မရဏစစ်တပ် ရောက်ရှိခြင်း
Vol. 26 Ch. 357
“အာ... အ!”
ချက်ချင်းဆိုသလို ချန်ရှောင်း၏ မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နှက်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများ ထောင်သောင်းချီ ထွက်ပေါ်လာခဲ့သည်။ စီးဆင်းနေသော သွေးများမှာလည်း ရူးသွပ်စွာ ပွက်ပွက်ဆူလာပြီး ပူပြင်းတောက်လောင်နေလျက်။
ထိုအချိန်တွင် သူသည် တောက်ပသော နေမင်းအရှင်သခင်တစ်ပါးလို ယွီဟွားဂိုဏ်း၏ မသေမျိုးတောင်ထိပ် သုံးရာ့ခြောက်ဆယ်ကို ထွန်းလင်းစေခဲ့သည်။ ကောင်းကင်ယံရှိ နေမင်းကြီးပင်လျှင် မှိန်ဖျော့သွားခဲ့သည်အထိ။
“ဘိုးဘေးကြီး၊ ကျွန်တော်က ယွီဟွားဂိုဏ်းရဲ့ ပါရမီရှင်ကျင့်ကြံသူတစ်ပါးပါ။ မသေမျိုးအဖြစ်ကို တက်လှမ်းဖို့ အလားအလာမြင့်မားသူပါ။ ခင်ဗျား ကျွန်တော့်ကို ဒီလိုမလုပ်သင့်ဘူး!” ချန်ရှောင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ရုတ်ချည်း သစ္စာဖောက်ခံရသော သက်ရောက်မှုကြောင့် မိမိ၏ တောက်ပမြင့်မားခဲ့သော ပါရမီရှင်ဘဝကိုပင် သံသယဝင်လာမိရ၏။
ဘိုးဘေးကြီး ထျန်းဟုန်ကတော့ အပြစ်ရှိစိတ်ကင်းမဲ့စွာ သန့်ရှင်းစင်ကြယ်သည့် အသွင်အပြင်ဖြင့် တရားမျှတစွာ ကြေညာလိုက်သည်။ “ဂိုဏ်းတစ်ခုလုံး သေရေးရှင်ရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ ဂိုဏ်းပါရမီရှင်က ရှေ့ထွက်ပြီး အခြေအနေကို ပြောင်းပြန်လှန်သင့်တာမဟုတ်လား။ ဒီလိုမှမဟုတ်ရင် ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဘယ်လိုများ ကိုက်ညီဦးမှာတဲ့လဲ?!”
ချန်ရှောင်းသည် ဒေါသထွက်လွန်း၍ သွေးအန်ချင်စိတ်ပင် ပေါက်လာရ၏။ လူတစ်ယောက်လုံးကို အသုံးချပြီး လွှင့်ပစ်လိုက်သည့်လုပ်ရပ်အား ဤမျှတည်တံ့ခန့်ညားစွာ ပြောဆိုဖွင့်ဟရဲသေးသည်။
သောက်အဘိုးကြီး၊ အရှက်ရှိပါဦး!
“မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ နေမင်း မသေမျိုးခန္ဓာကိုယ် ...” ရုတ်တရက် ချန်ရှောင်းသည် တစ်ခုခုကို သတိထားမိလိုက်ပြီး သူ့မျက်နှာတွင် မျှော်လင့်ချက်မဲ့သည့် အမူအရာ ပေါ်လွင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ တစ်ခုခုက လျင်မြန်စွာ အတင်းအကျပ် ဆွဲထုတ်ခံနေရသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေလေပြီ။
“မစိုးရိမ်ပါနဲ့၊ မင်း မသေပါဘူး။ ကံကောင်းရင် မင်းရဲ့ နေမင်းမသေမျိုးခန္ဓာက ဆက်ရှိနေနိုင်ပါသေးတယ်။ အရင်ကလောက်တော့ မကောင်းတော့ဘူးပေါ့။”
“ဒါပေမဲ့ ဘိုးဘေးကြီးက မင်းကို ကတိပေးပါတယ်။ ဒီအကျပ်အတည်းကို ငါတို့ အောင်မြင်စွာ ကျော်လွှားနိုင်တာနဲ့ ဂိုဏ်းက မင်းအတွက် ပြည့်စုံတဲ့ နေမင်းမသေမျိုးခန္ဓာကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက ရှားပါးဘဏ္ဍာတွေကို ရှာဖွေစုဆောင်းပေးပါ့မယ်!”
“ဘာပဲဖြစ်ဖြစ်၊ မင်းက ငါတို့ ယွီဟွားဂိုဏ်း အရေးပါတဲ့ ပံ့ပိုးကူညီသူပဲ!”
ဘိုးဘေးကြီး ထျန်းဟုန်က ခိုင်မာသော ကတိတစ်ခု ပေးလိုက်သည်။
“ဝက်တွေ ပျံပြမှ ယုံပေးနိုင်ဦးမယ်...” ချန်ရှောင်း ကျိန်ဆဲချင်စိတ် ပေါက်လာသည်။ သူ့ဘဝတွင် မြင်ဖူးသမျှ အရှက်မရှိသူများထဲ ဒီဘိုးဘေးက မျက်နှာအပြောင်နိုင်ဆုံးပင်။
ဤကဲ့သို့သော နှုတ်ကတိမျိုးသည် လူတစ်ယောက်၏ အသက်သွေးကြောကို ဖြတ်တောက်ပစ်ပြီးနောက် ပြန်ပေါက်လိမ့်မည်ဆိုသည့် အာမခံစကားနှင့်မခြား။ အဓိပ္ပာယ်မဲ့လိုက်ပုံများ။
ထို့အပြင် မသေမျိုးခန္ဓာကဲ့သို့သော အစွမ်းထက် မွေးရာပါကိုယ်ခန္ဓာမျိုး ပျက်စီးသွားပါက ပကတိပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်သလောက်ပင် ရှိ၏။
သို့သော် ပြဿနာမှာ မသေမျိုးအရှင်တစ်ပါး၏ စွမ်းအားကို ရင်ဆိုင်ရချိန်တွင် သူသည် လုံးဝ ခုခံနိုင်ခြင်းမရှိဘဲ ရှက်ရွံ့ဖွယ် မျက်ရည်နှစ်စက်သာကျဆင်းလျက် ပြုသမျှနုလိုက်ရတော့ပေသည်။
ဝှီး၊ ဝှီး၊ ဝှီး။
သက်ရှိတစ်ဦးထံမှ လောလောလတ်လတ်ထုတ်ယူထားသည့် သန့်စင်မြင့်မြတ်လှသော နေမင်းစွမ်းအင်များ ရွှေရောင်အလင်းတန်းပေါင်း ဘီလီယံချီသည်အထိ စူးရှစွာတောက်ပနေခဲ့သည်။
“ဒီလောက် သန့်စင်တဲ့ စွမ်းအင်ဒြပ်စင်က ကြယ်တံခါးကို ဖွင့်ဖို့ လုံလောက်တယ်၊ ဒါ့အပြင် ရက်အတော်ကြာတောင် ထိန်းထားနိုင်သေးတယ်” ဘိုးဘေးကြီး ထျန်းဟုန်က ကျေနပ်စွာ ချီးကျူးလိုက်သည်။
ရွှစ်!
သူ့လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဤရွှေရောင်တောက်သော စွမ်းအင်များသည် ကြယ်တံခါး ဆီသို့ တိုးဝင်သွားခဲ့၏။ ထို့နောက် တည်ငြိမ်နေသော ရေကန်ထဲသို့ ကြီးမားသော ကျောက်တုံးတစ်တုံး ပစ်ကျသွားသကဲ့သို့ ကျယ်ပြန့်သော လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။
ငြိမ်သက်နေခဲ့သော ကြယ်တံခါးသည် ဘောင်ပေါ်တွင် ထွင်းထုထားသော သင်္ကေတများမှတစ်ဆင့် အလင်းများ စီးဆင်းလျှံကျလာကာ ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့သည်။ ရုတ်တရက် ချီစွမ်းအင်စီးကြောင်းများလည်း ပွင့်ထွက်လာခဲ့တော့၏။
ယွီဟွားဂိုဏ်း တားမြစ်နယ်မြေ တစ်ခုလုံး ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားပြီး ကောင်းကင်နှင့် မြေကြီး အရောင်များပင် ပြောင်းလဲသွားခဲ့သည်။
“ဘာဖြစ်တာလဲ?!”
ယွီဟွားဂိုဏ်းမှ တပည့်ဂိုဏ်းသားများနှင့် အကြီးအကဲများ အားလုံး ကြောက်လန့်တုန်လှုပ်သွားကြပြီး ဦးရေပြားများ ကျဉ်တက်လာကာ ရင်တစ်ခုလုံး မွန်းကျပ်ပိတ်လှောင်လာသော ခံစားချက်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြတော့၏။
မကြာမီတွင် ကြယ်တံခါးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအဟုန်များ ထောင်သောင်းချီ ထွက်ပေါ်လာခဲ့ပြီး ပုံရိပ်မည်းမည်းများက ဖြောင့်မတ်ကြံ့ခိုင်သောကိုယ်ဟန်ဖြင့် လမ်းကြောင်းထဲမှ လျှောက်ထွက်လာခဲ့ကြသည်။
သူတို့သည် ခရမ်းရင့်ရောင် သတ္တုသံချပ်ကာများကို ဝတ်ဆင်ထားပြီး လှံတံနှင့်တူသော လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ ခရမ်းရောင်ဆံပင်များက ဖရိုဖရဲပြန့်ကျဲနေပြီး မျက်လုံးများက အေးစက်စက်နှင့် ရက်စက်ကြမ်းကြုတ်သည်။ နဖူးမှ ချွန်ထက်သော ဦးချိုနှစ်ချောင်း ထွက်နေလျက် သူတို့၏ ပုံပန်းသဏ္ဌာန်သည် ငရဲမှ တက်ရောက်ကျူးကျော်လာသော နတ်ဆိုးစစ်တပ်တစ်ခုကဲ့သို့ မကောင်းဆိုးဝါးဆန်ကာ အန္တရာယ်အငွေ့အသက်အပြည့် ထုတ်လွှတ်နေခဲ့၏။
အရာအားလုံးကို ဖျက်ဆီးပြီး လူသားမျိုးနွယ်တစ်ခုလုံးကို နင်းချေရှင်းလင်းလိုသည့် တိုက်ပွဲစိတ်ဓာတ်တစ်ခုဖြင့် ချီတက်လာခဲ့ကြခြင်းပင်။
၎င်းသည် နယ်မြေပြင်ပမှ မရဏစစ်တပ်ပင် ဖြစ်၏။
မရဏစစ်တပ်ကြီး ကြယ်တံခါးမှ ထွက်ပေါ်လာပြီး ခွင်းလွင်နယ်မြေ အတွင်းသို့ တရားဝင် ဝင်ရောက်လာသောအခါ ကောင်းကင်တွင် လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ဆူညံလာခဲ့သည်။ ကောင်းကင်ယံသည် ပြိုကျလုနီးပါး ပုံပျက်သွားပြီး မှောင်မည်းသော မိုးတိမ်အစုလိုက်အပြုံလိုက် စုဝေးလာကာ လူအများကို မွန်းကျပ်ဖိစီးအောင် ဖိအားပေးလေတော့၏။
ကျယ်ပြန့်သော အရှေ့ပိုင်းစီရင်စု တစ်ခုလုံးတွင် သက်ရှိသတ္တဝါပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေကြပြီး ဆံပင်များ ထောင်ထလာကာ ရင်ထဲတွင် နိမိတ်မကောင်းသော သတိပေးချက်တစ်ခုအား ခံစားမိနေခဲ့ကြ၏။
တားမြစ်နယ်မြေထဲရှိ ဘိုးဘေးကြီး ထျန်းဟုန်နှင့် အခြားသူများသည်လည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသည်ဆိုသော်ငြား အမှန်တကယ်ထွက်လာသော မရဏစစ်တပ်ကို မျက်ဝါးထင်ထင်တွေ့မြင်ရသည့်အခါ မြင့်တက်လာသောကြောက်စိတ်တို့အား ဖုံးကွယ်မရခဲ့ပေ။
ကြောက်စရာကောင်းတယ်၊ အရမ်းကြောက်စရာကောင်းတယ်။
အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။ ဤ မရဏစစ်တပ်ထဲရှိ စစ်သားတိုင်းသည် စစ်မှန်သော မသေမျိုးအဆင့် ဖြစ်နေခြင်းကြောင့်ပင်။
အရေအတွက်များမှာ တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်... စသည်ဖြင့် အဆုံးတွင် စစ်သားပေါင်းရှစ်သောင်း အထိ ထွက်လာခဲ့ကြသည်။
ယွီဟွားဂိုဏ်းတွင် စစ်မှန်သော မသေမျိုးအရှင် ရှစ်သောင်း ပေါ်ပေါက်လာခြင်းသည် အိပ်မက်ထဲတွင်ပင် မဖြစ်နိုင်ခဲ့သည့် မြင်ကွင်းတစ်ခုပင်။
ကြယ်တာရာ ကောင်းကင်စစ်မြေပြင်တွင် တိုက်ပွဲပေါင်းများစွာကို အဆက်မပြတ်ဆင်နွှဲရင်း ကြီးထွားလာသော သတ်ဖြတ်လိုစိတ်သည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် လှိုင်းတွန့်များဖြစ်ပေါ်သည်အထိ သက်ရောက်စေခဲ့သည်။
ဤကြောက်မက်ဖွယ် မသေမျိုးစစ်တပ်၏ အရှေ့တွင် ဘိုးဘေးကြီး ငါးပါးသည်ပင် ငုံးငယ်လေးများကဲ့သို့ တုန်လှုပ်နေကြပြီး အလွန်သေးငယ်ကာ ကူကယ်ရာမဲ့နေပုံ ရ၏။
နေမင်းစွမ်းအင်ကို ထုတ်ယူခံလိုက်ရသည့် ချန်ရှောင်းမှာလည်း ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရပြီး ကျင့်ကြံဆင့်ဆုတ်ယုတ်ခြင်းနှင့် တိုက်ခိုက်ရေးစွမ်းအား ကျဆင်းခြင်း လက္ခဏာများ ပြသနေသည်။
ဦးစားပေးခံသားတော်မှာ အရိုးအရေပါခမ်းခြောက်အောင် ညှစ်ထုတ်ခံလိုက်ရသူတစ်ဦးကဲ့သို့ ပုံပျက်သည်အထိ ပိန်ချုံးသွားရရှာ၏။ သူသည် တိတ်ဆိတ်စွာ ထောင့်တစ်နေရာသို့ တွားသွား၍ ပုန်းကွယ်နေကာ ကြောက်ရွံ့သော မျက်နှာဖြင့် စောင့်ကြည့်ရင်း တီးတိုးရေရွတ်နေသည်။
“မသေမျိုးအရှင်တွေ၊ ဒီလောက်များတဲ့ မသေမျိုးအရှင်တွေ...”
များပြားလှသော မသေမျိုးအရှင်များကို မြင်တွေ့ရသောအခါ ချန်ရှောင်းမှာ အသိစိတ်များ ပြောင်းပြန်လန်သည်အထိ အံ့သြထိတ်လန့်ခဲ့ရသည်ပင်။