ရွှမ်ကြွယ်ခေါ်သံ ... ။
Vol. 37 Ch. 440
“ ငါမင်းကို မိတ်ဆက်ပေးပါရစေ ... ဒါ တာအိုလီဟန်မူပါ ...သူကတော့ တာအိုချူဟန် ငါ့လိုပဲ သူတို့နှစ်ယောက်စလုံးဟာ နတ်ဆိုးဟွမ်မျိုးနွယ်ပါပဲ။ ”
ဟဲချန်ရင်မှ သူ့လက်ထဲရှိ ယပ်ကို ခတ်လိုက်ပြီး၊
“ မိတ်ဆွေလေး ... မင်းထပ်ကြိုးစား ကြည့်ချင်သေးလား။ ”
-ဟု မေးလိုက်သည်။
လီဟန်မူက လက်နှစ်ဖက်နောက်ပို့ကာ အေးစက်သောအသွင်ဖြင့် ကောချင်ထံ စိုက်ကြည့် နေခဲ့သည်။
ချူဟန်က လက်တစ်ဖက်ဖြင့် ဓားပျံကို ဖမ်ယူကာ အဆုံးမရှိ လူသတ်လိုသော ရောင်ဝါ ထုတ်ဖော်ထား၏။
ဤအခင်းအကျင်းကို ကြည့်ကာ ကောချင်တစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊
“ ဒါဆို ထပ်ကြိုးစားပါရစေ။ ”
-ဟု တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဝှစ် ... ။ ”
အနက်ရောင်သံပေတံကို ဝှေ့ယမ်းပြီး သူနှင့်အနီးဆုံးလူဖြစ်သော လီဟန်မူဆီသို့ ပြေးဝင်သွားခဲ့၏။
ဝှက်ဖဲများအားလုံး အသုံးပြုသော် ဤလူကိုသတ်ပစ်နိုင်ပေမည်။ အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးပေပင်။
ထို့ကြောင့် လှုပ်ရှားလိုက်သည်နှင့် ဘဝအတွက် တိုက်ပွဲဝင်သကဲ့သို့ ပြင်ထန်သော ခွန်အားကို ထုတ်ဖော်ထားသည်။
တစ်ဖက်တွင် လီဟန်မူမျက်ဝန်းများ၌ အထင်အမြင်သေးသော အရိပ်အမြွက်များစွာ တောက်ပလာသည်။ လက်ဆန့်ကာ လေကိုပုတ်လိုက်၏။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သံပေတံတုန်ခါလျက် စွမ်းအင်လှိုင်းများ ပျံ့ကား သွားလေသည်။
“ ပုလဲတစ်လုံးက နေနဲ့လကို ယှဉ်ချင်နေတာလား။ ”
လီမူဟန်တစ်ယောက် ပြုံးရယ်ပြီး ခေါင်းယမ်းလိုက်သည်။ ဟဲချန်ရင်နှင့် ချူဟန်က ထိုမြင်ကွင်းကို အပျော်သဘောဖြင့် ကြည့်နေခဲ့၏။
ကြောင်တစ်ကောင်သည် ကြွက်ကို ကစားနေခြင်းပေပင်။ တစ်ဖက်တွင် ကောချင်မှ ကောက်ကျစ်စွာပြုံးပြီး သံပေတံဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်သည်။
“ ဟမ့် ... မင်းရဲ့ကန့်သတ်ချက်တွေကို မင်းမသိဘူး။ ”
လီဟန်မူတစ်ယောက် သက်ပြင်းချကာ သံပေတံကို ဖမ်းဆုပ်လိုက်၏။ ထိုအခိုက်တွင် သံပေတံသည် ရူးသွပ်စွာ မြည်ဟည်းလျက် အကန့်အသတ်မရှိသော စွမ်းအားတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။
“ ဘရူး ... ။ ”
ဆုပ်ကိုင်ထားသော လီဟန်မူခမျာ လက်ကောက်ဝတ်တွင် စူးရှသော နာကျင်မှုများ ခံစားလိုက်ရကာ လျှပ်စီးထိမှန်သွားသကဲ့သို့ မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွား၏။
ကောချင်ဦးခေါင်းအထက်တွင် မှုန်ဝါးနေသော ပုံရိပ်တစ်ရိပ် ပေါ်လာခဲ့သည်။ ဟဲချန်ရင်နှင့် ချူဟန်သည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်ဝန်းများ မှေးစင်းသွား၏။
ကောချင်ကဲ့သို့သော ပါရမီရှင်တစ်ပါးတွင် အသက်ကယ်ဝှက်ဖဲများ ရှိမည်ကို မျှော်လင့်ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သုံးယောက် ရောက်ရှိလာခြင်းပေပင်။
သို့တိုင် ယခုကဲ့သို့ ကြောက်စရာ ကောင်းသော ဝိညာဉ်အကြွင်းအကျန်တစ်ခု ဝှက်ထားလိမ့်မည်ဟု မမျှော်လင့်ထားချေ။
နှစ်ယောက်သား မှင်သပ်နေစဉ် ထိုဝိညာဉ်အကြွင်းအကျန်သည် လီဟန်မူကို သတ်ရန်ပြေးဝင်တော့သည်။
“ ဟမ့် ... ။ ”
လီဟန်မူက လျင်မြန်စွာဖြင့် အဆောင်တစ်ခုကိုထုတ်ကာ ပစ်ပေါက်လိုက်၏။ ဝိညာဉ်အကြွင်းအကျန်မှာ ဆုတ်ခွာလိုက်စဉ် အဆောင်ရတနာ ပေါက်ကွဲသွားသည်။
ထိုပေါက်ကွဲလှိုင်းသည် လီဟန်မူ၏ အတွင်းအင်္ဂါများထံ ရိုက်ခတ်တုန်ခါစေလျက် နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာ၏။
“ ကန့်သတ်ချက်ကို ငါဖျက်ပေးလိုက်ပြီ ကောင်လေး မင်းပြေးတော့။ ”
ဝိညာဉ်အကြွင်းအကျန်က ကောချင်ကို သတိပေးလိုက်သည်။ တစ်ဆက်တည်းမှာပင် တံဆိပ်တစ်ခုဖန်တီးကာ လီဟန်မူအပေါ် ဟန့်တားရန်ပြင်၏။
“ ဘာကြီးလဲ ... ။ ”
တံဆိပ်ထံမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်အချို့ လွင့်စင်သွားကာ လိပ်ခေါင်း၊ မြွေအမြီးနှင့် ခြေထောက်လေးချောင်းပါရှိသော ကိုယ်ခန္ဓာသည် တောင်ကဲ့သို့ ကြီးမားသည့် သတ္တဝါကြီး ကောင်းကင်၌ပေါ်လာ၏။
“ ကောင်းကင်ဘုံ မှောက်လှန်ခြင်းတံဆိပ်။ ”
အဝေးမှ ကြည့်သော် နတ်သားရဲကြီး ကောင်းကင်ကိုကွဲလျက် ကမ္ဘာကိုဖျက်ဆီးရန် ဆင်းသက်လာသည်နှင့်တူသည်။
“ သွား ... ။ ”
ဤအခိုက်အတန့်တွင် ဟဲချန်ရင်သည် ရတနာကြေးမှန်တစ်ချပ် ထုတ်ယူကာ ပစ်တင် လိုက်လေသည်။
“ ဝှစ် ... ။ ”
ရတနာကြေးမုံသည် လည်ပတ်လျက် လေထုအလယ်လွင့်မျောကာ အေးစက်သော အလင်းများ ပေါက်ကွဲလာ၏။
“ ဝုန်း ... ။ ”
ထိုအလင်းတန်းသည် ကောင်းကင်မှဆင်းလာသော နတ်သားရဲကို အရှိန်ဖြင့် ထိမှန်သွားသည်။
“ ဝူး ... ။ ”
ရွှမ်ဝူနတ်သားရဲ၏ မှုန်ဝါးနေသော ရုပ်သဏ္ဍာန်သည် ပြင်းစွာတုန်ခါလျက် နာကျင် သွားဟန် ညည်းညူသံများ ပဲ့တင်ထပ်လာ၏။
အကြွင်းအကျန်ဝိညာဉ်၏ ကောင်းကင်ဘုံ မှောက်လှန်ခြင်းတံဆိပ်ခမျာ စွမ်းအားမထုတ်မီ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ အဘိုးကြီး ... ။ ”
ကောချင်က ထိတ်လန့်သွားပြီး လှည့်ကြည့်သည်။ အဘိုးအို၏ မှုန်ဝါးနေသော ရုပ်သွင်သည် ပြိုကျတော့မည့် လက္ခဏာများ ပြသနေ၏။
ရတနာကြေးမှန်၏ တိုက်ခိုက်မှုသည် အလွန်ကြောက်စရာကောင်းပြီး အဘိုးအိုကို ဒဏ်ရာ ရရှိသွားစေသည်မှာ သေချာနေ၏။
ထိုမြင်ကွင်းကြောင့် ဟဲချန်ရင်က ကျေနပ်စွာဖြင့် ရတနာကြေးမှန်ကို ပြန်ခေါ်ကာ၊
“ မိတ်ဆွေလေး ... မင်းရဲ့ ကျောထောက်နောက်ခံက သိပ်အသုံးမ၀င်ဘူး ထင်တယ်။ ”
-ဟု လှောင်ပြောင်လိုက်သည်။
ကောချင်တစ်ယောက် ဝမ်းနည်းနေသော အသွင်ဖြင့် အဖိုးကြီးထံ မော့ကြည့်ကာ မတုန့်ပြန်နိုင်ချေ။
“ စိတ်ဝိညာဉ်ဝါးမျိုခြင်းကြေးမှန်ပဲ ငါ့ရဲ့အထွတ်အထိပ်အချိန်တုန်းဆိုရင် ဒီလိုမှန်က ယားယံမှုကိုတောင် ပြေစေဖို့ မလုံလောက်ဘူး အခုအချိန်မှာတော့ ပုရွက်ဆိတ်တွေရဲ့ အနိုင်ကျင့်တာကို ခံနေရပြီ။ ”
အဖိုးကြီးက သက်ပြင်းချကာ ညည်းတွားလိုက်သည်။
“ ပုရွက်ဆိတ်တဲ့လား ... ဟား ဟား ဟား။ ”
သူ့စကားကို ကြားချိန်၌ ဟဲချန်ရင်နှင့် အဖွဲ့သည် လှောင်ပြုံးဖြင့် ရယ်မောကုန်သည်။ ဤလူမဟုတ်-တစ္ဆေမဟုတ် ဝိညာဉ်သည် မောက်မာလွန်းချေပြီ။
“ အဘိုးကြီး၊ ကြွားလုံးထုတ်ဖို့ မင်းမှာအချိန်ရှိသေးလား ငါတို့သေတာထက် ဘာမှပိုမရှိပါဘူး ငါကောချင်က ဒီလောက်လည်း သူရဲဘောကြောင်သူ မဟုတ်ပါဘူး ...
... မင်းအမြဲပြောသလိုပဲ ကျင့်ကြံခြင်းမှာ အသက်နဲ့သေခြင်းကို လျစ်လျူရှုထားသင့်တယ် မင်းတကယ် မရှောင်နိုင်တော့ရင် အားလုံးကိုပေးပါ။ ”
ကောချင်က အဖိုးကြီးကို နှစ်သိမ့်ပြောကြားလိုက်သည်။ အဖိုးကြီးမှ ခေါင်းရမ်းလျက်၊
“ သေမှာကို မကြောက်ပါဘူး ဒါပေမယ့် ငါ့ရင်ထဲကသံသယတွေကို မဖြေရှင်းနိုင်သေးဘဲ မသေချင်တာပါ ...။ ”
ထို့နောက် အဖိုးကြီးက ရုတ်တရက် ခေါင်းမော့ကာ ဝိုးတဝါးအမိန့်ကျမ်းစာအချို့ကို ရွတ်ဆိုနေသကဲ့သို့ အသံလှိုင်းများ ထုတ်လွှတ် လိုက်လေသည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ဟဲချန်ရင်နှင့်အဖွဲ့သည် မျက်မှောင်ကြုတ်လျက် ပဟေဠိဖြစ်ကုန်ကြ၏။
တစ်ချိန်တည်းမှာပင် မိုးပြာခြံဝင်းရှိ အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသော စုရီမှ ရုတ်တရက် မျက်လုံးပွင့်လာပြီး၊
“ ရွှမ်ကြွယ်ခေါ်သံ ... ။ ”
-ဟု ရေရွတ်လိုက်၏။
စုရွှမ်ကြွယ်ဘဝတွင် ဤလျှို့ဝှက် နည်းပညာကို သူဖန်တီးခဲ့ပြီး တပည့်ကိုးဦးကို သင်ကြားပေးခဲ့သည်။
အန္တရာယ်ကြုံသော် ထိုအသံလွင့်မှုကို အသက်သွင်းရန် ဝိညာဉ်စွမ်းအင်အသုံးချရန်သာ လိုအပ်၏။ သူ့နာမည် ရွှမ်ကြွယ်ကို အစွဲပြုလျက် ရွှမ်ကြွယ်ခေါ်သံဟု အမည်ပေးခဲ့ခြင်းပေပင်။
“ ဒီကောင်လေး ... ။ ”
ငြိမ်သက်နေသော ရေကန်ထဲ ကျောက်တုံးပစ်ချလိုက်သကဲ့သို့ စိတ်နှလုံးတွင် လှိုင်းလုံးကြီး ဖြစ်ပေါ်လာ၏။
***
“ မင်းတို့ အဲဒီဝိညာဉ်ကို တားလိုက် ... ငါမိတ်ဆွေလေးကို ဖမ်းလိုက်မယ်။ ”
ဟဲချန်ရင်က လေးနက်သောအသွင်ဖြင့် ပြောလိုက်သည်။ ထိုဝိညာဉ်သည် မည်သည့် အရာများ ရွတ်နေသည်ကို မသိနိုင်ချေ။
မလိုလားအပ်သော ဒုက္ခများမှ ရှောင်ရှားနိုင်ရန် တားဆီးရပေမည်။ ချူဟန်နှင့် လီဟန်မူက သဘောတူပြီး ချက်ချင်း လှုပ်ရှားတော့သည်။
“ ဟိတ် ... ။ ”
အစိမ်းရောင်တံဆိပ်ကို အသက်သွင်းခဲ့ပြီး ဓားပျံဆင့်ခေါ်ကာ မှုန်ဝါးနေသော ရုပ်သွင်ဆီသို့ ပြေးသွားခဲ့ကြ၏။
“ ဟမ့် ... ။ ”
ထို့နောက်တွင် အဖိုးကြီးသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ ကျွမ်းကျင်သူ နှစ်ယောက်၏ တိုက်ခိုက်ခြင်းခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရလာလေသည်။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် ဟဲချန်ရင်သည်လည်း ကောချင်ကို ဖမ်းရန်ကြိုးစားနေ၏။ ကောချင်က သေခြင်းတရားကို ငြိမ်မခံဘဲ ပေတံကိုင်ဆွဲကာ ပြန်၍တိုက်ခိုက်လိုက်သည်။
“ မိတ်ဆွေလေး ... မင်းလို ဉာဏ်ကြီးရှင်တစ်ယောက်ကို အသက် မသေစေချင်ဘူး အညံ့ခံပါ။ ”
ရုတ်တရက် ဟဲချန်ရင်ထံမှ ရွှေရောင်ကြိုးတစ်ချောင်း ပျံတက်လာပြီး ပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွား၏။
“ ချိုးဖြတ် ... ။ ”
ကောချင်မှ ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီးနောက် သံပေတံဖြင့် ရိုက်ချ လိုက်သည်။ သို့သော် မအောင်မြင်ချေ။
“ မကောင်းတော့ဘူး ... ။ ”
ရွှေပိုက်ကွန်သည် ပင့်ကူမျှင်ကဲ့သို့ သံပေတံကို ရစ်ပတ်သွား၏။ ကောချင်ခမျာ မျက်နှာပြောင်းသွားပြီး ပေတံကိုလွှတ်ကာ ချက်ချင်းဆုတ်ခွာလိုက်ရသည်။
“ မိတ်ဆွေလေး ... ဒီဝိညာဉ် တုပ်နှောင်ကြိုးရဲ့ စွမ်းအားအောက်မှာ ဝိညာဉ် ထင်ရှားခြင်း အဆင့်အောက်က ... ဘယ်သူမှ မလွတ်မြောက်နိုင်ပါဘူး။ ”
ရုတ်တရက် ရွှေပိုက်ကွန်သည် ပေတစ်ရာအရွယ်အစားအထိ ပြန့်ကားလာပြီး ကောချင်၏ ဆုတ်ခွာရာလမ်းကြောင်းများကို ပိတ်ဆို့သွားချေပြီ။
ကောချင်တစ်ယောက် မျက်လုံးများ နီရဲလျက် ရှောင်တိမ်းရန် အစွမ်းကုန်ကြိုးစား သော်လည်း အချည်းနှီးသာဖြစ်နေခဲ့၏။ ဖမ်းဆီးခြင်း ခံလိုက်ရသည်။ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
“ ငါတို့တွေတိုက်ရမယ်ဆိုရင် ... မင်းလို ပါရမီရှင်ကို သေချာပေါက် ... ငါအနိုင်ယူနိုင်မှာ မဟုတ်ဘူး ...
... အခုတော့ နတ်ဆိုးဟွမ်မျိုးနွယ်ရဲ့ မှော်ရတနာကိုးပါးထဲက တစ်ပါးနဲ့ လွယ်လွယ် ဖမ်းနိုင်ပြီ။ ”
ဟဲချန်ရင်က အပြုံးဖြင့် ရှေ့သို့ လျှောက်လှမ်းလာနေသည်ကို ကြည့်လျက်ဖြင့် ကောချင်တစ်ယောက် အမြင်အာရုံများ မှောင်မိုက်သွားတော့သည်။
“ တောင်းပန်ပါတယ် မိတ်ဆွေလေး ... မင်းဟာ နတ်ဆိုးဟွမ်မျိုးနွယ်အတွက် အရမ်း အရေးကြီးတယ် ... မင်းကိုယ်မင်း သတ်သေ သွားမှာကို ငါစိုးရိမ်တယ် ... ဒါကြောင့် ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ပါ။ ”
စကားဆုံးသည်နှင့် ကောချင်ပါသော ရွှေပိုက်ကွန်ကို ကောက်ကိုင်လိုက်ကာ အဝေးရှိ တိုက်ပွဲထံသို့ မော့ကြည့်၏။
သူ့အဖော်နှစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် အကြွင်းအကျန်ဝိညာဉ် ခမျာ ပြိုကျလုနီးပါးဖြစ်နေပြီဖြစ်သည်။
ဝိညာဉ်ခန္ဓာသည် မြူကဲ့သို့ပါးလျကာ ဒဏ်ရာပြင်းထန်နေခဲ့ပြီး အချိန်မရွေးပျက်ပြယ် တော့မည့်အသွင်အပြင်မျိုးပေပင်။
“ မင်းတို့နှစ်ယောက်၊ ဝင်္ကပါစွမ်းအားက ကုန်ဆုံးလုနီးပါးဖြစ်နေပြီ ကျေးဇူးပြုပြီး မြန်မြန် လုပ်ပါ။ ”
ဤတဝိုက်တွင် ကောင်းကင်ဖုံးကွယ် ဝင်္ကပါကို ခင်းကျင်းထားသည်။ သို့သော် ၎င်းမှာ ကြာရှည်ခံတော့မည် မဟုတ်ချေ။
ထိုဝင်္ကပါသည် တော်ဝင်မြို့တော်ကို ဖုံးအုပ်ပေးထားသော ဆေးအိုးကိုးပါ ဖိနှိမ်ခြင်း ဝင်္ကပါကြီး သတိမထားမိစေရန် ဖုံးကွယ်ပေးခြင်း ဖြစ်သည်။
“ ကောင်းပြီ ... ။ ”
လီဟန်မူက ကောက်ကျစ်သော အပြုံးဖြင့် ရောင်ဝါများမြှင့်တင်ကာ အစိမ်းရောင်တံဆိပ်ကို တောက်ပစေလျက် အဖိုးကြီးထံ ရိုက်ချလိုက်သည်။
“ ဟမ့် ... ။ ”
အဖိုကြီးက နောက်ဆုတ်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ဖမ်းဆီးခံထားရသော ကောချင်ထံ ငဲ့စောင်းကြည့်လိုက်သည်။
“ ကောင်လေး ... ငါခန့်မှန်းတာ မှားသွားတာဖြစ်နိုင်တယ် တောင်းပန်ပါတယ်။ ”
ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ နောင်တရခြင်းစသည့် ခံစားများရောပြွန်းဟန် ကောချင်ကို တောင်းပန်စကားဆိုလိုက်၏။
ထိုအချိန်တွင် ဓားပျံသည် အလွန် လျင်မြန်သောအဟုန်ဖြင့် ဝင်ရောက်လာနေပြီ ဖြစ်သည်။ ရှောင်တိမ်းရန်ပင် သူ့တွင်ခွန်အား မကျန်တော့ချေ။ စိတ်ပျက်လက်ပျက်ဖြင့် သေခြင်းတရားကို စောင့်နေခဲ့မိ၏။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံး ပြင်းစွာ တုန်ခါသွားလေသည်။ သူ့ထံဦးတည်နေသော ဓားပျံသည် မြေပြင်၌ လဲလျောင်းနေ၏။
“ ငါ မသေဘူးလား။ ”
အဖိုးကြီးက သေခြင်းတရားမှ လွတ်မြောက်ခြင်းအပေါ် အံ့အားသင့်သွားကာ မျက်စိဖွင့်ကြည့်လိုက်သည်။
သူ့ဘေးတွင် ကျောက်စိမ်းရောင် ဝတ်ရုံများတဖျပ်ဖျပ်လွင့်လျက် လက်နှစ်ဖက် နောက်ပို့ကာ လူငယ်တစ်ယောက်ရပ်နေ၏။
“ မင်း ... ။ ”
အဖိုးအိုခမျာ လူငယ်ကို မြင်ချိန်၌ မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားချေပြီ။
စုရီက အဖိုးကြီးကို ကြည့်ကာ နှလုံးသားတစ်ခုလုံး ကမောက်ကမဖြစ်လာပြီး စိတ်မထိန်းနိုင်တော့ဘဲ၊
“ လိပ်မိုက်ကလေး ... ။ ”
-ဟု နှုတ်ဆက်လိုက်တော့၏။
***