← Chapters

အခန်း (၃၅၈)

Vol. 26 Ch. 358

အခန်း (၃၅၈)

Vol. 26 Ch. 358

ဂလု။

ဘိုးဘေးကြီး ထျန်းဟုန်သည် မျက်စိရှေ့မှစစ်တပ်ကြီးကို တွေဝေစွာ စိုက်ကြည့်နေပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။ နယ်မြေပြင်ပ မရဏမျိုးနွယ်စစ်တပ်၏ အင်အားကို ကြောက်ရွံ့နေရချိန်တွင် ယွီဟွားဂိုဏ်း အပေါ်၌လည်း မကြုံစဖူးသော ယုံကြည်မှုတစ်ခုကို ခိုင်ခိုင်မာမာ ခံစားမိလိုက်တော့၏။

ဤမျှများပြားလှသော မသေမျိုးအရှင်အုပ်လိုက်ကြီးဖြင့် ယဲ့ကျွင်းလင်ကို တံတွေးတစ်ချက်ထွေးရုံမျှဖြင့် သတ်ပစ်လိုက်လို့ရသည်ပင်။

ရုတ်တရက် ထိုမရဏစစ်တပ်သည် တစ်စုံတစ်ဦးကို ကြိုဆိုနေသကဲ့သို့ နှစ်ဖက်ခွဲတန်းစီလိုက်ကြပြီး သူတို့၏ အကြည့်များကား လေးနက်တည်ကြည့်လျက်။

ကြယ်တံခါး အတွင်းမှ ပုံရိပ်သုံးခု ထွက်လာခဲ့သည်။

ဦးဆောင်လာသည့် မရဏမျိုးနွယ် အဖွဲ့ဝင်သည် ခွန်အားကြီးမားပုံရသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တောင်များကိုပင် မျိုချနိုင်လောက်အောင် ကြီးမားလှသည့် မရဏသားရဲတစ်ကောင်ကို စီးနင်းထွက်ပေါ်လာ၏။ သူ၏ ခန့်ညားသော မျက်နှာတွင် အေးစက်မှုများ ပြည့်နှက်နေပြီး တစ်စုံတစ်ခုကို အတော်လေးမကျေနပ်နေဟန်ပင်။

“မင်းတို့ ငတုံးငအကောင်တွေ၊ ဘာလို့ ကြယ်တံခါးကို အခုအချိန်ကြီး ထဖွင့်ရတာလဲ? ရှင်းပြစမ်း!”

ခေါင်းဆောင် မင်ဝမ်ကျွင့်က အလွန်စိတ်တိုနေသည်။ ကြယ်တံခါးမှတစ်ဆင့် ဝင်ရောက်လာပြီးချိန်၌ သူ၏ကျင့်ကြံဆင့်သည် ဉာဏ်အလင်း မသေမျိုး နဝမအဆင့်မှမှ ကောင်းကင်မသေမျိုး ဒုတိယဆင့်အထိ ဖိနှိပ်ခံလိုက်ရသေး၏။ ဤခံစားချက်သည် အမှန်တကယ် သည်းမခံနိုင်စရာပင်။

ထို့အပြင် စိတ်အတိုရဆုံးအချက်မှာ ကြယ်တံခါးကို တစ်ပေါက်တည်းသာ ဖွင့်ထားခြင်းဖြစ်ပြီး စီစဉ်ထားသည့် ပန်းတိုင်နှင့် တစ်ကမ္ဘာစာမျှ ကွာခြားနေခြင်းပင်။

ခွဲဝင်ရန် စီစဥ်ထားသော ကျန်မရဏစစ်တပ်များကို လက်ရှိဖွင့်ထားသည့် ကြယ်တံခါး လမ်းကြောင်းဆီသို့ အလျင်အမြန် လာရောက်ရန် တက်သုတ်ရိုက်အကြောင်းကြားခဲ့ရ၏။

ခွင်းလွင်သို့ ကျူးကျော်ချင်နေသည်မှာ မရဏစစ်တပ် တစ်ခုတည်းသာ မဟုတ်ပါလေ။ ကြယ်တံခါး လမ်းကြောင်းအသီးသီးကို စောင့်ကြပ်နေသည့် အခြားစစ်တပ်များလည်း ရှိနေသေးပြီး သင့်တော်သည့်အချိန်ကို စောင့်ဆိုင်းနေကြသည်ပင်။

“မရဏအရှင်ခင်ဗျာ၊ အစီအစဉ်က ပြောင်းလဲသွားလို့ ကျွန်တော်တို့ ကြယ်တံခါးကို ကြိုတင်ဖွင့်လှစ်လိုက်ရတာပါ။ ခွင့်လွှတ်ပေးပါ” ဘိုးဘေးကြီး ထျန်းဟုန်က သတိကြီးစွာဖြင့် အားတင်းလျှောက်တင်လိုက်ရသည်။

တစ်ဖက်လူသည် အစွမ်းထက်လှသည့် ကောင်းကင် မသေမျိုးအဆင့် ပုဂ္ဂိုလ်ဖြစ်ပြီး စစ်မှန်သော မသေမျိုးအရှင် အားလုံးထက် သာလွန်သည်။ လက်တစ်ချက်ယမ်းရုံမျှဖြင့် သူ့ကိုဖျက်ဆီးပစ်နိုင်ကြောင်း မေ့ထားလို့မရ။

“ဒါ ဘယ်နေရာလဲ?”

“ဒါက ယွီဟွားဂိုဏ်းပါ အရှင်။”

“ယွီဟွားဂိုဏ်းလား? ငါ့မျိုးနွယ်က အရင်တုန်းက ပြောဖူးတယ်။ ယွီဟွားဂိုဏ်းလို့ ခေါ်တဲ့ တာအိုမျိုးနွယ်ဂိုဏ်းတစ်ခုက မရဏမျိုးနွယ်နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဆက်ဆံရေးတစ်ခုရှိသတဲ့။ မင်းတို့က ငါတို့ မရဏမျိုးနွယ်ရဲ့ ခွင်းလွင်မြေလူယုံတွေ ဖြစ်ပုံရတယ်” မင်ဝမ်ကျွင့်က မျက်စိရှေ့မှ အဘိုးအိုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ပုရွက်ဆိတ်တစ်ကောင်ကို စူးစမ်းနေသကဲ့သို့။

“ဟုတ်မှန်ပါတယ်၊ ကျွန်တော်တို့ ယွီဟွားဂိုဏ်းရဲ့ ဘိုးဘေးသခင်ကြီးက မရဏမျိုးနွယ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့၊ အမှားအယွင်းမရှိစေဖို့ ထပ်ခါထပ်ခါ မှာကြားခဲ့ပါတယ်” ဘိုးဘေးကြီး ထျန်းဟုန် က ချွေးအေးများကိုသုတ်ပြီး အတင်းအကျပ်ပြုံးကာ မျက်နှာချိုသွေးလိုက်သည်။

“ဟမ့်၊ ငါ မင်းကို မေးမယ်၊ အဲ့ဒီ မင်ယဲ့ဆိုတဲ့ကောင်လေး ဘယ်မှာလဲ? ငါက သူ့ရဲ့ ဦးလေးအရင်းပဲ! သူ့ကို မြန်မြန် ထွက်လာပြီး ငါ့ကို လူကိုယ်တိုင်လာတွေ့ဖို့ ပြောလိုက်!” မင်ဝမ်ကျွင့်က ခပ်မာမာဆိုလိုက်သည်။

ဘယ်လိုကိုင်တွယ်ခဲ့လို့များ အစီအစဥ်က ဤမျှရှုပ်ထွေးသွားရသနည်း သေချာမေးမြန်းရပေဦးမည်။

မင်ယဲ့ လား?

ဘိုးဘေးကြီး ထျန်းဟုန် တုန်လှုပ်သွားပြီး ၎င်းနာမည်ကား သံတမန်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူ၏ နှုတ်ခမ်းများ တုန်ယင်လာပြီး တိုးတိုးလေးထုတ်ပြောလိုက်၏။ “အင်း... သူက သေ... သွားပါပြီ...”

“သေပြီ?!”

မင်ဝမ်ကျွင့်မှာ သူ့နားကို မယုံနိုင်လုနီးပါး ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မဖြစ်နိုင်ဘူး! ဒီနေရာက ဒေသခံတွေရဲ့ အနေအထားနဲ့ဆို ဘယ်သူက သူ့ကို အနိုင်ယူနိုင်မှာလဲ?!”

ခွင်းလွင်နယ်မြေသည် တစ်ချိန်က ကြီးမြတ်ခမ်းနားသော ကမ္ဘာလောကကြီးတစ်ခုဖြစ်ပြီး စွမ်းအားရှင်များနှင့် မသေမျိုးအရှင်များဆိုသည်မှာ မိုးပေါ်က တိမ်များကဲ့သို့ မရေမတွက်နိုင်အောင် များပြားခဲ့သော်လည်း ထိုကာလများမှာ လွန်လေပြီးတာ ကြာခဲ့လေပြီ။

လက်ရှိ ပြန်လည်နာလန်ထူသည့် အဆင့်တွင် ရှိနေလျှင်တောင် အရာအားလုံးက ပြန်လည်ဖွံ့ဖြိုးပြည့်စုံဖို့ အချိန်တစ်ခု လိုအပ်ပေဦးမည်။ ခွင်းလွင်နယ်မြေ၏ လက်ရှိဒေသခံများထဲ သူ့မျိုးနွယ်ပါရမီရှင်ကို လက်ရည်ချင်းယှဥ်နိုင်သူ ဘယ်သူရှိနိုင်ပါ့မလဲ?

မင်ဝမ်ကျွင့်သည် သွေးသားအရင်းအချာ ဦးလေးတစ်ယောက်အနေဖြင့် မင်ယဲ့၏ စရိုက်ကို ကောင်းစွာ နားလည်သည်။ သူသည် မျိုးနွယ်ထဲမှ ထိပ်တန်း လူငယ်မျိုးဆက်တွင် မပါဝင်သော်လည်း ငြင်းစရာမရှိအောင် ထူးချွန်သူတစ်ဦး ဖြစ်၏။ ဤ ခေတ်နောက်ပြန်ဆွဲနေသော ကမ္ဘာကို ဖိနှိပ်ပြီး ဒေသခံများကို ချေမှုန်းရန်မှာ သူ့အတွက် ခက်ခဲရှုပ်ထွေးလှသည့် တာဝန်တစ်ရပ်မဟုတ်ပေ။

သူ ဘယ်လိုများ သေနိုင်မှာတဲ့လဲ။

ကောင်းကင် မသေမျိုးအဆင့် ဖိအားအောက်တွင် ဘိုးဘေးကြီး ထျန်းဟုန်၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ပဲလုံးအရွယ် ချွေးစက်များ နဖူးမှ စီးကျလာခဲ့သည်။ သူ စိတ်ထဲမှ ကျိန်ဆဲရင်း လျင်မြန်စွာ ထပ်မံရှင်းပြလိုက်သည်။ “တကယ်ပါ၊ သူ အသတ်ခံရတာပါ၊ လူသတ်သမားက အစီအစဉ်တစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့ တရားခံလည်း ဖြစ်ပါတယ်!”

မင်ဝမ်ကျွင့်က အတော်လေးကို ဒေါသထွက်နေပြီ။ ခွင်းလွင်နယ်မြေက ဒေသခံတစ်ယောက်က မရဏမျိုးနွယ်ရဲ့ မဟာအစီအစဉ်ကြီးကို တကယ်ပဲ ဟန့်တားနိုင်ခဲ့တာတဲ့လား။ ဒါ့အပြင် သူ့ မရဏမျိုးနွယ်ရဲ့ ပါရမီရှင် တစ်ယောက်ကိုတောင် သတ်ပစ်လိုက်သေးတယ်။ ဒါ သူ့ကို ဒဲ့စိန်ခေါ်တာပဲ! မရဏမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို သူ့မျက်စိရှေ့မှ နင်းချေပြလိုက်တာပဲ။

ထိုသူ့ကို ဖမ်းဆီးပြီး မျိုးနွယ်၏ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံယူစေရမည်။ ရုပ်ခန္ဓာကို ဖျက်ဆီးပြီး ဝိညာဉ် ကို ထုတ်ယူကာ နှစ်သောင်းပေါင်းများစွာ မီးပြင်းပြင်းဖြင့် လောင်ကျွမ်းစေရမည်။ ဘဝသံသရာတွင် နောက်တစ်ကြိမ် ထပ်မရနိုင်တော့မည့် မမေ့ပျောက်နိုင်သော နာကျင်မှုကို ထာဝရ ခံစားစေရမည်။

“ပြော! အဲ့ကောင် ဘယ်သူလဲ?!”

ခန့်ညားသော အသံတွင် အတိုင်းအဆမဲ့ ဒေါသငွေ့များ ပါဝင်နေပြီး ကောင်းကင်ယံ မိုင်ပေါင်းထောင်ချီကို တုန်ခါသွားစေသည်။ ၎င်း၏ အရှိန်အဝါမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းလှ၏။

မရဏမျိုးနွယ်၏ စစ်မှန်သော မသေမျိုးအရှင် ရှစ်သောင်းကလည်း အရှင်သခင်စိုက်ကြည့်နေသော တရားခံထံသို့ တစ်ပြိုင်တည်း စိုက်ကြည့်လိုက်ကြပြီး နတ်ဆိုးချီစွမ်းအင်များ ထုတ်လွှတ်လာရာ ကောင်းကင်ပင် ပြိုကျတော့မတတ် တုန်ခါသွားရသည်။

မရေမတွက်နိုင်သော ကြမ်းကြုတ်ရက်စက်သည့် အကြည့်များ သူ့ထံ စုပြုံစုဝေးလာသည်ကို ခံစားမိသောအခါ ဘိုးဘေးကြီး ထျန်းဟုန်သည် မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားပြီး ရှိသမျှအင်အားဖြင့် ကြုံးအော်လိုက်သည်။

“အဲ့ဒါ... အဲ့ဒါ ယဲ့ကျွင်းလင်ပါ!!”

All Chapters