← Chapters

သူ့မျိုးရိုးက စုဖြစ်နေလို့ပဲ ... ။

Vol. 37 Ch. 438

သူ့မျိုးရိုးက စုဖြစ်နေလို့ပဲ ... ။

Vol. 37 Ch. 438

“ ဟား ဟား ဟား ... ။ ”

သို့သော် စုရီက ကျေနပ်စွာ ရယ်မောလိုက်ပြီးနောက် အမှောင်နတ်ဓားကို ဆွဲထုတ်ကာ ချက်ချင်းတုန့်ပြန်လိုက်၏။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

မြေကြီးတုန်ခါစေသော ပေါက်ကွဲသံဖြင့် သွေးနီဓားအလင်း နှစ်ခြမ်းကွဲကာ ဓားအဖျားက ဟွမ်ရှောင်ယုရင်ဘတ်ပေါ်ရှိ ကျောက်စိမ်း ဆွဲသီးထံ ထိုးစိုက်သွား၏။

“ ဘောင်း ... ။ ”

ကျောက်စိမ်းဆွဲသီး ပေါက်ကွဲသံနှင့်အတူ သွေးနီရောင်အရိပ်တစ်ရိပ် လေထုအလယ် ထွက်ပေါ်လာ၏။

ဤမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူးလျက် ရုတ်ရုတ်သဲသဲ ဖြစ်လာကုန် တော့သည်။ လွန်ခဲ့သည့်ရက်ပိုင်းတွင် နတ်ဆိုး တစ်ထောင် ရတနာသင်္ဘောကို ပခုံးပေါ် တင်ဆောင်ကာ မြို့တော်အတွင်း ကျူးကျော်ခဲ့သော သွေးအရိပ်ပေပင်။

“ ဟမ့် ... ။ ”

“ ဝှစ် ... ။ ”

သွေးအရိပ်က စုရီကို ကုပ်ဆွဲလိုက်၏။ သို့သော် စုရီသည် ပြင်ဆင်ထားပြီးဖြစ်ရာ ဓားကို ရုတ်သိမ်းလျက် ချက်ချင်းဆုတ်ခွာသွားသည်။

“ စုရီ ... ငါ့ကိုတန်ဖိုးမရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်လို နှိပ်စက်တာမျိုး ခံမယ်များ မင်းထင်နေလား ဟမ့် ... ။ ”

သို့သော် စုရီက ဓားဖြင့်သာ တုန့်ပြန်၏။ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပျံနှံလာပြီး နဂါးငွေ့တန်းကြီးတစ်ခု ဆင်းသက်လာသည်။

ဤဓားသည် သူ့စွမ်းအားကို အပြည့်အဝ အသုံးပြုထားသောကြောင့် ကြောက်မက်ဖွယ် ဖြစ်စဉ်များလိုက်ပါလာ၏။

“ မင်းသေချင်နေတာပဲ ... ။ ”

သွေးအရိပ်သည် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီး ဓားအလင်းထံလက်ဖြင့် လှမ်းပုတ်တော့သည်။

“ ဝှီး ... ။ ”

ထိုလက်ဖဝါးမှ ထုတ်လွှတ်သော ဝိညာဉ်တာအိုနယ်ပယ်စွမ်းအားသည် လူတိုင်း၏ ဦးရေပြားကို ယားယံလာစေ၏။

သို့သော် ထိုကြောက်စရာကောင်းသည့် ထိုလက်ဖဝါးသည် ဓားအလင်းကြောင့် ကွဲသွား တော့သည်။

​ဤသည်မှာ ဆေးအိုးကိုးပါးဖိနှိမ်ခြင်း ဝင်္ကပါဖြင့် ဆုတ်ခွာစေခဲ့သော ဝိညာဉ်တာအို အဆင့် ဝိညာဉ်တစ်ကောင်ဖြစ်၏။ ယခုမူကား ဓားတစ်ချက်တည်းဖြင့် ဒဏ်ရာရှိသွားချေပြီ။

“ မျှော်လင့်ထားသလိုပဲ ... မင်းက အဲဒီကျောက်စိမ်းဆွဲသီးထဲမှာပဲ ရှင်သန်နေနိုင်တဲ့ အကြွင်းအကျန်ဝိညာဉ်တစ်ကောင်ပါ။ ”

စုရီမှ လှောင်ပြုံး ပြုံးလိုက်သည်။ တစ်ဆက်တည်းမှာပင် လေထုအလယ် ခုန်တက်ကာ ဓားဖြင့် ထပ်၍ ပိုင်းချလိုက်၏။

“ ဟမ့် ... ။ ”

“ ဝှစ် ... ။ ”

သွေးအရိပ်က ဗီဇစိတ်ဖြင့် ရှောင်တိမ်းလိုက်သည်။ သို့သော် တစ်ဖက်လူ၏ မျက်ခုံးကြားမှ အစိမ်းရောင်ဓားပျံတစ်လက် တိုးထွက်လာသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွား၏။

“ စိတ်ဝိညာဉ်ဓား ... ။ ”

ဤသည်မှာ စိတ်ဝိညာဉ်များအပေါ် အထူးရည်ရွယ်ထားသော နတ်ဘုရားသတ်ဓား ဖြစ်သည်။

ဓားပျံသည်လေဟာနယ်အတွင်း ပျောက်ကွယ်သွားကာ သွေးအရိပ်ခန္ဓာကိုယ်ထဲ ရုတ်ချည်း ဝင်ရောက်သွား၏။ သွေးအရိပ်ခမျာ ပြင်းစွာနာကျင်နေသကဲ့သို့ ဟောက်သံ ထွက်ပေါ်လာသည်။

“ လူယုတ်မာလေး ... ငါ့နတ်ဆိုးဟွမ်မျိုးနွယ်က မင်းရဲ့မျိုးနွယ်စု တစ်ခုလုံးကို ချေမှုန်းဖို့ ... ”

ကျိန်ဆဲသံမဆုံးခင် သွေးအရိပ်သည် နှစ်ပိုင်းကွဲသွားကာ အနက်ရောင် ငှက်မိစ္ဆာ၏ ဝါးမျိုခြင်း ခံလိုက်ရချေပြီ။

အဆုံးတွင် စုရီတစ်ယောက် စိတ်သက်သာရာရသွား၏။ စည်းမျဉ်းကြောင့် ဟွမ်ရှောင်ယုကို မသတ်နိုင်သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်ကို သတ်နိုင်လိုက်ပြီဖြစ်သည်။

ဗဟိုကျောက်စိမ်းစင်မြင့်ပေါ်ရှိ ပုဂ္ဂိုလ်များသည် မြေစေးရုပ်တုများကဲ့သို့ပင် အံ့အားသင့်သွားကြသည်။

မူလနန်းတော်အဆင့်၌သာရှိသော ဤစုရီသည် ဟွမ်ရှောင်ယုကို နှိပ်စက်ရုံသာမက ဝိညာဉ်တာအိုနယ်ပယ် အကြွင်းအကျန် ဝိညာဉ်ကိုပင် သတ်ဖြတ်နိုင်ခဲ့၏။

သွေးအရိပ်မည်မျှ အစွမ်းထက်သည်ကို သူတို့အသိဆုံးပေပင်။ ဆေးအိုးကိုးပါးဝင်္ကပါကို အသုံးပြုရန်ပြင်နေသော ဝမ်လျူသည်လည်း မှင်သပ်သွား၏။

လေထုသည် မှုန်မှိုင်းပြီး တိတ်ဆိတ်နေစဉ် စုရီက စင်မြင့်ပေါ်မှ ထွက်ခွာသွားတော့သည်။ ဟွမ်ရှောင်ယုသာလျှင် မိဘများဆုံးရှုံးသွားသော ကလေးငယ်ကဲ့သို့ စိတ်ပျက်အားငယ်စွာ ကျန်ရစ်ခဲ့ချေ၏။

***

မိုးပြာခြံဝင်း။ နွေဦးနံနက်ခင်းသည် အေးမြသော အရိပ်အမြွက်များ ဆောင်ကျဉ်းလာ တော့သည်။

ခြံဝင်းအတွင်းရှိ သစ်ပင်များစွာ၏ အရွက်များသည် အဝါရောင်ပြောင်းသွားပြီး မြက်ပင်များပင် သေကုန်ကြ၏။

ရေကန်အနားတွင် စုရီသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ အနားယူနေ၏။ တစ်ခါတစ်ရံတွင် ‘လပိုးကောင်’များကို ရေကန်ထဲပစ်ကျွေးလေ့ရှိသည်။

ယွမ်ဟမ်က အနီရောင် ရွှံ့စေးမီးဖိုကြီးရှေ့တွင်င်ကာ စုရီအတွက် လက်ဖက်ရည် ပြင်ပေးနေ၏။

ယမန်နေ့တွင် ဟွမ်ရှောင်ယုကို အနိုင်ယူပြီးနောက် စုရီထွက်ခွာသွားသော်လည်း လူအုပ်ကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြသေးသည်။

အခြားသော ပြိုင်ပွဲဝင်များ၏ တိုက်ပွဲများ မည်မျှပင် အံ့အားသင့်ဖွယ် ကောင်းစေကာမူ အငွေ့အသက်သည် စုရီနှင့်တိုက်ပွဲအပေါ် မမီတော့ချေ။

အဆုံးတွင် ကျန်းဖူသည် ချန်လုကို လက်ဗလာဖြင့် အနိုင်ယူပြီး ပထမနေရာ ရရှိ၏။ သို့တိုင် အရိုးဧကရာဇ်မျိုးဆက်သည် ကူကယ်ရာမဲ့စွာ ပြုံးပြီး၊

“ ပထမနေရာက နောက်ဆုံးမှာတော့ စုရီနဲ့သာ ထိုက်တန်တာပါ။ ”

-ဟု ညည်းတွားခဲ့သည်။

ထိုစကားပြောပြီးသည်နှင့် တပြိုင်နက် ပရိသတ်အားလုံး တိတ်ဆိတ်သွားကြသည်။ ငြင်းဆိုဝံ့သူ မရှိချေ။

ဤမြင်ကွင်းကို ပြန်မြင်ချိန်တိုင်း ယွမ်ဟမ်တစ်ယောက် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

“ သခင် ... မနေ့က ပြိုင်ပွဲမှာ ကောချင်ရောက်လာပြီး ငါ့အမွေအကြောင်း မေးခဲ့တယ်။ ”

ယွမ်ဟမ်စကားကြောင့် စုရီနှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ပေါ်လာပြီး၊

“ ကောင်းတယ် ... ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။ ထို့နောက် ခဏမျှစဉ်းစားပြီး၊

“ မင်းနဲ့မိန်းကလေးပိုင် အသင့်ပြင်ထား သင့်တယ် ဒီနေ့ဝမ်လျူလာတဲ့အခါ မင်းတို့သူနဲ့ လိုက်သွားရမယ်။ ”

ပြိုင်ပွဲပြီးဆုံးပြီဖြစ်သဖြင့် အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာပြီ ဖြစ်သည်။

ထို့ကြောင့် အမှောင်တားမြစ်စွမ်းအင်နှင့် ပတ်သက်သည့် သဲလွန်စများ စူးစမ်းရန်မသွားမီ ယွမ်ဟမ်နှင့် ပိုင်ချင်းဝမ်ကို ဦးစွာ အခြေချပေးရပေမည်။

လက်ရှိအချိန်၌ နတ်ဆိုးဟွမ်မျိုးရိုးနှင့် သူသည် အကြေလည်သော ရန်ငြိုးတစ်ခုကို တည်ဆောက်ထားမိပြီးဖြစ်၏။

သူအနေဖြင့် ထိုအရာများကို ဂရုမစိုက်သော်လည်း သူ့အနားရှိလူအများ အတွက် သတိထားနေရသည်။

ထို့ကြောင့် ဝမ်လျူထံ ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းကို စောင့်ရှောက်ပေးရန် တောင်းဆို ထားခြင်း ဖြစ်သည်။

“ ဟုတ်ကဲ့ ... စိတ်ချပါသခင် ။”

ယွမ်ဟမ်မှ ခေါင်းညိတ်သည်။ စုရီက ကြိမ်ကုလားထိုင်မှ ထရပ်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

သူ့ ကျင့်ကြံမှုသည် မူလနန်းတော် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ကာ ပြီးပြည့်စုံရန် မကြာတော့ချေ။

ထို့ကြောင့် ကြယ်စုစည်းခြင်းအဆင့်ကို တက်ရောက်ရန် ပြင်ဆင်ရပေမည်။ ညပိုင်းတွင် ဝမ်လျူရောက်ရှိလာပြီး၊

“ တာအိုမိတ်ဆွေ မနက်ဖြန် ကောင်းကင်တောင်ကို သွားရမယ် ... တော်ဝင် မိသားစုက တည်နေရာရွေ့ပြောင်းအစီရင် ဖွင့်လိမ့်မယ်။ ”

-ဟု သတင်းပေးလာ၏။

“ ငါ့အပြင် ဘယ်နှစ်ယောက်သွားရမှာလဲ။ ”

“ ထိပ်တန်းလူသုံးဆယ်နဲ့ အထူးနောက်ခံရှိတဲ့ နောက်ထပ်လူသုံးယောက် သူတို့သုံးယောက်လုံးက ရှေးနတ်ဆိုးတွေဖြစ်ပြီး တစ်ယောက်ချင်းစီမှာ ...

... ထူးခြားတဲ့ မူလရှိတယ် ... တစ်ချိန်တုန်းက ဧကရာဇ်နဲ့ ကျေးဇူးရှိခဲ့လို့ တံဆိပ်ကို သူတို့အတွက်လက်ဆောင် ပေးခဲ့ဖူးတယ် ...

... သူတို့အမည်က ... ငရဲကမ္ဘာမရဏ နန်းတော်ရဲ့မိုရှင်းဟဲ ... တန်ကျိတာအိုတောင်ရဲ့ ယန်ကျင်းယွင်နဲ့ ...

... လောင်မြိုက်နေသော နေမင်းဂိုဏ်းရဲ့ ကျန့်လင်ကျန်းတို့ပဲ သူတို့နောက်ခံက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက ထိပ်တန်းဂိုဏ်းတွေပါ။”

ထို့ကြောင့် အင်အားစုသုံးခု၏ မျိုးဆက်များဖြစ်သော မိုရှင်းဟဲ၊ ယန်ကျင်းယွင် နှင့် ကျန့်လင်ကျန်းတို့သည် မည်မျှ ထူးခြားမည်ကို တွေးကြည့်နိုင်၏။

“ သူတို့သုံးယောက်ရဲ့ အုတ်မြစ်နဲ့ အရည်အချင်းက ဟွမ်ရှောင်ယုနဲ့ ကျန်းဖူတို့လို ရှေးခေတ် အကြွင်းအကျန်တွေထက် အားနည်းနေမှာ မဟုတ်ပါဘူး ...

... သူတို့ ပြိုင်ပွဲကို မလာရတဲ့ အကြောင်းအရင်းကတော့ သူတို့ရဲ့ကျင့်ကြံမှုမှာ ဝိညာဉ်စုစည်းခြင်းအဆင့်ကို ဖြတ်ကျော် လုနီးပါး ဖြစ်နေလို့ပါပဲ ...

... စကြာဝဠာကျွန်းကို ဝင်ဖို့အတွက် သူတို့ရဲ့ကျင့်ကြံမှုကို ဖိနှိပ်ထားရမှာပဲ မဟုတ်ရင် ကျွန်းကိုဝင်နိုင်မှာ မဟုတ်တော့ဘူး။ ”

“ ငါနားလည်ပြီ ... ။ ”

စုရီမှ ခေါင်းညိတ်လိုက်၏။

“ သခင်လေးစု မနေ့က မင်းသတ်ခဲ့တဲ့ သွေးဝိညာဉ်က ဟွမ်ရှောင်ယုရဲ့ဦးရီးတော်သူ ဟွမ်တျန်ကျန့်ပဲ နတ်ဆိုးဟွမ်မျိုးနွယ်မှာ ...

... သူ့အဆင့်အတန်းက မြင့်မားတယ် မနေ့ကဖြစ်စဉ်ကြောင့် ကျေနပ်ကြမှာမဟုတ်ဘူး ဒါပေမယ့် မြို့တော်ကို မဝင်ရဲတာမို့ စိတ်အေးအေးနေနိုင်ပါတယ် ...

... ဟွာမိသားစု၊ တိမ်လွှာကောင်းကင် နန်းတော်နဲ့ ချင်းရီဂိုဏ်းတို့လို အင်အားစုတွေက မနေ့က မင်းရဲ့ခွန်အားကိုမြင်ပြီး နည်းနည်း ငြိမ်သက်ကုန်ပြီ ...

... ဒါပမေယ့် နတ်ဆိုးဟွမ်မျိုးနွယ်စုက မင်းကိုဘယ်လိုဖြေရှင်းမလဲဆိုတာကို သူတို့တွေ စောင့်ကြည့်နေပုံပဲ။ ”

“ သူတို့တွေ ... တော်တော် တွက်ဆနေကြတာပဲ ... နတ်ဆိုးဟွမ်မျိုးနွယ်က ငါ့ကိုသတ်နိုင်မယ်များ ထင်နေကြလား။ ”

“ ဟား ဟား ဟား ... သခင်လေးစု နတ်ဆိုးဟွမ်မျိုးနွယ်က ဘာမှမလုပ်နိုင်တော့ရင် သူတို့တွေအတွက် ဒေါသကို မျိုချနေရမှာ ကြောက်မိပါတယ်။ ”

“ သူတို့ဒေါသကို မျိုချရမှာလား ကိစ္စမရှိပါဘူး သူတို့သည်းမခံနိုင်ရင် ကိုယ်တိုင် သူတို့အိမ်ကို သွားလည်လိုက်မယ်။ ”

ဤစကားလုံးများသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ဝမ်လျူကို မျက်ခုံးပင့်မိစေ၏။ ထို့နောက် စကားစမြည်ပြောကြားပြီးနောက် ဝမ်လျူက ပြန်လည်ထွက်ခွာသွားချေပြီ။

ညရောက်ချိန်တွင် မြို့တော်သည် မီးရောင်များလင်းလက်နေပြီး လူအများဖြင့် စည်ကားနေ၏။

“ ရှင်းကျောက် ... မနက်ဖြန်ကျွန်းကို သွားတဲ့အခါ သတိထားရမယ် ... အဲဒီနေရာကို တားမြစ်နယ်မြေလို့ သတ်မှတ်တယ် .... လွန်ခဲ့တဲ့ နှစ်ပေါင်း (၃)သောင်းက ...

... အမှောင်တားမြစ်စွမ်းအားတွေ ထွက်ပေါ်လာတည်းက ဘယ်သူမှ ၀င်ရောက် ခဲ့တာမျိုးမရှိဘူး မင်းအသက်ရှင်နေသရွေ့တော့ လုံလောက်ပါပြီ။ ”

စားသောက်ဆိုင်တစ်ဆိုင်တွင် အင်မော်တယ်ဟန်ယန်က လေးနက်စွာဖြင့် မှာကြားနေသည်။

“ ဆရာစိတ်မပူနဲ့ ... အစ်ကိုစုလည်း အတူဝင်လာမှာဆိုတော့ ငါသူ့နောက်ကို အမြဲ လိုက်သွားမယ်။ ”

ဝမ်ရှင်းကျောက်မှ မျက်ဝန်းများအတွင်း တောက်ပသော မျှော်လင့်ချက်များဖြင့် ပြုံးကာ တုန့်ပြန်လိုက်သော်လည်း သူမဆရာခမျာ မပြုံးနိုင်ခဲ့ချေ။

“ စုရီနောက်လိုက်တာ ငါမတားပါဘူး ဒါပေမယ့် ဒီတစ်ကြိမ်နတ်ဆိုးဟွမ်မျိုးရိုးနဲ့ စုရီက လုံးဝရန်သူဖြစ်သွားပြီဆိုတာ ...

... နားလည်ထားသင့်တယ် ပြီးတော့ နောင်လက်တုံ့ပြန်လာကြရင် သေချာပေါက် မင်းကိုရိုက်ခတ်လာလိမ့်မယ်။ ”

“ ဆရာ၊ နတ်ဆိုးဟွမ်မျိုးနွယ်က အစ်ကိုစုအပေါ် ရန်ငြိုးထားရင် ဒုက္ခရောက် လိမ့်မယ်။ ”

ထိုစကားကြောင့် အင်မော်တယ် ဟန်ယန်တစ်ယောက် မျက်ခုံးပင့်ပြီး တိတ်ဆိတ် သွားတော့၏။ တပည့်မအတွက် ဆေးမရှိ တော့မှန်း နားလည်လိုက်ချေပြီ။

တစ်ဖက်တွင် တစ်ယောက်တည်း သောက်နေသော ကောချင်သည် မသေချာ မရေရာသောပုံဖြင့်၊

“ အဘိုးကြီး မင်းမသိဘူး ... မနေ့က သွေးအရိပ်ကို စုရီဓားနဲ့ခုတ်လိုက်တာတွေ့တော့ ငါ့စိတ်ထဲ ပထမဆုံးပေါ်လာတာ မင်းပဲ ...

... ငါသာ သူနဲ့သွားတွေ့လိုက်ရင် စိတ်မထင်လို့ ... မင်းကိုခုတ်ချပစ်လိုက်ရင် ငါ မကယ်တင်နိုင်ဘူး။ ”

-ဟု ပြောကြားလိုက်သည်။

“ လူယုတ်မာ၊ မင်းငါ့ကို တကယ်သေစေချင်နေတာလား။ ”

အဘိုးအိုအသံသည် စိတ်ဝိညာဉ်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

( ငါမင်းကို စိတ်ပူနေတာပါ။ )

ကောချင်က ဝိုင်တစ်ခွက်ကို ကောက်ယူ သောက်လိုက်ပြီး၊

“ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုအရ စုရီနဲ့တွေ့ရင် မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာမှာကို ငါစိုးရိမ်နေမိတယ်။ ”

( ဟမ့် ... စိတ်မပူနဲ့ ... နတ်ဆိုးလေး ယွမ်ဟမ်ကျင့်သုံးတဲ့ ရွှမ်ဝူကျန်းချီသုတ္တန်ကို စုရီ သင်ပေးတာသေချာရင် စိတ်ဝင်စားစရာပဲ။ )

ကောချင်မှ အနည်းငယ် အံ့သြသွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဤလူကြီးသည် ကမ္ဘာပေါ်တွင် အခက်ခဲဆုံး အတားအဆီးကို ကြုံတွေ့နေခဲ့ရသကဲ့သို့ စိုးရိမ်နေသေး၏။

ယခုမူ ဤလူသည် စုရီနှင့်တွေ့ဆုံရန် စိတ်အားတက်ကြွနေသည်။ အဆုံးတွင်ကောချင် တစ်ယောက် စိတ်ရှုပ်ထွေးသော အသွင်ဖြင့်၊

“ ဘာကိုစိတ်ဝင်စားနေတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

ဤတစ်ကြိမ်တွင် အဖိုးကြီးသည် ကလေးငယ်တစ်ယောက်ကဲ့သို့ ရွှင်မြူးနေသော အသံဖြင့်၊

( သူ့မျိုးရိုးနာမည် ... စုဖြစ်နေတာကိုပေါ့။ )

-ဟု ချက်ချင်း တုန့်ပြန်လာတော့သည်။

***

All Chapters