← Chapters

အခန်း (၃၆၀)

Vol. 26 Ch. 360

အခန်း (၃၆၀)

Vol. 26 Ch. 360

“ဟမ့်!”

မင်ဝမ်ကျွင့်က မလေးမစားဟန်ဖြင့် နှာမှုတ်လိုက်သည်။

သူ့နောက်မှ စစ်မှန်သော မသေမျိုးအဆင့် မရဏစစ်တပ် စစ်သား ရှစ်သောင်းက အင်အားကြီးမားသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ တည့်တည့်ထိုးတက်သွားရာ ပတ်ဝန်းကျင် ရှုခင်းများပါ ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်သွားခဲ့လေသည်။

“သေစမ်း!!!”

မျှော်လင့်မထားသော မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အရှေ့ပိုင်းစီရင်စုမှ ကျင့်ကြံသူများ ထိန်းမရအောင် ကြောက်လန့်တုန်လှုပ်သွားကြပြီး ဖက်ထုပ်များကဲ့သို့ မြေပြင်ပေါ် အတုံးအရုံး လဲကျသွားကြသည်။ သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပေါ်လွင်နေကာ တဆတ်ဆတ် တုန်ယင်ကုန်ကြတော့၏။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...?”

ဘုရားရေ၊ သူတို့ ဘာတွေမြင်လိုက်ရတာလဲ။ ယွီဟွားဂိုဏ်းမှာ မသေမျိုးအရှင် ထောင်သောင်းချီ ရှိနေတာလား။

လုံးဝကို မဖြစ်နိုင်ဘူး!!!!

မရဏစစ်တပ်၏ ပြင်းထန်သော စွမ်းအားကို ကြုံတွေ့ရသောအခါ မူလက တိုက်ပွဲစိတ်ဓာတ် အပြည့်အဝရှိနေခဲ့သော အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့မှာ စိတ်ဓာတ်တို့ ကုန်းကောက်မရအောင် ထိုးကျသွားခဲ့ရတော့၏။

၎င်းသည် ပုရွက်ဆိတ်အုပ်တစ်အုပ်က ဧရာမ နဂါးကြီးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်ပြီး ထိုနဂါးများမှာလည်း အုပ်စုလိုက် ဖြစ်နေသေးသည်ပင်။

တွေးကြည့်ရုံဖြင့်ပင် သူတို့ စိတ်ပျက်အားငယ်သွားခဲ့ကြသည်။

“ယွီဟွားဂိုဏ်းက မသေမျိုးအရှင်တွေ အများကြီး ဘယ်က ရလာတာလဲ?” ရွှယ်ဝူဟန်၏ မျက်နှာက ကြောက်လန့်ပြီး ဖြူဖတ်ဖြူရော် ဖြစ်သွားရသည်။ ဤသည်မှာ မိမိသိခဲ့သော ယွီဟွားဂိုဏ်းမဟုတ်ပေ။

ရွှမ်ကျီဓားဂိုဏ်း၏ ဘိုးဘေးသခင်ကြီး ခန့်မှန်းထားသလိုဆိုလျှင် အများဆုံး ငါးယောက်သာ ရှိသင့်သည်။

ဤ ထောင်သောင်းချီသော မသေမျိုးအရှင်များသည် ကျောက်တုံးများမှ ပေါ်ထွက်မွေးဖွားလာခြင်း ဖြစ်နိုင်ပါသလား။

ဤမျှကြီးမားသော အင်အားဖြင့် အရှေ့ပိုင်းစီရင်စုကို လွှမ်းမိုးထားရုံသာမက ဒေသကြီးငါးခုကို သိမ်းပိုက်ထားသည်ဟုပင် ဆိုနိုင်သေး၏။

လီဝူကျယ်က တံတွေးမျိုချရင်း ပြောလာသည်။ “ငါတို့ ပြန်သွားကြမလား? နည်နည်း ကြောင်တောင်တောင်နိုင်နေသလားလို့...”

“ငါတို့ ထွက်သွားနိုင်သေးတယ်လို့ မင်းထင်လား?” မသေမျိုးအရှင် ထောင်သောင်းချီ၏ ပုံရိပ်တွေကို ကြည့်ရင်း ဟုန်ချန်ယဲ့ ဦးရေပြားတစ်ပြင်လုံး ထုံကျဥ်လာရသည်။

သူ မီးတောက်နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးဂိုဏ်းချုပ်ဖြစ်ခဲ့စဥ် အလယ်ပိုင်းဒေသတိုက်ပွဲတွင် မသေမျိုးအရှင်များစွာ၏ ဝန်းရံခြင်းကိုခံခဲ့ရသော်ငြား လက်ရှိအဖြစ်နှင့်နှိုင်းယှဥ်လျှင် ပြောပလောက်စရာမရှိတော့။

ဒီအဖွဲ့သာ အလယ်ပိုင်းကို သွားမယ်ဆိုရင် ဟိုကကောင်တွေ လုံးဝ ပြောင်းပြန်လန်သွားလောက်မှာမဟုတ်ဘူးလား။

ယဲ့ကျွင်းလင်ကတော့ နည်းနည်း အံ့သြသွားပေမဲ့ မယုံကြည်နိုင်လောက်အောင် မဖြစ်ခဲ့ပေ။ ခွင်းလွင်နယ်မြေ၏ မသေမျိုးအရှင်ထောင်သောင်းချီက မရဏကိုးပါးစစ်တပ်ကို ခုခံတိုက်ခိုက်နေသည့် ပုံရိပ်အထိ သူမြင်ဖူးခဲ့ပြီးလေပြီ။

မသေမျိုးအရှင် ထောင်သောင်းချီဆိုတာ ဘာများထူးဆန်းနေလို့လဲ။

ပြဿနာက ယွီဟွားဂိုဏ်းက ဒီလောက်များတဲ့ မသေမျိုးအရှင်တွေကို ဘယ်ကကောက်ရလာတာပါလိမ့်။

နေဦး၊ ဒီကောင်တွေရဲ့ ပုံပန်းသဏ္ဍာန်က ဟို မရဏမျိုးနွယ် ကောင်လေးနဲ့ အတူတူပဲလားလို့။

ယွီဟွားဂိုဏ်းများ ဆုတ်စရာခြေလှမ်းမရှိတော့လို့ ကြယ်တံခါးကိုကြိုဖွင့်ပြီး မရဏစစ်တပ်တွေခေါ်ဆောင်လိုက်တာလား?

အဖြေကိုတွေးမိသွားသည်နှင့် ယဲ့ကျွင်းလင်စိတ်အေးသွားပြီး မျက်လုံးများလည်း တစ်ဖန်အေးစက်သွားခဲ့သည်။

“ဟေးဟေး၊ အခြေအနေတွေက ပြောင်းလဲသွားပြီ။ မင်းတို့ ပုရွက်ဆိတ်တစ်အုပ်ကို အသာထားလိုက်ဦး၊ ခွင်းလွင်နယ်မြေ တစ်ခုလုံးက မသေမျိုးအရှင်တွေ အားလုံးပေါင်းလိုက်ရင်တောင် ငါတို့ယွီဟွားဂိုဏ်းက ဘာမှ ကြောက်စရာမလိုဘူး!”

ဘိုးဘေးကြီး ထျန်းဟုန်သည် လက်များကို နောက်သို့ပစ်ကာ မတ်တပ်ရပ်နေပြီး မျက်နှာအိုကြီးတွင် မောက်မာထောင်လွှားမှုများ ပြည့်နှက်နေသည်။ အရှေ့ပိုင်းစီရင်စုမှ ကျင့်ကြံသူများ၏ အံ့အားသင့်နေသော အမူအရာများကို မြင်တွေ့ရသောအခါ သူ အလွန်ကျေနပ်မိ၏။

ကျန် ဘိုးဘေးကြီးများသည်လည်း လမ်းရွေးမှန်ခဲ့သည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်နေကြဟန်ပင်။

“ဘယ်သူက ယဲ့ကျွင်းလင် လဲ?” မင်ဝမ်ကျွင့်၏ အသံ ထွက်ပေါ်လာပြီး အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များကို ခံစားကြည့်နိုင်၏။

“ငါပဲ”

လူအုပ်ထဲမှ ယဲ့ကျွင်းလင်သည် တည်ငြိမ်စွာ ရှေ့သို့ တိုးထွက်လာပြီး စစ်မှန်သော မသေမျိုးအရှင် ထောင်သောင်းချီကို တစ်ဦးတည်း ရင်ဆိုင်လိုက်ပြီး ကျင့်ကြံသူများအတွက် ကျယ်ပြန့်ခိုင်ခံ့သော နောက်ကျောပြင်ကိုသာ ချန်လှပ်ထားခဲ့လိုက်၏။

မင်ဝမ်ကျွင့်သည် ငွေရောင်ဆံပင်နှင့်လူငယ်ကို အာရုံစိုက် ကြည့်လိုက်ပြီးနောက် ခေါင်းကို နောက်ပစ်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်မောသံမှာ အတော်လေးရွှင်မြူးဝမ်းမြောက်နေဟန်ရှိ၏။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ယွင်ရှန်းမသေမျိုးကျွန်းရဲ့ ကျွန်းသခင်အသစ်ကို ဒီနေရာမှာ တွေ့ရမှတော့ ရအောင်သတ်ပြီး နာမည်ကျော် စည်းစိမ်ပြည့်တဲ့ ဘဝကို ခံစားကြည့်လိုက်ဦးမယ်!”

မင်ဝမ်ကျွင့်၏ အမြင်တွင် ယဲ့ကျွင်းလင်သည် စစ်မှန်သော မသေမျိုးအရှင် တစ်ပါးမျှသာ ဖြစ်၏။ သူသည် ယွင်ရှန်းမသေမျိုးကျွန်း၏ အမွေအနှစ်ကို ရရှိခဲ့သည်ဆိုသော်ငြား ကျင့်ကြံဆင့်မှာ အထင်ကြီးချင်စရာမရှိလှကာ လက်ရှိမရဏစစ်တပ်ကို ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိသေးပေ။

ထို့အပြင် သူကိုယ်တိုင်က လက်ရှိမှာ ကောင်းကင်အဆင့် မသေမျိုးအရှင်တစ်ပါးဖြစ်ပြီး စစ်မှန်သော မသေမျိုးအရှင် ရှစ်သောင်း၏ အင်အားပံ့ပိုးမှုလည်း ရှိနေသေးသည်။ ဤသူကို နှိမ်နင်းဖို့အတွက် အားထုတ်စရာပင် မလိုအပ်။

“အရှင်ယဲ့၊ မြန်မြန်ပြေးပါတော့...!” ကျင့်ကြံသူများအားလုံး ညှိုးငယ်စွာ တားဆီးလာကြ၏။

“ပြေးမယ်? ဘယ်ကိုပြေးမလဲ? ယဲ့ကျွင်းလင်၊ မင်းက အခု သေလမ်းကိုသွားဖို့ သေချာနေပြီ။ ယွီဟွားဂိုဏ်းကို ခဏခဏ ဆန့်ကျင်ခဲ့တဲ့အတွက် အခု နောင်တရနေပြီလား?” ဘိုးဘေးကြီး ထျန်းဟုန်က လှောင်ပြောင်လိုက်ပြီး မိမိစကားကြောင့် တစ်ဖက်လူထိတ်လန့်သွားမည်ကို မြင်ချင်ခဲ့သည်။

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ထိုလူငယ်သည် မလှုပ်မခတ် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်ပင်။ မရဏစစ်တပ်တစ်ခုလုံးအား ကြက်အုပ်ခွေးအုပ်လေးကို ကြည့်သကဲ့သို့သာ ဆက်ကြည့်နေခဲ့သည်။

“ဆက်ပြီး ဟန်ဆောင်နေ၊ ဟန်ဆောင်နေလိုက်စမ်း!” ဘိုးဘေးကြီး ထျန်းဟုန်က မကျေမနပ်နှင့် ထပ်အော်လိုက်သည်။

ဤအခြေအနေကို နတ်ဘုရားဆင်းကာ ပြောင်းပြန်လှန်ရင်တောင် ရတော့မည်မထင်။

တကယ်လို့ သူ တကယ်ပဲ လုပ်နိုင်ခဲ့ရင် တည်ထောင်သူ ဘိုးဘေးသခင်ကြီး ဘိုးဘေးစဥ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ဂိုဏ်းနာမည်ဆိုင်းဘုတ်ကို ငါကိုယ်တိုင် ဝါးစားပြလိုက်ဦးမယ်!

All Chapters