← Chapters

အခန်း (၃၆၂)

Vol. 26 Ch. 362

အခန်း (၃၆၂)

Vol. 26 Ch. 362

ချန်ရှောင်းသည် သူ၏ ဆံပင်များကို ရူးသွပ်စွာ ဆွဲဆောင့်နေပြီး ငိုတစ်လှည့် ရယ်တစ်လှည့် မျက်နှာအမူအရာအမျိုးမျိုးဖြင့် “ဟားဟားဟားဟားဟား! ဟီးဟီးဟီးဟီးဟီး!” ဟူသော ထူးဆန်းသောအသံများ ထွက်ပေါ်လာသည်။

ဤအရူးအား ယွီဟွားဂိုဏ်း၏ ဂုဏ်သိက္ခာတစ်ဖြစ်လဲ မောက်မာဝင့်ကြွားသော စိတ်ဓာတ်ခွန်အားပြည့်ဝသော ဦးစားပေးခံသားတော်ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မှတ်ကြမည်မဟုတ်။

သို့သော် ကျင့်ကြံသူများ၏ အာရုံစိုက်မှုသည် ထိုသူ့အပေါ်တွင် ရှိမနေပေ။ ဤအချိန်တွင် အကြည့်များအားလုံး ယဲ့ကျွင်းလင် အပေါ်တွင်သာ အာရုံစိုက်နေကြသည်။

သူတို့အား ထပ်ခါတလဲလဲ မဆုံးနိုင်သော အံ့အားသင့်မှုများနှင့် မျှော်လင့်မထားသော ပျော်ရွှင်မှုများကို ဆောင်ကျဉ်းပေးခဲ့သူ ဤ လူငယ်။

ခဏတာ အံ့အားသင့်ပြီးနောက် မင်ဝမ်ကျွင့်သည် တစ်ခုခုကို တွေးမိလိုက်ပြီး သူ၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ချက် လင်းလက်သွားသည်။

ယွင်ရှန်းမသေမျိုးကျွန်း၏ ကျွန်းသခင်အသစ် ဖြစ်သောကြောင့် ဤမျှ ခြောက်သွေ့နိမ့်ကျသော ပတ်ဝန်းကျင်တွင် ကျင့်ကြံဆင့်နှင့် မသေမျိုး စွမ်းအား အရည်အသွေးက ဤအဆင့်အထိ ရောက်ရှိနိုင်ခြင်းမှာ ယွင်ရှန်းကျွန်း၏ အကူအညီကြောင့်သာ ဖြစ်ရမည်။

သူ့ကိုသာ ဒီအတိုင်း လွှတ်ပေးထားခဲ့လိုက်ပါက မရဏမျိုးနွယ်အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

“ဟမ့်၊ မင်းရဲ့လျှို့ဝှက်မှုက တော်တော်နက်ရှိုင်းတာကို ငါလက်ခံပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ မင်း အနိုင်ရမှာ သေချာနေပြီလို့ မထင်နဲ့။ မင်းသိထားသင့်တာက မသေမျိုးအရှင် အချင်းချင်း ပြိုင်ဆိုင်မှုဆိုတာ ကျင့်ကြံဆင့်နဲ့ မသေမျိုး စွမ်းအား အရည်အသွေးတင် မကဘူး။ မှော်လက်နက်အဆင့်လည်း ပါသေးတယ်!”

“ဒီနေ့ အမှောင်ဖုံးနေတဲ့ မင်းအမြင်တွေကို ဖွင့်ပြရသေးတာပေါ့၊ တောသားကောင်!”

“ငါ့ရဲ့ တန်ဖိုးအရှိဆုံး သားလေး၊ ထွက်လာခဲ့!”

မင်ဝမ်ကျွင့်က ကျယ်လောင်စွာ အော်ဟစ်ကာ လက်ကို မြှောက်လိုက်သည်။ ထိုလက်ထဲတွင် အာဏာစက်ပြင်းပြီး အနက်ရောင်ပြောင်လက်နေသော လှံတံတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာ၏။ လှံတံကိုယ်ထည်တွင် အသက်ဝင်နေသော နဂါးနက်တစ်ကောင် ကွေ့ဝိုက်ရစ်ပတ်နေပြီး ၎င်း၏ မျက်လုံးများမှာ သွေးနီရောင်အလင်းဖြင့် တောက်ပနေကာ ပါးစပ်ဟ၍ ဟိန်းဟောက်သံတစ်ချက် ပေးလိုက်သည်။

သူ့လက်ငါးချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်နှင့် လှံသွားမှ စွမ်းအင်ကြီးမားသော မကောင်းဆိုးဝါးချီများ ထွက်ပေါ်လာပြီး သက်ရှိအားလုံးကို သတ်ဖြတ်ချေမှုန်းကာ ကမ္ဘာတစ်ခုလုံးကို သွေးချောင်းစီးစေမည့် ရည်ရွယ်ချက်တို့ ပေးစွမ်းနေသကဲ့သို့။

“ငါ့ရဲ့ တန်ဖိုးအရှိဆုံး သားလေးကို နဂါးနက်လှံလို့ ခေါ်တယ်၊ ရှားပါးပြီး ထိပ်တန်းအဆင့် ဉာဏ်အလင်း မသေမျိုးလက်နက်ပဲ!!!”

သူ့လက်ထဲမှ မသေမျိုးလက်နက်၏ ဇစ်မြစ်ကို ဖော်ပြရာတွင် မင်ဝမ်ကျွင့်သည် ဂုဏ်ယူမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ၎င်းသည် တိုက်ပွဲတိုင်းတွင် သူ၏ အကြီးမားဆုံး အားကိုးရာဖြစ်ပြီး မရေမတွက်နိုင်သော အောင်ပွဲအလီလီ၏ သင်္ကေတတစ်ခုလည်း ဖြစ်၏။

တစ်ချိန်က မင်မျိုးနွယ်၏ နယ်ပယ်အောက်ရှိ ကြယ်တံခွန်ပေါင်းများစွာထဲမှ ရာနှင့်ချီသော ကြယ်များ ပြင်ပလူမျိုးစုတို့လက်ထဲ ကျရောက်သွားချိန်တွင် သူအချိန်မီတုံ့ပြန်နိုင်ခဲ့ပြီး သွေးထွက်သံယိုတိုက်ပွဲများမှတစ်ဆင့် မျိုးနွယ်စုများကို ဦးဆောင်ကာ နယ်မြေအားလုံးကို ပြန်လည်ရယူနိုင်ခဲ့သည်။

ထိုတိုက်ပွဲအပြီးတွင် မရဏမျိုးနွယ်၏ အဆင့်မြင့်အရာရှိများသည် သူ့ကို အလွန်အထင်ကြီးလေးစားခဲ့ကြကာ ဤရှားပါးသော ဉာဏ်အလင်းအဆင့် ထိပ်တန်း မသေမျိုးလက်နက်တစ်လက်အား ချီးမြှင့်မြှောက်စားခဲ့ကြလေ၏။

နောက်ပိုင်းတွင် ဤနဂါးနက်လှံကို အားကိုး၍ ကောင်းကင်ဘုံ၏ ချစ်သားမျက်ရှု ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ပါးအဖြစ် သူဆက်လက်ကြီးထွားနိုင်ခဲ့သည်။ မသေမျိုးအရှင်သခင်အဆင့်အောက်တွင် သူ့ကိုယှဥ်နိုင်သူမရှိ။ မျိုးနွယ်စုထဲတွင်လည်း လွန်စွာဂုဏ်သိက္ခာကြီးမားလာခဲ့သည်။

ယဲ့ကျွင်းလင်မှ သူ၏ကျင့်ကြံဆင့်အမှန်ကို ဖော်ထုတ်လိုက်သည်အား မြင်သောအခါ မင်ဝမ်ကျွင့်သည် မပေါ့ဆရဲတော့ဘဲ သူ၏ တန်ဖိုးအထားရဆုံးလက်နက်အား တိုက်ရိုက်ထုတ်သုံးလေတော့၏။

ထိုအဆင့်ရှိ ရှားပါးမသေမျိုးလက်နက်များသည် ဈေးကွက်တွင် အတော်လေး တန်ဖိုးရှိပြီး အမြင့်ဆုံးဖြစ်သော ထိပ်တန်းအဆင့်ဆိုလျှင် ရှာ၍ပင်မတွေ့နိုင်လောက်။ ၎င်းတို့သည် မရေမတွက်နိုင်သော ဉာဏ်အလင်းအဆင့် မသေမျိုးအရှင်များ လွန်စွာလိုချင်တပ်မက်ကြသည့် တိုက်ပွဲသုံးလက်နက်များပင်။

မင်ဝမ်ကျွင့် ဤထိပ်တန်းမသေမျိုးလက်နက်ကို အသက်သွင်းလိုက်သည်နှင့် သူ၏ ကိုယ်ပိုင်စွမ်းအင်သည် အဆပေါင်း ထောင်သောင်းချီ တိုးတက်လာမည်ဟု ယုံကြည်မှုရှိသည်။

ကောင်းကင် မသေမျိုး တတိယဆင့်သာမက နဝမအဆင့်ဖြစ်နေလျှင်ပင် သူကိုင်တွယ်နိုင်လောက်သေး၏။

ဒီလူကို သတ်ဖို့ဆိုတာ အားထုတ်စရာပင် မလိုပါချေ။

“အားလုံးပဲကြည့်ကြ၊ တပ်မှူးက သူ့ရဲ့ အဖိုးတန်ဆုံး သားလေးကို ထုတ်လာပြီ!”

“တပ်မှူးရဲ့ လက်နက်နဲ့ သေရတာ ဒီ‌ကောင့်အတွက်တော့ ကောင်းချီးမင်္ဂလာပဲ!”

“တပ်မှူးက သေချာပေါက် နောက်ဆုံးသောအောင်နိုင်သူပဲ!”

အားပေးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မရဏမျိုးနွယ် စစ်သား ထောင်သောင်းချီ စိတ်လှုပ်ရှားကုန်ကြသည်။

သူတို့အားလုံးသည် မင်ဝမ်ကျွင့်နှင့်အတူ ကြယ်တာရာ ကောင်းကင်စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသောကြောင့် ခေါင်းဆောင်ဖြစ်သူ၏ ခွန်အားကို အလွန်အမင်း ယုံကြည်ထားကြသည်။

အဘယ်ကြောင့်ဆိုသော် နဂါးနက်လှံကို ကိုင်စွဲထားသော မင်ဝမ်ကျွင့်သည် ရှုံးပွဲမရှိ အောင်နိုင်သူတစ်ဦး ဖြစ်သောကြောင့်ပင်။

“ဟဲဟဲ၊ ငါ့ရဲ့ တန်ဖိုးအရှိဆုံး သားလေးက ဘယ်လောက် အစွမ်းထက်လဲဆိုတာ လာမြည်းကြည့်စမ်း!”

လက်အောက်ငယ်သားများ၏ အားပေးသံများကြားတွင် နဂါးနက်လှံကို ကိုင်မြှောက်ထားသော မင်ဝမ်ကျွင့်သည် စီးတော်ယာဥ်ထက်မှ ခုန်ချကာ ကြမ်းတမ်းသောမျက်နှာဖြင့် ယဲ့ကျွင်းလင်အား အားပါပါထိုးချလိုက်သည်။

ရွှစ်၊

အနက်ရောင်ပြောင်လက်နေသော လှံသွားသည် မယုံနိုင်လောက်အောင် တောက်ပကာ လှံသွားရာမှာ လေဟာနယ်ကို ချောက်နက်ကြီးတစ်ခုဖြစ်အောင် ခွဲထုတ်လိုက်သကဲ့သို့ ထင်ရသည်။

“အရှင်ယဲ့၊ သတိထား!”

နဂါးနက်လှံက ယူဆောင်လာသော ဖိအားမှာ အလွန်ပြင်းထန်သဖြင့် ကျင့်ကြံသူများ ၏ ရင်ထဲတွင် မွန်းကျပ်သွားကာ အထိတ်တလန့် ထအော်မိကြ၏။

“ဒါပဲလား?”

ယဲ့ကျွင်းလင်က နှုတ်ခမ်းတစ်ချက်တွန့်လိုက်သည်။

သူယခုလေးတင် ဆုလာဘ်ရရှိပြီးသွားလေပြီ။

လှံကိုင်ထားသော ပုံရိပ် သူ့ရှေ့တည့်တည့်သို့ ခုန်ဝင်လာသည်ကို မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။

ထို့နောက် စိတ်မရှည်စွာ ကျစ်ခနဲစုတ်သပ်လိုက်သည်။

"ငါနဲ့လာယှဥ်ချင်ရင်တော့ မင်းပဲရှုံးမှာနော်"

ဖျောက်။

သူ လက်ဖျောက်တစ်ချက်တီးလိုက်သည်။

လေဟာနယ်ထက်တွင် ရွှေရောင်နေမင်းတစ်စင်း ရုတ်တရက် ပေါ်ထွက်လာသည်။

သေချာကြည့်မည်ဆိုလျှင် ထိုတောက်ပသော နေမင်းအရောင်အဝါအတွင်းတွင် ရွှေရောင် ဓားပျံတစ်စင်း ဆိုင်းငံ့မျောပါနေသည်ကို တွေ့ရပေမည်။ ၎င်းကို မြူခိုးများကဲ့သို့သော မသေမျိုးချီငွေ့များဖြင့် ဖုံးလွှမ်းထားပြီး ဓားသွားတွင် တောက်ပစွာလင်းလက်နေသော တာအိုသင်္ကေတများပါဝင်ကာ ဖျက်ဆီးခြင်းအငွေ့အသက်များကိုလည်း ထုတ်လွှတ်နေလျက်။

ချွင်!

လေးလံသော သတ္တုခတ်သံတစ်သံ နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။

“ဖူး!!”

မင်ဝမ်ကျွင့်၏ ရင်ဘတ်ထဲမှသွေးများ အထက်သို့ဆန်တက်လာကာ တစ်ပွက်အန်ကျပြီး တွန်းကန်အားကြောင့် ပေပေါင်း ရာနှင့်ချီ ပြန်လည်လွင့်စင်သွားရ၏။ တောင်များစွာကို ဖြတ်ကျော်ပြီးမှသာ လေဟာနယ်တွင် အနိုင်နိုင်ဟန်ချက်ထိန်းကာ ရပ်တန့်လိုက်ရသည်။

သူ့လက်ထဲရှိ နဂါးနက်လှံသည် ဆက်တိုက် တုန်ယင်နေပြီး ညည်းတွားသံ ပျော့ပျော့လေးပင် ထွက်ပေါ်လာကာ လက်မောင်းမှသွေးများသည်လည်း လက်နက်ပေါ် စီးကျလျက်ရှိသည်။

“ဒါက... ဒါက...”

မင်ဝမ်ကျွင့်သည် တဖြည်းဖြည်းနှင့် ပြန်လည်သက်သာလာပြီးနောက် ရွှေရောင်ဓားပျံကို ရုတ်တရက် ပြန်မော့ကြည့်လိုက်သည်။ သေချာစွာ စူးစိုက်စစ်ဆေးကာ ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် သူ၏ ရင်ဘတ်ထဲမှ နှလုံးသားသည် ကြောက်လန့်တကြား ထွက်ကျလုနီးပါး ခုန်ပေါက်သွားကာ ထိန်းမရစွာ အော်ဟစ်လိုက်မိတော့၏။

“မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်!!!”

All Chapters