အခန်း (၃၅၆)
Vol. 26 Ch. 356
ထိုအချိန်တွင် မသေမျိုးတောင်ထိပ် တစ်ခုပေါ်ရှိ မသေမျိုးဂူ တစ်ခုအတွင်း၌ ချန်ရှောင်းသည် သီးသန့်ကျင့်ကြံခြင်း တစ်ကြိမ်စာကို ပြီးဆုံးသွားခါစဖြစ်၏။
ယွင်ရှန်းမသေမျိုးကျွန်း စမ်းသပ်မှု ပြီးစီးကတည်းက သူသည် အကြီးအကျယ် စိတ်ဓာတ်ကျဆင်းကာ တစ်ချိန်လုံးလိုလို မူးဝေထိုင်းမှိုင်းနေခဲ့ရသည်ပင်။ ကံကောင်းစွာဖြင့် ဘိုးဘေးကြီး ငါးဦး၏ လမ်းညွှန်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး ကျင့်ကြံခြင်း လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းနိုင်ခဲ့သည်။
သို့သော် အရေးအကြီးဆုံးအချက်မှာ ယွီဟွားဂိုဏ်းချုပ်က အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ကို ထောင်ချောက်ဆင်ပြီး သတ်ဖြတ်ရန် အစီအစဉ် အောင်မြင်ပါက အရာအားလုံး အဆင်ပြေလိမ့်သွားမည်ဟု သူ့ကို ပြောပြခဲ့ခြင်းပင်။
ယခု ဂိုဏ်းချုပ်ဝမ်မှ ယဲ့ကျွင်းလင်နှင့် အခြားသူများကို မရဏချောက်နက်ထဲသို့ အောင်မြင်စွာ ခေါ်ဆောင်သွားပြီဆိုတာ သိလိုက်ရသောအခါ ချန်ရှောင်းရင်ထဲ ပေါ့ပါးလွတ်လပ်သွားရပြီး မြင့်တက်လာသောလက်စားချေလိုစိတ်ကိုလည်း ခံစားလိုက်ရသည်။
“ဂိုဏ်းချုပ်တို့တွေ အောင်ပွဲခံပြီး ပြန်လာနေလောက်ပြီ ထင်တယ်။ ယဲ့ကျွင်းလင်၊ ယဲ့ကျွင်းလင်၊ ခင်ဗျား မသေမျိုးကျွန်းကို အမွေဆက်ခံလိုက်ရတော့ရော ဘာဖြစ်လဲ? နောက်ဆုံးမှာတော့ သစ္စာဖောက်ခံရလို့ပဲ သေဆုံးသွားရပြီမဟုတ်လား?"
ချန်ရှောင်း အကျေနပ်ကြီး ကျေနပ်နေပြီး ယွီဟွားဂိုဏ်း အပေါ် သူ၏ ပိုင်ဆိုင်လိုစိတ်သည် ပိုမို ခိုင်မာလာခဲ့သည်။
“ဘိုးဘေးကြီးက ငါ ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားတာနဲ့ ဂိုဏ်းချုပ်နေရာကို လွှဲပေးမယ်လို့ ပြောထားတယ်!”
“မြန်မြန် ကြိုးစားရမယ်!”
ချန်ရှောင်းမှာ မိမိ၏လှပသော ဂိုဏ်းချုပ်အနာဂတ်လေးကို စိတ်ကူးယဥ်လို့ မဆုံးနိုင်သေး။
ယခင်က အရှက်ရမှုများလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
အောင်နိုင်သူသည်သာ နောက်ဆုံးသော ရယ်မောနိုင်သူဖြစ်မည် မဟုတ်လော။
ထိုစဉ်။
မသေမျိုးဂူ တံခါး ပွင့်ထွက်သွားပြီး မသေမျိုးစွမ်းအင် တစ်ခု စီးဝင်လာကာ သူ့ကို ဆွဲယူခေါ်ဆောင်သွားခဲ့သည်။ အရှိန်က အလွန်မြန်သဖြင့် ပတ်ဝန်းကျင် ရှုခင်းများ လျင်မြန်စွာ ပြောင်းလဲသွားပြီး နားထဲတွင် လေအေးတိုးသံများ တဝီဝီ မြည်ဟည်းလျက်။
“ဘာတွေ ဖြစ်နေတာလဲ?!” ချန်ရှောင်းမှာ ရုတ်တရတ်ဆန်လွန်းသော တိုက်ခိုက်မှုကြောင့် ပြန်လည်တုံ့ပြန်ချိန်ပင် မရှိခဲ့ပါချေ။
ရွှစ်။
မြေပြင်ပေါ် ဆင်းသက်လာသောအခါ ချန်ရှောင်းသည် အနိုင်နိုင်မတ်တပ်ရပ်လိုက်ရပြီး အရှေ့တွင် ဂိုဏ်း၏ ထိပ်သီးစွမ်းအားရှင်ငါးဦးကို မြင်လိုက်ရ၏။
“ဘိုးဘေးကြီး ငါးပါး၊ ကျွန်တော့်ကို ဘာကြောင့် ဒီကို ခေါ်လာတာလဲ?” ချန်ရှောင်းသည် ဂိုဏ်းတားမြစ်နယ်မြေသို့ ရောက်ရှိနေကြောင်း သိသွားသော် ရင်ထဲ မကောင်းသည့်နိမိတ်တစ်ခုအား ကြိုတင်ခံစားလိုက်ရသကဲ့သို့။
ဘိုးဘေးကြီး ထျန်းဟုန်က သက်ပြင်းချရင်း ပြောလာသည်။ “ချန်ရှောင်း၊ သံတမန်ရဲ့ အစီအစဉ်က ကျရှုံးသွားပြီ။ မရဏချောက်နက် ပျက်စီးသွားပြီ၊ အထဲက ငါတို့လူတွေ အားလုံးလည်း သေကုန်ပြီတဲ့လေ"
ချန်ရှောင်းမှာ ကြားလိုက်ရသောစကားကို မယုံနိုင်ပေ။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!”
မရဏချောက်နက်သည် အရှေ့ပိုင်းစီရင်စုတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ရပ်တည်နိုင်ခဲ့ပြီး ယခုတော့ ဖျက်ဆီးခံလိုက်ရလေပြီတဲ့လား?
အရမ်းကို ရုတ်တရတ်ဆန်လွန်းမနေဘူးလား?
“ဂိုဏ်းချုပ်ဝမ် နဲ့ တခြားသူတွေရော အားလုံး သေကုန်တာလား? တစ်ယောက်မှ မကျန်ဘူးလား?”
“ဟုတ်တယ်”
“ဒါဆို၊ ဒါဆို ယဲ့ကျွင်းလင်ကရော?!” ချန်ရှောင်း အသိချင်ဆုံးအရာကို ထုတ်မေးလိုက်သည်။ သူ့ဂိုဏ်းသားများ သေမသေထက် ထိုသူသေမသေကို သူပိုပြီးစိတ်ဝင်စားမိသည်သာ။
“သူ အသက်ရှင်ပြီး အနာတရကင်းကင်းနဲ့ ကျန်းမာတယ်။ အသက်ရှင်နေရုံသာမက ငါတို့ ယွီဟွားဂိုဏ်း ကို ဖျက်ဆီးဖို့ စစ်တပ်ဦးဆောင်ပြီး လမ်းမှာရောက်နေလောက်ရောပေါ့" ဘိုးဘေးကြီး ထျန်းဟုန်က မှိုင်းမှုန်နေသော လေသံဖြင့် ဆက်ပြောသည်။
"သူတို့ လက်စားချေဖို့ လာနေကြလောက်ပြီ"
“လက်စားချေ...” ချန်ရှောင်း အနောက်သို့ အနည်းငယ်ယိုင်ကျသွားပြီး အံတင်းတင်းကြိတ်ကာ မျက်လုံးများတွင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသည်။
ဤ ယဲ့ကျွင်းလင်ကို သတ်ဖို့ရာ ဤမျှပင် ခက်ခဲနေပါသလား?
ကောင်းကင်ဘုံသည် မျက်ကန်းဖြစ်သွားပေရော့သည်လား။
“ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ? သူတို့ကို အနိုင်တိုက်ရမှာလား? တိုက်နိုင်မှာလား?" နီးကပ်လာသော အန္တရာယ်ကိုတွေးမိပြီး ချန်ရှောင်း အမြန်ထုတ်မေးလိုက်သည်။
“ငါတို့ချည်းသက်သက် ဆိုရင်တော့ မနိုင်ဘူး၊ ဒါပေမဲ့ ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုတော့ ရှိတယ်။ အဲ့ဒီနည်းလမ်းကို မင်းက အပြီးသတ်ပေးရလိမ့်မယ်။” ဘိုးဘေးကြီး ထျန်းဟုန်က လေးနက်သော အသံဖြင့် ပြောကြားလာသည်။
“ကျွန်တော်?!”
ချန်ရှောင်း အလွန် အံ့အားသင့်သွားသည်။ သူသည်လည်း ထိုသို့သော ထိပ်တန်း တိုက်ခိုက်မှုမျိုးတွင် ပါဝင်နိုင်ပါသလား။
“ဘိုးဘေးကြီး၊ နည်းလမ်းက ဘာလဲ...?”
“ကြယ်တံခါးကို ဖွင့်ပြီး မရဏစစ်တပ်ကို ဝင်ကူညီခိုင်းမယ်။”
ပြောပြီးသည်နှင့် ဘိုးဘေးကြီး ထျန်းဟုန်က လက်ကိုဝှေ့ယမ်းလိုက်ရာ တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ကြယ်တံခါးတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့၏။
ကြယ်တံခါး မျက်နှာပြင်သည် တောက်ပသော ကြယ်အလင်းများနှင့် တဖျပ်ဖျပ် လင်းချင်းနေပြီး တံခါးဘောင်တွင် ရှုပ်ထွေးနက်ရှိုင်းသော ရှေးဟောင်းစာလုံးများ ရေးထိုးထားကာ နယ်မြေပြင်ပမှ လမ်းကြောင်းတစ်ခုသို့ ဆက်သွယ်ထားသောကြောင့် စိမ်းသက်သော အငွေ့အသက်တစ်မျိုးအား ထုတ်လွှတ်နေခဲ့သည်။
ချန်ရှောင်း ခဏရပ်စဥ်းစားလိုက်ပြီး ရှုပ်ထွေးသောအမူအရာဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် ဘယ်လိုလုပ်ရမှန်းမသိဘူး...”
ဘိုးဘေးကြီး ထျန်းဟုန် ပြုံးလိုက်သည်။ ထိုအပြုံးသည် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။ “ဘာမှလုပ်ဖို့မလိုပါဘူး။ မင်းရဲ့ခန္ဓာကိုယ်ကိုက အဲ့တံခါးအတွက် အကောင်းဆုံးသော့တစ်ချောင်း ဖြစ်နေတာလေ”
“နေမင်းမသေမျိုးခန္ဓာကိုယ်လား?”
ချန်ရှောင်း ရင်နည်းနည်းတုန်လာပြီး နဖူးတွင် ချွေးစက်များ စီးကျလာကာ ကျောရိုးတစ်လျှောက်မှ ခေါင်းထိပ်အထိ အေးစက်သွားသည်။ နောက်တစ်စက္ကန့်တွင် သူ၏ ကြောက်လန့်တုန်လှုပ်နေသော အကြည့်အောက်၌ ဘိုးဘေးကြီး ထျန်းဟုန်မှ ညှိုးခြောက်နေသော လက်ကြီးအား သူ့ဆီသို့ ဖြည်းဖြည်းချင်း ဆန့်တန်းလာသည်ကို မြင်လိုက်ရတော့၏။