မင်းကို နှိပ်စက်ပြမယ် ... ။
Vol. 37 Ch. 435
ဟွမ်ရှောင်ယု၏ အပြုအမူကြောင့် ဗဟိုကျောက်စိမ်းစင်မြင့်ပေါ်ရှိစုရီထံ လူတိုင်း ငဲ့ကြည့်လာကြသည်။
“ အစ်ကိုစု၊ ဒီကောင် မင်းကို လက်ညှိုးထိုးပြဖို့ သတ္တိရှိလိုက်တာ ဘယ်လောက် မာနကြီးလဲ။ ”
စုရီဘေးရှိ ရှချင်းယွမ်တစ်ယောက် ဒေါသထွက်လာပြီး ရေရွတ်လိုက်သည်။ စုရီမှ မျက်မှောင်ကြုတ်လျက် တုန့်ပြန်ခြင်းမပြုချေ။
ယွမ်ဟမ်က တည်ငြိမ်သောအသွင်ဖြင့် စုရီထံလှည့်ကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး၊
“ ငါ့သခင်ပဲ ... ။ ”
-ဟု ပြတ်သားစွာ ပြန်ဖြေ၏။
ထိုအဖြေကြောင့် လူတိုင်း အံ့သြသွားလေသည်။ ယွမ်ဟမ်သည် ထိပ်တန်း လူငယ်များထက်များစွာ အားနည်းသော်လည်း အဆင့် (၁၀၀)ဝင်သူ ဖြစ်၏။
ထိပ်တန်းတစ်ရာအဆင့် ဝင်သော လူငဘ်များသည် ဂိုဏ်းကြီးများတွင် အမာခံ တပည့်များသာဖြစ်သည်။
ဆိုလိုသည်မှာ အမာခံတပည့် တစ်ယောက်သည် စုရီ၏ကျွန်ဖြစ်နေခြင်းဟု အဓိပ္ပါယ်ရချေ၏။
သူ့အဖြေကြောင့် ဟွမ်ရှောင်ယုမှ အနည်းငယ်မျှ အံ့အားသင့်သွားကာ ခေါင်းညိတ် ပြပြီး၊
“ ဟား ဟား ဟား ... ကောင်းတယ် ... အရမ်းကောင်းတယ် မင်းကိုငါ ကောင်းကောင်း ဆက်ဆံမယ်။ ”
-ဟု ပြောကြားလိုက်၏။
သူ့မျက်နှာပေါ်တွင် ရက်စက် ကြမ်းကြုတ်မှုနှင့် သွေးဆာမှုအရိပ်အမြွက်များ ပေါ်လာပြီး အပြုံးများ အေးစက်သွားသည်။
“ လာတိုက်ပါ ... ။ ”
ယွမ်ဟမ်က ဦးဆောင်လျက် လိပ်နက်ဖိနှိမ်ခြင်းတံဆိပ်ကို စတင်အသုံးပြု လေသည်။ လေထုအလယ် ဆယ်ပေခန့်ရှိသော အနက်ရောင် လက်ဖဝါးကြီးတစ်ဖက် ပေါ်လာ၏။
“ ကောင်းကင်ကို မှောက်လှန်နေသော တံဆိပ်။ ”
“ ဝှစ် ... ။ ”
ဟွမ်ရှောင်ယုမှ အထင်အမြင်သေးသော မျက်လုံးများဖြင့် သူ့လက်ဖဝါးကို ဓားများကဲ့သို့ လေထဲလွှဲခုတ်ကာ ရုတ်တရက် ရှေ့လှမ်း တက်လိုက်လေသည်၊
လက်ဝါးစောင်းသည် ကောင်းကင်ကို ချိုးဖျက်နိုင်သော ဓားကြီးကဲ့သို့ အနက်ရောင် လက်ဖဝါးကြီးအပေါ် ခွဲချပစ်လိုက်သည်။
တစ်ဆက်တည်းမှာပင် ဟွမ်ရှောင်ယု ရုပ်သွင်သည် ယွမ်ဟမ်အနား ရောက်ရှိလာကာ အနည်းငယ် ပြုံးပြလျက်၊
“ ဒူးထောက် ... ။ ”
-ဟု အမိန့်ပေးလိုက်သည်။
လက်ချောင်းများတွင် သွေးစွန်းနေသော အလင်းများ တောက်ပလျက် ပါးရိုက်ချလိုက်၏။
“ ဟမ့် ... ။ ”
ယွမ်ဟမ်မှ ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး လက်နှစ်ဖက်ဖြင့် တံဆိပ် ထပ်မံဖန်တီးလေသည်။
“ ဝုန်း ... ”
ဟွမ်ရှောင်ယု၏ လက်ဖဝါးသည် တံဆိပ်အပေါ် ပြုတ်ကျသွားပြီး ပေါက်ကွဲကုန် တော့သည်။
“ ဂျွတ် ... ။ ”
သို့သော် အကျိုးဆက်အနေဖြင့် ယွမ်ဟမ်တစ်ယောက် နှုတ်ခမ်းတွင်သွေးများ စီးကျလာသည်။
လေးလံသော တောင်ကြီးအောက် ရောက်ရှိနေသကဲ့သို့ ကြွက်သားနှင့် အရိုးများ ကျိုးကြေသံထွက်ပေါ်လာ၏။
ဒူးထောက်ခြင်း မပြုလိုက်ရသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်မှာ ထင်ရှားချေပြီ။
“ ဟားဟားဟား ... ဒူးထောက်ရတာထက် ဒဏ်ရာပဲ လိုချင်နေတာလား။ ”
ဟွမ်ယန်မှ ရယ်မောလျက်၊
“ ဒါဆို ... မင်းအရိုးတွေ ဘယ်လောက်မာကျောလဲဆိုတာ ကြည့်ရအောင်။ ”
-ဟုဆိုကာ ယွမ်ဟမ်၏ဦးခေါင်းထံ လက်ချောင်းများဖြင့် လှမ်းကုပ်ဆွဲလိုက်သည်။ ယွမ်ဟမ်တစ်ယောက် ထိတ်လန့်တကြား ခေါင်းငဲ့ရှောင်လိုက်ရ၏။
“ ဂျွတ် ... ။ ”
ထို့ကြောင့် လက်သည်းကုပ်ချက်သည် ပခုံးအရိုးအပေါ် ကျရောက်ကာ အသားစများ ပြုတ်ထွက်လျက် သွေးများပန်းထွက်လာ၏။
“ ဟမ့် ... မင်းရိုးတွေက အားနည်းနေပုံရတယ်။ ”
ဟွမ်ရှောင်ယုမှ ပြုံးလေသည်။ တစ်ဖက်တွင် ယွမ်ဟမ်ခမျာ နာကျင်မှုကြောင့် အသံမထွက်နိုင် တော့ဘဲ လက်သီးနှင့် ပြိုင်ဘက်မျက်နှာကို ထိုးလှမ်းချလိုက်၏။
“ ဖပ် ... ။ ”
ဤမျှနီးကပ်သောအကွာအဝေးတွင် မည်သူမဆို ရှောင်တိမ်းရန် အချိန်မရှိနိုင်ချေ။ ဆိုလိုသည်မှာ ယွမ်ဟမ်သည် ဤအခွင့်အရေး အတွက် သူ့ပခုံးကို ပေးအပ်လိုက်ခြင်းဖြစ်၏။
သို့သော် ဟွမ်ရှောင်ယုသည် ထိန်လန့်ခြင်းမရှိဘဲ သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ လိမ်ချိုးပစ်ပေါက်လေသည်။
“ ဂျွတ် ... ။ ”
ဒုတိယအကြိမ်မြောက် အရိုးကျိုးသံ ထွက်ပေါ်လာပြီး ညာလက်မောင်းလိမ်လျက် လွင့်စဉ်သွားတော့၏။
“ ရှင်းရှင်းလေးပဲ ... ဒီလူယုတ်မာက အစ်ကိုစုကို ရန်စဖို့ကြိုးစားနေတာ။ ”
ယွီရှစ်ချန်တစ်ယောက် မျက်လုံးများ အေးစက်လာကာ ယွမ်ဟမ်ကို စိုးရိမ်စပြုလာ ခဲ့သည်။
“ ဒါ ... ဟွမ်ရှောင်ယုကိုဆန့်ကျင်တဲ့ ကံကြမ္မာပဲ ဒီစုရီပြိုင်ပွဲမတိုင်မီ ရန်မစသင့်ဘူး အခုတော့ သူ့ကျွန်ကို အရှက်ခွဲခံနေရပြီ။ ”
လူအုပ်ကြီးမှ သက်ပြင်းချလျက် ရေရွတ်လိုက်တော့သည်။ အစောပိုင်းအချိန်က စုရီနှင့်ဟွမ်ရှောင်ယု တွေ့ဆုံသောမြင်ကွင်းကို လူတိုင်းနီးပါးမြင်ထား၏။
“ စုရီရဲ့ စိတ်နေစိတ်ထားကြောင့် ဒီပြိုင်ပွဲပြီးရင် ဟွမ်ရှောင်ယုကို သူ တုန့်ပြန်မှာ သေချာတယ်။ ”
ကျန့်လီက မှတ်ချက်ပေးသည်။ ချူဟမ်ခုန်အတွက် ကောင်းကင်ဓားဂိုဏ်း၏ အတွင်း တပည့်နှင့် အကြီးအကဲများကို သတ်ဝံ့သူ ဖြစ်၏။
သူမစကားကို ဘေးနားရှိယွီဝမ်ရှမှ တုန့်ပြန်ခြင်းမပြုချေ။ သူ့တွင် ကောင်းမွန်သော ခံစားချက် ပြန်မရသေးသည်မှာ သဘာဝပေပင်။
“ ဒေါသထွက်စရာ ကောင်းတယ် ... ။ ”
ဝမ်ရှင်းကျောက်သည်ပင် မျက်လုံးများ၌ ဒေါသများဖြင့် ပြည့်နှက်နေခဲ့၏။ ဟွမ်ရှောင်ယု လုပ်ဆောင်နေသမျှသည် စုရီကို ရည်ရွယ်ကြောင်း မြင်နိုင်သည်။
“ မင်းကိုငါ ဒီလို ဆက်ဆံတဲ့အတွက် အပြစ်မတင်ပါနဲ့ မင်းသခင်ကဒီပွဲကိုမပါဝင်ရဲတဲ့ အတွက် ... ငါမင်းနဲ့ပဲ စိတ်ဖြေရမယ်။ ”
ဟွမ်ရှောင်ယုက ပြုံးလျက် ယွမ်ဟမ်ထံ တစ်လှမ်းခြင်း လျှောက်လှမ်းလာ၏။ ယွမ်ဟမ်မှ အံကြိတ်လျက် ကုန်းရုန်းထရပ်လေသည်။
“ အရှက်မရှိလိုက်တာ ... ငါ့သခင် ပါဝင်ခဲ့မယ်ဆိုရင် မင်းလိုနတ်ဆိုး ဒူးထောက်ပြီး သနားခံနေရတာကြာပြီ။ ”
“ ဟားဟားဟား ... မင်းရဲ့အရိုးတွေကို အပိုင်းပိုင်းချိုးပြီး ဒူးထောက်စေတဲ့အခါ ... သူ ဘာလုပ်မလဲ ငါကြည့်မယ်။ ”
ဟွမ်ရှောင်ယုက ရယ်မောလျက် ဖျပ်ခနဲရွေ့လျားကာ လက်သီးဖြင့်ထိုးချလိုက်၏။ ယွမ်ဟမ်မှ ရှောင်တိမ်းလိုက်သော်လည်း အနည်းငယ် နောက်ကျနေသေးသည်။
“ ဝုန်း ... ။ ”
“ အား ... ။ ”
လက်သီးချက်ထိမှန်ကာ အရုပ်ကြိုးပြတ် စင်မြင့်ထောင့် လွင့်စဉ်သွားတော့၏။ အရိုးများ ကျိုးကြေနေသံကို ကြားနေရချေပြီ။
လက်နှစ်ဖက်လုံး တွဲလျောင်းကျလျက် ခန္ဓာကိုယ်ကို ဘေးသို့ လှဲချလိုက်တော့သည်။ သွေးများဖြင့်ဖုံးလွှမ်းကာ ပြန်ထရန် ခွန်အားမရှိတော့ချေ။
ဤသည်မှာ ယွမ်ဟမ်အပေါ် အရှက်ရစေသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ထင်ရှား၏။
ထိုမြင်ကွင်းကြောင့် စုရီနှင့် ပတ်သတ်သူများသည် အနည်းငယ် စိုးရိမ်လာ ခဲ့သည်။ စုရီသာလျှင် သူစိမ်းတစ်ယောက်ထံ ကြည့်နေသကဲ့သို့ ငြိမ်သက်နေဆဲဖြစ်၏။
“ ဒီတိုက်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ပြီးပြီ။ ”
ထိုစဉ် ဝမ်လျူက စင်မြင့်ပေါ် ရောက်ရှိလာပြီး ရလဒ်ကို ကြေငြာရန်ပြင်၏။ ဟွမ်ရှောင်ယုမှ ဒေါသတကြီးဖြင့်၊
“ သူ ... ရှုံးနိမ့်တာကို မဝန်ခံသေးတာ မင်းမြင်ဘူးလား အဖိုးကြီး ဒါဆိုဘယ်လိုလုပ် ရလာဒ်ထွက်ပေါ်လာဦးမှာလဲ။ ”
-ဟု ဆိုကာ ဖျပ်ခနဲ ပြေးတက်သွားပြီး ယွမ်ဟမ်အုတ်မြစ်ကို ဖျက်ဆီးရန် ဝမ်းဗိုက်သို့ ကန်သွင်းပစ်တော့သည်။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
သို့သော် ဝမ်လျူသည် သူ့လမ်းတွင် ရုတ်တရက်ပေါ်လာပြီး လက်ဖဝါးဖြင့် ပြန်လည် တွန်းထုတ်လာချေပြီ။
အကျိုးဆက်အနေဖြင့် ဝမ်လျူခမျာ အနည်းငယ်ဆုတ်ခွာချက် ခြေကန်ချက်ကို ချေဖျက်လိုက်ရ၏။
“ အရမ်းပြင်းတယ်။ ”
ထိုမြင်ကွင်းသည် ဗဟိုကျောက်စိမ်းစင်မြင့်ပေါ်ရှိ အဖိုးကြီးများကို မျက်ခုံးပင့်မိသွားစေသည်။
ဤဟွမ်ရှောင်ယုသည် ကြယ်စုစည်းခြင်းအဆင့်တွင်သာ ရှိသော်လည်း တော်ဝင်မိသားစု၏ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူကို ဆုတ်ခွာစေနိုင်စွမ်းရှိနေ၏။
“ မင်းငါ့ကို ဘယ်လိုတားဝံ့လဲ အဘိုးကြီး။ ”
ဟွမ်ရှောင်ယုတစ်ယောက် မျက်နှာ မည်းမှောင်သွားသည်။ ဝမ်လျူက ကိုယ်ဟန် ပြင်ယူလျက် အသက်ပြင်းပြင်း ရှူကာ၊
“ ဒီပွဲမှာ လူတစ်ယောက်ကို သတ်ဖို့ ကြိုးစားတာဟာ စည်းမျဉ်းတွေကို ချိုးဖောက် နေတာပဲ သခင်လေးဟွမ် ... ။ ”
ထို့နောက် ဝမ်လျူက ယွမ်ဟမ်ထံ လှည့်ကြည့်ကာ စင်မြင့်ပေါ်မှ ဆင်းသွားရန် အချက်ပြလိုက်တော့၏။
“ အဘိုးကြီး ... နောင်မှာ မင်းငါ့ကို ဒီလိုထပ်ပြီးတားဝံ့ရင် ငါ့ကိုရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့။ ”
ဟွမ်ရှောင်ယုမှ မျက်ဝန်းများ နီရဲလျက် ကြိမ်းဝါးလိုက်သော်လည်း ဝမ်လျူမှ လျစ်လျူရှု ထားချေသည်။
ထို့နောက် ဟွမ်ရှောင်ယုက ဗဟိုကျောက်စိမ်းစင်မြင့်ပေါ်ရှိ စုရီထံကြည့်ကာ အပြုံးဖြင့်၊
“ စုရီ ... မင်းရဲ့အစေခံအတွက် စိတ်မကောင်းပါဘူး ဒီပွဲပြီးရင် မဟာရှတော်ဝင် မိသားစုက ကာကွယ်နိုင်ဦးမလား ကြည့်မယ်။ ”
-ဟု ပြောကြားလိုက်လေသည်။
ထိုစကားကြောင့် ဂိုဏ်းကြီးများ၏ အကြီးအကဲများနှင့်အတူ ဧကရာဇ်ရှသည်လည်း ပြုံးရွှင်သွားတော့သည်။
ဂိုဏ်းကြီးများသည် စုရီနှင့် ရန်ငြိုးရှိသဖြင့် စုရီရိုက်နှက်ခံရမည်ကို မြင်လို၏။ ဧကရာဇ်ရှ အတွက်မူ ဆန့်ကျင်ဘက်ဖြစ်သည်။
နတ်ဆိုးဟွမ်မျိုးနွယ်၏ အုတ်မြစ်သည် တော်ဝင်မိသားစုကိုပင် စိန်ခေါ်ဝံ့၏။ ထို့ကြောင့် ၎င်းတို့သည် စုရီကိုရန်စခြင်းဖြင့် အကျိုးဆက် ကောင်းနိုင်မည်မဟုတ်ချေ။ လူမှားပြီး ရန်စနေခဲ့ချေပြီ။
စုရီက ဖန်ခွက်ထဲရှိဝိုင်ကို မော့သောက်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ၊
“ ဘာလို့ စောင့်နေစရာလိုမှာလဲ ... အခုပဲ ငါမင်းနဲ့ကစားမယ်။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
ထို့စကားကြောင့် ဝမ်ရှင်းကျောက်၊ ယွီရှစ်ချန်နှင့် ရှချင်းယွမ်တို့က စိတ်လှုပ်ရှားကာ မျက်ဝန်းများ တောက်ပလာခဲ့သည်။
“ ဒါပဲ ... ။ ”
ကျန့်လီမှ ရေရွတ်တော့၏။ ကူချန်နင်၊ ကောချင်၊ ကျန်းဖူ၊ချီ ကျန့်စုနှင့် ကျန်ရှိနေသော ပါရမီရှင်များသည် စိတ်လှုပ်ရှားကုန်သည်။
ဟွမ်ရှောင်ယုသည် မူလက ထွက်ခွာရန် စီစဉ်ထားသော်လည်း ထိုစကားကြားပြီးနောက် အံ့အားသင့်သွားကာ အပြုံးတစ်ပွင့်ပေါ်လာ၏။
ထို့နောက် လက်မထောင်ပြလျက်၊
“ မင်းမှာသတ္တိရှိတယ်၊ ဒီအတွက် မင်းကိုသေချင်လာတဲ့အထိ ငါနှိပ်စက်ပြမယ်လို့ ကတိပေးတယ်။ ”
-ဟု ပြောကြားလာတော့သည်။
***