ဘယ်လိုသေချင်လဲ ... ။
Vol. 37 Ch. 441
အဖိုးအို၏ မှုန်ဝါးသော ရုပ်သွင်သည် နာမ်စားကြောင့် တဆတ်ဆတ် တုန်ရင်လျက် ခံစားချက်များ ပေါက်ကြားလာကာ၊
“ ဆရာ ... ။ ”
-ဟု ခေါ်ဆိုလိုက်သည်။
သူ့အသံသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားခြင်း၊ တုန်လှုပ်ခြင်းနှင့် အံ့သြခြင်း စသည်တို့ ပြည့်နှက်နေ၏။
“ လိပ်မိုက်လေး ... မင်းပိုပိုပြီး အသုံးမကျတော့ဘူး ဒီညငါ့သာရောက်မလာရင် ဒီပုရွက်ဆိတ်သုံးကောင်ကြောင့် မင်းသေရမှာ ကြောက်မိတယ်။ ”
ဤကဲ့သို့ ကြိမ်းမောင်းခံရခြင်းကို ခံရသော်လည်း အဖိုအို၏ မှုန်ဝါးနေသော ရုပ်သွင်က ပြုံးကာ ကယောင်ကတမ်းဖြင့်၊
“ ဆရာ ... တကယ်ပဲ မင်းမသေဘူးဆိုတာ ငါသိတယ်၊ ဝိုး ... အရမ်းကောင်းတယ် အရမ်း ကောင်းတယ်။ ”
-ဟု အော်ဟစ်လိုက်သည်။ သူသည် သေဆုံးလုနီးပါးပြင်းစွာ ဒဏ်ရာရနေသော်လည်း အလွန်ပျော်ရွှင်နေခဲ့၏။
ထိုအမူအရာကြောင့် စုရီနှလုံးသားများ တုန်ခါလာပြီး အကြည့်များ နူးညံ့ပျော့ပျောင်း သွားလေသည်။
“ ကောင်းပြီ ... မင်းရဲ့ဒေါသကို အရင်ဖြေဖျောက်ဖို့ ကူညီပါရစေ ... ပြီးရင် ငါတို့ စကားပြောဖို့ နေရာရှာနိုင်မယ်။ ”
“ ဆရာ ... ငါမင်းကို ဒုက္ခပေးမိပါပြီ။ ”
“ ဒုက္ခလား ... ဟားဟားဟား ဒီလိုပုရွက်ဆိတ်သုံးကောင်ကို ဘယ်လိုဒုက္ခလို့ ခေါ်နိုင်မှာလဲ။ ”
အဖိုးအို၏ မှုန်ဝါးနေသော ရုပ်သွင်က ရှက်ရွံ့စွာခေါင်းငုံ့သွားသည်။ စုရီက လူသုံးဦးထံ လှည့်ကြည့်ကာ ရယ်မောလိုက်၏။
“ စုရီ၊ မင်းက ဒီမကောင်းဆိုးရွားရဲ့ သခင်လား။ ”
ခပ်လှမ်းလှမ်းတွင် ဟဲချန်ယွင်က မျက်မှောင်ကြုတ်ကာ အနည်းငယ်အံ့သြလျက် စိတ်ရှုပ်နေပုံဖြင့် မေးမြန်းလာသည်။
ဤစုရီသည် တားမြစ်ဝင်္ကပါကို ဖောက်ထွင်းဝင်ရောက်ပြီး ချူဟန်၏ဓားပျံထံ ဟန့်တားခဲ့၏။ သည်မတိုင်မီ စုရီသန်မာသည်ကို သိထားသော်လည်း ကြောက်ရွံ့ခြင်းမရှိချေ။
သို့သော် ယခုမူ မှုန်ဝါးသောဝိညာဉ်၏ သခင်ဖြစ်သည်ကို ကြားသိလိုက်ရချိန်တွင် အနည်းငယ် စိုးရိမ်လာခဲ့သည်။
အကြောင်းမှာ မှုန်ဝါးနေသော ထိုဝိညာဉ်သည် ဒဏ်ရာများစွာ ရရှိနေသည့်တိုင် ကြောက်မက်ဖွယ် ကောင်းသည်ကို အားလုံးသတိပြုမိထား၏။
၎င်း၏အထွတ်အထိပ်တွင် အနည်းဆုံး ဝိညာဉ်တာအိုနယ်ပယ် သို့မဟုတ် ယင်းထက် ပို၍မြင့်မားပေမည်။
ထိုသို့သောတစ်စုံတစ်ယောက်သည် စုရီအပေါ်လေးစားစွာ ဆရာခေါ်နေခဲ့သည်။ စုရီမှ သုံးယောက်လုံးကို ဝေ့ကြည့်၏။
“ ဘယ်လို သေချင်လဲ။ ”
ထိုမေးခွန်းသည် ငြိမ်သက်နေပြီး သတ်ဖြတ်ခြင်း ဆန္ဒများ မပါဝင်ချေ။ သို့သော် ဤမြင်ကွင်းသည် အဖိုးအိုအတွက် ကြာရှည်စွာ ပျောက်ဆုံးနေသော ရင်းနှီးကျွမ်းဝင်မှု ပေပင်။
သခင်သည် ထိုစဉ်ကဲ့သို့ ငြိမ်သက် နေသေးသည်။ ကောင်းကင်ကြီး ပြိုကျလျှင်ပင် မျက်မှောင်ကြုတ်နေမည် မဟုတ်ချေ။
တစ်စုံတစ်ယောက်ကို သတ်တော့မည်ဆိုသော် သခင်အမူအရာသည် ဤသို့တည်ငြိမ်နေပေမည်။
“ ဟားဟားဟား ... စုရီ ... မင်းရဲ့ တိုက်ပွဲဝင်စွမ်းအားက တကယ့်ကို မယုံနိုင်စရာ ပါပဲ ... ဒါက ငါတို့ကို နည်းနည်းတော့ ကြောက်စေလိမ့်မယ် ...
... ဒါပေမယ့် အခုချိန်မှာ ... ငါတို့သုံးယောက်ဖြစ်နေတဲ့အတွက် မင်းလို ဂျူနီယာတစ်ယောက် လုပ်နိုင်စရာ နည်းလမ်းမရှိပါဘူး။ ”
လီဟန်မူက ပေါ့ပေါ့ပါးပါးပင် ပြောသည်။ ချူဟန်မှ ဓားပျံကိုဆုပ်ကိုင်လျက် လှုပ်ရှားရန် အသင့်ဖြစ်နေပြီဖြစ်၏။
အခြားတစ်ဖက်တွင် ဟဲချန်ရင်သည် နိုးကြားသောအကြည့်ဖြင့် အလားတူရှိနေသည်။ စုရီက စကားပြောရန် ပျင်းရိလာပြီး၊
“ ကောင်းပြီ ... မင်းတို့ကိုယ်တိုင် မရွေးချယ်တဲ့အတွက် ငါကူညီပါရစေ။ ”
-ဟု ဆိုကာ လီဟန်မူထံ ဦးတည်ကာ လျှောက်လှမ်းသွား၏။ သူ့ခြေလှမ်းတိုင်းသည် ပန်းခြံထဲ လျှောက်လှမ်းနေသကဲ့သို့ ပေါ့ပေါ့ပါးပါးရှိနေသည်။
“ မင်းသေချင်နေတာပဲ။ ”
လီဟန်မူက ဝိညာဉ်ထင်ရှားခြင်း အစောပိုင်းအဆင့်ရောင်ဝါများ သွန်းလောင်းကာ တံဆိပ်တစ်ခုပစ်တင်လိုက်၏။
အစိမ်းရောင် အလင်းများနှင့်အတူ နဂါးဟောက်သံနှင့် ကျားဟောက်သံများ ချက်ချင်း ပဲ့တင်ထပ်လာတော့သည်။
“ ရွှပ် ... ။ ”
တံဆိပ်မျက်နှာပြင်တွင် မရဏ တောင်တန်းဟု ရေးထိုးထား၏။ ဖျက်ဆီးခြင်း ရောင်ဝါများ ထုတ်လွှတ်လျက် ပျံသန်းနေချေပြီ။ စုရီမှရှောင်တိမ်းခြင်းမပြုဘဲ အမှောင်နတ်ဓား ထုတ်ယူကာ ခုတ်ပိုင်းချလိုက်၏။
“ ဝုန်း ... ။ ”
ဓားအလင်းသည် လျှပ်စီးကဲ့သို့ လွင့်ပျံသွားလေသည်။ ပေါက်ကွဲသံများနှင့်အတူ မရဏတောင်တန်းတံဆိပ်သည် စက္ကူကဲ့သို့ နှစ်ခြမ်းကွဲသွားတော့၏။
“ အဟွတ် ... အဟွတ် ... ။ ”
တံဆိပ်အတွင်း စိတ်ဝိညာဉ်နှင့် ဆက်သွယ်ထားသောကြောင့် ဖျက်ဆီးခံရချိန်၌ လီဟန်မူတစ်ယောက် နှုတ်ခမ်းမှသွေးများ စီးကျလာတော့သည်။
ဓားတစ်လက်သည် သူ၏ အစွမ်းအထက်ဆုံးသော ဝှက်ဖဲကို ဖြိုခွင်းနိုင်ရုံ သာမက ဖျက်ဆီးသွားချေပြီ။
၎င်းသည် သူ့မျှော်လင့်ချက်ထက် လုံးဝကျော်လွန်သွားခဲ့ပြီး ဦးရေပြားများကို ထုံကျင်သွားစေ၏။
ယမန်နေ့ပြိုင်ပွဲတွင် ပြသသော ခွန်အားနှင့်ယှဉ်သော် ဤဓားသည်ကြောက်စရာ ပိုကောင်းချေသည်။
ဆိုလိုသည်မှာ ထိုစဉ်က စုရီသည် သူ့ခွန်အားကို အကုန်အစင် အသုံးပြုခြင်းမရှိဟု အဓိပ္ပါယ်ရ၏။
ဟဲချန်ရင်နှင့် ချူဟန်တို့က တစ်ခုခု မှားနေမှန်းသတိထားမိကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရန်ပြင်သည်။
“ ရွှပ် ... ။ ”
သို့သော် စုရီက ခွင့်မပြုချေ။ မရဏတောင်တန်းတံဆိပ်ကို ချိုးဖြတ်ပြီးနောက် အမှောင်နတ်ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီဖြစ်သည်။
“ တားဆီး ... ။ ”
ထိုမြင်ကွင်းကြောင့် လီဟန်မူခမျာ ချက်ချင်းတံဆိပ်များသွန်းလုပ်ကာ နီမြန်းသော လမင်းတစ်စင်းဖန်တီးလျက် ဟန့်တား လိုက်ရသည်။
“ သွေးလမင်း အကာအကွယ် ... ။ ”
“ ဘောင်း ... ။ ”
ဤသည်မှာ အံ့မခန်း ခံစစ်စွမ်းအား တံဆိပ်ဖြစ်သည်။ သို့သော် အမှောင်နတ်ဓားနှင့် ထိမိချိန်၌ သွေးလမင်းတွင် အက်ကြောင်းများ ပေါ်လာပြီး ပေါက်ကွဲသွားတော့၏။
“ မဟုတ်ဘူး ... ။ ”
လီဟန်မူတစ်ယောက် ထိတ်လန့်လျက် သူ့ရင်ဘတ်ထဲမှ နှလုံးသားခုန်ထွက်လုနီးပါး ဖြစ်သွားလေသည်။
မူလနန်းတော်အဆင့် လူငယ်ရှေ့တွင် ဝိညာဉ်ထင်ရှားခြင်းအဆင့် ခွန်အားများသည် ဤမျှရယ်စရာ ကောင်းနေသည်လော။
“ ..... ။ ”
အတွေးများ မဆုံးခင် ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်လုံးများ ရုတ်တရက် ကျယ်လာသည်။
“ ဘောင်း ... ။ ”
အေးစက်သော ခံစားချက်က လည်ပင်းကို ထိုးဖောက်ဝင်ရောက်လျက် အရေပြား၊ အသား၊ အရိုး၊ အတွင်းအင်္ဂါများနှင့် ဝိညာဉ်ကို ခဏချင်း အပိုင်းအစများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့၏။
“ သေပြီလား ... ။ ”
မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူကို အပိုင်းအစများအဖြစ် ပြောင်းလဲလိုက်ချေပြီ။
“ ဒီလိုဆရာမျိုးနဲ့ တွေ့ခွင့်ရတာ အမှောင်ခန်းထဲ ဆီမီးခွက်တစ်လုံး မြင်လိုက်ရ သလိုပါပဲ ကံကောင်းလိုက်တာ။ ”
ထိုမြင်ကွင်းကြောင့် အဖိုးအိုက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ချူဟန်နှင့် ဟဲချန်ရင်ခမျာ အသိစိတ်များ လွတ်သွားချေပြီ။ ထိုအချိန်တွင် စုရီသည် ချူဟန်ထံ လှည့်ကြည့်လာတော့၏။
“ ဓားသမားလား ... ဒါဆိုမင်းရဲ့ဓားကို ဓားနဲ့ဖြတ်ပြီး ... နှလုံးသားကို ဓားနဲ့ထိုးမယ် မင်းခေါင်းကို ငါဖြတ်မယ်။ ”
“ အသက်ဝင် ... ။ ”
စကားသံမဆုံးခင် လေကဲ့သို့ ရွေ့လျားကာ ချူဟန်ထံ ဦးတည်တော့၏။ ချူဟန်မှ ဓားပျံဖြင့် သူ့လမ်းကိုဟန့်တားလေသည်။
“ ဘရူး ... ။ ”
“ ကောင်းကင်သတ်ဖြတ်ခြင်း ဓားအစီရင် ... ။ ”
ဓားပျံသည် လမ်းတစ်လျှောက် ဓားအရိပ်ပေါင်း (၃၆)ရိပ်တိတိ ခွဲထွက်လာကာ အရပ်ရပ်သို့ ပြန့်ကားသွား၏။
ဤသည်မှာ ချူဟန်၏ အပြင်းထန်ဆုံး သတ်ဖြတ်ခြင်းဓားအစီရင် ဖြစ်သည်။ ဝိညာဉ် ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူများကိုပင် ခြိမ်းခြောက်ရန် လုံလောက်၏။
သို့သော် ထိုသို့သောဓားအစီရင်သည် စုရီရှေ့မှောက်တွင် ကျွမ်းကျင်သူတစ်ဦးရှေ့၌ ဓားဖြင့်ကစားသော ကလေးဖြစ်နေသည်။
“ သနားစရာပဲ ... ။ ”
“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”
စုရီ၏ မျက်လုံးများ တောက်ပလာပြီး သူ့လက်ထဲမှ အမှောင်နတ်ဓားကို (၃၆)ကြိမ် ခုတ်ပိုင်းချလိုက်၏။ ဓားအလင်း (၃၆)လက် ပျံထွက်လာပြီး ဓားပျံလမ်းကြောင်းသို့ တိုးဝင်သွားလေသည်။
“ ကလန် ... ကလန် ... ။ ”
ဓားချက်တိုင်းသည် အားနည်းချက်များသို့ ညွှန်ပြနေ၏။ သတ္ထုတိုက်မိသံများ ဆူညံလာပြီး ဓားအစီရင်ပြိုကျ ပျက်ပြယ်သွားတော့သည်။
ကောင်းကင် သတ်ဖြတ်ခြင်း ဓားအစီရင်သည် စွမ်းအားအပြည့်ထုတ်လွှတ်ရန် အချိန်မရခဲ့ချေ။
“ ရွှပ် ... ။ ”
ထိုမြင်ကွင်းကြောင့် ချူဟန်ကဓားပျံကို ပြန်လည်ခေါ်ယူကာ သတ်ရန်ပြေးဝင်လာသော စုရီထံထပ်မံပစ်ချလိုက်ရသည်။
“ ချွင် ... ။ ”
လေထုအလယ် ဓားနှစ်လက် ကွဲထွက်သွားစဉ် ချူဟန်မှ လှည့်ပြေးတော့၏။ ဆက်၍ မတိုက်ဝံ့တော့ချေ။
“ ဟမ့် ... ။ ”
ယင်းကို ဟဲချန်ရင်တစ်ယောက် မြင်ပြီး ရွှေကြိုးဖြင့် စုရီလမ်းကို ဟန့်တားရန် ကြိုးစား လေသည်။ ရွှေကြိုးသည် ကောင်းကင်ပေါ် ပျံတက်သွားကာ ပိုက်ကွန်သဖွယ် ပြန်၍ ကျဆင်းလာတော့၏။
“ ချွင် ... ချွင် ... ။ ”
စုရီမျက်ဝန်းများ မှေးစင်းသွားသည်။ အမှောင်နတ်ဓားသည် ဓားပျံနှစ်လက်အပေါ် လွင့်စဉ်စေလျက် ကျဆင်းလာသောပိုက်ကွန်ကို ဖြတ်တောက်တော့၏။
“ ဘရူး ... ။ ”
“ ဘုတ် ... ။ ”
ရွှေပိုက်ကွန်သည် ပြင်းထန်စွာတုန်ခါပြီး စွမ်းအားကိုမခံနိုင်တော့ဘဲ ပျက်ပြယ်သွားကာ မူလကြိုးပုံစံသို့ ပြောင်းလဲပြုတ်ကျသွားသည်။
“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”
ဝိညာဉ် တုပ်နှောင်ခြင်းကြိုးကို ထိန်းချုပ်နေခဲ့သော ဟဲချန်ရင်မှချောင်းဆိုးပြီး သွေးအန်သွား၏။
နတ်ဆိုးဟွမ်မျိုးရိုး၏ တန်ခိုးကြီးသော ရတနာသည် ဓားတစ်ချက်ဖြင့် ဖျက်ဆီးခံလိုက် ရချေပြီ။ ယင်းကြောင့် တုံ့ဆိုင်းမနေဝံ့တော့ဘဲ ကောချင်ကို ချက်ချင်းကောက်ယူကာ၊
“ မင်းအဲဒီမှာရပ်စမ်း ... မဟုတ်ရင် သူ့ကို ငါသတ်ပစ်လိုက်မယ်။ ”
-ဟု ခြိမ်းခြောက်လိုက်တော့၏။
ထိုအပြုအမူကြောင့် အဖိုးအိုခမျာ နှလုံးသားတစ်ခုလုံး ခုန်ပေါက်သွားပြီး စုရီပင် မျက်မှောင်ကြုတ်သွားတော့သည်။
***