သွေးအန်အောင် ရိုက်နှက်ခြင်း ... ။
Vol. 37 Ch. 436
“ ဒါပေမယ့် … မင်းရဲ့အသက်ကို ကာကွယ်ပေးဖို့အတွက် တော်ဝင်မိသားစုက သဘောတူမှာ မဟုတ်ဘူး။ ”
ဟွမ်ရှောင်ယုမှ ဗဟိုကျောက်စိမ်း စင်မြင့်ပေါ်ရှိ ဧကရာဇ်ရှထံကြည့်ကာ ပြောကြား လိုက်လေသည်။ သို့သော် ဧကရာဇ်ရှမှ ပြုံးပြီး၊
“ တာအိုစုက ပါဝင်ဖို့ ... ဆန္ဒရှိနေသရွေ့ တော်ဝင်မိသားစုက ဒီပွဲအပေါ် တားဆီးသွားမှာ မဟုတ်ပါဘူး။ ”
-ဟု တုန့်ပြန်လိုက်၏။
ရှချင်းယွမ်မှ ပြုံး၍ မနေနိုင်တော့ဘဲ၊
“ အစ်ကိုစု ... သူ့ကိုလွယ်လွယ်နဲ့ အလွတ်မပေးနဲ့။ ”
-ဟု မှာကြားလိုက်သည်။
“ စိတ်မပူနဲ့ ... ရှုံးနိမ့်မှုကို ဝန်ခံဖို့ အခွင့်အရေးမပေးဘူးလို့ ငါကတိပေးတယ်။ ”
စကားဆုံးသည်နှင့် စုရီမှထရပ်ပြီး ကျောက်စိမ်းရောင်ဝတ်ရုံစ တဖျပ်ဖျပ်လွင့်လျက် စင်မြင့်ပေါ်သို့ ရောက်ရှိသွားလေသည်။
ထိုမြင်ကွင်းသည် ဟွာမိသားစု၏ အကြီးအကဲဟွာမင်ယွမ်ကို စိတ်လှုပ်ရှားလာ စေခဲ့သည်။
တိမ်လွှာရေကန် တိုက်ပွဲတွင် ဝိညာဉ်ထင်ရှားခြင်း အလယ်အဆင့်တွင်ရှိသော အကြီးအကဲဟွာတျန်သည် ဤစုရီ၏ သတ်ခြင်းကိုခံခဲ့ရ၏။
ထိုတိုက်ပွဲတွင် သူ မရှိခဲ့သဖြင့် မည်သို့အသတ်ခံရသည်ကို မသိသော်လည်း တစ်ဖက်လူသည် မပျော့ညံ့ကြောင်း ပြောနိုင်လေသည်။
( ဒီတိုက်ပွဲရဲ့ရလဒ်က ... ဘယ်လိုပဲ ဖြစ်နေပါစေ မင်းနဲ့နတ်ဆိုးဟွမ်မျိုးနွယ်တို့က ရန်သူတွေဖြစ်ကုန်လိမ့်မယ်။ )
ဟွာမင်ယွမ်မှ လှောင်ပြုံးဖြင့် ကျေနပ်သွားသည်။ လူအများစုသည် စုရီအပေါ် အကောင်းမြင်ခြင်း မရှိသော်လည်း စိတ်ဝင်စားနေဆဲဖြစ်၏။
“ အစ်ကိုစု ... မင်းယွမ်ဟမ်ရဲ့ ဒေါသကို ဖြေဖျောက်ပေးရမယ် ... ဒီလူယုတ်မာအပေါ် လွယ်လွယ် လွှတ်မထားနဲ့ ... ။ ”
ဝမ်ရှင်းကျောက်မှ ညည်းညူသည်။ ဟွမ်ရှောင်ယု အဆုံးသတ်သည် ဤတစ်ကြိမ်၌ ဝမ်းနည်းဖွယ်ကောင်းလိမ့်မည်ဟု ကြိုတင် သတိပေးချက်တစ်ခု ရှိနေခဲ့၏။
ဟွမ်ရှောင်ယုမှ ပြိုင်ပွဲစင်မြင့်တစ်နေရာရှိ ဝမ်လျူထံလှမ်းကြည့်ကာ၊
“ အဘိုးကြီး ... ရှုံးနိမ့်ကြောင်းဝန်ခံဖို့ ဒူးထောက်ခြင်းကလွဲလို့ ဝင်ရောက်စွက်ဖက်ရင် ငါ့ကိုရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့ ... ။ ”
-ဟု သတိပေးလိုက်လေသည်။
“ စိတ်မပူပါနဲ့ ... သခင်လေးဟွမ်၊ ငါလုံးဝ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကောင်ကင်ဘုံကို ကျိန်ဆိုပါတယ်။ ”
ဝမ်လျူ၏တုံ့ပြန်မှုသည် ဟွမ်ရှောင်ယုကို မျက်လုံးများ မှေးစေးသွားစေပြီး တစ်ခုခုမှားနေ သည်ဟု ခံစားလာရစေ၏။
“ စုရီ ... ငါတို့တိုက်ပွဲမစခင်မှာ မိန်းကလေးရှစ်ချန်နဲ့ မင်းရဲ့ဆက်ဆံရေးက ဘာလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား။ ”
“ သိချင်လား ... ။ ”
“ ဒါပေါ့ ... ။ ”
“ ဒီတိုက်ပွဲမှာ ... မင်းငါ့ကို နောက်တစ်လှမ်းပြန်ဆုတ်အောင် လုပ်နိုင်ရင် ငါပြောပြမယ်။ ”
စုရီက စကားအတိုင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပန်းခြံထဲ လမ်းလျှောက် နေသကဲ့သို့ ဟွမ်ရှောင်ယုထံ လျှောက်လှမ်း သွားတော့၏။ တည်ငြိမ်သော အသွင်ဖြင့် မည်သည့်ရောင်ဝါမှ မပြချေ။
“ စိတ်ဝင်စားစရာပဲ ... မင်းမှာ ဒီထက်ပိုပြီးလျှို့ဝှက်ချက်တွေ ရှိနေလိမ့်မယ်လို့ ငါယုံကြည်တယ်။ ”
ဟွမ်ရှောင်ယုသည် ၎င်းကို မြင်သောအခါတွင် အနည်းငယ် စိတ်ဝင်စားသွား လေသည်။
ဤစုရီ၏ လှုပ်ရှားမှုတိုင်းသည် အမြင်တွင်ချို့ယွင်းချက်များ ရှိနေသော်လည်း အမှန်၌ပြီးပြည့်စုံနေ၏။
“ ဟိတ် ... ။ ”
ထိုအချိန်တွင် စုရီသည် သူနှင့် သုံးပေအကွာသို့ ရောက်ရှိလာသဖြင့် မဆိုင်းမတွ တိုက်ခိုက်လိုက်တော့၏။
ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လာပြီး သွေးနတ်ဆိုးရောင်ဝါများ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ပြိုင်ပွဲတစ်လျောက် အပြင်ထန်ဆုံး တိုက်ခိုက်မှုပေပင်။
“ သွေးနတ်ဆိုးတံဆိပ် ... ။ ”
ရူးသွပ်ပြီး ကြီးစိုးစေသော လက်သီးချက်ဖြစ်ကာ သွေးဆာနေသည့် ရည်ရွယ်ချက်များ ကောင်းကင်အနှံ့ လွှမ်းခြုံသွားတော့၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
စုရီက တုန့်နှေးခြင်းမရှိ လက်ညိုးဖြင့် လှမ်းထိုးလိုက်ရာ သွေးနတ်ဆိုးတံဆိပ်သည် စက္ကူတစ်စလို ပေါက်ကွဲသွားချေပြီ။
လူတိုင်း အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ မျက်ဝန်းများ မှေးစင်းကုန် တော့သည်။
“ ဟား ဟား ဟား ... ကောင်းတယ် အရမ်းကောင်းတယ် မင်းသာမန်လူ မဟုတ်မှန်း ငါသိတယ်။ ”
ဟွမ်ရှောင်ယု မျက်နှာတွင် အပြုံးများ ပြည့်နှက်လာပြီး ကြမ်းတမ်းသွေးဆာနေသော အရောင်များ တိုး၍တောက်ပလာ၏။
“ အမှောင်မိစ္ဆာ သွေးလမင်း။ ”
အော်ဟစ်သံ ပဲ့တင်ထပ်လာကာ ဓားရှည်တစ်လက် ဆင့်ခေါ်လျက် လပြည့်ည ကဲ့သို့ စက်ဝိုင်းပုံသဏ္ဍာန်လွှဲယူပြီး ကောင်းကင်ပေါ် ခုန်တက်လိုက်သည်။
ဓားရှည်ပေါ်လာသည်နှင့် သွေးအခိုးအငွေ့များရစ်သိုင်းကာ နတ်ဆိုးများ၏ ရှင်သန်နေရာ ကြောက်မက်ဖွယ် မြင်ကွင်းများ လိုက်ပါလာ၏။
စွမ်းအားနှင့် တာအို ရောစပ်ပါရှိသော ဤခုတ်ပိုင်းချက်သည် မူလတာအိုနယ်ပယ်ကို ကျော်လွန်နေသည်။ ပြိုင်ဘက်ခွန်အားအပေါ် စမ်းသပ်ပြီး ဖြစ်သောကြောင့် မဆိုင်းမတွ သတ်ဖြတ်လိုသော လှုပ်ရှားမှုများ အသုံးပြုလိုက်ခြင်းပေပင်။
စုရီမှ မျက်ခုံးပင့်လိုက်၏။ ဤဓားသည် အမှန်ပင် အစွမ်းထက်လှပြီး ဝိညာဉ်ထင်ရှားခြင်း အဆင့်ရှိ ကျိုးဖုန်းကျစ်ကို စိတ်ပျက်အားငယ် စေနိုင်မည်။
သို့သော် ဟွမ်ရှောင်ယုအတွက် ကံဆိုးစေသည်မှာ ပြိုင်ဘက်သည် ကျိုးဖုန်းကျစ် မဟုတ်သောကြောင့် ခြိမ်းခြောက်မှုများစွာ ပေးနိုင်ခြင်း မရှိချေ။ စုရီက လေထဲ လှမ်းပုတ်လိုက်သည်။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
ကြယ်မြစ်ကြီးတစ်စင်း ပေါ်လာကာ သွေးလကိုထိမှန်လျက် ပေါက်ကွဲသွားသည်။ ဓားရည်ရွယ်ချက်များ ပျံ့ကားကုန်၏။
“ အခု ငါ့အလှည့်ပဲ။ ”
စုရီမှ ပြောကြားလိုက်စဉ် ရုတ်ချည်း သူ့ပတ်ဝန်းကျင်တွင် ဓားအလင်းများဖြာလျက် လေဟာနယ်အက်ကွဲကာ ဝိုးတဝါး ဖြစ်လာတော့၏။
“ ကြောက်စရာကောင်းလိုက်တဲ့ ဓားရည်ရွယ်ချက်။ ”
ဓားသမားတိုင်း စိတ်လှုပ်ရှားကုန်သည်။ စုရီသည် လုံးဝ ခြားနားသော လူဖြစ်သွားချေပြီ။ ရောင်ဝါသည် ထက်ရှ ခမ်းနားလှသဖြင့် အမှန်တကယ် တုန်လှုပ်စေ၏။
“ ဒါ ... ။ ”
ဟွမ်ရှောင်ယုမှ အသက်ရှူကြပ်လျက် မျက်ဝန်းများ မှေးစင်းသွားတော့၏။ သို့သော် တစ်ဖက်လူသည် သူ့ကိုစဉ်းစားရန် အချိန် မပေးချေ။ လက်ချောင်းများကို ဓားကဲ့သို့ လေထဲထိုးသွင်းလာပြီဖြစ်၏။
“ ရွှပ် ... ။ ”
ဓားရည်ရွယ်ချက်က သုံးပေရှည်သော ဓားအလင်းတစ်လက်အဖြစ် ပြောင်းလဲသွားကာ တာအိုကျက်သရေများ ဖြာထွက်လျက် ဝင်ရောက်လာခဲ့သည်။
“ ဟမ့် ... ။ ”
ထို့ကြောင့် ရူးသွပ်သော မျက်ဝန်းများဖြင့် ကြက်သွေးရောင် လခြမ်းဓားပုစိန်ကိုထုတ်ယူပြီး ထိပ်တိုက်ရင်ဆိုင်စေလိုက်၏။
“ ကလန် ... ။ ”
ဤသည်မှာ သွေးနတ်ဆိုး ကောင်းကင် လောင်မြိုက်ခြင်း လခြမ်းဓားပုစိန် ဖြစ်သည်။ ဟွမ်ရှောင်ယုအတွက် ဂုဏ်အယူရဆုံးသော နတ်ဆိုးလက်နက်ဖြစ်၏။
သူ့ဘိုးဘေး ဟွမ်နတ်ဆိုးဧကရာဇ် ကိုယ်တိုင်သွန်းလုပ် ပေးထားခဲ့ခြင်းဖြစ်သည်။ ၎င်းကိုကောင်းကင်ဘုံ နတ်မိစ္ဆာသွေးဖြင့် သန့်စင်ကာ သားစဉ်မြေးဆက်များအတွက် အထူးပြင်ဆင်ပေးထား၏။
ထို့ကြောင့် တိုက်ပွဲဝင်စွမ်းအားသည် နတ်မိစ္ဆာသွေးကြောင့် ပုံမှန်ထက် ပို၍စွမ်းအား များစွာ ပေါက်ကွဲစေသည်။
ချန်ပီယံနေရာအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ထားသော ဝှက်ဖဲပေပင်။ နတ်မိစ္ဆာများ ပျော်မြူးနေသော ကမ္ဘာကြီး လိုက်ပါလာကာ ကြယ်မြစ်နှင့် ထိမှန်သွားသည်။
“ ဝုန်း ... ။ ”
ကြောက်မက်ဖွယ်ကောင်းသော ဖြစ်စဉ် တစ်ခုပေါ်လာ၏။ ကြယ်တာရာများ ဥက္ကာခဲများ ကဲ့သို့ နတ်မိစ္ဆာကမ္ဘာကြီးပေါ် ရွာသွန်းကာ ပေါက်ကွဲကုန်၏။
ကြက်သွေးရောင် မီးတောက်များက ကြယ်မြစ်ကြီးကို သိုင်းခြုံလိုက်သော်လည်း ပြိုကွဲကာ လွင့်စင်သွားလေသည်။
ကောင်းကင် နတ်မိစ္ဆာသည် ၎င်းတို့ခွန်အားကိုမပြမီ ကြယ်မြစ်ကြီးအတွင်း နစ်မြုပ်ပျောက်ကွယ်ကုန်၏။
“ ကလန် ... ။ ”
အကျိုးဆက်အနေဖြင့် လက်ထဲမှ လခြမ်းဓားပုစိန်လွင့်စင်လျက် ဟွမ်ရှောင်ယုက ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသည်။
“ အဟွတ် ... အဟွတ် ... ။ ”
ခြေလှမ်းကိုးလှမ်း ပြည့်ပြီးသည့်တိုင် မျက်နှာဖြူဖျော့လျက် ရင်ဘတ်ကိုလက်ဖြင့် အုပ်ကိုင်ကာ သွေးချောင်းဆိုးသွား၏။ အဆုံး၌ သည်းမခံနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးအန်လိုက်ရတော့သည်။
***