← Chapters

အန္တရာယ်ရှိချေပြီ။

Vol. 37 Ch. 437

အန္တရာယ်ရှိချေပြီ။

Vol. 37 Ch. 437

ဟွမ်ရှောင်ယု ခေါင်းပေါ်ရှိ ရွှေသရဖူ ကွဲအက်သွားပြီး ခရမ်းရောင်ဆံပင်များ ဖွာလန် ကျဲနေခဲ့သည်။ ညာလက်သည် အထိန်းအကွပ်မဲ့စွာ တုန်ခါနေ၏။

စုရီ၏ တိုက်ပွဲဝင်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ဟွမ်ရှောင်ယု ကဲ့သို့သော ထိပ်တန်းနတ်ဆိုးများပင် လက်လှမ်းမမီနိုင်သည်ကို မြင်နိုင်၏။

“ ဒီဓားက ကမ္ဘာပေါ်မှာရှိတဲ့ ဓားသမားတွေအားလုံးကို အရှက်ကွဲအောင် လုပ်လိုက်တာပဲ ... ဒီလိုလူမျိုးသာ ငါ့ဆရာ ဖြစ်သင့်တယ်။ ”

ဝမ်ရှင်းကျောက်တစ်ယောက် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်တော့သည်။ ထိုအချိန်တွင် ဟွမ်ရှောင်ယုသည် နှုတ်ခမ်း ထောင့်စွန်းမှ သွေးများကိုသုတ်ပြီး အသက် ပြင်းပြင်းရှူကာ ပြုံး၏။

“ မဟာရှမှာ မင်းလိုကျွမ်းကျင်သူ တစ်ယောက် ရှိလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့မိဘူး ... ဒါပေမယ့် ဒီခွန်အားလေးနဲ့ ငါဟွမ်ရှောင်ယုကို ရှုံးနိမ့်အောင်လုပ်ဖို့ မလုံလောက်သေးဘူး။ ”

စကားအဆုံးတွင် ခရမ်းရောင်ဆံပင်များ လွင့်မျောလျက် အက်ကွဲနေသော အရေပြားမှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

မျက်ခုံးအလယ်တွင် နီမြန်းသော အမှတ်အသားတစ်ခု ပေါ်လာပြီး ထက်ရှသော ရောင်ဝါများ ထွက်ပေါ်လာခဲ့၏။

“ ဝှစ် ... ။ ”

“ သေလိုက်တော့ ... ။ ”

ထို့နောက် လက်လှိုင်းဖြင့် လခြမ်းသွေးပုစိန်ကို လက်ထဲပြန်ခေါ်ယူကာ စုရီထံထိုးသွင်ချလိုက်သည်။

လခြမ်းဓားပုစိန် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် သွေးရောင်အလင်းများ လိုက်ပါလာ၏။

“ သစ်ပင်ကိုလှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ။ ”

သို့သော် စုရီ မျက်လုံးများတွင် အေးစက်သောအလင်းရောင် လင်းလက်လာပြီး ရှေ့သို့ပြေးတက်သွားကာ လက်ချောင်းများဖြင့် လေထဲပုတ်လိုက်၏။

“ ထန် ... ထန် ... ။ ”

“ ဝုန်း ... ။ ”

ကြယ်မြစ်ကြီးက ရေတံခွန်လို သွေးလခြမ်းအလင်းကိုဖြတ်ပြီး ဟွမ်ရှောင်ယု၏ ညာလက်ကောက်ဝတ်အပေါ် တိုက်ရိုက် ဖြတ်ချသွားလေသည်။

“ အား ... ။ ”

နာကျင်စွာ ညည်းတွားလျက် မျက်နှာချက်ချင်း ပြောင်းသွား၏။ ယင်းသည် အဆုံးသတ် မဟုတ်သေးချေ။

ဓားရည်ရွယ်ချက်သည် လက်ကောက်ဝတ်မှတဆင့် လက်မောင်း တစ်လျှောက်တိုးဝင်လာပြီး ကြွက်သားများ ပဲ့ကြွေစေကုန်သည်။

“ ခရစ် ... ။ ”

အရိုးများ ကြေမွလျက် ညာလက်တစ်ဖက်လုံး တွဲလျောင်းကျသွားကာ အရှိန်ကြောင့် လွင့်စင်ပြုတ်ကျသွား၏။

ပြိုင်ပွဲစင်မြင့်ကို နတ်သတ္ထုဖြင့် ပြုလုပ်ထားပြီး တားမြစ်ဝင်္ကပါတစ်ခု ဖုံးအုပ် ထားလေသည်။

ထို့ကြောင့် ဟန်ရှောင်ယု ခန္ဓာကိုယ် ပြုတ်ကျလာသောအခါ ပြင်းထန်စွာ တုန်ခါကာ ရူရ်များတောက်လောင်လာ၏။

ဟွမ်ရှောင်ယုခမျာ ပါးရိုးကျိုးလျက် ပါးစပ်နှင့်နှာခေါင်းမှ သွေးများ စီးကျလာခဲ့သည်။ လူတိုင်း တုန်လှုပ်ခြောက်ခြားကုန်၏။

ဤမတိုင်မီတွင် ဟွမ်ရှောင်ယုသည် ရောင်ဝါများတိုးလာခဲ့ကာ ဝှက်ဖဲကိုထုတ်ဖော် လိုက်သဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာမည်ဟု လူတိုင်းမှ ထင်ခဲ့ကြသည်။

ဤကဲ့သို့ တစ်ချက် ရိုက်ချလိုက်ရုံနှင့် ညာလက်မောင်းပျက်စီးသွားကာ သဲအိတ်ကဲ့သို့ ပြုတ်ကျလိမ့်မည်ဟု မထင်ချေ။

ဟွမ်ရှောင်ယုနေရာ၌ အခြားသူ တစ်ဦးသာဆိုသော် ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပြတ်တောက်သွားမည်ဖြစ်သည်။

အဆုံးမရှိသော အရှက်တရားနှင့် ရောပြွမ်းနေသည့် နာကျင်မှုကို ဟွမ်ရှောင်ယုက ခံစားလာရပြီး မျက်လုံးများ သွေးထွက်ကာ ရူးသွပ်သွားတော့၏။

“ ငါမင်းကို သတ်မယ်။ ”

ကြမ်းပြင်မှ ချက်ချင်း ထရပ်ပြီးနောက် ဒေါသတကြီးအော်ငေါက်လျက် ဟွမ်ရှောင်ယုက သွေးနီအလင်းတန်းအလား စုရီကို ပြေးဝင် တိုက်ခိုက်တော့သည်။

“ ဖပ် ... ။ ”

သို့သော် စုရီမှ လက်ဖမ်းဆွဲပြီး ဟွမ်ရှောင်ယုကို ကြက်ဖတစ်ကောင်ကဲ့သို့ ကိုင်ပေါက်ပစ်လိုက်ပြန်၏။

“ ဘုန်း ... ။ ”

ဟွမ်ရှောင်ယုတစ်ယောက် ဖွဲအိတ်ကြီးတစ်လုံးကဲ့သို့ ထပ်မံလွင့်စဉ်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြန်သည်။

သွားများ ကျွတ်ကျကုန်ပြီး ဆံပင်များ ရှုပ်ပွကုန်သည်။ ခန္ဓာကိုယ်မှ သွေးများစွာသည် ဆံပင်များနှင့်ရောထွေးလျက် မှတ်မိနိုင်စရာ လူရုပ်မရှိတော့ချေ။

လူလည်းမဟုတ် တစ္ဆေမဟုတ် ဖြစ်သွားသည်။ ဤမတိုင်မီ ဟွမ်ရှောင်ယုသည် ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူတပ်ဆင်ကာ ကြီးစိုးပြီး မာနကြီးချေ၏။

တော်ဝင်မိသားစုမှ ဝမ်လျူကိုပင် ခြိမ်းခြောက်ဝံ့သူပေပင်။ ယခုမူ အသတ်ခံရန် စောင့်မျှော်နေသည့် သိုးသငယ်ဖြစ်နေ၏။

ဤရလာဒ်သည် စုရီမည်မျှကြောက်စရာ ကောင်းသည်ကို မီးမောင်းထိုးပြနေသည်မှာ မြင်သာနေ၏။

ယနေ့ခတ်ပါရမီရှင်များ၊ ရှေးခေတ် အကြွင်းအကျန်များနှင့် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ကြောက်ရွံ့ခြင်းများ ဝင်ရောက်လာခဲ့သည်။

ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ဆန့်ကျင်သော ဟွမ်ရှောင်ယုကဲ့သို့ ဘီလူးများ အပေါ် အနိုင်ယူရန် အလွန်ခက်ခဲ၏။

ဝိညာဉ်ထင်ရှားခြင်း အစောပိုင်းအဆင့် တစ်စုံတစ်ယောက်သည် စင်မြင့်ပေါ်တက်ရမည် ဆိုလျှင်ပင် ဟွမ်ရှောင်ယု ပြိုင်ဘက်ဖြစ်မည် မဟုတ်ချေ။

“ ငါမင်းကို အခွင့်အရေး ထပ်ပေးမယ် ... ထတိုက်ပါ ငါတို့နည်းနည်း ကစားရအောင်။”

စုရီစကားကြောင့် ဟွမ်ရှောင်ယုမှ ခေါင်းကိုခက်ခက်ခဲခဲမြှောက်ကာ နာကြည်း နေသည့် အကြည့်များဖြင့်၊

“ စုရီ၊ ငါမင်းကို သတိရနေမယ်။ ”

-ဟု ကြုံးဝါးလိုက်သည်။

ယင်းကြောင့် စုရီက မျက်ခုံးပင့်လျက် လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်တစ်ခုကို ချက်ချင်း ဖန်တီးပြီး၊

“ ဒါဟာ လည်ချောင်းနဲ့ လျှာကို ဖိနှိပ်ထားဖို့အတွက် လျှို့ဝှက်တံဆိပ်တစ်ခုပဲ။ ”

-ဟု ပြောကြားလိုက်၏။

ဟွမ်ရှောင်ယုတစ်ယောက် မျက်ဝန်များ မှေးစင်းသွားကာ ကြောက်ရွံ့မှု အရိပ်အယောင် များဖြင့် ချက်ချင်းရှုံးနိမ့်ကြောင်းဝန်ခံရန် ပါးစပ်ဟလိုက်သော်လည်း မအောင်မြင်ချေ။

“ စိတ်မပူပါနဲ့ ... စည်းမျဥ်းတွေကို ငါဂရုမစိုက်ပေမယ့် ဒီနေ့မင်းငါ့ကို စိန်ခေါ်ဝံ့တဲ့ အတွက် သတ်မှာမဟုတ်ပါဘူး ... ဒါပေမယ့် လွယ်လွယ် အရှုံးပေးခွင့်တော့ မပေးဘူး။ ”

ထိုစကားကို ကြားပြီးနောက် ဟွမ်ရှောင်ယုခမျာ ဝမ်လျူထံအကူအညီတောင်း လိုဟန်ဖြင့် မော့ကြည့်လိုက်သည်။

“ သခင်လေးဟွမ်၊ ငါ ဒီတိုက်ပွဲကို ဘယ်တော့မှ တားဆီးမှာ မဟုတ်ဘူးလို့ အခုပဲ ကတိပြုထားတယ်မဟုတ်လား နောက်ပြီး ...

... ငါဝင်စွက်ဖက်ရင် ... မင်းငါ့ကို လုံးဝခွင့်မလွှတ်ဘူးလို့လဲ ကြိမ်းဝါးထား တာမို့ စိတ်ချလက်ချနေပါ။ ”

( တိရစ္ဆာန်အိုကြီး ... ။ )

ကြမ်းတမ်းပြီး ရူးသွပ်သည်ဟူသော ကျော်ကြားလှသည့် နတ်ဆိုးဟွမ်မျိုးနွယ်၏ ဟွမ်ရှောင်ယုခမျာ အဆုတ်များ ပေါက်ကွဲ လုမတတ် ဖြစ်သွားလေသည်။

ဤမြင်ကွင်းကြောင့် ဝမ်လျူခမျာ ရိုးသားပြီးပို၍နှိမ့်ချသော အသွင်ဖြင့်၊

“ စိတ်ချပါ သခင်လေးဟွမ် ... သခင်လေးစုက ... မင်းကိုမသတ်ဘူးလို့ ကတိ ပေးထားတာမို့ ... ဒီတိုက်ပွဲမှာ မင်းမသေပါဘူး ဒါကစည်းမျဉ်းတွေကို ချိုးဖောက်ရာလည်း မရောက်ပါဘူး။ ”

-ဟု ထပ်မံ ကတိပေးလိုက်သည်။

စကားလုံးတိုင်းသည် ဟွမ်ရှောင်ယု၏ နှလုံးသားအပေါ် ဓားနှင့်ထိုးသတ်နေသကဲ့သို့ အလွန်ဒေါသထွက်စရာ ကောင်းနေ၏။

စုရီသည်သာ သူ့အပေါ် နင်းချေခွင့် ရရှိသွားပါက အနာဂတ်တွင် ဟွမ်ရှောင်ယုသည် လူပြက်တစ်ယောက်အဖြစ် ပုံဖော်လာကြ ပေလိမ့်မည်။

ဟွမ်ရှောင်ယုအပေါ် စာနာနားလည်သူ အလွန်နည်းပါးသည်။ ဆန့်ကျင်ဘက်အနေနှင့် ဟွမ်ရှောင်ယုတစ်​ယောက် နှိပ်စက်ညှဉ်းပန်း ခံရသည်ကို မြင်သောအခါ လူများစွာမှ ပျော်ရွှင်သွားကြ၏။

ဤနတ်ဆိုးဟွမ်မျိုးနွယ်၏ သားစဉ်မြေးဆက်သည် ယခုရက်ပိုင်းအတွင်း ရက်စက်ကြမ်းကြုတ်မှုကို ပြသခဲ့သည်။

ပြိုင်ဘက်တိုင်းသည် ကြီးမားသော ဒဏ်ရာများရရှိလာကာ အခြေခံအုတ်မြစ်ကိုပင် ဖျက်ဆီးခံရသူများရှိ၏။

“ သေချင်ပေမယ့် သေခွင့်မရှိတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုကို ငါကျွမ်းကျင်တယ် ပုရွက်ဆိတ်တစ်သောင်းက စိတ်ဝိညာဉ်ကို ကိုက်စားခံနေရသလိုမျိုး ဘယ်လိုလဲ မင်းစမ်းကြည့်ချင်လား။ ”

စုရီစကားကြောင့် ဟွမ်ရှောင်ယု မျက်နှာပြောင်းလဲသွားကာ အသက်ရှုမဝသလို မျက်လုံးများ သွေးစွန်းလာ၏။ သို့သော် အားလုံး အချည်းနှီးပေပင်။

“ ဒါဆို လုံလောက်ပြီ။ ”

အေးစက်သော အသံနှင့်အတူ ဖီးနစ်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး မတ်တပ် ထရပ်လာလေသည်။

“ ဒါက ပြိုင်ပွဲတစ်ခုပဲ ... ဘယ်သူမဆို သူတို့စိတ်ကြိုက်လုပ်နိုင်တဲ့နေရာ မဟုတ်ဘူး ... ကောင်လေး ... မင်းအရမ်း လွန်မလာနဲ့ ...

... ငါ့နတ်ဆိုးဟွမ်မျိုးရိုးကို စော်ကားရင် ကောင်းကင်နဲ့ မြေကြီးကြား ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။”

နတ်ဆိုးဟွမ်မျိုးနွယ်သည် လွန်ခဲ့သော နှစ်ပေါင်း(၃)‌သောင်းက နံပါတ်တစ် နတ်ဆိုး အင်အားစုတစ်ခုဖြစ်သည်။

အုတ်မြစ်နှင့် စွမ်းအားသည် အလွန် ကြောက်စရာကောင်း၏။ တော်ဝင်မိသားစုပင် ကောင်းကင်ယံသို့ ကျူးကျော်ဝင်ရောက်ခဲ့စဉ် သတိပေးရုံသာ တတ်နိုင်သည်။

စုရီက လျစ်လျူရှုထားပြီး ဟွမ်ရှောင်ယု မျက်ခုံးနှစ်ခုကြား လက်ဖြင့်အသာပုတ်လိုက်၏။ ချက်ချင်းပင် ဟွမ်ရှောင်ယုခမျာ ခန္ဓာကိုယ်ကြီး တောင့်တင်းလျက် နာကျင်မှုဝေသနာများ ပြသလာသည်။

“ စုရီ၊ မင်းသေခြင်းကို တကယ် ရှာနေတာလား။ ”

ဖီးနစ်၀တ်စုံ၀တ် အမျိုးသမီးက ဒေါသထွက်လာပြီး မျက်နှာ နီရဲလာတော့၏။ စုရီမှ လျစ်လျူရှုတားသည်။

ပုရွက်ဆိတ်တစ်သောင်း စိတ်ဝိညာဉ် ဝါးမျိုခြင်းနည်းစနစ်ကို အဆင့်သုံးဆင့်ခွဲထားပြီး ဤသည်မှာ အစသာဖြစ်၏။

ထို့ကြောင့် ဒုတိယအဆင့်ကို မြင့်တင်ရန် မျက်ခုံးနှစ်ဖက်ကြားသို့ ဒုတိယအကြိမ်မြောက် ထပ်မံဖိချလိုက်သည်။

“ ရွှပ် ... ။ ”

သို့သော် စုရီလက်ဖဝါး မရောက်ခင် ဟွမ်ရှောင်ယုလည်ပင်းရှိ ကျောက်စိမ်းဆွဲသီးမှ အလင်းများ တောက်ပလာပြီး သွေးဓားအဖြစ် ဖွဲ့တည်ကာ စုရီထံထိုးသွင်းလာတော့၏။

ဤသည်မှာ အလွန်နီးကပ်သော အနေအထားဖြစ်သဖြင့် ရှောင်တိမ်းရန် အချိန် မရှိတော့ချေ။ မည်သူမဆို ဓားဖျား၌ အသတ်ပေးရမည်ဖြစ်၏။ စီုရအတွက် အန္တရာယ်ရှိနေချေပြီ။

***

All Chapters