← Chapters

စိတ်စွမ်းအင် ကျင့်ကြံသူများ

Vol. 26 Ch. 363

စိတ်စွမ်းအင် ကျင့်ကြံသူများ

Vol. 26 Ch. 363

စန်းယွမ်ဓားသည် ယဲ့ကျွင်းလင်၏ ဦးခေါင်းအထက်တွင် တိတ်ဆိတ်စွာ ဝဲပျံနေပြီး ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းလျက် အလွန်ပင် မြင့်မြတ်သန့်စင်လျက်ရှိ၏။

စစ်မှန်သော မသေမျိုးအဆင့် မှော်လက်နက်မှ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက် အဖြစ်သို့ ပြောင်းလဲသွားခြင်းသည် မတူညီသော အဆင့်ငယ်ပေါင်းများစွာကို ခုန်ကျော်သွားခဲ့ခြင်းဖြစ်ပြီး စွမ်းအားတိုးတက်မှုမှာ ကြီးမားလှသည်ပင်။

မင်ဝမ်ကျွင့်၏ ဂုဏ်ယူဖွယ်ရာ နဂါးနက်လှံသည် စန်းယွမ်ဓား ပေါ်လာပြီးနောက် ချက်ချင်းပင် အရောင်ဖျော့သွားခဲ့သည်။ ပညာစုံခါစ စုန်းမငယ်လေးတစ်ဦးက ဝါရင့်နှစ်ချို့ စုန်းမကြီးတစ်ဦးနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ပင်။

သူ၏ အစွမ်းကုန်တိုက်ခိုက်မှုကို တစ်ဖက်လူက အားအများကြီးမသုံးလိုက်ပါဘဲနှင့် တွန်းလှန်ကန်ထုတ်နိုင်ခဲ့လေသည်။

ဤသည်က ကွာခြားမှုပင်။

“မင်းမှာ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက် ဘယ်လိုလုပ် ရှိနေတာလဲ? ဒါ မမျှတဘူး!!” မင်ဝမ်ကျွင့်၏ စိတ်ခံစားချက်များ ထိန်းမနိုင်သိမ်းမရ ဖြစ်နေလေပြီ။ သူ၏ တန်ဖိုးအထားရဆုံး အားအကိုးရဆုံး ရတနာကို ထုတ်ပြခဲ့သော်လည်း ထိုလူငယ်လေးရှေ့တွင် ရိုးရိုးလှံတံတစ်ချောင်းမျှပင် အရေးမပါခဲ့ပေ။

အလွန်ပင် စိတ်ပျက်စရာကောင်းသည်။

သူ၏ မိမိကိုယ်ကို အထင်ကြီးလေးစားမှုများ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရသည်။

“ခန့်မှန်းကြည့်” ယဲ့ကျွင်းလင်က ပြုံးတုံ့တုံ့နှင့် မေးပြန်ငေါ့သည်။

“ခဏလေး၊ ယွင်ရှန်းမသေမျိုးကျွန်း! မင်း ဒါကို ယွင်ရှန်းမသေမျိုးကျွန်းကနေ ရတာ သေချာတယ်!” မင်ဝမ်ကျွင့် ရုတ်တရက် အတွေးပေါက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

လက်ရှိတွင် ထိုအဖြေသာ တစ်ခုတည်းသော ရှင်းပြချက်ပင်။

“ဒီလိုကိုး” လူတိုင်း အံ့အားသင့်ကုန်ကြပြီး မနာလိုအားကျစိတ်အပြည့်ဖြင့် ယဲ့ကျွင်းလင်အား လှမ်းကြည့်ကုန်ကြ၏။

“အိုး၊ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့လိုပဲထားလိုက်” ယဲ့ကျွင်းလင်က ငြင်းဆိုခြင်းမရှိပေ။

သူဒီတိုင်း အပျင်းပြေကစားနေရုံသက်သက်သာဖြစ်၏။

“မင်း ဝန်ခံလိုက်ရပြီမလား! ငါသိသားပဲ!” ထိုလူငယ်လေး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ချိန်တွင် မင်ဝမ်ကျွင့်၏မျက်နှာမှာတော့ မနာလိုမှုဖြင့် မည်းပုပ်ပြာနှမ်းကာ ရင်ထဲမှ မကျေမနပ်အစိုင်အခဲကြီးက တဖြည်းဖြည်းပိုကြီးထွားလာသည်။

ထိုအရာမှာ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက် ဖြစ်၏။ သူတို့မျိုးနွယ်တွင် အလွန်အစွမ်းထက်ပါသည်ဆိုသော ထိပ်တန်းပုဂ္ဂိုလ်အနည်းငယ်သာ ထိုအဆင့်ရှိလက်နက်ကို ပိုင်ဆိုင်ကြပြီး တစ်ဦးစီတိုင်းမှာလည်း မျိုးနွယ်စုအတွက် မရှိမဖြစ် အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသည်။

ဤကမ္ဘာမှ လူသားတစ်ဦးက ထိုသို့သော်လက်နက်ကို ဝံ့ကြွားစွာထုတ်ပြလာလိမ့်မည်ဟု သူ တစ်ခါလေးသော်မျှ မမျှော်လင့်ခဲ့မိပေ။

မနာလိုမဖြစ်ဘူးဆိုလျှင် လိမ်ရာကျပေမည်။

မနာလိုလွန်းလို့ ရူးမတတ်ပါပဲ!

“ဟမ့်၊ မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်က တကယ်အစွမ်းထက်ပေမဲ့ မင်းရဲ့ ကောင်းကင် မသေမျိုးအဆင့် ကျင့်ကြံမှုနဲ့ သူ့ကို အစွမ်းကုန် အသက်သွင်းဖို့ဆိုတာ အလွန်ခက်ခဲလိမ့်မယ်။ ငါ့မှာ လက်အောက်ခံ ထောင်သောင်းချီ ရှိတယ်။ မင်းရဲ့ မသေမျိုး စွမ်းအားကို ကုန်ဆုံးအောင် လုပ်နိုင်သရွေ့ ငါ အနိုင်ရလိမ့်မယ်လို့ ယုံကြည်တယ်။”

“မင်းသေရင် ဒီမှော်လက်နက်သာမက ယွင်ရှန်းမသေမျိုးကျွန်းပေါ်က အရာအားလုံး ငါ့အပိုင်ဖြစ်ပြီပဲ!”

မင်ဝမ်ကျွင့်၏ မျက်လုံးများတွင် ပြင်းပြသော လောဘရောင်များ လွှမ်းမိုးနေပြီး လိုချင်တပ်မက်စိတ်က စဥ်းစားဆင်ခြင်နိုင်စွမ်းအား ဖုံးလွှမ်းသွားခဲ့၏။ မရဏတပ်၏ အားကိုးယုံကြည်ဖွယ်တပ်မှူးတစ်ဦး အဖြစ်မှ တပ်မက်မှုအတွက် အသက်ကိုပုံပေးတော့မည့် လောဘမျက်ကန်းတစ်ဦးအဖြစ်သို့။

ဤမျှယုံကြည်ချက်ပြင်းထန်နေရသည့် အကြောင်းရင်းမှာ သူ့နောက်တွင် စစ်မှန်သော မသေမျိုးအဆင့် စစ်သည်တော် ရှစ်သောင်း ရှိနေသေးသောကြောင့်ပင်။ မရဏမျိုးနွယ်၏ အထူးလေ့ကျင့်သင်ကြားခံ လက်‌ရွေးစင်စစ်တပ်ဆိုလည်း မမှားပေ။

မျိုးနွယ်၏ တိုက်ပွဲအစီအရင်ကို ဖွဲ့စည်းလိုက်သည်နှင့် စစ်မှန်သော မသေမျိုးအရှင် ရှစ်သောင်းကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပြီး ကောင်းကင် မသေမျိုးအရှင်များကြား အစွမ်းထက်ဆုံသူတို့နှင့်ပင် နှိုင်းယှဉ်နိုင်သည့် စွမ်းအားအဟုန်ကို ထုတ်လွှတ်နိုင်သည်။

ဆန့်ကျင်ဘက်အားဖြင့် ယဲ့ကျွင်းလင်ကတော့ တစ်ယောက်တည်း တိုက်ခိုက်ရမည်သာဖြစ်၍ မင်ဝမ်ကျွင့်သည် ဤတိုက်ပွဲကို အချိန်တစ်ခုထိတော့ ဆွဲဆန့်နိုင်ဦးမည်ဟု ကောက်ချက်ချခဲ့လိုက်၏။

“အင်း၊ မင်းပျော်သလိုလုပ်ပါ” ယဲ့ကျွင်းလင်က မိုက်ကြည့်ပြန်ကြည့်လိုက်သည်။

မင်ဝမ်ကျွင့်၏ နဖူးတွင် သွေးကြောတစ်ချောင်း ထောင်ထလာသည်။ နဂါးနက်လှံကို ခေါင်းပေါ် မြှောက်ကိုင်ထားရင်း သူ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ “အားလုံး၊ ပြင်ဆင်ကြ! အစီအရင် ဖွဲ့စည်း!!!”

“သတ်!!”

မရဏမျိုးနွယ် စစ်သည်တော်ရှစ်သောင်းက မှော်လက်နက်များကိုင်ဆောင်ရင်း အော်ဟစ်ကြွေးကြော်ကုန်ကြ၏။ ထို့နောက် အထပ်ထပ်အခါခါ လေ့ကျင့်ထားသည့်အတိုင်း သက်ဆိုင်ရာ နေရာများဆီ တစ်ပြိုင်နက်တည်း ရွေ့လျားပြီး တိုက်ခိုက်ရေးအစီအရင်အား ပုံဖော်ကြလေတော့သည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ် နတ်ဆိုးချီများသည် တိုက်ပွဲအစီအရင်ဗဟိုချက်မှ ရေလှိုင်းများကဲ့သို့ အားမာန်အပြည့်ဖြင့် ထိုးထွက်လာခဲ့သည်။ ခရမ်းရင့်ရောင် ကောင်းကင်မျို မြွေကြီးများ ဒါဇင်နှင့်ချီ ပေါ်ထွက်လာပြီး ၎င်းတို့၏ ကြီးမားသော ကိုယ်ထည်များမှာ အစီအရင်ပေါ်တွင် တစ်ခုနှင့်တစ်ခု ရစ်ပတ်နေကာ သွေးနီရောင်မျက်လုံးများတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“ဘုရားရေ...” မြင်ကွင်းကြောင့် ကျင့်ကြံသူအများ ကျောချမ်းသွားခဲ့ကြသည်။

“ယဲ့ကျွင်းလင်၊ ငါ့အတွက် သေစမ်း!”

မင်ဝမ်ကျွင့်သည် သူ၏ ဆူပွက်နေသော မသေမျိုး စွမ်းအားကို နဂါးနက်လှံထဲသို့ ဆက်တိုက် ထိုးသွင်းကူးပြောင်းစေလိုက်သည်။ လှံတံကိုယ်ထည်မှ ရေကူးနေသော နဂါးတစ်ကောင်နှင့်တူသည့် အဆင်တန်ဆာမှ အလင်းတန်းများ ထွက်ပေါ်လာပြီး နဂါးဟောက်သံနှင့်အတူ ပစ်မှတ်ဆီသို့ တိုက်ကွက်တစ်ခု ဦးတည်ပစ်လွှတ်လိုက်တော့၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်မျို မြွေကြီးများသည်လည်း အချင်းချင်း လုံးထွေးရစ်ပတ်ကာ သူ့ဆီခုန်ဝင်လာကြသည်။ ၎င်းတို့၏ ဟက်တက်ဖွင့်ထားသော ပါးစပ်ပြဲကြီးများ၊ ထိုမှတစ်ဆင့် မြင်တွေ့နေရသည့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထက်ရှသော အစွယ်များက လူကို အမြင်ဖြင့်ပင် တုန်လှုပ်ခြောက်ခြားစေသည်။

ဘုန်း~!

ယဲ့ကျွင်းလင် သူ၏ ညာခြေကို တစ်ချက်ဆောင့်နင်းချလိုက်ရာ ပတ်ပတ်လည်မြေပြင်ပေါ်တွင် ကြီးမားသော အစီအရင်တစ်ခု ပေါ်ထွက်လာပြီး သူ့နောက်မှ ကျင့်ကြံသူများကို ကာရံထားလိုက်သည်။ ဤသည်မှာ တိုက်ပွဲ၏ သက်ရောက်မှုဂယက်များက အပြစ်မဲ့သူများကို မထိခိုက်စေရန် ကာကွယ်ပေးခြင်းဖြစ်၏။

ဆိုရိုးစကားရှိသည့်အတိုင်း မသေမျိုးအရှင်များ အချင်းချင်း တိုက်ခိုက်ကြသောအခါ လူသားများက မြေစာပင်ဖြစ်ရတတ်သည်။

ဤကဲ့သို့သော မသေမျိုးအဆင့် ရင်ဆိုင်မှုမျိုးတွင် သာမန်ဘေးထွက်ဆိုးကျိုးတစ်ခုကပင် ရိုးရိုးကျင့်ကြံသူတို့အတွက် ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကို ဖြစ်ပေါ်စေသည်။

ထို့အပြင် လက်ရှိနေရာတွင် မသေမျိုးအရှင်က တစ်ဦးနှစ်ဦးတည်းမဟုတ်။ ထောင်သောင်းချီ ရှိနေသည်ပင်။

အတွေးဖြင့်ပင် ကြောက်စရာကောင်းလှသည် မဟုတ်လော။

ယွီဟွားဂိုဏ်း အထက်ကောင်းကင်တွင် တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

“ဒါ!”

မင်ဝမ်ကျွင့်၏ မျက်စိသူငယ်အိမ်များ ထိတ်လန့်တကြား ကျုံ့ဝင်သွားသည်။ သူ၏ နဂါးပုံစံ အလင်းတန်းကြီးမှာ ရွှေရောင်ဓားပျံ၏ လက်ချက်ဖြင့် တိခနဲပိုင်းဖြတ်ခံလိုက်ရသည်ကို သူ့မျက်စိဖြင့် မြင်တွေ့လိုက်ရပေ၏။

ရွှစ်၊ ရွှစ်၊ ရွှစ်၊

မရဏမျိုးနွယ်၏ တိုက်ပွဲ အစီအရင်မှ ပေါင်းစပ်ဖွဲ့စည်းထားသော ကောင်းကင်မျိုမြွေကြီး တစ်ဒါဇင်ခန့်မှာလည်း ဟင်းသီးဟင်းရွက်များကို ဓားထက်ထက်ဖြင့်လှီးသကဲ့သို့ တုံ့ဆိုင်းခြင်းမရှိ အပိုင်းပိုင်းဖြတ်ခံလိုက်ရတော့သည်။

ယဲ့ကျွင်းလင်က စန်းယွမ်ဓားကို လက်နှစ်ချောင်းဖြင့် ထိန်းကိုင်ကာ လှောင်သံဖြင့်ပြောလာသည်။ "ဒီလောက်လေးပဲဆိုရင်တော့ စိတ်ပျက်ရတော့မှာပဲ"

မင်ဝမ်ကျွင့်မှာ ဒေါသထွက်လွန်းလို့ သွေးအန်ချလုနီးပါးပင် ဖြစ်သွားရ၏။

“ကောင်းပြီ၊ မင်းငါ့ကို တွန်းအားပေးလိုက်တာပဲ...”

မင်ဝမ်ကျွင့်က စိတ်ပိုင်းဖြတ်လိုက်ပြီး သူ၏ ဒုတိယအရာရှိနှစ်ဦးကို လျှို့ဝှက်သတင်းပို့လိုက်သည်-။“ဒီ အခွင့်အရေးကိုယူပြီး သူ့ကို စိတ်စွမ်းအင်ကျင့်စဥ်တွေနဲ့ တိုက်ခိုက်!”

ထိုဒုတိယအရာရှိနှစ်ဦးသည် မင်ဝမ်ကျွင့်မှလွဲ၍ စစ်တပ်တွင် အမြင့်ဆုံးရာထူးများကို ရယူထားသူများဖြစ်ကြ၏။

သူတို့နှစ်ဦးမှာ ခွင်းလွင်နယ်မြေအပြင်တွင် ဉာဏ်အလင်း မသေမျိုးအဆင့်ဖြစ်သော်ငြား ခွင်းလွင်နယ်မြေထဲသို့ ရောက်ရှိလာချိန်၌ ကောင်းကင် မသေမျိုး ပထမဆင့်အထိ ဖိနှိပ်ခံထားရသည်ပင်။ သို့ပေမဲ့ သူတို့မှာ မသေမျိုးအရှင် အများအပြား အားကျလေးစားရပါသော လျှို့ဝှက်အရည်အချင်းတစ်ခု ရှိနေခဲ့သေးသည်။

ထိုသူတို့မှာ စိတ်စွမ်းအင် ကျင့်ကြံသူများ ဖြစ်ကြသည်ပင်!

စိတ်စွမ်းအင် ကျင့်ကြံသူများသည် စိတ်စွမ်းအင် တိုးတက်ရန်ကိုသာ အဓိကထားကြ၏။ စိတ်စွမ်းအင်သည် ၎င်းတို့၏ လျှို့ဝှက်လက်နက်ဖြစ်ပြီး မမြင်နိုင်သောပုံစံအမျိုးမျိုးဖြင့် လူ့အသက်များကို နှုတ်ယူဆောင်ကျဥ်းနိုင်စွမ်းရှိသည်။

စိတ်စွမ်းအင်ကျင့်ကြံရေးလမ်းကြောင်းမှာ အတားအဆီးများ အလွန်မြင့်မားပြီး အခက်အခဲများလည်း များပြားလှသည်။ ခိုင်မာသော ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး ခြေတစ်လှမ်းလောက်တိုးဖို့ရာအတွက်ပင် အချိန်များစွာ လိုအပ်သည်။

အများစုသော ကျင့်ကြံသူများသည် ဤလမ်းကြောင်းကို အထူးတလည် ရွေးချယ်ကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အရည်အချင်းနှင့် ကံတရားသာ မရှိပါက ကြိုးစားအားထုတ်မှုများ အချည်းနှီး ဖြစ်သွားရုံသာမက အချိန်ဖြုန်းရာလည်း ကျသောကြောင့်ပင်။

သို့သော် တစ်စုံတစ်ယောက်သည် စိတ်စွမ်းအင် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ခဲ့ပါက ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးသည် သာမန် ကျင့်ကြံသူများထက် အဆပေါင်းသန်းချီ ပိုမိုမြင့်မားပေမည်။

စိတ်စွမ်းအင် ကျင့်ကြံသူများသည် ၎င်းတို့၏ စိတ်စွမ်းအင်ကို လက်နက်တစ်မျိုးအဖြစ် အသုံးပြုကာ ရန်သူများ၏ စိတ်ပိုင်းဆိုင်ရာကို အဓိကထား တိုက်ခိုက်လေ့ရှိသည်။

တစ်ချက်တည်းဖြင့် အောင်မြင်ပြီး ကျော့ကျော့လေး ထွက်ခွာသွားနိုင်မည်လား၊ ထိုသို့မဟုတ်ပါဘဲ ကျရှုံးမှုဖြင့် ရင်ဆိုင်ရလျှင်တော့ ချီအရင်းအမြစ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်သည့် ဆိုးကျိုးသက်ရောက်မှုတစ်ခု ရှိနေသည်။

ထိုသို့သောဒဏ်ရာကား အလွန်အမင်း ပြင်းထန်သည်။

ထို့ကြောင့် တာအိုကျင့်ကြံရေးကိုပါ ပူးတွဲကျင့်ကြံထားသော စိတ်စွမ်းအင် ကျင့်ကြံသူများပင်လျှင် အောင်မြင်ဖို့အတွက် ၁၀၀% သေချာမှသာ စိတ်စွမ်းအင်ကျင့်စဥ်များကို ထုတ်သုံးရဲလေ့ရှိကြ၏။

မင်ဝမ်ကျွင့်၏ နောက်လိုက် ဒုတိယအရာရှိနှစ်ဦးသည်လည်း ထုတ်သုံးသည့်အခါတိုင်း မကြာခဏ‌ အောင်မြင်တတ်သော လျှို့ဝှက်လက်နက်များထဲမှ တစ်လက်ဖြစ်သည်။ တစ်ခါတစ်ရံ တိုက်ပွဲတွင်း မျှော်လင့်မထားသော အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ ထိုနှစ်ဦးပေါင်း ကျင့်စဥ်များသည် ရန်သူကိုတစ်ချက်တည်းဖြင့် အနိုင်ယူကာ ရလဒ်ကို ပြောင်းပြန်လှန်ပေးနိုင်စွမ်းရှိ၏။

ယခုအချိန်တွင် ဤပြဿနာကောင် ရန်သူကြီးကို ရင်ဆိုင်နေရသောကြောင့် မင်ဝမ်ကျွင့်က ဒုတိယအရာရှိနှစ်ဦးကို လျှို့ဝှက်ပေါင်းစည်းစေပြီး ယဲ့ကျွင်းလင်ကို သတိမမူမိခင် အလစ်အငိုက်ဖမ်းရန် တာဝန်ပေးခဲ့လိုက်သည်။

မင်ဝမ်ကျွင့်၏ အမြင်တွင်တော့ ယဲ့ကျွင်းလင်ဆိုသူမှာ ကောင်းကင် မသေမျိုးအဆင့်တွင်သာ ရှိနေသေးရာ ထိုသူ၏ စိတ်စွမ်းအင်က အဆင့်သုံးဆယ်မှ လေးဆယ်ကြားသာ ရှိပေဦးမည်။ သူ့လက်ရုံး အရာရှိနှစ်ဦးနှင့် နှိုင်းယှဥ်လို့ပင် ရဦးမည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် ဒုတိယအရာရှိနှစ်ဦး၏ စိတ်စွမ်းအင်သည် အဆင့်ခြောက်ဆယ်ကိုးသို့တိုင် ရောက်ရှိနေပြီဖြစ်ပြီး မသေမျိုးအရှင်သခင်အဆင့် စိတ်စွမ်းအင်အဆင့်သို့ပင် ရောက်လုနီးနီး ရှိနေသောကြောင့်ပင်။

လောကဥပဒေသတို့၏ ဖိနှိပ်မှုက စိတ်စွမ်းအင် ကျင့်ကြံသူများထံ မသက်ရောက်နိုင်သောကြောင့် လက်ရှိအချိန်တွင် အားသာချက်တစ်ခုဖြစ်သည်ဟုလည်း ဆိုရပေမည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် သူတို့အားလုံး၏ အကြီးမားဆုံးအားထားရာက စိတ်စွမ်းအင်ပါပင်။

“ဟုတ်ကဲ့၊ တပ်မှူး။”

မင်ဝမ်ကျွင့်၏ သတင်းပို့ချက်ကို လက်ခံရရှိပြီးနောက် တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သော စိတ်စွမ်းအင် ကျင့်ကြံသူ နှစ်ဦး၏ မျက်လုံးများမှ အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး ယဲ့ကျွင်းလင်ကို သားကောင်ချောင်းသည့်အလား သေချာစွာ စူးစိုက်ကြည့်ရှုလိုက်ကြ၏။

သူတို့သည် စိတ်စွမ်းအင် ကျင့်စဥ်များကို အသုံးပြု၍ လူငယ်လေး၏ အသိစိတ်ကို လွှမ်းမိုးအပိုင်သိမ်းကာ ဆင်ခြင်တုံတရားကင်းမဲ့သော လူမိုက်တစ်ဦးအဖြစ် ပြောင်းလဲဖို့ရာ မစောင့်နိုင်ကြတော့လေပြီ။

ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် ဓားပျံကိုထိန်းချုပ်ကာ ဆက်တိုက်ထွက်ပေါ်နေသော ကောင်းကင်မျိုချ မြွေကြီးများအား ပိုင်းဖြတ်နေဆဲဖြစ်၏။ ယုတ္တိကျကျဆိုရလျှင် သူ၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ဦးမည်မဟုတ်ပေ။ သို့သော် ကံကောင်းစွာဖြင့် သူ၏ ကိုယ်ခန္ဓာသည် သာမန် ကောင်းကင် မသေမျိုးအရှင်များထက် များစွာ သာလွန်သောကြောင့် ဓားပျံကို အလွယ်တကူ ထိန်းချုပ်နိုင်ဆဲဖြစ်သည်။

အကယ်၍ အခြားသာမန် ကောင်းကင် မသေမျိုးအရှင် တစ်ဦးဦးသာဆိုလျှင် မသေမျိုး စွမ်းအားသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် ကုန်ဆုံးသွားမည်ဖြစ်ပြီး ဤမျှတောင့်ခံဖို့ရန်ပင် အတော်ခက်ခဲပေဦးမည်။

ရုတ်တရက်။

ယဲ့ကျွင်းလင်သည် မင်မျိုးနွယ် ကျင့်ကြံသူနှစ်ဦး အလွန်ထူးဆန်းစွာ ပြုမူနေသည်ကို သတိထားမိလိုက်၏။ သူတို့သည် မျက်လုံးများကို တင်းတင်းစေ့မှိတ်ထားပြီး မျက်လုံးပတ်ပတ်လည်ရှိ အကြောပေါင်းစုံ ကို လက်ချောင်းများဖြင့် ဖိထားရုံသာမက ၎င်းတို့၏ နှုတ်ခမ်းများတွင်လည်း ရက်စက်သော အပြုံးတစ်ပွင့် ချိတ်ဆွဲထားသေးသည်။

“ထူးဆန်းတယ်၊ သူတို့ မဟုတ်မှ…”

“မျက်စိ လေ့ကျင့်ခန်း လုပ်နေကြတာလား?”

All Chapters