အနှိုင်အရှုံး ... ။
Vol. 37 Ch. 434
ချန်လုသည် သူတော်စင်ခန္ဓာဖြင့် မွေးဖွားခဲ့ကာ မူလနန်းတော် ဖွင့်လှစ်ချိန်၌ ကောင်းကင်တွင် လှည့်ပတ်နေသော နဂါးကြီးဖြစ်စဉ်မျိုး ပေါ်ခဲ့သည်။
ချန်လုအသွင်ကို မြင်ချိန်တွင် စုရီမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်တော့၏။ ဤဘုန်းကြီးသည် အရိုင်းမြေကိုးပါး၌ပင် ဗုဒ္ဓဂိုဏ်းများအတွက် စစ်မှန်သော တပည့်ဖြစ်ထိုက်ပေမည်။
သူ့ပြိုင်ဘက်မှာ ရှေးဟောင်း ပါရမီရှင် ချူးဝေဖြစ်၏။ ကျင့်ကြံမှုအရ ကြယ်စုစည်းခြင်း အဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေသည်။
ထို့ပြင် ရှေးဟောင်း လျှို့ဝှက် နည်းစနစ်များဖြင့် မူလတာအိုအဆင့် တာအို ကျက်သရေကို နားလည်ထား၏။
လွန်ခဲ့သော ရက်များအတွင်း ထူးကဲပြီး ကြောက်မက်ဖွယ် တိုက်ပွဲဝင် စွမ်းအားမျိုးကို ပြသထားသည်။
“ ဟိတ် ... ။ ”
တိုက်ပွဲစသည်နှင့် ချန်လုမှ ရွှေနဂါးရောင်ဝါထုတ်ဖော်ပြီး အရှိန်အဟုန်ဖြင့် တိုက်ခိုက်လေသည်။ သူ့ဝန်ကျင်တဝိုက်တွင် ရစ်ခွေလျက် ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ မြည်ဟည်းနေ၏။
ချန်လုတစ်ယောက် မငြိမ်မသက် အနေအထားသို့ ကျရောက်သွားပြီး ပြိုင်ဘက်၏ လွှမ်းမိုးချုပ်ကိုင်မှုအောက် လုံးဝနစ်မြုပ်သွား ချေပြီ။
“ ဒီဘုန်းကြီးဟာ နတ်ဆိုးတွေကို နှိမ်နင်းနေတဲ့ ဒဏ္ဍာရီထဲက ဗုဒ္ဓလိုပဲ တကယ့် အရည်အချင်းရှိတယ်။ ”
ရှချင်းယွမ်မှ ဖရုံစေ့ကို စားလျက် မှတ်ချက်ပေးသည်။ စုရီက သဘောတူ၏။
“ ဗုဒ္ဓဘာသာကို ဗုဒ္ဓနှလုံးသား ... မဟာဇင်ကျောင်း၊ ဗုဒ္ဓဒသနဆိုပြီး ဂိုဏ်းခွဲတွေ များစွာခွဲထားတယ် သူတို့တွေတိုင်းမှာ ကိုယ်ပိုင် အမွေဆက်ခံမှုနဲ့ ထူးခြားတဲ့ နည်းစနစ်တွေ ပိုင်ဆိုင်တယ် ...
... ချန်လုရဲ့ နည်းလမ်းက ရဲရင့်စွာ ရှေ့ဆက်ခြင်းကို အခြေခံပြီး မကြောက်မရွံ့ လမ်းစဉ်ပဲ သတ်ဖြတ်ခြင်းကို ဗဟိုပြုတယ် နှလုံးသားခိုးယူမဲ့ နတ်ဆိုးတွေသတ်ခြင်းကြောင့် ပြိုင်ဘက်ကင်း ဗုဒ္ဓဖြစ်လာနိုင်တယ်။ ”
စုရီစကားကြောင့် ရှချင်းယွမ်မှ အံ့သြသွားပြီး၊
“ ဗုဒ္ဓဆိုတာ ကရုဏာနဲ့ ကယ်တင်ခြင်း မဟုတ်ဘူးလား ဘာကြောင့် ဒီသတ်တဲ့လမ်းကို ရှာနေရတာလဲ။ ”
ခဏလောက် စဉ်းစားပြီးနောက် စုရီတစ်ယောက်မျက်လုံးများ၌ အောက်မေ့ဖွယ် အမှတ်တရများ ပေါ်လာကာ၊
“ တစ်ခါက ငါတို့ဘုန်းကြီးတစ်ပါးကို မြင်ဖူးတယ် ... သူ့တပည့်တွေတရားထိုင်နေတာ မြင်တော့ ... ဗုဒ္ဓကိုတွေ့ရင် သတ်ပါ၊ ဘိုးဘေးကို တွေ့ရင်သတ်ပါ ... လို့ အော်လိုက်တယ် ...
... ဒီစကားလုံးတွေကြောင့် တပည့်အများစုက နှလုံးသားအတားအဆီးကို ကျော်ဖြတ်ပြီး ဉာဏ်အလင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်ခဲ့တယ် ...
... တနည်းအားဖြင့် ဘုန်းကြီးတိုင်းက အာရုံထဲမြင်သမျှကို သတ်ပစ်ရမယ် ဗုဒ္ဓတောင် ချွင်းချက်မရှိဘဲ ... မဟုတ်ရင်နှလုံးသားကို ခိုးယူခံရတတ်တယ်။ ”
ရှချင်းယွမ်မှ အံ့အားသင့်သွားပြီး၊
“ ဘာလို့ ... ငါ နားမလည်ရတာလဲ ... ။ ”
-ဟု ရေရွတ်လိုက်၏။
“ မင်းနားလည်ရင် ပုံမှန်မဟုတ်တော့ဘူး။ ”
ထို့ကြောင့် စုရီမှ ပြုံးလျက် မှတ်ချက် ပေးလိုက်သည်။ ဘုန်းကြီးဘွဲ့အမည်သည် ကျောက်တုံး နှလုံးသားဖြစ်၏။
ဧကရာဇ်အဆင့် အထွတ်အထိပ်ဖြစ်သည်။ စိတ်ဝိညာဉ်ပင်လယ် အတွင်း၌ ကြာပန်း(၂၄)ပွင့် ဖန်ဆင်းနိုင်၏။ ထိုကြာပန်းများ ပွင့်သောအခါ ဗုဒ္ဓရောင်ဝါသည် ကောင်းကင်ဘုံအထိ ထွန်းလင်းနေချေပြီ။
“ ကောင်းကင်ဘုံကို ကြီးစိုးမဲ့နဂါး ... ။ ”
ထိုအချိန်တွင် ချန်လုရောင်ဝါသည် နဂါးကြီးတစ်ကောင်ကဲ့သို့ ကြီးစိုးကာ ချူးဝေထံ ကန့်သတ်ထားပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး မြတ်ဗုဒ္ဓအလား ရွှေရောင်တောက်ပနေ၏။
“ အစ်ကိုကျင်းယွမ်၊ ငါ့အမြင်အရတော့ ချန်လုရဲ့ တိုက်ပွဲဝင်စွမ်းအားက ထိပ်တန်း(၃) နေရာကို ရလောက်အောင် အားကောင်းနေပါပြီ။ ”
ကောင်းကင်ဓားဂိုဏ်းချုပ်မှ ပြုံးပြီး ချီးကျူးသည်။ ကျန်ရှိနေသော လူများမှလည်း ခေါင်းညိတ်ပြလာကြ၏။
“ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ချန်လုက သူ့ကိုယ်သူသွေးယူဖို့ ဒီပွဲကိုပါဝင်ခဲ့တာပါ သူ ဘယ်အဆင့်ရောက်မလဲ စိတ်ထဲမရှိပါဘူး။ ”
ထိုသို့ဆိုသော်လည်း ကျင်းယွမ်မှ အလွန် ပျော်ရွှင်လာခဲ့သည်။ ဤမြင်ကွင်းကိုကြည့်လျက် ရှချင်းယွီက စုရီနားရွက်နား တိုးကပ်လာပြီး၊
“ အစ်ကိုစု၊ မင်းဝင်ပြိုင်ချင်ရင် ပထမနေရာရမှာ သေချာတယ်။ ”
-ဟု ပြောကြားလိုက်၏။
သူမထံမှ သစ်ခွပန်းကဲ့သို့ မွှေးရနံ့မျိုး ရရှိနေသဖြင့် စုရီနားရွက်များ ယားယံလာသည်။ ထို့ကြောင့် ဦးခေါင်းကိုလက်ဖြင့် တွန်းဖယ်ကာ၊
“ မင်းငြိမ်ငြိမ် နေသင့်တယ် ... ။ ”
-ဟု သတိပေးလိုက်၏။
“ ငါတောင် ... ဂရုမစိုက်ဘူး၊ ဘာကို ကြောက်နေတာလဲ အစ်ကိုစု ... ငါမင်းအပေါ် ကိုက်စားမှာ စိုးရိမ်နေတာလား။ ”
“ အဟမ်း ... ။ ”
တစ်ဖက်တွင် ထိုင်နေသော ဧကရာဇ်ရှတစ်ယောက် ချောင်းဟမ့်သံပေးကာ မျက်မှာနီရဲလာတော့၏။ ဤကောင်မလေး သူ့ကိုယ်သူ မည်သူထင်နေသည်မသိချေ။
ပြိုင်ပွဲသည် ဆက်သွားနေခဲ့ကာ လူတိုင်းအတွက် စိတ်လှုပ်ရှားလာပြီး အံ့မခန်း တိုက်ပွဲများအဖြစ် ရှုမြင်နေကြသော်လည်း စုရီမှာမူ ပျင်းရိလာခဲ့၏။
အထူးချွန်ဆုံးဟူသော ပြိုင်ပွဲဝင်များ တိုက်ခိုက်နေလျှင်ပင် ချို့ယွင်းချက်များနှင့် အားနည်းချက်များသာ မြင်နေရသည်။
များမကြာခင် ယွီရှစ်ချန် အလှည့် ရောက်လာ၏။ နှင်းဖြူရောင်ဝတ်ရုံနှင့် ခြေလှမ်း ကျဲကျဲ လှမ်းတက်လာခဲ့သည်။
“ ဒီကောင်မလေးကို ငါ့ဓားဂိုဏ်းဆီ ခေါ်ယူနိုင်ခဲ့ရင် အကောင်းဆုံး လက်ဆောင်ပဲ။ ”
ကောင်းကင်ဓားဂိုဏ်းချုပ်သည် တောင်းတသော အကြည့်များဖြင့် ပြောကြား လာတော့၏။ လက်ရှိ ဂိုဏ်းချုပ်များသည် ထိုစကားကို ထောက်ခံကြသည်။
ယွီရှစ်ချန်၏ ထက်မြက်သော အရည်အချင်းများကြောင့် သူတို့သည်လည်း ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။
သို့သော် ခြွင်းချက်မရှိ ၎င်းတို့အားလုံး ငြင်းပယ်ခံခဲ့ရ၏။ ဤအရာသည် သူတို့အပေါ် ပို၍စိတ်ဝင်စားမိစေသည်။
“ စိတ်ဝင်စားစရာပဲ ... ။ ”
စင်မြင့်ပေါ်သို့ လှမ်းတက်လာသော ယွီရှစ်ချန်၏ပြိုင်ဘက်ကြောင် စုရီမှပြုံးသည်။ ဤသည်မှာ ယွီဝမ်ရှဖြစ်၏။
ကောင်းကင်ဓားဂိုဏ်း၏ မျိုးဆက်သစ် လူငယ်များအနက် အတောက်ပဆုံးဓားသမား ဖြစ်လေသည်။ ဓားသမား နှစ်ယောက်ကြား တိုက်ပွဲပေပင်။
“ အစ်ကိုစုရဲ့ လမ်းညွှန်မှုကြောင့် ... အစ်မရှစ်ချန်သေချာပေါက် အောင်ပွဲခံလိမ့်မယ်။ ”
ဝမ်ရှင်းကျောက်က တိုက်ပွဲအပေါ် စိုက်ကြည့်ပြီး မှတ်ချက်ပေးလိုက်၏။ သူမသည် အခြားသူများနှင့်မတူဘဲ ယွီရှစ်ချန် ကျိန်းသေ အနိုင်ရမည်ဟု ယုံကြည်သည်။ ဤသည်မှာ စုရီအပေါ် အခြေခံ၍ လာခြင်းဖြစ်၏။
“ အစ်ကိုစု ... ယွီရှစ်ချန်က မင်းနဲ့ပတ်သက်နေတာလား။ ”
ရှချင်းယွမ်က ထူးထူးခြားခြား မေးမြန်းလာသဖြင့် စုရီတစ်ယောက် တခဏမျှ အံ့အားသင့်သွားကာ၊
“ ဘာလို့ ဒီလိုထင်ရတာလဲ။ ”
-ဟု ပြန်မေးလိုက်သည်။
“ မဟာကျိုးရဲ့ ရှစ်ဖန်းခန်းမမှာ ဟွာရှင်းဖန်က မဟာအကြီးအကဲဖြစ်ခဲ့တာကို မင်းမေ့သွားပြီလား ... မင်းနဲ့ ယွီရှစ်ချန်ကြားက ဖြစ်ပျက်ခဲ့တာတွေကို ငါသိနေတယ် ...
... ပြီးတော့ အစ်ကိုစု သူ့ဆီကြည့်လိုက်တဲ့ မျက်လုံးတွေ ... သိသိသာသာ ကွဲပြားသွားတာ မြင်တယ် ... ဟမ့် ဒီအတွက် ရှင်းပြနေစရာ မလိုပါဘူး ...
... ငါသာ ယောက်ျားတစ်ယောက်ဆိုရင် ဒီလိုအလှတရားကို ပိုင်ဆိုင်ချင်မှာ သေချာတယ် နောက်ဆုံးတော့ သူမ အရမ်းလှတယ်။ ”
“ သူမ ဘယ်လောက်ပဲ လှနေပါစေ ... မင်းနဲ့ဘာဆိုင်လို့လဲ မင်းက မိန်းကလေးပါ။ ”
“ ဟားဟားဟား ... မိန်းမတွေက မိန်းမတွေကို ကြိုက်လို့ မရဘူးလို့ ဘယ်သူ ပြောထားလဲ။ ”
ရှချင်းယွမ် အဖြေကြောင့် ဧကရာဇ်ရှခမျာ မျက်လုံးပြူးသွားသည်။ ဤတစ်ကြိမ် ထိတ်လန့် လာသည်မှာ သဘာဝပေပင်။ စုရီပင် စကားမပြောနိုင် ဖြစ်သွားချေ၏။
“ ချွင် ... ချွင် ... ။ ”
“ ဟိတ် ... ။ ”
ထိုစဉ် ဓားမြည်သံများ ညံလာပြီး ပြိုင်ဘက်ကင်းသော ဓားရည်ရွယ်ချက်များ ကောင်းကင်ပေါ် ပျံတက်သွားတော့၏။
လုံးဝခြားနားသော ဓားရည်ရွယ်ချက် နှစ်ခုဖြစ်သည်။ ယွီဝမ်ရှသည် တောင်ကြီးကဲ့သို့ ခိုင်မာသော တိုက်ပွဲဝင်ပုံစံပိုင်ဆိုင်ထား၏။
ကြယ်စုစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုဖြင့် ပြီးပြည့်စုံသော မူလတာအိုအဆင့် ဓားရည်ရွယ်ချက်ကို ပြသခဲ့သည်။
ထို့ကြောင့် ကြီးမားခိုင်မြဲသော တောင်တန်းကြီးကဲ့သို့ အစွမ်းထက်လှကာ ကြည့်ရုံဖြင့် ဖိအားဖြစ်စေ၏။
သူကိုင်ဆောင်ထားသော ဓားသည်ပင် ရတနာမျှော်စင်မှ ပြန်၍သန့်စင်ပေးထားသည့် ဝိညာဉ်ရေးဓားတစ်လက်ပေပင်။
သို့သော် ဓားတာအိုလမ်းသည် အခြားသောလမ်းများထက် အဆပေါင်းများစွာ ခက်ခဲချေပြီ။
ယွီဝမ်ရှသည် ဓားသမားတစ်ယောက် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများပိုင်ဆိုင် သော်လည်း သူ့အမွေသည် ယွီရှစ်ချန်ထက် နိမ့်ကျချေ၏။
“ အစ်ကိုစု၊ မိန်းကလေးရှစ်ချန်က တကယ့်ကို အံ့သြစရာကောင်းတဲ့ ဓားသမားပဲ အနာဂတ်မှာ သေချာပေါက် ထူးချွန်လာလိမ့်မယ်။ ”
ရှချင်းယွမ်မှ ချီးကျူးစကားဆိုသည်။ တိုက်ပွဲပေါ်စောင့်ကြည့်နေသော စုရီသည်လည်း စိတ်သက်သာရာရလာ၏။
မဟုတ်သော် ယွီရှစ်ချန်န်၏ ဓားတာအိုလမ်းညွှန်တစ်ယောက် အနေဖြင့် ရှက်စရာ ကောင်းနေပေလိမ့်မည်။
ယခုမူ လူအုပ်ကြီး၏ အာရုံစိုက်မှုအောက်တွင် တောက်ပနေသော ဤမိန်းကလေးကို မြင်တွေ့ရသည်မှာ ကျေနပ်စရာပေပင်။
“ အစ်ကိုစု၊ မိန်းကလေးရှစ်ချန်ကို မင်းဘယ်လိုအမွေမျိုး ပေးခဲ့တာလဲ အရမ်း လှတယ်။ ”
တိုက်ပွဲစင်မြင့်ပေါ်တွင် ယွီရှစ်ချန်တစ်ယောက် ဓားကိုပက်ဆွဲလျက် ပြန်သိမ်းလိုက်စဉ် နဂါးငွေ့တန်းတစ်ခုလို ကြယ်ရောင်များ လှည့်ပတ်သွားသည်။
“ ဒါက ကြယ်တာရာပျက်စီးခြင်း ဓားသုတ္တန်ပဲ ... သူ့စွမ်းအားက ကောင်းကင်မှာ ဖုံးလွှမ်းနေတဲ့ ကြယ်တွေလိုပါပဲ ... မွေးရာပါ ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် အထူးသင့်လျော်ဆုံးပဲ ဒါပေမယ့် ဒီဓားသုတ္တန်က ထိပ်တန်းတော့မဟုတ်သေးဘူး။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။ ယွီရှစ်ချန်တစ်ယောက် ဝိညာဉ်တာအိုနယ်ပယ် ရောက်ရှိသောအခါ နောက်ထပ်ဓားသုတ္တန် ပေးရန် စဉ်းစားထားပြီးဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ယွီရှစ်ချန်နှင့်ယွီဝမ်ရှတို့နှစ်ဦးလုံး ဒဏ်ရာများစွာ ရရှိလာခဲ့ကြ၏။
အထူးသဖြင့် ယွီဝမ်ရှသည် သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာများ ပိုပြင်းထန် ချေပြီ။ တစ်ချိန်တည်းမှာပင် ယွီရှစ်ချန်၌လည်း သွေးများစွာရွှဲနစ်နေပြီး အဖြူရောင်အင်္ကျီသည် အနီရောင်ပြောင်းလာ၏။
ဓားသမားတစ်ယောက်သည် ဘဝတစ်လျှောက်လုံး ဒဏ်ရာများအပေါ် နင်းဖြတ်ရသည်။ ရှောင်လွှဲ၍ မရချေ။ အသက်ရှင်နေသရွေ့ ထိုဒဏ်ရာများသည် ခွန်အားအဖြစ် ပြောင်းလဲမည်ဖြစ်၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
များမကြာခင် ယွီဝမ်ရှတစ်ယောက် နောက်သို့ဆုတ်ခွာလျက် တိုက်ပွဲကို ရုတ်တရက် ရပ်လိုက်ပြီး လက်သီးတွင် လက်ဖဝါး ဖိကပ်ပြကာ၊
“ ဒီတိုက်ပွဲမှာ ငါရှုံးတယ်။ ”
-ဟု ဝန်ခံတော့သည်။
ယွီရှစ်ချန်က မျက်မှောင်ကြုတ်လျက်၊
“ အနိုင်ရသူကို မဆုံးဖြတ်နိုင်သေးပါဘူး မင်းရှုံးမယ်ဆိုတာ ဘယ်လိုလုပ်သိလဲ။ ”
“ လက်ရှိမှာ ငါ့ကျင့်ကြံမှုက ကြယ်စုစည်းခြင်းအဆင့် အလယ်အလတ်ကို ရောက်နေပြီ ... မင်းလိုမူလနန်းတော်က တစ်စုံတစ်ယောက်ကို ခုချိန်ထိ ...
... အနိုင်မယူနိုင်သေးဘူး ပြီးတော့ ဒီပြိုင်ပွဲဆိုတာ အသက်နဲ့သေခြင်း မဟုတ်ဘူး ဒါဆို ဘာအတွက် ဆက်တိုက်နေဦးမှာလဲ။ ”
ထိုသို့ပြောပြီးနောက် စင်မြင့်ပေါ်မှ ချက်ချင်းဆင်းသွားတော့သည်။ ထိုမြင်ကွင်းကို ကြည့်လျက် ကောင်းကင်ဓားဂိုဏ်းချုပ်မှ သက်ပြင်းချလိုက်၏။
ယွီဝမ်ရှသည် ဂိုဏ်း၏ မျိုးဆက်သစ် လူငယ်များအနက် အသန်မာဆုံးဖြစ်သော်လည်း ပထမနေရာအတွက် အခွင့်အရေးမရှိတော့ချေ။
ထို့နောက်တွင် စိတ်လှုပ်ရှားဖွယ် ကောင်းသော ပြင်းထန်သည့်တိုက်ပွဲများစွာ ဆက်လက်ဖြစ်ပွားနေသည်။
ကျန်းဖူ၊ ချီကျန်းစုနှင့် လီဟန်ထောင်တို့ ကဲ့သို့သော ထိပ်တန်းလူငယ်များ အားလုံးသည် စင်မြင့်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့ကြ၏။
ကြမ်းကြုတ်သော ရောင်ဝါပိုင်ရှင် မိန်းကလေးချီကျန့်စုကို မြင်သောအခါ စုရီက အခေါင်းထမ်းသူရဲအိုကြီးမျိုးရိုးမှ မျက်မမြင် အဘိုးအိုကို ရုတ်တရက် သတိရသွားသည်။
ထိုမျက်မမြင်အဘိုးအိုသည် မိုပြာတိုက်ကြီး တစ်ဝိုက်တွင် နှစ်အတော်ကြာ လှည့်လည်ကာ အမွေခံကို ရှာဖွေနေ၏။
ယင်းကြိုးပမ်းမှုသည် ကောက်ရိုးပုံတွင် အပ်တစ်ချောင်း ရှာဖွေနေသကဲ့သို့ ဖြစ်လျက် မျှော်လင့်ချက် နည်းပါးလှချေပြီ။
ယခုမိန်းကလေးသည် ထိုအတွက် သင့်လျော်သော ကိုယ်စားလှယ်လောင်း ဖြစ်မည်ဟု သံသယရှိလာ၏။
ဘာကြောင့်ဆိုသော် ဤမိန်းကလေး၌ အလွန်ရှားပါးသော ငရဲသွေးပြန်ကြောများနှင့် ယင်အရိုး ပိုင်ဆိုင်ထားချေပြီ။
ထိုစဉ် ခရမ်းရောင်ဆံပင်၊ ရွှေသရဖူ၊ ကျောက်စိမ်းဝတ်ရုံနှင့် နတ်ဆိုးဟွမ်မျိုးနွယ်၏ သားမြေး ဟွမ်ရှောင်ယု လှမ်းတက်လာသဖြင့် လေထုသည် ပွက်ပွက်ဆူလာခဲ့တော့၏။
ဤလူငယ်သည် အမှောင်တားမြစ် စွမ်းအားအောက်မှ လွတ်မြောက်လာသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။
နယ်ပယ်တစ်ခုကို ကျော်လွန်ကာ ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ ကျင့်ကြံသူများ အပေါ် နှိမ်နင်းနိုင်သည့် အခြေခံအုတ်မြစ်နှင့် စွမ်းအားမျိုး ပိုင်ဆိုင်ချေပြီ။
“ အစ်ကိုစု ... ဒီလူက နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောနဲ့ တော်ဝင်မြို့ရဲ့ ကောင်းကင်ကို ကျူးကျော်လာခဲ့တယ်လို့ ငါကြားတယ် ... သူ့ကို အနိုင်ယူနိုင်တဲ့လူ မရှိရင် ... မင်းသင်ခန်းစာ ပေးမလား။ ”
ရှချင်းယွမ်မှ ဟွမ်ရှောင်ယုအပေါ် မနှစ်သက်သည်ကို ဖုံးကွယ်မထားခဲ့ဘဲ မေးမြန်း လာသည်။
“ ငါစာရင်းသွင်း မထားဘူး ... နောက်ပြီး ဒီပွဲကအနိုင်အရှုံးပွဲပဲ ... သူ့ကိုသတ်မရမှတော့ ပျင်းဖို့ကောင်းတယ်။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ စည်းမျဉ်းတွေကို ငါ့အဖေက သတ်မှတ်ပေးတာပါ သူ ခေါင်းညိတ်ပြနေသရွေ့ ခြွင်းချက်အနေနဲ့ ပြိုင်ခွင့်ရှိပါတယ်။ ”
ဤတစ်ကြိမ်၌ စုရီခမျာ မျက်ခုံးပင့်လိုက်သည်။ ယင်းသို့စည်းမျဉ်းမျိုး ရှိနေသည်လော။ ထိုအချိန်တွင် ယွမ်ဟမ်သည် စင်မြင့်ပေါ်လှမ်းတက်နေသဖြင့် စုရီ မျက်ဝန်းများ မှေးစင်းသွားသည်။
ယွမ်ဟမ်ကိုမြင်ချိန်၌ စင်မြင့်ပေါ်တွင် ရပ်နေသော ဟွမ်ရှောင်ယုတစ်ယောက် ပြုံးရွှင် သွားချေပြီ။
တစ်ဆက်တည်းမှာပင် ကျောက်စိမ်းစင်မြင့်ပေါ်ရှိ စုရီထံညွှန်ပြကာ၊
“ သူနဲ့ ... မင်းရဲ့ပတ်သတ်မှု ဘာလဲ။ ”
-ဟု မေးမြန်းလာတော့၏။
***