← Chapters

ထိပ်တိုက်တွေ့ပြီ

Vol. 26 Ch. 359

ထိပ်တိုက်တွေ့ပြီ

Vol. 26 Ch. 359

“ယဲ့ကျွင်းလင်?”

မင်ဝမ်ကျွင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လှောင်ပြောင်သရော်လိုက်သည်။ “ငါက ဒီကဒေသခံတွေကို အထင်သေးမိသွားပြီ ထင်တယ်။ ငါ့မျိုးနွယ်ရဲ့ ပါရမီရှင်ကိုတောင် သတ်ရဲတယ်ပေါ့။”

“မရဏအရှင်၊ အဲ့ဒီ ယဲ့ကျွင်းလင် ၏က ကိုင်တွယ်ရတာ မလွယ်ပါဘူး။ သူက မကြာသေးခင်ကမှ ယွင်ရှန်းမသေမျိုးကျွန်းရဲ့ အမွေအနှစ်ကို ရခဲ့တာ။ ယွင်ရှန်းမသေမျိုးကျွန်းရဲ့ ကျွန်းသခင်အသစ်ပါ” ဟု ဘိုးဘေးကြီး ထျန်းဟုန်က ထပ်ပြောလိုက်သည်။

“နေဦး၊ မင်းပြောတာ သူ ယွင်ရှန်းမသေမျိုးကျွန်းကို အမွေဆက်ခံတယ် ဟုတ်လား?”

မင်ဝမ်ကျွင့်သည် ဘိုးဘေးကြီး ထျန်းဟုန်၏ လည်ပင်းကို ဆွဲညှစ်လိုက်ပြီး မယုံကြည်နိုင်စွာ ထပ်မေးလာ၏။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ယွင်ရှန်းမသေမျိုးကျွန်းက မကြာသေးခင်ကမှ ရုတ်တရက် ပေါ်လာပြီး ပြင်ပကမ္ဘာကို စမ်းသပ်မှုတွေ ဖွင့်ပေးခဲ့တာ။ နောက်ပိုင်းမှာ ယဲ့ကျွင်းလင်က အောင်မြင်သွားပြီး မသေမျိုးကျွန်းကို အမွေဆက်ခံခဲ့တာပါ"

ဤအကြောင်းကို ပြန်ပြောမိချိန်တွင် ဘိုးဘေးကြီး ထျန်းဟုန်၏ မကျေနပ်မှုများ ပြန်လည်ပေါ်ထွက်လာကာ အထင်အမြင်သေးသည့် လေသံဖြင့် ထပ်ဖြည့်ပြောလိုက်သည်။ “ကျွန်တော့်ကို မေးရင်တော့ အဲ့ဒါက နာမည်မရှိတဲ့ ကြုံရာကျပန်းကျင့်ကြံသူတစ်ဦးရဲ့ အမွေအနှစ် သက်သက်ပါပဲ၊ သူကံကောင်းလို့ ရခဲ့တာပါ။”

“သောက်တုံး၊ မင်း ဘာသိလို့လဲ?!”

မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာရာ ဘိုးဘေးကြီး ထျန်းဟုန်၏ ခေါင်းကို ဝီခနဲ မြည်သွားစေခဲ့သည်။

“ဒါက ဒဏ္ဍာရီလာ ယွင်ရှန်းမသေမျိုးကျွန်းသခင်ရဲ့ အမွေအနှစ်ပဲ! သူ့ဇစ်မြစ် ဘယ်လောက်ကြီးမြတ်လဲဆိုတာ မင်းသိလား?!”

မင်ဝမ်ကျွင့်သည် သူ ယခင်က ကြားဖူးသည့် ကောလာဟလများကို ပြန်လည်အမှတ်ရမိပြီး မျက်လုံးများတွင် ကြောက်ရွံ့စိတ်ရေးရေးပေါ်လာကာ ရင်တလှပ်လှပ်ဖြင့် ပြောလာ၏။ “ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကို ငါတို့ မရဏမျိုးနွယ်ရဲ့ ဘိုးဘေးသခင်ကြီးတောင်မှ ရန်သွားမစရဲခဲ့ဘူး။ သူက အလွန်ထက်မြက်ကျော်ကြားတဲ့ အစီအရင်ဆရာကြီး ပဲ။ သူ့နာမည်နဲ့ အရည်အချင်းတွေက ကောင်းကင်အလုံးစုံ နယ်ပယ်ပေါင်းစုံမှာ မကြားချင်မှအဆုံး ပဲ့တင်ထပ်နေတာ။”

ကောင်းကင်အဆင့် အစီအရင်ဆရာသခင် တစ်ဦး၏ တန်ဖိုးသည်ပင် သာမန်မသေမျိုးအရှင်ဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်၍ မရနိုင်ပါ။ သို့ဆိုလျှင် တာအိုအဆင့် အစီအရင်ဆရာသခင် တစ်ဦး၊ အထူးသဖြင့် နက်နဲသော အောင်မြင်မှုများ ပြောမဆုံးနိုင်အောင် ရရှိထားသူတစ်ဦးဖြစ်လျှင် ဒဏ္ဍာရီလာ မသေမျိုးအရှင်များပင် အလွန်အမင်း သတိထားဆက်ဆံရမည့်စာရင်းထဲ ပါဝင်သွားလေပြီ။

အစီအရင် မဟာအကြီးအကဲတစ်ဦး၏ တန်ဖိုးမှာ တိုင်းတာ၍ မရနိုင်ပါ။ သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ပွဲ၏ အောင်မြင်မှုလားရာကို ကိုင်တွယ်ဆုံးဖြတ်နိုင်ပြီး မသေမျိုးဧကရာဇ် အရေအတွက် မည်မျှများများ ပိုင်ဆိုင်ထားပါစေ ထိုမဟာအကြီးအကဲကို ယှဥ်တိုက်နိုင်မည်မဟုတ်။

ဥပမာအားဖြင့် မရဏကိုးပါး မဟာမိတ်တပ်ဖွဲ့က ခွင်းလွင်နယ်မြေကို တိုက်ခိုက်ခဲ့သော သမိုင်းဝင်စစ်ပွဲကြီးတွင် မရဏကိုးပါးသည် ခွင်းလွင်နယ်မြေကို ဖျက်ဆီးရန် အတော်လေးအသာစီးရခဲ့သည်ပင်။ သို့သော် အင်အားဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်အတွက် သေမင်းမြစ်ကို ဆွဲသွင်းခြင်းဖြင့် ခွင်းလွင်နယ်မြေကို ရေလွှမ်းဖျက်ဆီးရန် ကြိုးစားခဲ့ကြ၏။

ထိုအခိုက်တွင် ယွင်ရှန်းမသေမျိုးကျွန်း၏ ကျွန်းသခင်သည် အဆင့်မြင့် အစီအရင်တစ်ခုကို တိုက်ရိုက်အသုံးပြု၍ သေမင်းမြစ်၏ ဦးတည်ရာကို အတင်းအကျပ် ပြောင်းလဲကာ မရဏကိုးပါး မဟာမိတ်တပ်ဖွဲ့ဆီသို့ ပြန်လည်စီးဆင်းစေခဲ့သည်။ ဤသို့ဖြင့် သူတို့ပိုင်ဆိုင်သော အင်အားကြီး ပုဂ္ဂိုလ်များ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ဖျက်ဆီးချေမှုန်းခဲ့ကာ မယုံနိုင်စရာကောင်းလှသော၊ စိတ်ပင်ကူးမထားဖူးခဲ့သော တန်ပြန်တိုက်ခိုက်မှုတစ်ခုကို အောင်မြင်ခဲ့လေသည်။

ထိုတိုက်ပွဲပြီးနောက် ယွင်ရှန်းမသေမျိုးကျွန်းသခင်၏ ဂုဏ်သတင်းသည် နယ်ပယ်အားလုံး၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး မရဏမျိုးနွယ်သည်လည်း ဤခြေတစ်လှမ်းအမှားကြောင့် အတော်လေးအထိနာသွားခဲ့ရာ ပြန်လည်ထူမတ်ဖို့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပေ၏။

ယခုအချိန်အထိ ဤဂန္ထဝင်တိုက်ပွဲသည် စကြဝဠာတစ်ခွင်လုံးတွင် ကျယ်ပြန့်စွာကျော်ကြားနေဆဲဖြစ်ပြီး လူကြိုက်များသော ဒဏ္ဍာရီတစ်ပုဒ် ဖြစ်နေခဲ့သည်ပင်။

ယွင်ရှန်းမသေမျိုးကျွန်းသခင်၏ နာမည်သည် ထိုမျှကျော်ကြားခဲ့သောကြောင့် ယဲ့ကျွင်းလင်ဆိုသူမှာ ကျွန်းသခင်အသစ်ဖြစ်ကြောင်း ကြားသိရသောအခါ မင်ဝမ်ကျွင့်၏ တုံ့ပြန်မှုမှာ အလွန်ပြင်းထန်ခဲ့ခြင်းဖြစ်၏။

ခွင်းလွင်နယ်မြေ ယခုအချိန်အထိ တည်ရှိနေခြင်းအကြောင်းတွင် ထိုပုဂ္ဂိုလ်က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းဖြစ်သည်။ မသေမျိုးနယ်မြေကိုပင် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ခြင်းမပြုခဲ့သည်မှာ ထိုသူက ကြားဝင်စေ့စပ်ပြီး ဟန့်တားခဲ့ခြင်းကြောင့်သာ ဖြစ်၏။

အတွေးများ ခဏတာလည်ပတ်ပြီးနောက် မင်ဝမ်ကျွင့်သည် ထိုယဲ့ကျွင်းလင်ဆိုသူကို အထင်သေးရဲခြင်းမရှိတော့ပေ။

မင်ယဲ့၏ ရှုံးနိမ့်မှုသည် တရားမမျှတသော ရလဒ်တစ်ခုမဟုတ်ခဲ့။

တကယ်တော့ အလွန်ကျိုးကြောင်းဆီလျော်သည်ဟုပင် ဆိုရပေမည်!

ထိုပုဂ္ဂိုလ်၏ အမွေအနှစ်ကို ဆက်ခံနိုင်သူသည် ကျိန်းသေပေါက် ရှာမှရှား ပါရမီရှင်တစ်ဦး ဖြစ်ရမည်။

“ယွင်ရှန်းမသေမျိုးကျွန်းက တကယ်ပဲ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ဇစ်မြစ်တစ်ခု ရှိနေခဲ့တယ်ပေါ့?” ဘိုးဘေးကြီး ထျန်းဟုန် အလွန်အံ့အားသင့်သွားသည်။

သူ၏ အမြင်တွင် ခွင်းလွင်နယ်မြေသည် အလွန်ခေတ်နောက်ကျကျန်ရစ်နေပြီး ယခင်က ဖွံ့ဖြိုးထွန်းကားခဲ့သည်ဆိုသော်လည်း ပြင်ပအင်အားစုများနှင့် နှိုင်းယှဉ်၍ မရနိုင်ဘဲ အမြဲတမ်း နိမ့်ကျနေခဲ့သည်ဟု အထင်ရှိခဲ့သည်ပင်။

သို့သော် ယခုကြားသိလိုက်ရသော ယွင်ရှန်းမသေမျိုးကျွန်း၏ မူလရင်းမြစ် ကျော်ကြားအောင်မြင်မှုများက သူ၏ ကြိုတင်ယူဆချက်များကို လုံးဝ ပြောင်းပြန်လှန်ပစ်ခဲ့သည်။

“မင်း မသိသေးတာတွေ အများကြီးပဲ!” မင်ဝမ်ကျွင့်က အထင်သေးစွာဖြင့် တစ်ချက်သရော်လိုက်သည်။

တစ်ဖက်လူသည် သူတို့၏ မရဏမျိုးနွယ်၏ အတွင်းလူပင် ဖြစ်လင့်ကစား တရားမျှတစွာ ပြောရမည်ဆိုလျှင် သစ္စာဖောက်ဆိုသည်မှာ သစ္စာဖောက်သာဖြစ်ပြီး မည်သည့်မျိုးနွယ်မှ ထိုလူစားများကို အထင်မကြီးတတ်ကြပေ။

ထို့အပြင် ထိုသူသည် အလွန်အမင်းတုံးအလှကာ မိမိတို့၏ ဘိုးဘေးဘီဘင် အဆက်အနွယ်များ မည်မျှ အံ့သြဖွယ်ကောင်းလောက်အောင် ကြီးမြတ်ခဲ့သည်ကိုပင် မသိရှိခဲ့ပေ။

နေပါဦး၊ ငါတို့ မရဏမျိုးနွယ်ကလည်း ခွင်းလွင်နယ်မြေကို သစ္စာဖောက်ခဲ့တာ မဟုတ်လား။

ထားလိုက်ပါတော့။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်က မသိနားမလည်သူမလို့ပါ၊ အနာဂတ်မှာ မရဏအရှင်က ပိုပြီး လမ်းညွှန်ပေးမယ်လို့ မျှော်လင့်ပါတယ်။” ဘိုးဘေးကြီး ထျန်းဟုန်က ချွေးအေးတွေကို သုတ်ပြီး ဇွတ်အတင်းမျက်နှာချိုရင်း ရင်ထဲမှာတော့ အကြီးအကျယ် စိတ်ဓာတ်ကျနေခဲ့သည်။

“အရေးအကြီးဆုံး လုပ်ငန်းက ယဲ့ကျွင်းလင်ကို သတ်ပြီး ပုန်းကွယ်နေတဲ့ အန္တရာယ်ကို ဖယ်ရှားပစ်ဖို့ပဲ။ ဘာပဲဖြစ်ဖြစ် ယွင်ရှန်းမသေမျိုးကျွန်းကို အမွေဆက်ခံနိုင်တဲ့သူဆိုတာ သာမန်လူတစ်ယောက်တော့ မဟုတ်ဘူး။ သူ့ကို ဆက်လက်ကြီးထွားလာခွင့်ပေးလိုက်ရင် ငါတို့မျိုးနွယ်ရဲ့ ရည်မှန်းချက်ကို သေချာပေါက် အဟန့်အတား ဖြစ်လိမ့်မယ်!”

မင်ဝမ်ကျွင့်၏ မျက်လုံးများ ပြင်းထန်စွာ တောက်ပလာပြီး သူ၏ ဆံပင်များက ခြင်္သေ့မွေးကဲ့သို့ ရိုင်းစိုင်းစွာ လွင့်ပျံနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင် မသေမျိုးအဆင့် စွမ်းအားက သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို လွှမ်းခြုံထားလျက်ရှိ၏။

သူက ပါရမီရှင် ဖြစ်နေတော့ရော ဘာဖြစ်လဲ။

အဲ့ဒီပါရမီရှင်ကို ငါက အမြစ်ဖြတ်ပေးလိုက်မယ်။

မင်ဝမ်ကျွင့်သည် အရှေ့ပိုင်းစီရင်စုကို ချက်ချင်းထိန်းချုပ်ရန်အတွက် တာအိုစီရင်စုများ ဆီသို့ စစ်တပ်ခွဲများ အလျင်အမြန် စေလွှတ်ရန် အမိန့်ပေးတော့မည့် ဆဲဆဲတွင်။

မဝေးတော့သည့် နေရာမှ အစီအရင်တစ်ခု၏ စွမ်းအင်လှိုင်းများ ရိုက်ခတ်ရောက်ရှိလာပြီး မရေမတွက်နိုင်သော စွမ်းအားများ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

မင်ဝမ်ကျွင့် သတိပြုမိသည်မှာ မသေမျိုးအရှင် စွမ်းအားနှစ်ခုမှလွဲ၍ ကျန်သူများမှာ အပိုဆောင်း ပုရွက်ဆိတ်များသာ ဖြစ်သည်ဟူ၍။

“ငါ့ ယွီဟွားဂိုဏ်းနယ်မြေထဲကို ဘယ်သူဝင်လာရဲတာလဲကွ?!”

ယခင်အတိုင်းဆိုလျှင် ဘိုးဘေးကြီးထျန်းဟုန် ကြောက်ရွံ့တုန်လှုပ်နေမည် မှန်ပေမဲ့ လက်ရှိ ကျောထောက်နောက်ခံကောင်းကောင်း ရရှိထားချိန်တွင်မူ ရင်ကော့ကာ ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်နိုင်ခဲ့လေသည်။

“ယွီဟွားဂိုဏ်းသည် တာအိုလမ်းစဥ်ကို ဆန့်ကျင်ကာ ပြင်ပလူမျိုးများနှင့် ပူးပေါင်းခဲ့သည်။ ယနေ့တွင် ကျွန်ုပ်တို့သည် ကောင်းကင်ဘုံကိုယ်စား သစ္စာဖောက်များကို ကွပ်မျက်ရန် ရောက်ရှိလာပြီ!” ကြွေးကြော်သံနှင့်အတူ အစီအရင်ပျောက်ကွယ်သွားပြီးနောက် မရေမတွက်နိုင်သော ပုံရိပ်များသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ယွီဟွားဂိုဏ်းကို တိုက်ခိုက်ရန် ပြင်ဆင်လာကြသည်။

All Chapters