချင်ကျိုးပြည်နယ်။

ယွီဟွားဂိုဏ်း။

သီးသန့်ကမ္ဘာငယ်လေးတစ်ခုအတွင်းတွင်။

ဘိုးဘေးကြီး ထျန်းဟုန်၏ ပုံရိပ် ပေါ်ထွက်လာသည်။ သူသည် အိုမင်းရင့်ရော်၍ ဆံပင်ဖြူမုတ်ဆိတ်ဖြူဖြင့် ဖွေးဖွေးလှုပ်နေသော်ငြား အားအင်ပြည့်ဝလျက်ရှိသေးသော ဘိုးဘေးကြီး တစ်ဦးဖြစ်၏။ သူသည် အဖြူအနက်စပ် မြင့်မြတ်သော ဝတ်ရုံတော်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် ပြင်းထန်သော မသေမျိုးစွမ်းအင် များ ပျံ့နှံ့နေသည်။

“ထျန်းဟုန်၊ ဘာဖြစ်တာလဲ?” အာကာသကောင်းကင်ယံတွင် ကြီးမားသော မျက်လုံးများ စူးစမ်းလိုဟန်ဖြင့် ပွင့်ဟလာကာ အံ့အားသင့်သော အမူအရာဖြင့် ဘိုးဘေးကြီး ကို စိုက်ကြည့်နေကြသည်။

“အားလုံးပဲ၊ ကျုပ်တို့ ပြဿနာကြီးကြီးမားမား ကြုံတွေ့နေရပြီ ထင်ပါရဲ့” ဘိုးဘေးကြီး ထျန်းဟုန် က စိုးရိမ်တကြီး အမူအရာဖြင့် ပြောလိုက်သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ကျန် ဘိုးဘေးကြီးလေးဦးသည် အံ့အားသင့်ကာ မရေမရာပြန်ကြည့်နေကြသည်။

လက်ရှိအစီအစဉ်သည် အလွန်ချောမွေ့စွာ တိုးတက်နေသည်ပင်။ စည်းရုံးသိမ်းသွင်းရေး ကာလအပြီး၌ ယွီဟွားဂိုဏ်းသည် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ အားလုံးကို မရဏချောက်နက်ထဲသို့ အောင်မြင်စွာ ဦးဆောင်ခေါ်သွင်းနိုင်ခဲ့သည်။ ထိုနေရာတွင် သံတမန်က အသင့်စောင့်ဆိုင်းနေသရွေ့ အရာအားလုံး အောင်မြင်ဖို့တစ်လမ်းသာ ရှိတော့သည်ပင်။

အချိန်ကို ထည့်သွင်းစဉ်းစားပါက ယခုအချိန်တွင် အောင်မြင်ပြီးသင့်ပြီ မဟုတ်ပါလား?

ဘယ်လိုလုပ် ပြဿနာကြီးကြီးမားမား ဖြစ်ပေါ်နိုင်မှာလဲ?

“အကြောင်းရင်းကို ပြောစမ်းပါဦး" ဒုတိယအဆင့်ရှိ ဘိုးဘေးကျီရှောင်က စဉ်းစားရင်း ပြောလိုက်သည်။

ဘိုးဘေးကြီးထျန်းဟုန်၏ နက်ရှိုင်းသောအသံ ထွက်ပေါ်လာသည်။ “ဝမ်ချန်းဝေ ထွက်ခွာသွားတုန်းက ကျုပ် သူ့အပေါ် လျှို့ဝှက်ပညာရပ်တစ်ခုကို အထူးထည့်သွင်းထားခဲ့တယ်။ သူ အန္တရာယ်ကြုံတွေ့တဲ့အခါ မရဏချောက်နက်ကနေ သူ့ရဲ့ မှတ်ဉာဏ်တွေအားလုံး ကျူပ်ဆီကူးပြောင်းလာကြလိမ့်မယ်"

ဤအကြောင်းအရာကို ပြောနေချိန်၌ ဘိုးဘေးကြီးထျန်းဟုန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး အဖြစ်အပျက်အားလုံးကို သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသကဲ့သို့ နက်ရှိုင်းစွာ စွဲမြဲနေသော အကြောက်တရားအား သေချာခံစားနေရ၏။

“ဘာတွေ မြင်ခဲ့တာလဲ?” ဘိုးဘေးကျီရှောင်က အံ့သြတကြီး မေးလိုက်သည်။

ဘိုးဘေးကြီးထျန်းဟုန်အား ဤကဲ့သို့သော အမူအရာဖြင့် သူ တစ်ခါမှ မမြင်ဖူးခဲ့။ ဤသူသည် သူတို့ ငါးဦးထဲတွင် အစွမ်းအထက်ဆုံး စစ်မှန်သော မသေမျိုးအရှင် တစ်ဦးဖြစ်သည်ပင်။

ဘာကိုမြင်ခဲ့လို့များ ဒီလောက်အထိ အမူအရာပျက်လောက်အောင် ကြောက်လန့်နေရတာလဲ?

စိတ်ခံစားမှုများကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားပြီးနောက် ဘိုးဘေးကြီးထျန်းဟုန်သည် အလွန်အမင်း ပြတ်သားသော လေသံဖြင့် ထုတ်ပြောလာ၏။ “ကျွန်တော် မြင်ခဲ့တာက...

“အတုမရှိ ကြမ်းတမ်းတဲ့ လူတစ်ယောက်!!”

All Chapters