ချန်လု ... ။
Vol. 37 Ch. 433
အစောပိုင်းက စုရီ၏ ခြိမ်းခြောက်ခံရသောအခါ တစ်ခုခုမှားနေပြီကို သူ သတိပြုမိသည်။
အမည်မသိ ဤလူငယ်သည် လူရှေ့သူရှေ့တွင် သူ့အပေါ် ရန်စဝံ့သည်မှာ အလွန်ထူးဆန်း၏။ ထို့ကြောင့် ခေတ္တ သည်းခံရန် ရွေးချယ်ခဲ့ခြင်းပေပင်။
“ ဟမ့် ... မင်းဟာ ဧကရာဇ်ရှရဲ့ သားတော်ဖြစ်နေရင်တောင် ဒီပွဲပြီးရင် မင်းကို ငါသတ်မယ် ... ။ ”
အတွေးများပြုံးလျက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သို့မှသာ သက်တောင့် သက်သာ ရှိသွားတော့၏။
မဟာရှ၏ မင်းသားတစ်ပါး အဆင့်အတန်းဖြင့် သူ့ကို ခြိမ်းခြောက်ဝံ့ သည်လော။ ရယ်စရာကောင်းပေမည်။
“ နှောက်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပါမိတ်ဆွေ ငါသိသလောက် မင်းက မဟာကျိုးကနေလာတာ မဟုတ်လား ဒါဆို ...
... ဗဟိုကျောက်စိမ်းစင်မြင့်ပေါ် တက်လာနေတဲ့ ကျောက်စိမ်းရောင်၀တ်စုံနဲ့ လူငယ်ကို မင်းသိလား။ ”
ထိုအချိန်တွင် ကောချင်မှ သည်းမခံနိုင်တော့ဘဲ ယွမ်ဟမ်ထံ ချဉ်းကပ်ကာ မေးမြန်းတော့သည်။
“ သူက ငါ့သခင်စုရီပဲ။ ”
ယွမ်ဟမ်မှ ပြုံးလျက် ပြန်ဖြေ၏။ ကောချင်တစ်ယောက် အံသြသွားလေသည်။ ထို့နောက်တုံ့ဆိုင်းစွာဖြင့်၊
“ မိတ်ဆွေ ... မင်းနဲ့ငါက ကျင့်ကြံထားတဲ့အမွေတွေ တူညီနေတယ် ဆိုတာ မင်းလည်း သတိထားမိပြီးပြီ ထင်ပါတယ်။ ”
-ဟု စကားစလိုက်တော့၏။
“ မှန်တယ် ... ငါတို့နှစ်ယောက်လုံး အတူတူပါပဲ။”
ယွမ်ဟမ်သည် စုရီ မှာကြားထားသည့် အတိုင်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြနေသဖြင့် ကောချင်မှသက်ပြင်းကာ ဆက်၍မေးမြန်းရန် အစပြုလိုက်သည်။
“ တကယ်တော့ ... အမွေအကြောင်း တစ်ယောက်ယောက်ကို မေးမြန်းတယ်ဆိုတာ တားမြစ်ချက်တစ်ခုပါပဲ ဒါပေမယ့် ... ။ ”
“ မင်း ... ငါ့အမွေအကြောင်း သိချင်နေတာမဟုတ်လား ရှင်းပါတယ် ငါ့သခင် သင်ပေးခဲ့တာပဲ။ ”
ကောချင်စကားမဆုံးခင် ယွမ်ဟမ်မှ ပြန်ဖြေလိုက်သည်။
“ စုရီလား ... ။ ”
ကောချင်တစ်ယောက် ဟန်မဆောင်နိုင်တော့ချေ။ အံ့အားသင့်စွာဖြင့် စုရီထံ ချက်ချင်းလှည့်ကာ ခိုးကြည့်၏။
ကျောက်စိမ်းစင်မြင့်ပေါ်တွင် မဟာရှမြို့တော်တစ်ခုလုံးကို တုန်လှုပ်စေသော ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေသည်။
သို့သော် စုရီကို မသိသူများ ရှိကြသဖြင့် စူးစမ်းဟန်ဖြင့် ကြည့်လာကြလေသည်။ စုရီက လူတိုင်းကို လျစ်လျူရှုလျက် ဝိုင်တစ်ခွက် ငှဲ့သောက်ကာ ဖရုံစေ့လှော်များ ကိုက်စားနေခဲ့၏။
အမူအရာသည် တည်ငြိမ်ပြီး သက်တောင့်သက်သာ ရှိသည်။ သို့မှသာ ဝမ်လျူ တစ်ယောက် သက်ပြင်းချနိုင်ခဲ့သည်။
ဤတိုင်မီ အစောပိုင်းအချိန်များတွင် စုရီတစ်ယောက် အဆင်မပြေဖြစ်နေမည်ကို စိုးရိမ်နေခဲ့သေး၏။ အတွေးလွန်ခဲ့ပုံရချေပြီ။
ဤစုရီသည် နေရာတိုင်းတွင် သူ့ကိုယ်ပိုင်အိမ်တစ်လုံးကဲ့သို့ အမြဲတမ်း အနားယူတတ်ချေ၏။
“ ငါ့နာမည် လဲ့မိသားစုခေါင်းတောင် လဲ့ယွမ်တုပါ ... မင်းနာမည်ဘယ်လိုခေါ်လဲ မေးလို့ရမလား မိတ်ဆွေလေး။ ”
စုရီနှင့် အနီးဆုံး စားပွဲတွင် ထိုင်နေသည့် ပိန်ပိန်ပါးပါးဆံပင်ဖြူဖြူ အဖိုးအိုတစ်ယောက်မှ ပြုံးကာ နှုတ်ဆက်သည်။
ဤသည်မှာ အဓိက မျိုးနွယ်စုသုံးပါးထဲမှ တစ်ပါးဖြစ်သည့် လဲ့မျိုးနွယ်ဘိုးဘေးဖြစ်ချေပြီ။ နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော ဝိညာဉ် ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူပေပင်။
“ စုရီ ... ။ ”
စုရီက ဖရုံစေ့အခွံများကို ပါးစပ်ထဲမှ ထွေးထုတ်ပြီး ပြန်ဖြေသည်။ လဲ့ယွမ်တုခမျာ အပြုံးများ အေးခဲသွား၏။
ဤနေရာတွင် ရှိနေသူတိုင်းသည် မဟာရှမင်းဆက်၏ ထိပ်တန်းပုဂ္ဂိုလ်ကြီးများ ဖြစ်သည်။
အကယ်၍သာ လူငယ်တစ်ဦးကို ထိုသို့သောနေရာတွင် ထားရှိပါက ထိတ်လန့်ပြီး အလွန်အမင်း မသက်မသာဖြစ်နေပေမည်။
ဤစုရီအတွက်မူ စိတ်နေစိတ်ထားသည် ရိုင်းစိုင်းပြီး သူ့အပေါ်ဂရုမစိုက်ချင်ပုံပေါ်သဖြင့် အနည်းငယ် မစသက်မသာလှချေ။
“ ဒီကောင်လေးက စုရီလား ... ။ ”
တိမ်လွှာကောင်းကင်နန်းတော်သခင် ယွီကြွယ်ကျန်း၏ မျက်လုံးများ တောက်ပလာ တော့သည်။
ဤလူငယ်သည် တိမ်လွှာကောင်းကင် နန်းတော်၏ အတွင်းတပည့်(၃)ဦးကိုသတ်ကာ ပြင်ပအကြီးအကဲတစ်ဦးအပေါ် အနိုင်ယူထား၏။
လွန်းခဲ့သော ရက်အနည်းငယ်၌ အတွင်းအကြီးအကဲဟွာတျန်ကို သတ်ဖြတ် ခဲ့သည်။
သူ့ဘေးရှိ ချင်းရီတာအိုဂိုဏ်းချုပ် မိုယန်သည်လည်း အလားတူ မျက်မှောင်ကြုတ် သွားသည်။ လီမြောင်ဟုန် သေဆုံးခြင်းသည် ဤလူငယ်နှင့် ပတ်သတ်နေ၏။
တစ်ဖက်တွင် ဗုဒ္ဓဂိုဏ်းချုပ်ကျင်းယွင်က အံ့အားသင့်နေခဲ့သည်။ တစ်ဖက်လူသည် မူလ နန်းတော်အဆင့်ဖြင့် သူတို့ကဲ့သို့ စီနီယာများ အကြားတွင် တည်ငြိမ်လွန်းချေ၏။
( စိတ်နှလုံး ... တကယ်တည်ငြိမ်တယ်။ )
အတွေးများဖြင့် ရုတ်တရက် သူ့ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းလာကာ စိပ်နေသော ပုတီးစေ့များကို ရပ်လိုက်သည်။
မျက်နှာပေါ်တွင် အံ့သြမှုနှင့် သံသယများ ပေါ်လာကာ ရုတ်တရက် လှည့်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် စုရီသည်လည်း သူ့ကို ကြည့်ရန် ခေါင်းလှည့်လာချေပြီ။
စုရီအကြည့်နှင့် ဆုံမိသောအခါ ဗုဒ္ဓဂိုဏ်းချုပ်ဆရာတော်ခမျာ နှလုံးသား အနည်းငယ် တုန်ခါသွား၏။
“ ဘုန်းကြီး၊ မင်းရဲ့အဆင့်အတန်းနဲ့ ငါ့ရဲ့တည်ရှိမှုကိုစစ်ဆေးဖို့ ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို သုံးနေတာလား ... အဲဒါက စက်ဆုပ်ဖွယ်လို့ မထင်ဘူးလား။ ”
စုရီမှ မေးမြန်းလိုက်သည်။
ဝိညာဉ်ရှာဖွေခြင်းဟုခေါ်သော ပညာရပ်သည် ပုံမှန်မဟုတ်သည့် အသွင်အပြင် အပေါ် ခွဲခြားသိမြင်နိုင်သည့် လျှို့ဝှက် နည်းလမ်းဖြစ်သည်။
တစ်ဖက်လူသည် နတ်ဆိုးဖြစ်စေ၊ ကျူးကျော်သူဖြစ်စေ ရှင်းလင်းစွာ မြင်တွေ့နိုင် ပေ၏။ မဟာရှရှိ ထိပ်တန်းဂိုဏ်းများတွင် နတ်ဆိုးများ စိမ့်ဝင်ခြင်းမှ တားဆီးရန် အလားတူနည်းစနစ်များရှိသည်။
သို့သော် ကျင်းယွင်ကဲ့သို့ ဂိုဏ်းချုပ်တစ်ပါးအနေဖြင့် ဤသို့လုပ်ဆောင်နေ လိမ့်မည်ဟု မထင်ထားချေ။
“ မအံ့သြပါနဲ့ မိတ်ဆွေလေး မင်းလာတဲ့အချိန်မှာ ထူးဆန်းတဲ့ ရောင်ဝါကို ငါခံစားမိခဲ့တယ် မြို့တော်ကို နတ်ဆိုးတွေ ဝင်လာမှာ ငါစိုးရိမ်နေလို့ ခွင့်လွှတ်ပါ။ ”
စုရီမျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့ပြီး၊
“ မင်းက တောင်းပန်နေပေမယ့် လက်တွေ့မှာတော့ ငါ့ကိုနတ်ဆိုးလို့ တိုက်ရိုက် စွပ်စွဲနေတာပဲ။ ”
-ဟု ထပ်မံ ပြောကြားလိုက်၏။
“ မိတ်ဆွေလေး မင်းအတွေးလွန်နေပြီ။ ”
“ ဟုတ်လား။ ”
စုရီက ဝိုင်တစ်ခွက်ကို ကောက်သောက်လိုက်ပြီး၊
“ ဒီကိစ္စကို ငါမှတ်ထားလိုက်မယ် နောက်တစ်ခါ အခွင့်အရေးရရင် ဗုဒ္ဓရဲ့စစ်မှန်တဲ့ တရားတော်ကို မင်းမြင်အောင်ငါပြမယ်။ ”
-ဟု ပြောကြားပြီး ဂရုမစိုက်တော့ချေ။
ကျင်းယွမ်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်သွား၏။ တုန့်ပြန်ခြင်း မပြုတော့ချေ။
သူသည် ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဤလူငယ်သည် မူလနန်းတော် အဆင့်ဖြင့် သူ့ကိုမာနကြီးပြနေ၏။
လဲ့မျိုးနွယ်စုခေါင်းဆောင် လဲ့ယွမ်တုက၊
“ မိတ်ဆွေလေး ... ဒါနားလည်မှု လွဲနေတယ်ဆိုတာ ထင်ရှားပါတယ် မင်းဘာလို့ အထင်မှားနေရတာလဲ။ ”
“ မင်းနဲ့ ဘာဆိုင်လဲ။ ”
စုရီက ဂရုမစိုက်ဘဲ တုန့်ပြန်လိုက်၏။ ထိုအခိုက်တွင် ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ချွင် ... ။ ”
ရင်ပြင်အနှံ့ ဆူညံနေသော အသံများ ငြိမ်သက်သွားပြီး ကျောက်စိမ်းစင်မြင့်ထံသို့ လျှောက်လှမ်းလာနေသော လူတစ်စုကို မြင်တွေ့လိုက်ရသည်။
အနက်ရောင် ကျား-နဂါးဝတ်ရုံကို ဆင်မြန်းလျက် တောင်ကြီးတစ်လုံးကဲ့သို့ ရောင်ဝါများ ဖြာထွက်နေသည့် အမျိုးသား တစ်ဦးမှ ဦးဆောင်လာ၏။
သေမျိုးလောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကို မြင်လိုက်ရသကဲ့သို့ ထင်မှားလာစေသည်။
“ ဧကရာဇ်ရှလား ... ။ ”
ယွမ်ဟမ်က အနက်ရောင်၀တ် အမျိုးသားကိုမြင်သောအခါတွင် မျက်ခုံးပင့် လိုက်လေသည်။
ဝမ်လျူသခင်၏ လက္ခဏာသည် ရိုးရှင်းမည်မဟုတ်ဘဲ တော်ဝင်မိသားစုတွင် ဂုဏ်သိက္ခာ မြင့်မားမည်ကို မှန်းဆထားပြီး ဖြစ်၏။ သို့သော် မဟာရှဧကရာဇ် ဖြစ်နေ လိမ့်မည်ဟု မထင်ထားချေ။
ယွီရှစ်ချန်က အနည်းငယ် အံ့အားသင့် သွားသော်လည်း ပြန်လည်ငြိမ်သက်သွားသည်။ စုရီမှ ဧကရာဇ်ရှထံကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် ထရပ်လိုက်၏။
ဧကရာဇ်ရှသည်လည်း မျက်ဝန်းများ တောက်ပလျက် လွန်စွာ ကျေနပ်သွားသည်။ ဤလူငယ်သည် အဆုံးတွင် သူ့အပေါ် အနည်းငယ် မျက်နှာသာပေးရန် ဆန္ဒရှိနေသေးသည်။
“ မင်းတို့အားလုံးက ကျင့်ကြံသူတွေပဲမို့ ဒီလောက်ယဉ်ကျေးဖို့ မလိုပါဘူး ကျေးဇူးပြုပြီး ထိုင်ကြပါ။ ”
ဧကရာဇ်ရှက လူတိုင်းကို ပြန်ထိုင်ရန် လက်ပြလိုက်၏။
“ ဖေဖေ၊ ငါအဲဒီမှာထိုင်မယ်။ ”
သူ့ဘေးရှိ မိန်းကလေးက စုရီဘေးသို့ ညွှန်ပြလိုက်လေသည်။ ဧကရာဇ်ရှအတွက် အနည်းငယ် မပျော်မရွှင် ဖြစ်သွားစေ သော်လည်း၊
“ မင်းရဲ့ အဆင့်အတန်းနဲ့ ကျင့်ဝတ်တွေကို ဂရုစိုက်ပါ။ ”
-ဟု မှာကြားလိုက်ရသည်။ မိန်းကလေးများ ကြီးပြင်းလာသောအခါတွင် ထိန်းမထားနိုင် သည်မှာ အမှန်ပေပင်။
ကောင်မလေးက မဆိုင်းမတွ ခေါင်းညိတ်ကာ စုရီဘေးတွင်ဝင်ထိုင်လျက်၊
“ အစ်ကိုစု၊ မတွေ့တာ ကြာပြီနော်။ ”
-ဟု ပြုံးကာ နှုတ်ဆက်လိုက်လေသည်။
စုရီက ကောင်မလေးထံ တစ်ချက်ပြန်ကြည့်ပြီး၊
“ ငါမင်းကို ရှချင်းယွမ် ... ဒါမှမဟုတ် ဟွာရှင်းဖန် ... ဘယ်လိုခေါ်ရမလဲ။”
“ ဒါက နာမည်တစ်ခုပဲလေ အစ်ကိုစု၊ ကြိုက်သလို ခေါ်လို့ရပါတယ်။ ”
“ ဒါဆို လူလိမ်လို့ခေါ်မယ်။ ”
“ ကြည့်ရတာ ဟွာရှင်းဖန်ဆိုတဲ့ နာမည်အတုသုံးတာ အစ်ကိုစု မကျေနပ်နိုင်ဘူး ထင်တယ်။ ”
ထို့နောက် တုန့်ပြန်မည့်စကားကို မစောင့်တော့ဘဲ ဝိုင်အိုးကောက်ယူလိုက်ကာ စုရီအတွက် လောင်းငှဲ့ပေးလိုက်၏။
“ ကောင်းပြီ ... စိတ်အေးအေးထားပါ အစ်ကိုစု၊ မင်းကို ငါ့အဖေက အရမ်းလေးစား နေတာမို့ ငါဘယ်လိုဒုက္ခပေးဝံ့မှာလဲ။ ”
စုရီတစ်ယောက် ဆက်မပြောတော့ချေ။ ရှချင်းယွမ်တစ်ယောက် စုရီနှင့်ဘေးချင်းကပ် ထိုင်နေသည်ကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏အမူအရာမှာ ထူးဆန်းသွား၏။
စုရီတစ်ယောက် ဤမျှမာန ထောင်လွှားနေသည်မှာ အံ့သြစရာမဟုတ်ချေ။ ထိုလူငယ်သည် မဟာရှတော်ဝင်မိသားစု၏ မြင့်မားသော အကိုင်းအခက်ပေါ်သို့ နားခိုရန်ကြံရွယ်နေခြင်းပေပင်။
“ ဟမ့် ... ဒီကောင့်ကို အထင်ကြီးစရာကောင်းတဲ့ နောက်ခံရှိမယ်လို့ ငါထင်ခဲ့တာ ဒါပေမယ့် တော်ဝင်မိသားစုမှာ နားခိုချင်နေတဲ့ လူယုတ်မာပဲ။ ”
အဝေးမှကြည့်နေသော ဟွမ်ရှောင်ယု၏ မျက်ဝန်းများတွင် အထင်အမြင်သေးသော အရိပ်အမြွက်များဖြင့် တောက်ပနေခဲ့သည်။
“ ချွင် ... ။ ”
ထိုအချိန်တွင် ဒုတိယအကြိမ်မြောက် ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ ယနေ့ပွဲ၌ ကျန်ရှိသူများသည် မိုးပြာတိုက်ကြီး၏ အသန်မာဆုံး လူငယ် (၁၀၀)ပေပင်။
ပထမဆုံးတိုက်ပွဲကို ဗုဒ္ဓဂိုဏ်းမှ အမာခံတပည့်ကြီး ချန်လုသည် ယှဉ်ပြိုင်ရန် လှမ်းတက်လာ၏။
ဤဘုန်းကြီးသည် မျိုးဆက်သစ်များကြားတွင် ဒဏ္ဍာရီဆန်ဆန် တည်ရှိသူတစ်ဦးပေပင်။
ပထမနေရာအတွက် အလားအလာ အရှိဆုံးသော ကိုယ်စားလှယ်လောင်းတစ်ဦး အဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်၏။
ချန်လု၏ အဖြူရောင် ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် လူတိုင်း၏အာရုံအပေါ် စွဲဆောင်နေခဲ့ချေပြီ။
***