ဘာလို့ ငါချန်ရှောင်းပဲ အမြဲခံနေရတာလဲ
Vol. 26 Ch. 355
“ဘာရယ်?!”
ကျန်လေးဦး အံ့အားသင့်သွားကြသည်။
ဘိုးဘေးကျီရှောင်သည် ကန့်လန့်တိုက်လိုသည့်ဆန္ဒကို ထိန်းချုပ်လိုက်ပြီး လေးနက်သော အသံဖြင့် သတိပေးလိုက်၏။ “ထျန်းဟုန်၊ မင်း ကျင့်ကြံနေရင်း ချီလမ်းကြောင်းလွဲသွားတာမလား"
ကြမ်းတမ်းသော လူတစ်ဦးဆိုလျှင် ထားဦး။ အတုမရှိဘူးဆိုတာ ဘာကြီးလဲ?
ဒါ့အပြင် အဲ့ဒါက မရဏချောက်နက် ဘာဆိုင်လို့လဲ?
“ကျွန်တော် ပြောနိုင်တာကတော့ သံတမန်ရဲ့အစီအစဉ်က လုံးဝကျရှုံးသွားပြီ။ သူ ယဲ့ကျွင်းလင်ကို အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ မရဏချောက်နက်ရဲ့ ဆန္ဒကိုတောင် လောင်းကြေးထပ်ခဲ့ပေမဲ့ သူ့ဘက်က တစ်ချက်မှအသာစီးမရနိုင်ခဲ့ဘူး"
ဘိုးဘေးကြီး ထျန်းဟုန်က အကြောက်မပျယ်သေးသော လေသံဖြင့် ပြောလာသည်။ “အခု မရဏချောက်နက် ဖျက်ဆီးခံလိုက်ရပြီး သမိုင်းမြစ်ထဲမှာ လုံးဝ ပျောက်ကွယ်သွားပြီ။ အကြီးဆုံး ပြဿနာကတော့ ယဲ့ကျွင်းလင်နဲ့ သူ့အဖွဲ့က မသေသေးတာပဲ။ သူတို့ ယွီဟွားဂိုဏ်းဆီကို စာရင်းရှင်းဖို့ လာနေကြလောက်ပြီထင်တယ်"
ဝမ်ချန်းဝေ၏ မှတ်ဉာဏ်မှတစ်ဆင့် ယဲ့ကျွင်းလင်သည် အစီအရင်ကို ချိုးဖျက်ပြီး ကြမ်းတမ်းသော အမူအရာဖြင့် မင်ယဲ့အား အသနားခံလာသည်အထိ ရိုက်နှက်ခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။
အထူးသဖြင့် နောက်ဆုံးလက်သီးတစ်ချက်သည် ကောင်းကင်တာအိုဓားကို တိုက်ရိုက် ချေမှုန်းနိုင်ခဲ့သည်။ မယုံနိုင်လောက်အောင် စွမ်းအားကြီးသော အံ့မခန်းမြင်ကွင်းတွင် ဘိုးဘေးကြီးထျန်းဟုန်တစ်ယောက် ဦးရေပြားကျဥ်တက်သည်အထိ ကြောက်ရွံ့ခဲ့ရပေ၏။
ထို့ကြောင့် “အတုမရှိသော ကြမ်းတမ်းသည့် လူတစ်ယောက်” ဟူသော ဂုဏ်ပုဒ်ကို ထုတ်ပြောခဲ့ခြင်းပင်။
“ဘာ?!”
ဘိုးဘေးကျီရှောင်နှင့် အခြားသူများလည်း ရင်တုန်ထိတ်လန့်သွားပြီး ဤရုတ်တရက်ဆန်သော သတင်းဆိုးကို လက်ခံနိုင်ဖို့ ကြိုးစားရင်း မျက်လုံးများက အလန့်တကြား ပြူးကျယ်ကုန်ကြတော့သည်။
ထိုသို့သော ပြီးပြည့်စုံစွာ အကွက်ချထည်သွင်းထားသည့် သေစေနိုင်သော ထောင်ချောက်ထဲတွင် ယဲ့ကျွင်းလင်သည် အခြေအနေကို ပြောင်းပြန်လှန်ကာ ထိုသေမင်းထောင်ချောက်ကို အံ့ဖွယ်နည်းဖြင့် ပြန်လည်ဖြိုဖျက်နိုင်ခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ဒီကောင်လေးက အတော်ကြောက်စရာကောင်းပါလား။
“အင်း၊ သံတမန့်ဘက်မှာ အချိန်ကောင်း၊ နေရာကောင်း၊ လူအင်အားကောင်းတွေ အားလုံးရှိခဲ့ပေမဲ့ တော်တော်ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တာ။ ငါတို့ ငါးယောက်လုံး ပေါင်းတိုက်ရင်တောင် အဲ့ဒီကြမ်းတမ်းတဲ့ နတ်ဘုရားကို နိုင်လိမ့်မယ်မထင်ဘူး"
ဘိုးဘေးကြီး ထျန်းဟုန်က စိုးရိမ်တကြီး ပြောလာသည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ?” ကျန် ဘိုးဘေးကြီးလေးဦးသည်လည်း မမျှော်လင့်ဘဲဖြစ်ပွားလာသောအခြေအနေကြောင့် စိုးရိမ်တကြီးဖြစ်ကုန်ကြတော့၏။ ဤ ယဲ့ကျွင်းလင်သည် တကယ်ပင် မမျှော်လင့်ထားသော ရန်သူတစ်ဦးဖြစ်ပေသည်။
“အခြေအနေကြည့်ပြီး တတ်နိုင်သမျှ ကြိုးစားကြတာပေါ့၊ ဟိုအစီအစဉ်ကို စတင်လိုက်ရအောင်!” ဘိုးဘေးကြီး ထျန်းဟုန် တစ်ခုခုကို သတိရသွားပြီး သူ၏ မျက်လုံးများထဲတွင် စူးရှသည့် အေးစက်စက်အရောင်တစ်ချက် ထွက်ပေါ်လာခဲ့သည်။
“မင်းပြောချင်တာက...” လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြရသည်။
“အရမ်း စောနေသေးတာ မဟုတ်ဘူးလား? အောင်ပွဲက အဝေးကြီးမှာ ရှိနေသေးတယ်လေ” ဘိုးဘေးကျီရှောင်က လက်မခံလိုဟန်ဖြင့် ဝင်ပြောလာသည်။
“ဟမ့်၊ ခင်ဗျားတို့ ကိုယ့်အခြေအနေကို မသိသေးဘူးလား? အန္တရာယ်ကြီးက အနားထိရောက်လာနေပြီ။ အောင်ပွဲတွေပန်းတိုင်တွေ အကုန်မေ့ထားလိုက်တော့။ ဆက်ပြီးအချိန်ဆွဲနေရင် နောက်ဆုံးကြယ်တံခါးကိုတောင် ဆက်ထိန်းသိမ်းထားဖို့ မဖြစ်နိုင်တော့ဘူး!”
ဘိုးဘေးကြီး ထျန်းဟုန်က ဆူပူကြိမ်းမောင်းလိုက်သည်။
မှန်သည်။ သူသည် နယ်မြေပြင်ပမှ မရဏစစ်တပ်ကို ကြိုဆိုရန် ကြယ်တံခါးကို ကြိုတင်ဖွင့်လှစ်လိုခြင်းပင်။ ထိုအခါမှသာ ပြဿနာရှာရန် ရောက်ရှိလာသော အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ကို ခုခံနိုင်မည်ဖြစ်ပြီး တိတိကျကျ ပြောရလျှင် ယဲ့ကျွင်းလင်ကိုလည်း ရင်ဆိုင်နိုင်လောက်မည်ဖြစ်၏။
ယခင်သဘောတူညီချက်အရ ယွီဟွားဂိုဏ်းနှင့် မရဏချောက်နက်တို့သည် ကြယ်တံခါး အများစု သို့မဟုတ် အားလုံးကို ပူးပေါင်းသိမ်းပိုက်ရန်ဖြစ်သည်။ ခွင်းလွင်နယ်မြေ၏ ကောင်းကင်နှင့်မြေကြီး စွမ်းအင်ပြန်လည်နိုးထခြင်း နောက်တစ်ဆင့်သို့ ရောက်ရှိသောအခါ မရဏချောက်နက်သည် သန်းပေါင်းများစွာသော သက်ရှိများကို သွေးယဇ်အဖြစ် ပူဇော်ပေးဆပ်ကာ ကြယ်တံခါး အားလုံးကို ဖွင့်လှစ်ပြီး မရဏစစ်တပ်ကို ကျူးကျော်စေကာ အရှေ့ပိုင်းစီရင်စုကို တစ်ပါတည်းသိမ်းပိုက်ရန် စီစဥ်ထားခဲ့ကြသည်။
ဤနည်းအားဖြင့် ပိုမိုများပြားသော မရဏသတ္တဝါများ ဝင်ရောက်လာနိုင်မည်ဖြစ်ပြီး ထိုအချိန်တွင် ခွင်းလွင်နယ်မြေ၏ လောကဥပဒေသည်လည်း ပြင်းထန်စွာ ဖိနှိပ်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် မရဏချောက်နက်မှ အင်အားကြီး ပုဂ္ဂိုလ်များသည် သူတို့၏ မူပိုင်စွမ်းအားကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသနိုင်မည်ဖြစ်၏။
ထို့အပြင် ကြယ်တံခါး ဖွင့်လှစ်ရန်အတွက် သီးခြား စွမ်းအင်ဒြပ်စင်များ လိုအပ်ပြီး ဤစွမ်းအင်ဒြပ်စင်များကို ရရှိရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ သက်ရှိစွမ်းအင်ပင် ဖြစ်သည်။
ထို့ကြောင့် မရဏစစ်တပ်သည် အရှေ့ပိုင်းစီရင်စု၏ ဒေသများစွာကို သိမ်းပိုက်သောအခါ ဒေသခံ လူသားမျိုးနွယ်များကိုလည်း ကျွန်ပြုခဲ့ပြီး သူတို့၏ ရည်ရွယ်ချက်မှာ သက်ရှိစွမ်းအင်တစ်ခုတည်းသာပင်။
ထို့အပြင် ကြယ်တံခါးဖွင့်ချိန်သည် အကန့်အသတ်တစ်ခုရှိသောကြောင့် အစီအစဉ်အရ သူတို့သည် မရဏစစ်တပ်ကို ကြိုဆိုရန် အသင့်တော်ဆုံးအချိန်ကို ရွေးချယ်ရမည်ဖြစ်သည်။
သို့သော် ယခုအခါ ကြယ်တံခါး အစီအစဉ်သည် လုံးဝနီးပါး ပြိုလဲသွားရလေပြီ။ မူလက ထိန်းချုပ်ထားသော ကြယ်တံခါးများ ပြန်လည်သိမ်းပိုက်ခံလိုက်ရပြီး မရဏချောက်နက်ပင် ဖျက်ဆီးခံလိုက်ရပြီ။ အရှေ့ပိုင်းစီရင်စုတွင် သူတို့ကို ကူညီနိုင်မည့် ပြင်ပအင်အား မရှိတော့ပေ။
အကျပ်အတည်းမှ ဖောက်ထွက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကြယ်တံခါးကို ကြိုတင်ဖွင့်လှစ်ပြီး မရဏစစ်တပ်ကို အတင်းအကျပ် ခေါ်ယူရန်ပင် ဖြစ်၏။
နယ်မြေပြင်ပ မရဏမျိုးနွယ်၏ အမွေအနှစ်နှင့် သူတို့ စေလွှတ်သည့် စစ်တပ်သည် အလွန်အစွမ်းထက်လိမ့်မည်ပင်။ ၎င်းတို့သည် ကြယ်တံခါးမှတစ်ဆင့် ခွင်းလွင်နယ်မြေသို့ ဝင်ရောက်လာမည်ဖြစ်ပြီး သူတို့၏ ကျင့်ကြံဆင့်ကို လောကဥပဒေသများက ဖိနှိပ်ထားလျှင်တောင် အရှေ့ပိုင်းစီရင်စုမှ ရိုးရိုးတန်းတန်း ကျင့်ကြံသူတို့ထက် နှိုင်းယှဥ်မရအောင် သာလွန်မည်မှာ ဧကန်ပင်။
ထိုအချိန်တွင် အရှေ့ပိုင်းစီရင်စုကို ကြိုတင်သိမ်းပိုက်ခြင်းအားဖြင့် ယွီဟွားဂိုဏ်းသည် ကြီးစွာသော စွမ်းဆောင်မှုတစ်ခုကို ပြီးစီးလိုက်ပြီးဖြစ်မည်။
ရွှစ်၊ ရွှစ်၊ ရွှစ်၊ ရွှစ်!
လေဟာနယ်ထဲတွင် သက်လတ်ပိုင်းအရွယ်ခန့် ပုဂ္ဂိုလ်လေးဦး ပေါ်လာပြီး ဘိုးဘေးကြီး ထျန်းဟုန်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်ကာ သဘောတူလာကြ၏။ “ဒီလိုဆိုရင် ငါတို့အားလုံး ပူးပေါင်းလုပ်ဆောင်ပြီး ကြယ်တံခါးတွေကို အတင်းအကျပ် ဖွင့်လှစ်ကြတာပေါ့"
သူတို့၏ ခိုင်မာပြတ်သားပုံရသော လေသံတွင် မဖုံးကွယ်နိုင်သော ကြီးမားသည့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
အဘယ့်ကြောင့်ဆိုသော် ကြယ်တံခါးများဖွင့်လှစ်ရန် သက်ရှိစွမ်းအင်များစွာ လိုအပ်မည်ဖြစ်ရာ သွေးယဇ်ပူဇော်ရန်အတွက် သွေးထွက်သံယို သတ်ဖြတ်မှုများအား ရှောင်လွှဲရနိုင်မည်မဟုတ်ပေ။
မင်ယဲ့၏နောက်လိုက်အဖွဲ့တင်များ မသေမျိုးနှိမ်နင်းအကျဥ်းချ အစီအရင်ကို သတ်ဖြတ်ရေးအစီအရင် အဖြစ် ပြောင်းလဲရန်အတွက် မရဏချောက်နက်မှ သန်းပေါင်းများစွာသော သက်ရှိများကို တစ်ပြိုင်နက်တည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသလိုပင်။
“ဟူး၊ နောက်ကျသွားပြီ။ ငါတို့ နောက်ဆုံးအစီအစဉ်ကိုပဲ သုံးရတော့မယ်။” ဘိုးဘေးကြီး ထျန်းဟုန်ပ ဘိုးဘေးကြီး လေးဦး၏ အကြံပြုချက်ကို ခေါင်းခါငြင်းဆန်ကာ သက်ပြင်းချလိုက်သည်။
“မင်းပြောချင်တာက...” ကျန်လေးဦးက မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး မေးခွန်းတွင် အဓိပ္ပာယ်အပြည့် ပါဝင်နေသည်။
ပြင်ပတွင်သာမက ယွီဟွားဂိုဏ်း အတွင်း၌လည်း အသင့်ပြင်ပြီးသား ကြယ်တံခါးတစ်ခုရှိသည်။ ၎င်းကို အရန်အဖြစ် သိုလှောင်ထားသည်ပင်။
သူတို့၏ လက်ရှိအခြေအနေအရ သွေးယဇ်အတွက် လူအများကို လိုက်လံသတ်ဖြတ်ပါက အခြား မသေမျိုးအရှင်များက သတိပြုမိပြီး တားဆီးခံရမည်မှာ သေချာသည်။ ထို့ကြောင့် ဂိုဏ်းနယ်မြေအတွင်း၌ ကြယ်တံခါးကို တိုက်ရိုက် ဖွင့်လှစ်ပါက အလွန် ပိုမိုချောမွေ့လိမ့်မည်ပင်။
“ဒါဆို ဒီ ကြယ်တံခါးကို ဖွင့်ဖို့အတွက် စွမ်းအင်က အဲ့ဒီကလေးဆီကယူရမှာ မဟုတ်ဘူးလား?” ဘိုးဘေးကျီရှောင်က မျက်ခုံးပင့်ပြီး မေးလိုက်သည်။
“အဲ့ကလေးကို ကျင့်ကြံရာမှာ ဒီလောက်အထူးတလည် ဂရုစိုက်ပေးခဲ့တဲ့ ပထမတစ်ချက်က မသေမျိုးဖြစ်ဖို့အလားအလာကြီးမားလို့၊ ဒုတိယတစ်ချက်ကတော့ မမျှော်လင့်ထားတဲ့အခြေအနေအတွက် အရန်သုံးဖို့ပဲလေ"
ဘိုးဘေးကြီး ထျန်းဟုန်၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတစ်ချက် လက်သွားပြီး ပြောလိုက်သည်။“အချိန်မဖြုန်းဘဲ အခုစလုပ်ကြစို့!”
သူ စကားဆုံးသည်နှင့်။
ဘိုးဘေးကြီး ငါးဦး၏ ပုံရိပ်များ ပြန်လည်ပျောက်ကွယ်သွားကြသည်။