ဘယ်သူ့သားလေးက ပိုအစွမ်းထက်မလဲ?
Vol. 26 Ch. 361
“ဟဲဟဲ၊ မြင့်မြတ်ချင်ယောင်ဆောင်ချင်သေးတာလား၊ ဒူးထောက်လိုက်စမ်း!”
မင်ဝမ်ကျွင့်သည် မိမိမျိုးနွယ်၏ ရှုံးနိမ့်မှုကို ပြန်လည်ဖာထေးရန် ယွင်ရှန်းမသေမျိုးကျွန်း၏ ကျွန်းသခင်သစ်လေးအား အရှက်ရစေဖို့ စိတ်အားထက်သန်နေခဲ့သည်။ ယဲ့ကျွင်းလင် တည်ငြိမ်နေသေးသည်ကို မြင်သော် သူလှောင်ပြောင်ရယ်မောလိုက်ပြီး ပြတ်ပြတ်သားသားပင် လက်တစ်ဖက်ထုတ်ကာ ကောင်းကင်အဆင့် မသေမျိုးအရှင်တစ်ပါး၏ စွမ်းအားဖြင့် ဖိနှိပ်လိုက်တော့၏။
ကောင်းကင်အဆင့် မသေမျိုးအရှင်နှင့် စစ်မှန်သော မသေမျိုးအရှင်အကြား ကွာခြားချက်မှာ တိမ်နှင့် ရွှံ့စိုင် ကွာခြားသကဲ့သို့ပင်။ အထူးသဖြင့် အရည်အသွေးကွာခြားချက်က ပိုမိုသိသာစေ၏။
မသေမျိုးအရှင်များ၏ မသေမျိုး စွမ်းအားသည်ပင်လျှင် အဆင့်အမျိုးမျိုးရှိပြီး အရည်အသွေး မြင့်မားလေလေ ထုတ်လွှတ်သော စွမ်းအား ပိုမိုကြီးမားလေလေ ဖြစ်သည်။
မသေမျိုး စွမ်းအား အရည်အသွေးကို ပထမအဆင့်မှ နဝမအဆင့်ထိ ခွဲခြားထားပြီး နဝမအဆင့်သည် အမြင့်ဆုံးအရည်အသွေးပင်။
နဝမအဆင့် မသေမျိုးစွမ်းအားကို ပိုင်ဆိုင်ထားသူအားလုံးသည် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော်ငြား ထိုအဆင့်သို့ တက်ရောက်ရန်မှာ လွယ်ကူသည့်ပန်းတိုင်တစ်ခု ဟုတ်မနေခဲ့ပါ။
စွမ်းအားအရည်အသွေးကို နဝမအဆင့်ထိ ပြောင်းလဲဖို့အတွက် ကြိုးစားရင်း အချို့သော မသေမျိုးဧကရာဇ်များပင် ခြေကုန်လက်ပန်းကျကာ ရပ်တန့်သွားရသည့်အခါမျိုးလည်း ရှိတတ်ကြ၏။
စစ်မှန်သော မသေမျိုးအရှင်တစ်ပါး၏ စွမ်းအားမှာ အရည်အသွေး မပြည့်မီသေးဘူးဆိုလျှင် ပထမအဆင့်သို့ပင် တန်းမဝင်နိုင်ပေ။
ကောင်းကင် မသေမျိုးအရှင်အဆင့်သို့ တက်ရောက်နိုင်မှသာ စွမ်းအားအရည်အသွေးသည် ပထမအဆင့်သို့ တရားဝင် ဝင်ရောက်မည်ဖြစ်သည်။
နှစ်ခုကြားရှိ ကွာခြားချက်ကို အထင်မသေးပါနှင့်။ ၎င်းသည် အနိမ့်ဆုံး ပထမအဆင့် မသေမျိုးစွမ်းအား ဖြစ်သော်လည်း တန်းမဝင်သော စွမ်းအားအရည်အသွေးထက် အဆပေါင်း ထောင်သောင်းချီ ပိုမိုအားကောင်းသည်။
ပျော့ပျောင်းသော ရွှံ့စိုင်ကို အကြိမ်တစ်ထောင် ကြိတ်ပြီးထုပြီး သန့်စင်ထားသော သံမဏိသားနှင့် နှိုင်းယှဉ်သကဲ့သို့ပင်။ မာကျောမှုချင်းမှာ နှိုင်းယှဥ်စရာအဆင့်ပင် မရှိ။
ထို့ကြောင့် မင်ဝမ်ကျွင့်သည် သူ၏ ကောင်းကင် မသေမျိုးအဆင့်ဖြင့် စစ်မှန်သော မသေမျိုးအဆင့် ယဲ့ကျွင်းလင်ကို အလွယ်တကူ ဖိနှိပ်နိုင်မည်ဟု အလွန်ယုံကြည်မှုရှိရခြင်း ဖြစ်၏။
တစ်ခဏချင်း အသတ်ခံရမည်၊ တစ်စက္ကန့်တောင် ခံနိုင်လိမ့်မည်မဟုတ်။
ခရမ်းရင့်ရောင် အလင်းကို ထုတ်လွှတ်သော ဧရာမ လက်ဖဝါးရာတစ်ခုသည် ယဲ့ကျွင်းလင်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်ပြီး ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပြေးဝင်လာလေတော့၏။
နှိုင်းယှဉ်မရသော ဖိအားကို ခံစားရသော်လည်း ယဲ့ကျွင်းလင်သည် ထိတ်လန့်ခြင်းမရှိဘဲ သူ့နှုတ်ခမ်းထောင့်တွင် ပျော်ရွှင်သော အပြုံးတစ်ချက်ဖြင့် ကွေးညွတ်သွားသည်။
“ခင်ဗျားရဲ့ စေတနာကောင်းတွေကို မတွန့်မဆုတ် လက်ခံလိုက်ပါ့မယ်။”
ထို့နောက် သူ့စိတ်ထဲတွင် စနစ်မှ သတိပေးသံတစ်သံ ထွက်ပေါ်လာသည်။
[တင်၊ ပိုင်ရှင်ဟာ ကောင်းကင်မသေမျိုး ဒုတိယဆင့်ရန်သူရဲ့ တိုက်ခိုက်ခြင်းခံနေရတဲ့အတွက် 'အင်အားကြီးသူနှင့်ရင်ဆိုင်၍ ပိုလို့အင်အားကြီးလာခြင်း' စွမ်းရည်အရ ကောင်းကင်မသေမျိုး တတိယဆင့်သို့ တိုးမြှင့်ခံလိုက်ရပါပြီရှင်]
[တင်၊ ပိုင်ရှင်ကို တိုက်ခိုက်လာတဲ့ မသေမျိုးစွမ်းအားဟာ ပထမအဆင့်အရည်အသွေး ဖြစ်တဲ့အတွက် ပိုင်ရှင်ဟာ ဒုတိယအဆင့် စွမ်းအားအရည်အသွေးကို ထပ်မံရရှိပါတယ်ရှင်]
တစ်ခဏချင်းမှာပင်။
မရေမတွက်နိုင်သော ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်များအောက်တွင် သူတို့အားလုံး ကြုံဖူးသမျှ စွမ်းအား အားလုံးထက် များစွာ သာလွန်သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် ယဲ့ကျွင်းလင်ထံမှ ပေါက်ကွဲထွက်လာခဲ့၏။ လှိုင်းထန်သော မသေမျိုးချီစီးကြောင်းများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ လှိမ့်ဝင်လာပြီး တောက်ပသော မသေမျိုးအလင်းတန်းက သူ့ပတ်ပတ်လည်တွင် အဆုံးမရှိ လှည့်ပတ်နေသည်။
ထိုသူ၏ မျက်လုံးများမှ အဆုံးမဲ့ ကြယ်တာရာအလင်းများ ပေါက်ကွဲထွက်လာပြီး ကိုယ်ဟန်အမူအရာမှာ ပိုမိုကျော့ရှင်းပေါ့ပါးလာခဲ့သည်။
ကျင့်ကြံဆင့်သည် အံ့သြစရာကောင်းလောက်အောင် ကောင်းကင် မသေမျိုး တတိယဆင့်သို့ ခုန်တက်သွားခဲ့ခြင်းပင်။
အပေါ်မှ ဖိနှိပ်လာသော ခရမ်းရင့်ရောင် လက်ဖဝါးကြီးကို ရင်ဆိုင်ရသောအခါ ယဲ့ကျွင်းလင် ဝတ်ရုံလက်စကိုသာ ဖျတ်ခနဲဝှေ့ယမ်းလိုက်သည်။
ဝှီး!
မသေမျိုး စွမ်းအားလှိုင်းတစ်ခု အပေါ်သို့ မြင့်တက်လာပြီး ခရမ်းရင့်ရောင်လက်ဝါးရာကြီး ချက်ချင်းလွင့်ထွက်သွားရ၏။
လုံးဝ အားထုတ်စရာပင် မလိုလိုက်သကဲ့သို့။
“ဘာ? မင်း...”
မင်ဝမ်ကျွင့်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခေါင်းမှာ ဝီခနဲ မြည်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ သူ့မျက်လုံးသူပင် မယုံနိုင်ဖြစ်သွားရသည်။
သူ၏ မျက်လုံးထဲတွင် ငွေရောင်ဆံပင်ရှိ လူငယ်သည် မူလက စစ်မှန်သော မသေမျိုး ဆဋ္ဌမဆင့် ဖြစ်သော်ငြား ရုတ်တရက် ကောင်းကင် မသေမျိုး တတိယဆင့်သို့ တက်လှမ်းသွားခဲ့ပြီး လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သူ ထုတ်လွှတ်လိုက်သော စွမ်းအင်အား ဖျက်ဆီးပစ်လိုက်လေသည်။
ဒါတင်မကသေး၊ မင်ဝမ်ကျွင့်သည် တစ်ဖက်လူထုတ်လွှတ်လိုက်သော မသေမျိုးစွမ်းအား အရည်အသွေးမှာ ဒုတိယဆင့်တွင်ရှိနေမှန်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။
ကျင့်ကြံဆင့်တွင်သာမက မသေမျိုး စွမ်းအားအဆင့်တွင်ပါ တစ်ဖက်လူက သူ့ထက်သာလွန်နေသည်ပင်။
ယခုလေးတင် အားနည်းသောပြိုင်ဘက်အား အနိုင်ကျင့်ရန် စဥ်းစားနေသခိုက် အခြေအနေ၏ ပြောင်းပြန်လှန်နိုင်စွမ်းမှာ မြန်ဆန်လွန်းလှသဖြင့် သူ့ပါးကို လက်ဝါးတစ်ချက် ခပ်ပြင်းပြင်းရိုက်ချလိုက်သလို ခံစားမိရ၏။
မရဏမျိုးနွယ် စစ်သား ရှစ်သောင်းသည်လည်း အံ့အားသင့်သွားကြပြီး ကောင်းကင် မသေမျိုးအဆင့် စွမ်းအားကို ထုတ်လွှတ်ခဲ့သော လူငယ်အား စတင်ကြောက်ရွံ့မိလာကြသည်။
“အရှင်ယဲ့က ဘယ်တုန်းက ကောင်းကင် မသေမျိုးအဆင့်ကို တက်ရောက်သွားခဲ့တာလဲ?” ရွှယ်ဝူဟန် ယဲ့ကျွင်းလင်ကို အံ့သြတကြီး ငေးကြည့်နေရင်း ထိုလူငယ်အား ဖောက်ထွင်းမြင်ရဖို့ ခက်ခဲလှပါဘိဟု တွေးလိုက်မိ၏။
“ဟားဟား၊ မင်းတို့ အားလုံး မြင်လိုက်ကြလား? ငါ့ ဆရာသခင်ရဲ့ ကျင့်ကြံဆင့်က ကောင်းကင်ကို ထိုးဖောက်ပြီး မြေကြီးကို တုန်လှုပ်စေနိုင်တယ်!” လီဝူကျယ်က အရင်ဆုံး အံ့သြသွားပြီးမှ အသိစိတ်ဝင်လာပြီး စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။
ဟုန်ချန်ယဲ့မှာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရပြီး လှပသောဖီးနစ်မျက်လုံးများလည်း ပြူးကျယ်လျက်သား။
“ဒီလူက အကန့်အသတ်ကိုမရှိတာပဲ"
စစ်မှန်သော မသေမျိုးအရှင်ဆိုသည်မှာ တစ်ဖက်လူလျှို့ဝှက်ထားသော အဆုံးသတ်အဆင့်သာဖြစ်မည်ဟု စတင်လက်ခံမိရုံအချိန်တွင် ကောင်းကင်မသေမျိုးအဆင့်ကိုပါ ထုတ်ပြလာပြန်လေသည်။
သူတို့ရဲ့ဆရာသခင်ကတော့ အတိုင်းမသိ နက်နဲကောက်ကျစ်တဲ့ မြေခွေးအိုကြီးစစ်စစ်ပါပဲ။
ဒီလူ့ရဲ့ ကျင့်ကြံဆင့်အစစ်အမှန်ကို ဘယ်သူမှခန့်မှန်းနိုင်ကြတော့မယ် မထင်ဘူး။
“ဒါ...” ဘိုးဘေးကြီး ငါးပါးလုံး ပါးစပ်ဟောင်းလောင်းပွင့်သွားကြသည်။ သူတို့က မင်ဝမ်ကျွင့်ကို ရှိရှိသမျှ မသေမျိုးအရှင်တွေထဲမှာ အစွမ်းအထက်ဆုံးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ယဲ့ကျွင်းလင်က သူတို့ထင်ထားတာထက် အများကြီး အစွမ်းထက်နေတယ်တဲ့လား?
တကယ်ကို အရှေ့ပိုင်းစီရင်စုရဲ့ မြေခွေးအိုကြီးဆိုတဲ့နာမည်နဲ့ ကိုက်ညီပါပေတယ်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ဆက်လုပ်ထား!” မမျှော်လင့်ထားခဲ့သော ဆက်တိုက် ထိုးနှက်မှုများအောက်တွင် ချန်ရှောင်းမှာ စိတ်လွတ်လုလုဖြစ်နေရှာလေပြီ။ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးနေသော်ငြား မျက်နှာအမူအရာမှာ ငိုသည်လည်းမဟုတ်၊ ရယ်သည်လည်းမဟုတ် အတော်လေးထူးဆန်းနေလှသည်ပင်။
တစ်လျှောက်လုံးတွင် ချန်ရှောင်း၏ အကြီးမားဆုံးအားထားရာမှာ သူ၏ နေမင်းမသေမျိုးခန္ဓာသာဖြစ်၏။ ထိုခန္ဓာအား ဆုံးရှုံးလိုက်ရချိန်တွင် သူ့မှာ တိုက်ခိုက်လိုစိတ်တစ်စက်မှ မကျန်ရစ်ခဲ့တော့ပေ။
ထိုအချိန်တွင် ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သူ၊ သူအမုန်းဆုံး လူသတ်သမား၏ စွမ်းအားထုတ်ဖော်ပွဲမှာ တစ်သက်တာတွင် မကြုံစဖူး စိတ်လှုပ်ရှားမှုကို ဆောင်ကျဥ်းလာပေးသကဲ့သို့ စိတ်လှုပ်ရှားကာ လူကို ခုန်ပေါက်အားပေးစေချင်လာသည်။
တစ်ချိန်လုံး တင်းထားခဲ့သမျှ ကြိုးတွေအားလုံး ပြတ်တောက်ရှင်းလင်းသွားချိန်တွင် စစ်မှန်သောစိတ်လှုပ်ရှားမှုအား ခံစားလိုက်ရခြင်း ဖြစ်ပေမည်လား။