← Chapters

ပိတ်မိခြင်း ... ။

Vol. 37 Ch. 439

ပိတ်မိခြင်း ... ။

Vol. 37 Ch. 439

အဘိုးအိုအသံတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ ပါရှိနေသဖြင့် ကောချင်မှ မျက်မှောင်ကြုတ်လိုက်၏။

“ ဒါက ... ဘယ်လို ဆင်ခြေမျိုးလဲ ငါတို့ဝိညာဉ်ပင်လယ်မှာတုန်းက သူ့နာမည်ကို မင်းမသိဘူးလား အဲဒီထဲက သူကစုရီပဲ။ ”

ကောချင်စကားကြောင့် အဘိုးအိုမှ ရှုပ်ထွေးသောလေသံဖြင့်၊

( မင်းနားမလည်နိုင်ဘူး ... ။ )

-ဟု တုန့်ပြန်လာသည်။

ကောချင်မှ အသက်ပြင်းပြင်းရှူလျက်၊

“ ငါ့ကို အချိန်နည်းနည်းလောက် ပေးလို့ရမလား ... မနက်ဖြန်ကျွန်းကို ဝင်တဲ့အခါ သူနဲ့တွေ့ဖို့ အခွင့်အရေးရမှာပါ။ ”

( ငါတို့အနှေးနဲ့အမြန် တွေ့ဆုံရတော့မှာ မဟုတ်လား ဒါဆိုဘာလို့ နှောင့်နှေးနေရတာလဲ မင်းတကယ် သူရဲဘောကြောင်နေတုန်းလား။ )

“ မဟုတ်ဘူး ... ဒီလိုမသေချာသေးတဲ့ ကိစ္စတွေကို ပိုသတိထားသင့်တယ် မနက်ဖြန် ငါတို့တွေ့တဲ့အခါ ... တခြားလူတွေလည်း ရှိနေမှာမို့ အနည်းဆုံးတော့ စုရီတစ်ယောက် လှုပ်ရှားဝံ့မယ်မထင်ဘူး။ ”

ဤတစ်ကြိမ်တွင် အဘိုးအိုသည် ကောချင်နှင့်စကားပြောရန် စိတ်ဓာတ်ကျ သွားလေသည်။ အချိန်တော်ကြာ တိတ်ဆိတ် သွားပြီးနောက်၊

( ကောင်းပြီ ... ဒါဆို မနက်ဖြန် မင်းစိတ်ပြောင်းရင် ငါကိုယ်တိုင်သွားတွေ့မယ်။)

-ဟု ကြိမ်းဝါးလိုက်၏။ ကူချန်မှ သက်ပြင်းချလျက်၊

“ စိတ်မပူပါနဲ့ ... ငါနည်းနည်းလောက် သတိကြီးပေမယ့် ငါ့စကားကို ပြန်ပြင်တတ်သူ မဟုတ်ပါဘူး။ ”

သို့မှသာ ဝိုင်တစ်ခွက်ကို စိတ်အေးလက်အေးဖြင့် သောက်ခွင့်ရသွား၏။ အဖိုးကြီးက ယနေ့ည စုရီထံ သွားတွေ့ရန် လက်လျော့လိုက်ရချေပြီ။

ကောချင်အတွက် စုရီနှင့်ဆုံချိန်တိုင်း ဖော်မပြနိုင်သော ကြောက်ရွံ့မှုကို အမြဲခံစား ခဲ့ရသည်။

ဖြစ်နိုင်လျှင် စုရီကို ဤဘဝတွင် မတွေ့ချင်ချေ။ ညဉ့်နက်မှ တစ်ယောက်တည်း စားသောက်ဆိုင်က ထွက်လာခဲ့သည်။

လမ်းများပေါ်တွင် အသွားအလာ ကင်းရှင်းပြီး မီးများမှိန်နေပြီဖြစ်၏။ မြို့တော် တစ်ခုလုံး အနားယူနေချေပြီ။ ကောချင်က ခဏမျှလမ်းလျှောက်နေပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိကာ၊

“ အဘိုးကြီး၊ တစ်ယောက်ယောက် ငါ့နောက်ကို လိုက်နေတယ်။ ”

-ဟု သတိပေးလိုက်သည်။

( မြို့ကိုပတ်ကြည့်ရအောင် ငါတို့ဖယ်ရှားနိုင်မလား။)

ကောချင်က ခေါင်းညိတ်လိုက်သည်။ မည်သည့်အရာမျှ မခံစားရသကဲ့သို့ လမ်းမပေါ် တက်ရန် ရွေးချယ်ခဲ့၏။

“ ဝှစ် ... ။ ”

သို့သော် လမ်းထောင့်ချိုး ရောက်ချိန်တိုင်းတွင် လေပြင်းတိုက်သကဲ့သို့ လှစ်ခနဲ ပြေး၏။

ဤနည်းဖြင့် တစ်နာရီကုန်လွန်ချိန်၌ အမူအရာသည် အနည်းငယ်လေးနက်နေပြီ ဖြစ်သည်။

“ အဲဒီလူက တစ်ချိန်လုံး လိုက်နေတယ် ကျင့်ကြံမှုအရ ဝိညာဉ်ထင်ရှားခြင်းအဆင့်မှာ ဖြစ်နိုင်ခြေရှိတယ်။ ”

( ထူးဆန်းတယ်၊ မင်းလို အမြဲတမ်း ကြောက်တတ်ပြီး သူရဲဘောကြောင်နေတာမို မြို့ကိုရောက်လာတည်းက မင်းဘယ်သူ့ကိုမှ မစော်ကားဖူးပါဘူး ...

... ဒီလိုဝိညာဉ်ထင်ရှားခြင်းအဆင့်က တစ်စုံတစ်ယောက် ရုတ်တရက် ပစ်မှတ်ထား လာတာက သံသယဖြစ်စရာပဲ။ )

အဘိုးကြီးက အနည်းငယ်စိတ်ရှုပ်သွား၏။ ကောချင်သည် ဖြစ်နိုင်ချေတစ်ခုကို ခန့်မှန်းမိပြီး၊

“ ဒါစုရီနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ် အဖိုကြီး၊ ငါနဲ့ယွမ်ဟမ်က ရွှမ်ဝူကျန်းချီသုတ္တန် ကျင့်ကြံထားတာ ဘယ်သူမဆိုသိနေတာပဲ ...

... ပြီးတော့ ယွမ်ဟမ်၊ ငါနဲ့စုရီတို့က မဟာကျိုးကနေလာတာမဟုတ်လား ငါတို့ကြား ဆက်ဆံရေးတစ်ခု ရှိမယ်လို့ သူတို့သံသယ ဖြစ်နေကြတာနေမယ်။ ”

ထိုသို့ပြောပြီးနောက် စိတ်ဓာတ်ကျ သွားသည်။ ထိုအချိန်တွင်၊

“ မိတ်ဆွေလေး ကျေးဇူးပြုပြီး ခဏနေပါဦး။ ”

အရပ်ရှည်ရှည်နှင့် ပိန်လှီသော လူတစ်ယောက် သူ့လမ်းကို ပိတ်ဆို့လာချေပြီ။ ထိုလူသည် အမှောင်တွင် အနက်ရောင်အင်္ကျီကို ဝတ်ထားသဖြင့် အမြင်အာရုံများ ဝိုးတဝါးဖြစ်စေ၏။

သူ့လက်ထဲတွင် ယပ်တစ်ချောင်း ကိုင်ထားပြီး အသက်လေးဆယ်ခန့်ရှိနေသည့် အမျိုးသားတစ်ဦးပေပင်။

ဤလမ်းသည် ရှည်လျား ကျယ်ဝန်းသောလမ်း ဖြစ်သည်။ ညနက်နေပြီ ဖြစ်သဖြင့် လမ်းသွားလမ်းလာများ ကင်းရှင်းနေ၏။

အနက်၀တ်အမျိုးသား ပေါ်လာသောအခါ ကောချင်ကို ဗဟိုပြုလျက် လေဟာနယ်သည် ထူးထူးခြားခြား ပြောင်းလဲသွားတော့သည်။

ကမ္ဘာကြီးနှင့် လုံးဝကင်းကွာသွားချေ၏။ ကောချင်တစ်ယောက် အမူအရာ မပြောင်းလဲဘဲ ပြန်ကြည့်လိုက်သည်။

“ ဒါကို လေဟာနယ်ပြောင်းလဲခြင်းလို့ ခေါ်တယ် ... မထိတ်လန့်ပါနဲ့ ငါတို့စကားဝိုင်းကို တခြားသူတွေ မသိစေချင်ရုံပါ။ ”

အနက်ဝတ်လူမှ ပြုံးကာပြောလိုက်သည်။

“ ငါတို့စကားပြောရအောင် မင်းကိုငါမသိဘူး ... ။ ”

ကောချင်က မျက်မှောင်ကြုတ်ကာ တုန့်ပြန်တော့၏။

“ အရင်က တစ်ယောက်နဲ့တစ်ယောက် မသိဘူးဆိုရင်တောင် အခုချိန်သိလဲ နောက်မကျ သေးပါဘူး။ ”

အနက်ဝတ်လူက ဦးညွှတ်ပြီး အနည်းငယ်ပြုံးပြကာ၊

“ ငါက ဟဲချန်ရင်ပါ ... တာအိုနာမည် သံသစ်ပင်ဖြစ်ပြီး ... နတ်ဆိုးဟွမ်မျိုးနွယ်ကနေ လာခဲ့တာပါ။ ”

“ နတ်ဆိုးဟွမ်မျိုးနွယ်လား ... ။ ”

ကောချင်မှ အံ့အားသင့်သွားကာ၊

“ နတ်ဆိုးဟွမ်မျိုးနွယ်စုရဲ့ မိသားစုဝင်တိုင်းက ဟွမ်အမည်ကို ခံယူရတာပါ ဘယ်လိုလုပ် သံသစ်ပင် ဖြစ်နေရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀)က ဟွမ်မိသားစုကြီးလက်အောက်မှာ အဓိကဂိုဏ်း ကိုးဂိုဏ်းရှိခဲ့တယ် ... ငါရဲ့‌ကောင်းကင်ရေ တာအိုဘုံကျောင်းဟာ အဲဒီဂိုဏ်းကြီးကိုးခုထဲက တစ်ခုပဲ ...

... အမှောင်တားမြစ်စွမ်းအင်တွေ ပေါ်ထွန်းလာချိန်မှာ ငါ့တာအိုဘုံကျောင်းလဲ ချွင်းချက်မရှိ ဘေးဥပဒ်ကို ခံစားခဲ့ရတယ် ...

... ကံအားလျော်စွာနဲ့ နတ်ဆိုးဟွမ်မျိုးနွယ်က ငါတို့ကို ကာကွယ်ပေးပြီး အခုပြန်နိုးထလာတာ မကြာသေးပါဘူး။ ”

“ ငါနားလည်ပြီ ... ။ ”

ကောချင်မှ အနည်းငယ် အံ့အားသင့်သွားကာ၊

“ ဒါဆို ဒီညဘာလို့ ငါ့ကိုလာတွေ့တာလဲ။ ”

-ဟု မေးလိုက်သည်။

“ ဒါက အရမ်းရိုးရှင်းပါတယ် ... စုရီနဲ့ပတ်သတ်တဲ့ကိစ္စတွေကို ဆွေးနွေးစရာရှိလို့ ငါတို့ဆီကို ဖိတ်ခေါ်ချင်တာပါ။ ”

ကောချင်တစ်ယောက် ပါးစပ်ထဲ ခါးသီးသွားလေသည်။ အမှန်တကယ်ပင် ဤအရေးသည် စုရီကြောင့် ဖြစ်နေ၏။

“ အကြီးအကဲ ... စုရီနဲ့ ငါမသိဘူး။ ”

ကောချင်စကားကို ဟဲချန်ရင်မှ ပြုံးတုန့်ပြန်သည်။ ကောချင်တစ်ယောက် သက်ပြင်းချလျက်၊

“ မင်းယုံမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ”

-ဟု ရေရွတ်လိုက်တော့၏။

“ စိတ်မပူပါနဲ့ မင်းပူးပေါင်းဆောင်ရွက်ရင် ဟွမ်မိသားစုက မင်းရဲ့အသက်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ငါအာမခံပါတယ်။ ”

“ ငါမင်းကို မယုံဘူး ... ။ ”

ကောချင်မှ လက်ဝှေ့ယမ်းလိုက်သည်။ ရောင်စုံနတ်သက်တံ့ကဲ့သို့ လျှို့ဝှက်သင်္ကေတ ဆယ်ခုကျော် ထွက်ပေါ်လာပြီး ဖျပ်ခနဲ အဝေးသို့ ပြေးထွက်သွား၏။

“ ဝှစ် ... ။ ”

ညာလက်၌ အနက်ရောင်သံပေတံကို ကိုင်ထားပြီး ဘယ်ဘက်လက်၌ ပုလဲတစ်လုံး ပေါ်လာသည်။

အနက်ရောင် သံပေတံကို နတ်တောင် ဟုခေါ်သည်။ ၎င်းသည် အစွမ်းအထက်ဆုံးသော ဝိညာဉ်လက်နက်များအနက်မှ တစ်ခုဖြစ်၏။

ပုလဲလုံးသည် အစီရင်ချိုးဖျက်ခြင်းပုလဲ ဖြစ်သည်။ ၎င်းသည် ကန့်သတ်ဝင်္ကပါများကို ချိုးဖြတ်ရန် အထူးပြုလုပ်ပေးထားသော လျှို့ဝှက်ရတနာတစ်ခုဖြစ်၏။

အလွန်ရှားပါးပြီး အဖိုးတန်သည်။ ဤဝိညာဉ်ပုလဲ၏ အကူအညီဖြင့် နှစ်များတွင် တားမြစ်ဇုန်များအတွင်းမှ အကြိမ်ကြိမ် လွတ်မြောက်လာဖူးသည်။

သို့တိုင် ယခုစိုးရိမ်နေဆဲ ဖြစ်သည်။ အံကြိတ်လျက် မီးခိုးရောင် နှလုံးကာကွယ်သည့် အဆောင်လက်ဖွဲ့ကို ထုတ်ယူပြီး လည်ပင်းတွင် ချိတ်ဆွဲလိုက်သည်။

၎င်းသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်ကျင်သူတစ်ဦး စွမ်းအားအပြည့် တိုက်ခိုက် သည်ကို ခံနိုင်ချေရှိ၏။ သို့မှသာ အနည်းငယ် သက်တောင့်သက်သာရှိသွားသည်။

“ ချိုးဖြတ် ... ။ ”

ပြေးလွှားနေလျက်မှ လက်ထဲရှိ အစီရင်ချိုးဖြတ်ခြင်းပုလဲသည် မီးစိမ်းပြလာပြီး အလင်းတန်း ပြေးထွက်ပေါက်ကွဲသွား၏။

“ ဝုန်း ... ။ ”

လေဟာနယ်ပြိုကျလာပြီး အက်ကြောင်း ပွင့်သွားခဲ့သည်။ ဝမ်းသာအားရနှင့် မဆိုင်းမတွ ပြေးထွက်လာခဲ့၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ဟဲချန်ယွင်သည် လက်လှိုင်းဖြင့် လျှို့ဝှက်အဆောင်များအပေါ် ရှင်းလင်းကာ မော့ကြည့်လိုက်၏။

ကောချင်သည် ကန့်သတ်ဧရိယာမှ ထွက်ပြေးသွားပြီဖြစ်သည်။ သို့သော် စိုးရိမ်ခြင်း မရှိဘဲ လှောင်ပြုံးဖြင့် ကြည့်လိုက်၏။

“ ထန် ... ။ ”

“ ဝုန်း ... ။ ”

ထို့နောက်တွင် ကျယ်လောင်သော မြည်သံနှင့်အတူ ခြေဖဝါးများတုန်ခါလျက် ကောချင်မှ ပြန်ဆုတ်လာခဲ့သည်။

သွေးများ ပွက်ပွက်ဆူလျက် လက်ထဲရှိ သံပေတံတုန်ခါနေခဲ့၏။ မလှမ်းမကမ်းတွင် အနီရောင်ဝတ်ရုံဝတ် လူတစ်ယောက် ရုတ်ချည်းပေါ်လာချေပြီ။

စူးရှသောမျက်လုံး ကျားမုတ်ဆိတ်နှင့် လျှပ်စီးရောင်ဝါများ တောက်လောင်နေသည်မှာ အလွန်ကြောက်စရာ ကောင်းသည်။

သူ့ရှေ့တွင် ငွေရောင်ဓားပျံတစ်လက် ပျံဝဲနေကာ အေးစက်သော အလင်းရောင်ဖြင့် လင်းလက်နေ၏။

ကန့်သတ်ဧရိယာအတွင်းမှ ဖြတ်ကျော်လိုက်စဉ် ထိုဓားပျံသည် ကောချင်ထံ ပြေးဝင်လာခြင်းဖြစ်သည်။

“ အစ်ကိုချူဟန်ထောင်ရဲ့ ဓားပျံကို တားဆီးနိုင်ခဲ့တာ လေးစားစရာပါပဲ ဒါကြောင့် သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲမှာ ထိပ်တန်း (၃၀)အဆင့်ကို ဝင်နိုင်ခဲ့တာကိုး။ ”

ဟဲချန်ယွင်က ပြုံးလျက် နောက်ပါးထံမှ လျှောက်လှမ်းလာ၏။ ကောချင်တစ်ယောက် ကူကယ်ရာမဲ့စွာပြုံးပြီး၊

“ ငါ့လို ပုရွက်​ဆိတ်လေး တစ်ကောင်နဲ့ ဆက်ဆံဖို့ တကယ်ပဲ ... ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက် လာခဲ့တာလား အထင်ကြီးလွန်းနေပါပြီ။ ”

-ဟု ညည်းတွားလိုက်သည်။

ဤလမ်းမတစ်​လျှောက် ကန့်သတ်အစီရင်များ ထပ်မံချမှတ်ထားမည်ကို သတိပြုမိလိုက်ချေပြီ။

ဆိုလိုသည်မှာ မည်မျှပင် ဆူညံ​​စေကာမူ အခြားသူများ၏ အာရုံအပေါ် ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

“ အဘိုးကြီး ... ဒီတစ်ခါတော့ ငါတို့ သေတဲ့အထိ တိုက်ပွဲဝင်မယ်ဆိုရင်တောင် ... မလွတ်မြောက်နိုင်တော့ဘူး ... ။ ”

( စိတ်မပူပါနဲ့ မင်းအသက်ရှင်ဖို့ အခွင့်ရေးပေးပါ့မယ်။ )

အဘိုးကြီးက ကတိပေးသည်။ အဝေးရှိဟဲချန်ယွင်မှ၊

“ မိတ်ဆွေလေး မင်းငါတို့နဲ့ လိုက်လာပြီး ဒုက္ခတွေကို ရှောင်တာ ပိုကောင်းလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ငါမင်းကို မယုံဘူး။ ”

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် အင်္ကျီလက်ကို ခါယမ်းလျက် ရာနှင့်ချီသော မှော်ရတနာများ လွင့်ထွက်လာလေသည်။

ကျားတစ်ကောင်နှင့် ဝံပုလွေတစ်ကောင်ရှိနေသော်လည်း ကံကောင်း ထောက်မစွာဖြင့် သူ့တွင် နည်းလမ်း ရှိနေသေး၏။

“ ချိုးဖြတ် ... ။ ”

ထို့နောက်တွင် ကန့်သတ်အစီရင်ထံ အစီရင်ချိုးဖျက်ခြင်းပုလဲဖြင့် ပစ်ပေါက်လိုက်ပြီး ချက်ချင်းပြေးဝင်လိုက်တော့သည်။

“ ဖပ် ... ။ ”

သို့သော် ထိုအရပ်တွင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက် ရုတ်တရက်ပေါ်လာပြီး လက်ဖြန့်ကာ တားမြစ်ပုလဲကို ဖမ်းယူသွားသည်။

“ အစီရင်ချိုးဖျက်ခြင်းပုလဲဆိုတာ အဖိုးတန်ရတနာပဲ ဒါပေမယ့် မင်းလက်ထဲမှာ ဆိုရင်တော့ တကယ်ဖြုန်းတီးမှုဖြစ်နေပြီ ဒီရတနာကို ငါလက်ခံလိုက်မယ်။ ”

သူစကားပြောနေစဉ် တားမြစ်ပုလဲကို သိမ်းဆည်းလျက် ကောချင်ထံ မော့ကြည့်လာ ချေပြီ။ ဤသည်မှာ တတိယမြောက် ဝိညာဉ် တာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပေပင်။

ကောချင်တစ်ယောက် ခန္ဓာကိုယ် တောင့်တင်းပြီး လျာဖျားတွင် ခါးသက်သော အရသာ ရရှိလာသည်။

ဤသို့ ဝိညာဉ်ထင်ရှားခြင်း အဆင့်မှ လူသုံးဦးနှင့် ဝိုင်းရံခံရသည့်တိုင်အောင် သူသည် မည်သည့်အချိန်မှစကာ အရေးပါခဲ့သနည်း။

ဤအခိုက်အတန့်တွင် သူသည် တောင်ပံပါသော်မှ မပျံနိုင်ဘဲ ပိတ်မိနေသော သားရဲငယ်တစ်ကောင်နှင့်တူနေ၏။

***

All Chapters