ဆံဖြူလူသတ်နတ်ဘုရား
Vol. 26 Ch. 364
တကယ်တမ်းတွင် ဤမရဏမျိုးနွယ်မှ ကျင့်ကြံသူနှစ်ဦးသည် စိတ်စွမ်းအင်ကျင့်စဥ်တစ်ခုကို သုံးစွဲရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ၎င်းတို့သည် ယဲ့ကျွင်းလင်၏ သတိစိတ်အစဥ်ကို အဝေးမှနေ၍ တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ရန် ပေါင်းစည်းတိုက်ခိုက်မှုတစ်ရပ်ကို အသုံးပြုဖို့ အစပျိုးနေခဲ့ကြခြင်းပင်။
ဤလှုပ်ရှားမှုသည် ရှောင်တိမ်း၍မရသည့်အပြင် အပြင်ပန်းတိုက်ကွက်များထက် များစွာပို၍ အစွမ်းထက်သည်။
“အခုပဲ!”
မရဏမျိုးနွယ်မှ ကျင့်ကြံသူနှစ်ဦးသည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ နဖူးများမှ မမြင်နိုင်သော စိတ်စွမ်းအင်အငွေ့အသက်များ ပေါ်ထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသည့် စိတ်စွမ်းအင် မုန်တိုင်းတစ်ခုအဖြစ် ရစ်ပတ်ဖွဲ့စည်းလျက် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဟုန်းခနဲ ပျံ့နှံ့သွားခဲ့သည်။
သာမန်လူများအတွက်မူ ဘာဆိုဘာမှ မမြင်ရနိုင်သလို ဘာမှလည်း မဖြစ်သွားသလို ထင်ရသော်လည်း ဤတိုက်ကွက်သည် အရင်ကထက် အဆထောင်ပေါင်းများစွာ ပို၍ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသည်ပင်။
စိတ်စွမ်းအင် အဆင့်၆၉သို့ ရောက်ရှိနေသော စိတ်စွမ်းအင် ကျင့်ကြံသူနှစ်ဦးမှ ထုတ်လွှတ်လိုက်သည့် ပေါင်းစပ် စိတ်စွမ်းအင်မုန်တိုင်းကို ရင်ဆိုင်လိုက်ရပါလျှင် မသေမျိုးအရှင်သခင်အဆင့်သို့ တက်ရောက်ထားပါသော ထိပ်တန်းစွမ်းအားရှင်များပင် စိုးရိမ်နိုင်ဖွယ်ရှိ၏။ သို့သော် ထိုအဆင့်မြင့် စိတ်စွမ်းအင်ကို သာမန် ကောင်းကင်မသေမျိုးအရှင် တစ်ပါးအတွက် အသုံးပြုခြင်းမှာ သားသတ်သမား၏ ဓားကြီးဖြင့် ကြက်သတ်သကဲ့သို့ အင်အားများကို မလိုအပ်စွာ ဖြုန်းတီးခြင်းသာပင်။
ဝှီး!
စက္ကန့်ပိုင်းအတွင်း ထိုစိတ်စွမ်းအင် မုန်တိုင်းသည် ယဲ့ကျွင်းလင်၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိသွားခဲ့လေပြီ။
“ဟင်?”
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခု မှားနေသလိုလို မရေမရာ ခံစားရပေမဲ့ ဘာဖြစ်လို့ဖြစ်မှန်း အတိအကျ မသိရှိခဲ့ပေ။
သူ၏အမြင်တွင် မရဏမျိုးနွယ်မှ ကျင့်ကြံသူ နှစ်ဦးသည် မျက်လုံးများစေ့မှိတ်ထားကာ ကြောက်ခမန်းလိလိပြုံးနေကြရင်း မျက်လုံးလေ့ကျင့်ခန်းများ ပြုလုပ်နေကြခြင်းသာ။ သို့သော် နောက်တစ်စက္ကန့်တွင် ၎င်းတို့သည် ဝိညာဉ်များကို ဆုံးရှုံးသွားရသကဲ့သို့ မျက်နှာအမူအရာများမှာ မှုန်မှိုင်းတောင့်တင်းသွားပြီး မျက်လုံးများမှာလည်း ဟာလာဟင်းလင်းနှင့် အသက်မဲ့စွာ ပွင့်ဟလာခဲ့ကြသည်။ ပါးစပ်ထောင့်မှ တံတွေးများ စီးကျနေပြီး “အာဘာ၊ အာဘာဘား၊ အဘာဘာ...” ဟူ၍ ဆက်တိုက် တီးတိုး ရေရွတ်နေခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်တွေ့သူတိုင်း မယုံနိုင်လောက်အောင် အံ့သြသွားကြရ၏။
အဲ့အရူးကြီးနှစ်ယောက်က ဘယ်ကနေ ဘယ်လို ပေါ်လာတာလဲ?
ထိုအချိန်တွင် ယဲ့ကျွင်းလင် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရှိသည်။ ရုတ်တရက် သတိကြီးစွာ မျက်နှာတင်းသွားပြီး မျက်လုံးများလည်း မှေးကျဥ်းသွားရ၏။ ရေရွတ်လာသော စကားသံက သတိအပြည့်နဲ့-
“သူတို့က ငါ့ကို အရယ်လွန်ပြီးသေသွားအောင် တမင်လုပ်နေတာလား? ပြီးရင် ငါ့စနစ်ကို လုယူချင်လို့ဖြစ်နိုင်တယ်"
အင်း၊ တကယ်တမ်း ဒီလိုဖြစ်နိုင်ချေလည်း ရှိနေတယ်လေ။
“ဘာဖြစ်တာလဲ? သူတို့ တစ်ခုခုလွဲသွားတာလား!?” မင်ဝမ်ကျွင့်လည်း သေချာစောင့်ကြည့်နေရာမှ ဖြစ်ပေါ်လာသောမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဒုတိယအရာရှိနှစ်ဦး၏ အရူးကဲ့သို့ ပြုမူပုံကြောင့် သူမကြုံစဖူး ရင်တုန်လာရသည်။
ဖြစ်နိုင်ချေ တစ်ခုပဲ ရှိသည်။ ၎င်းမှာ ပြင်းထန်သော စိတ်စွမ်းအင် တန်ပြန်သက်ရောက်မှုပင်။
မင်ဝမ်ကျွင့် ပြင်းပြင်းထန်ထန်တုန်ယင်နေသော နှလုံးသားဖြင့် ယဲ့ကျွင်းလင်အား မယုံနိုင်စွာ လှမ်းကြည့်လိုက်သည်။
ဒီလူရဲ့ စိတ်စွမ်းအင်ဟာ အဆင့် ၆၉ထက် အများကြီး ပိုမြင့်နေတာလား?
လာနောက်နေတာလား? ဒါကြီးက အရမ်းကို လွန်သွားပြီနော်!!!
မရဏမျိုးနွယ်မှ ကျင့်ကြံသူနှစ်ဦး ခံစားခဲ့ရသည့် စိတ်စွမ်းအင် တန်ပြန်သက်ရောက်မှုသည် ယဲ့ကျွင်းလင်ကို တိုက်ခိုက်ခြင်းမှာ ပြန်လည်ရရှိလာသော အကျိုးဆက်ပင်။
သူတို့၏ စိတ်စွမ်းအင်က အဆင့် ၆၉တွင်သာ ရှိနေပေသည့် ပေါင်းစပ်ထုတ်လွှတ်လိုက်သော စိတ်စွမ်းအင်မုန်တိုင်းကတော့ အဆင့်၇၀သမားကိုတောင် လှုပ်ခါနိုင်သည့် အစွမ်းသတ္တိရှိသည်။
သို့သော် ယဲ့ကျွင်းလင်၏ အဆင့်တစ်ရာ စိတ်စွမ်းအင် အရှေ့တွင်မူ ထိုအားထုတ်မှုသည် ကျောက်တုံးကို ကြက်ဥနှင့် ပစ်ပေါက်လျှင် ကြက်ဥသာကွဲသကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးခြင်းသာ ဖြစ်ပေတော့၏။
ယဲ့ကျွင်းလင်၏ အသိစိတ်ပင်လယ်ထဲသို့ စစဝင်ချင်းတော့ တစ်ခုခုမှားနေသလို ခံစားမိလိုက်ပါသေး၏။ သို့ပေမဲ့ ကံမကောင်းစွာနှင့် လုပ်ပြီးသားကိစ္စကို တပ်ပြန်ဆုတ်လို့ မရတော့လေပြီ။ ဤသို့ဖြင့် သူတို့ထုတ်လွှတ်လိုက်သော အားမာန်အပြည့်ဖြင့် ယုံကြည်မှုခိုင်မာလှသည့် စိတ်စွမ်းအင်မုန်တိုင်းကြီးမှာ ထူထပ်လှသော စိတ်စွမ်းအင်အတားအဆီးတို့ကြား အစအနပင်မကျန် ကွယ်ပျောက်သွားခဲ့ရတော့လေသည်။
စိတ်စွမ်းအင် အားလုံးသည် ပထမထိတွေ့မှုမှာပင် ပြိုလဲသွားခဲ့ပြီး ၎င်းတို့၏ မူလအတိုင်းရှိနေသော သတိစိတ်များလည်း တန်ပြန်သက်ရောက်မှုဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။ ဤသို့ဖြင့် တိုက်ပွဲအလယ်တွင် ရောက်တတ်ရာရာရေရွတ်နေသော အရူးကြီးနှစ်ယောက် ပေါ်ပေါက်လာရခြင်းပင်။
ယဲ့ကျွင်းလင်သည် တိုက်ခိုက်ခံရသူဖြစ်သော်လည်း ဘာတိုက်ခိုက်မှုကိုမှ မခံစားလိုက်ရပေ။
အရမ်းသေးလွန်းတယ်လေ၊ ဘာမှ မခံစားလိုက်ရဘူး...
ထိုအချိန်တွင်။
မင်ဝမ်ကျွင့်၏ တိုက်ပွဲစိတ်ဓာတ်မှာတော့ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေပြီဖြစ်သည်။ အားကိုးယုံကြည်ထိုက်သော လက်အောက်ခံ နှစ်ဦးကို ဆုံးရှုံးသွားရခြင်းကြောင့် စိတ်ထိခိုက်မိသော်ငြား မိမိ၏ရှုံးနိမ့်မှုကို လက်မခံနိုင်ဘဲ လက်ထဲရှိ နဂါးနက်လှံ ကို မြှောက်ကိုင်ကာ ကောင်းကင်သို့မော့လျက် သံကုန်ကြွေးကြော်လိုက်၏။
“စစ်သည်တော်တို့၊ အင်အားကုန်ထုတ်ပြီး ရန်သူကို သတ်ကြ!”
“သတ်ကြ!”
တိုက်ပွဲအရှိန်သည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ မရဏမျိုးနွယ် စစ်သား ရှစ်သောင်းသည် ၎င်းတို့၏ တိုက်စစ်ပုံစံကို ထပ်မံပြောင်းလဲကာ ပင်လယ်ထဲသို့ စီးဝင်သော မြစ်ချောင်းပေါင်းများစွာကဲ့သို့ စွမ်းအင်စီးကြောင်းများကို နဂါးနက်လှံထဲသာ ဦးတည်ထိုးသွင်းလိုက်ကြ၏။
ချက်ချင်းပင်။
နဂါးနက်လှံသည် ပြင်းထန်စွာ တုန်ယင်လာပြီး ကြမ်းတမ်းသော ရောင်ဝါကို ထုတ်လွှတ်လာခဲ့သည်။ လှံကိုယ်ထည်တွင် ရစ်ပတ်နေသော နဂါးနက်၏ သွေးနီရောင်မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းများ တောက်ပနေကာ အသက်ဝင်ခုန်ထွက်လာတော့မည့်အတိုင်းပင်။
မရေမတွက်နိုင်သော စွမ်းအင်စီးကြောင်းများ ပေါင်းစည်းရာမှ နဂါးနက်တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ကို ဖုံးလွှမ်းသွားလောက်အောင် ကြီးမားလှသော နဂါးနက်ကြီးသည် ၎င်း၏ အစွယ်နှင့် လက်သည်းများကို ထုတ်ဖော်လျက် ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်သည်။
ဝေါင်း!
နဂါးဟောက်သံမှာ အံ့မခန်း ကျယ်လောင်ပြီး မိုင်ထောင်ချီ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားလေရာ လူအများ၏ရင်ထဲတွင် မွန်းကျပ်မှုနှင့် တုန်လှုပ်ခြောက်ခြားမှုကို ခံစားလိုက်ရ၏။
“ဒါ ငါ့ရဲ့ အဆုံးစွန် ထူးခြားကျင့်စဥ်ပဲ! မင်း ဒါကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ ငါ မယုံဘူး!” မင်ဝမ်ကျွင့် က ဒေါသတကြီး ကြွေးကြော်လိုက်ပြီး လှံကိုဆုပ်ကာ ခပ်ပြင်းပြင်းတစ်ချက် ထိုးချလိုက်သည်။
တစ်ချိန်တည်းမှာပင် နဂါးနက်ကြီးဟာ သိပ်သည်းစွာ ခြုံလွှမ်းနေသော နတ်ဆိုးချီများနှင့်အတူ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လာခဲ့သည်။ စစ်မှန်သော မသေမျိုးအရှင် ထောင်သောင်းချီ၏ အကူအညီဖြင့် နဂါး၏ စွမ်းအင်ကိုယ်ထည်က အထွတ်အထိပ်သို့ရောက်ရှိအောင် ခိုင်မာသန်စွမ်းလာခဲ့၏။
“ကဲ ကြိုးစားကြည့်ကြသေးတာပေါ့။”
ယဲ့ကျွင်းလင် လက်ကို မြှောက်လိုက်ပြီး လက်ငါးချောင်းဖြင့် ဓားရိုးကို တင်တးင်းဆုပ်ကိုင်လိုက်သောအခါ နေလုံးငယ်လေးကဲ့သို့ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ဓားကိုယ်ထည်မှလည်း ကြည်လင်သော ဓားသံ ချွမ်ခနဲ ထွက်ပေါ်လာကာ ကမ္ဘာလောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
သူသည် စန်းယွမ်ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ငွေရောင်ဆံပင်များက လေနှင့်အတူ လွင့်မျောနေခဲ့ကာ ချောမောသော မျက်နှာသည် တည်ငြိမ်ပြီး အလျင်မလိုစွာဖြင့်သာ နဂါးနက်ကြီးဆီသို့ ဓားချက်တစ်ချက် ပစ်သွင်းပေးလိုက်သည်။
ဝှီး!!
ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ခွဲချေသွားနိုင်သော ခမ်းနားသည့် ရွှေရောင်ဓားချက်သည် နဂါးနက်ကြီး၏ ကိုယ်ထည်ပေါ်သို့ မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် ကျရောက်သွားခဲ့၏။
မွန်းတည့်ချိန် နေပူရှိန်ကြောင့် ရေခဲနှင့်နှင်းများ ရုတ်ချည်း အရည်ပျော်ကျသွားသကဲ့သို့ပင်။ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်သည့် နဂါးနက်ကြီးသည် ဓားရောင်အောက်တွင် အော်ဟစ်ငိုယိုပြီး ၎င်း၏ ကြီးမားသော နဂါးကိုယ်ထည်တစ်ခုလုံးမှာလည်း လျင်မြန်စွာ ပျက်စီးသွားခဲ့လေသည်။
“အား...”
တိုက်ခိုက်သူထံသို့ တန်ပြန်သက်ရောက်လာသော စွမ်းအင်များဖြင့် တိုက်ရိုက် ထိမှန်ခံလိုက်ရသည့် မင်ဝမ်ကျွင့်မှာ နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ရသည်။ ခန္ဓာကိုယ်မှ သွေးစိမ်းရှင်ရှင်ပန်းထွက်ကုန်ပြီး အနောက်သို့ တောင့်တောင့်ကြီး လွင့်စင်သွားခဲ့ရ၏။ မရဏမျိုးနွယ် စစ်သား ရှစ်သောင်းမှာလည်း မိုးကြိုးပစ်ခံလိုက်ရသည့်အလား။ အများစုက ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ သွေးနီရောင်အငွေ့များအဖြစ် ပြောင်းလဲလွင့်ပျယ်ကုန်ကြပြီး အရေအတွက်မှာ သိသိသာသာလျော့ကျသွားခဲ့ကာ ကယ်ပါယူပါ တစာစာငိုကြွေးသံတို့က နေရာအနှံ့ထွက်ပေါ်လာခဲ့သည်။
ယဲ့ကျွင်းလင်သည် ဓားတစ်ချက်တည်းဖြင့် မသေမျိုးအရှင် ခြောက်သောင်းခြောက်ထောင်ခြောက်ရာခြောက်ဆယ်ခြောက်ယောက်ကို သုတ်သင်နိုင်ခဲ့သည်။
ဤစစ်ဆင်ရေးကို သမိုင်းတွင် ရေးထိုးချန်ရစ်သည့်အခါ 66666 ဟု ကင်ပွန်းတပ်ခဲ့နိုင်သည်။
ကြောက်မက်ဖွယ် ချေမှုန်းရေးမြင်ကွင်းကို မြင်လိုက်ရသော ပရိသတ်အားလုံး အလွန်တုန်လှုပ်ခြောက်ခြားသွားပြီး ပါးစပ်များ 'O' ပုံသဏ္ဌာန် ဖြစ်ကာ တော်တော်နှင့် ပြန်လည်မစေ့ပိတ်နိုင်ပါဘဲ ကြောင်တောင်တောင် စိုက်ကြည့်နေကြသည်။
ဤအချိန်တွင် သူတို့အားလုံးသည် ဆံဖြူလူသတ်နတ်ဘုရားဟူသော ဟိုးလေးတကျော် ဘွဲ့နာမည်၏ အဓိပ္ပာယ်ကို ပိုမိုသိသာထင်ရှားစွာ နားလည်လာခဲ့ကြ၏။
ဘိုးဘေးကြီး ထျန်းဟုန်သည် သစ်သားရုပ်တုတစ်ခုကဲ့သို့ပင် မလှုပ်မယှက် ရပ်နေပြီး သူ၏မျက်နှာအမူအရာမှာ မှိုင်းညို့မှုန်တေလျက်။
သူ၏စိတ်ထဲတွင် အစပိုင်းက သူ ပြုလုပ်ခဲ့သော ကျိန်ဆိုမှုကို ပြန်လည်အမှတ်ရမိသည်။
ဤအခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပါက သူသည် ဘိုးဘေးသခင်ကြီး၏ အမွေခံကမ္ပည်းသစ်သားပြားကို ဝါးစားပစ်မည်ဟူ၍။
ဒါဆို အခု စားလိုက်သင့်ပြီလား?
နည်းနည်းတော့ စိတ်ရှုပ်ထွေးနေသေးတယ်...
ခဏတာ တိတ်ဆိတ်သွားပြီးနောက် တိုက်ပွဲနယ်မြေအပြင်ဘက်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးသံများ ပေါ်ထွက်လာသည်။
“အကြီးအကဲယဲ့ရဲ့ နတ်စွမ်းအင်! လုံးဝ ပြိုင်ဘက်ကင်းပဲ!”
"မသေမျိုးအရှင်ထောင်သောင်းချီကို ဓားချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်တာ၊ လုံးဝ အံ့မခန်းပဲ!"
“ဘုရား ဘုရား ဘုရား အားးးး!”
ကျင့်ကြံသူများ စိတ်ခံစားချက်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်ပြီး စိတ်လှုပ်ရှားစွာ သံပြိုင်အော်ဟစ်ကုန်ကြသည်။ ဖြစ်ပျက်သွားသည့် အရာအားလုံးက အမြင်မှတစ်ဆင့် အသိစိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်းစွဲထင်သွားကာ ဘယ်သောအခါမှ မေ့ပျောက်တော့မည်မဟုတ်ပေ။
နှစ်ပေါင်းများစွာ ကြာလွန်ပြီးနောက် သူတို့၏ သားမြေးများကို ပြောပြသည့်အခါတွင်ပင် လက်ရှိအချိန်လို ပြန်လည်စိတ်လှုပ်ရှားတက်ကြွလာကြမည်ဖြစ်ပြီး သူတို့၏ မျက်နှာများတွင် ရိုသေလေးစားမှုများ ပြည့်နှက်နေလိမ့်မည်မှာ အသေအချာပင်။
မင်ဝမ်ကျွင့်သည် တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သူ၏ ကျိုးနေသော လှံကို အသာမှီထားသည်။ နှလုံးသားမှာ သွေးထွက်သကဲ့သို့ နာကျင်နေပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ဖွတ်မရ ဓားမ,ဆုံး ဆိုသလိုပါလား။
မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်သည် အလွန်အစွမ်းထက်လိမ့်မည်ဟု အထင်ရှိခဲ့သော်လည်း ထိုအထင်မှာ အများကြီးလျှော့တွက်ထားခဲ့မိခြင်းသာ ဖြစ်ကြောင်း မသိရှိခဲ့ပေ။
ဒါနဲ့ ဒီကောင်က တကယ်ပဲ ကောင်းကင် မသေမျိုးအရှင် တစ်ပါးပေါ့လေ?
ဒီလောက်ထိ တောင့်ခံနိုင်တဲ့ ကောင်းကင် မသေမျိုးအရှင်ဆိုတာ ရှိသေးတာလား?
ကောင်းကင်အဆင့် မသေမျိုးအရှင်က မသေမျိုးအရှင်သခင်အဆင့် မှော်လက်နက်ကို ဒီလောက်ထိ အသက်သွင်းနိုင်တာလား?
နတ်ဆိုး၊ ဒီကောင်က နတ်ဆိုးပဲ!
မင်ဝမ်ကျွင့်၏ ဦးရေပြားမှာ တလှုပ်လှုပ်ခုန်နေကာ ဤနေရာသို့ ရောက်ရှိလာခဲ့ရသည်အား နက်နက်ရှိုင်းရှိုင်း နောင်တရမိနေခဲ့သည်။ ဆုတ်ခွာရန် စိတ်ကူးပေါ်လာသည်နှင့်တစ်ပြိုင်နက် တားမြစ်နယ်မြေ ၏ နက်ရှိုင်းသောတစ်နေရာရှိ ကြယ်တံခါးထဲမှ လှုပ်ရှားမှုအသစ်တစ်ခု ထွက်ပေါ်လာခဲ့၏။
စာစဉ်ပြီး၏