ငါ ... သုံးအထိ ရေတွက်မယ်။
Vol. 37 Ch. 443
“ ဘုန်း ... ။ ”
အဆုံးတွင် အသံရှင်သည် သည်မခံနိုင်တော့ဘဲ ခြံတံခါးကို ကန်ဖွင့်လိုက် ပစ်လေသည်။
“ ဟမ် ... ဘယ်သူက သခင်ငယ်အမည်ကို ဒီလို တိုက်ရိုက်ခေါ်ဝံ့တာလဲ။ ”
အဖိုးအိုမျက်နှာတွင် ဒေါသများ ပြည့်နှက်လာခဲ့ပြီး စားပွဲပေါ်ရိုက်ချလိုက် တော့သည်။
ဖီးနစ်ဝတ်စုံဝတ် အမျိုးသမီးက အမူအရာ ပြောင်းသွားပြီး၊
“ သူ ... စုရီ။ ”
ဟု ပြောကြားလိုက်၏။
ခရမ်းရောင်၀တ် လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ မျက်နှာအနည်းငယ် ပြောင်းလဲ သွားတော့သည်။
“ ကြည့်ရအောင် ... ။ ”
ဖီးနစ်ဝတ်စုံဝတ် အမျိုးသမီးက မတ်တပ်ထရပ်ကာ ခန်းမထဲမှ လှမ်းထွက်လာ ခဲ့သည်။ အဖိုးအိုနှင့် ခရမ်းရောင်ဝတ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတို့သည်လည်း နောက်ပါးမှလိုက်ပါလာ၏။
“ ဝုန်း ... ။ ”
သူတို့မရောက်ခင် တံခါးရွက်များ ပေါက်ကွဲသွားပြီး သစ်သားပြားများ နေရာအနှံ့ ပျံဝဲနေသည်။ ထို့နောက် စုရီဝင်လာခဲ့၏။ သူ့နောက်တွင် ရွှမ်နင်လိုက်ပါလာသည်။
“ မင်းဘယ်လို သတ္တိရှိလဲ ငါ့ဟွမ်မျိုးနွယ်နယ်မြေကို ကျူးကျော်ရဲလား။ ”
ရုတ်တရက် အစောင့်အဖွဲ့က ဒေါသနှင့် ပြေးထွက်လာသည်။ စုရီက လှည့်ပင်မကြည့်ဘဲ လက်လှိုင်းဖြင့် ခုတ်ပိုင်းပစ်လိုက်၏။
“ ရွှပ် ... ။ ”
ကောင်းကင်၌ ကြည်လင်သော နတ်သက်တံကဲ့သို့ ဓားအလင်းတစ်လက် ဖြတ်ပြေးသွားသည်။
ပြိုးပြိုးပြက်ပြက်ဖြင့် အစောင့်များကို အလွယ်တကူ လှီးဖြတ်ပစ်ကာ အလောင်းများ ပြန့်ကျဲသွားစေ၏။
“ ရန်သူ ... ရန်သူ ... ။ ”
နေရာအနှံ့ အိမ်ကြီးအတွင်းမှ ကျယ်လောင်သော အော်သံများထွက်လာပြီး အစောင့်များ ရောက်ရှိလာ၏။
“ ရပ် ... ။ ”
အဝေးမှ အနက်ရောင် ချပ်ဝတ်ဖြင့် လူတစ်ယောက်က လေးကိုင်းကိုဆွဲလျက် မြှားနှင့် လှမ်းပစ်သည်။
“ ရွှီး ... ။ ”
အမြင်၌ တစ်စင်းသာ ဖြစ်သော်လည်း နောက်ဆက်တွဲ မြှားပေါင်းတစ်ရာကျော်ခန့် လိုက်ပါလာလေသည်။
မြှားများသည် ကောင်းကင်ကို ထိုးဖောက်နေသော သက်တံအလင်းများကဲ့သို့ အလွန်မြန်ပြီး ပြင်းထန်၏။
“ ဟမ့် ... ။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
စုရီက နှာခေါင်းရှုံ့ကာ လက်ညှိုးဖြင့် တောက်ထုတ်ပစ်သည်။ ဓားအလင်းတစ်လက် လေဟာနယ်အပေါ် ဖြတ်သန်းကာ မြှားများကို စက္ကူကဲ့သို့ ပေါက်ကွဲသွားစေသည်။
“ ထန် ... ထန် ... ။ ”
အဆုံးတွင် ဓားအလင်းသည် မြှားမိုးများကိုထိုးဖောက်ကာ လေးသမားအပေါ် ထိမှန်သွားတော့၏။ လေးသမားခမျာ ဆယ်ပေ အကွာသို့ ဆုတ်ခွာသွားလိုက်ရသည်။
“ အတူတူသွားရအောင် ... ။ ”
ကြုံးဝါးသံများကြားလာရပြီး အရပ်ရပ်မှ အစောင့်များ ပြေးဝင်လာ၏။ သို့သော် ၎င်းတို့မှာ ဝိညာဉ်ထင်ရှားခြင်း အဆင့်တွင်သာ ရှိနေသဖြင့် စုရီအတွက် ပြိုင်ဘက်များ ဖြစ်မလာခဲ့ချေ။
စုရီက ဆက်လျှေက်သွားသည်။ သူ လှုပ်ရှားလိုက်ချိန်တိုင်း ဓားအလင်းပျံသန်းလျက် ရန်သူတစ်ယောက်ကို သတ်ပစ်မည်ဖြစ်၏။
မြင်ကွင်းသည် ပေါ့ပေါ့ပါးပါးနှင့် မြက်ရိတ်နေသကဲ့သို့ လွယ်ကူလွန်းနေသည်။ ရွှမ်နင်က ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ပြီးလိုက်ပါလာ၏။
တစ်ချိန်တုန်းက သူ့သခင်သည် ပြိုင်ဘက်ကင်းဓားရည်ရွယ်ချက်ဖြင့် ဧကရာဇ် တစ်ပါးအပေါ် ကြက်တစ်ကောင်ကဲ့သို့ သတ်ပစ်လိုက်သည်ကို သူ မြင်ဖူး၏။
ထို့ကြောင့် လက်ရှိမြင်ကွင်းသည် မထူးဆန်းချေ။ ထူးဆန်းနေသည်မှာ သခင်၏ ဘဝဖြစ်သည်။
သခင်သည် လူဝင်စားခြင်း သံသရာထဲဝင်ရောက်ပြီး မည်သူမျှ မသိသော လမ်းကြောင်းကို စတင်နေသည်လော။
ထိုအတွေးက ရွှမ်နင်၏နှလုံးသားကို တုန်လှုပ်သွားစေသည်။ လူဝင်စားခြင်း ဟူသည် အရိုင်းမြေကိုးပါ၌ပင် မရေရာသော ဒဏ္ဍာရီသာ ဖြစ်နေသေး၏။
သခင်သည်သာ အောင်မြင်ခဲ့သော် ထိုဒဏ္ဍာရီအပေါ် လျှောက်လှမ်းနေခြင်းနှင့် မခြားတော့ချေ။
“ စုရီ ... တကယ်ပဲ မင်းကိုး။ ”
ထိုစည် အံ့သြသံကြီးထွက်လာသည်။ မလှမ်းမကမ်းတွင် ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီး၊ အဖိုးအိုနှင့် ခရမ်းရောင်ဝတ် အမျိုးသားတို့ ရောက်ရှိလာကြ၏။
ခြံဝင်းအတွင်းရှိ သွေးထွက်သံယို မြင်ကွင်းများကို မြင်လိုက်ရသောအခါတွင် သူတို့မျက်နှာများ မှုန်မှိုင်းသွားခဲ့သည်။
ရွှမ်နင်လက်ထဲ၌ ကောချင်တစ်ယောက် သတိလျစ်နေသည်ကို မြင်သောအခါ အမျိုးသမီး ခမျာ မျက်လုံးပြူးသွား၏။
အဖိုးအိုနှင့် ခရမ်းရောင်ဝတ်အမျိုးသားမှာ အမူအရာပြောင်းလဲသွားကာ ဟဲချန်ရင်နှင့်အဖွဲ့ ဤကမ္ဘာကြီးမှ ပျောက်ကွယ်သွားလိမ့်မည်ကို နားလည်လာသည်။
“ ငါသုံးအထိ ရေတွက်မယ် ... ဟွမ်ရှောင်ယုရှိနေတဲ့နေရာကို ပြောနိုင်တဲ့လူ အသက်ရှင်မယ်။ ”
စုရီမှ ပြောသည်။ ဤစံအိမ်အနှံ့သို့ သူ့နတ်အာရုံကို လွှမ်းခြုံထား၏။ ထို့ကြောင့် ဟွမ်ရှောင်ယု မရှိသည်ကို သိလိုက်သည်။
“ မောက်မာလိုက်တာ ... ငါတို့ နတ်ဆိုးဟွမ်မျိုးနွယ်နယ်မြေကို ဝင်လာရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေလဲ ... စုရီ တော်ဝင်မိသားစုက ဒီမှာ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး။”
အဖိုးအိုက ဒေါသတကြီး အော်ဟစ်ခြိမ်းခြောက်လိုက်သော်လည်း စုရီမှ လျစ်လျူရှုကာ ‘တစ်’-ဟု ရေရွတ်လိုက်၏။
“ မင်း ... ။ ”
လျစ်လျူရှုခံလိုက်ရသဖြင့် အဖိုးအိုတစ်ယောက် မျက်လုံးများ မှေးစင်းပြီး သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ထုတ်ဖော် လိုက်တော့သည်။
ခရမ်းရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာအပေါ် တွက်ဆနေ၏။
စုရီ၏ခွန်အားသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်မှာ သေချာချေပြီ။ ထိုအခိုက်တွင် ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးသည် အသက်ပြင်းပြင်းရှူကာ၊
“ အမှန်အတိုင်းပြောရရင် ... ငါ့သခင်ငယ်က အခုတော်ဝင်မြို့တော်မှာ မရှိဘူး။ ”
-ဟု ဖြေကြားလိုက်သည်။
“ နှစ် ... ။ ”
ထိုအဖြေကို စုရီမကျေနပ်ကြောင်း မြင်သာချေပြီ။
“ မိန်းကလေးရွှမ်ဝမ်၊ ဒီကောင်လေးက မာနကြီးတယ် သူ့ကိုယဉ်ကျေးနေဖို့ မလိုပါဘူး အတူတူတိုက်ပြီး သတ်ကြရအောင်။ ”
အဖိုးအိုက သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များဖြင့် အော်ဟစ်ပြောကြား လိုက်သည်။ ဤသည်မှာ သခင်ငယ်အတွက် လက်စားချေရန် အချိန်ပေပင်။
ခရမ်းရောင် ၀တ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားက ငြိမ်သက် နေဆဲဖြစ်၏။
တစ်ဖက်လူသည် ဤမျှသတ်ရ လွယ်သည်လော။ သခင်ငယ် ဒဏ်ရာများသည် ကြောက်စရာကောင်းလွန်းသည်။ အမျိုးသမီးက သက်ပြင်းချလျက်၊
“ မနေ့က သခင်ငယ်ရဲ့ဒဏ်ရာတွေ အရမ်းပြင်းထန်ခဲ့တာကို မင်းသိသင့်တယ် အခု သခင်ငယ်ကို ဟွမ်မိသားစုဘိုးဘေးမြေထဲ ပို့ပေးလိုက်ရတယ်။ ”
-ဟု ဖြေကြားလိုက်တော့၏။
ခရမ်းရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်နှာ မည်းမှောင်သွားကာ ဒေါသနှင့်၊
“ ရွှမ်ဝမ်၊ မင်းဒီလောက်အထိ သတ္တိကြောင်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး သခင်ငယ်သာ ဒီအကြောင်းကိုသိရင် မင်းကို ခွင့်မလွှတ်တော့မှာ ငါကြောက်တယ်။ ”
သူ့စကားကြောင့် အဖိုးအိုသည်လည်း အမျိုးသမီး၏ အတွေးများကို နားလည်သွားကာ မျက်နှာမည်းသွား၏။
“ မင်းတိရစ္ဆာန်မ သခင်ငယ်ကို သစ္စာဖောက်နေတယ်။ ”
ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးက သူတို့နှစ်ယောက်ကို လျစ်လျူရှုလျက် စုရီထံ ကြည့်နေလိုက်သည်။
“ ငါသိသမျှ ပြောပြပြီးပြီ ... မင်းကတိကို တည်လိမ့်မယ်လို့ ယုံကြည်တယ်။ ”
“ ဟွမ်မိသားစုဘိုးဘေးမြေ ဘယ်မှာလဲ။ ”
စုရီက ထပ်မေးသည်။ ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးမှ ခေါင်းခါပြီး၊
“ ဟွမ်မိသားစုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးအကဲတွေပဲ ဒီလိုလျှို့ဝှက်ချက်တွေကိုသိဖို့ အရည်အချင်း ပြည့်မီပါတယ်။ ”
“ ဒါဆို ... မင်းဘေးမှာ သွားရပ်နေ။ ”
ထိုသို့ပြောပြီးနောက် အဖိုးအိုနှင့် ခရမ်းရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားထံ လှည့်ကြည့်လိုက်ကာ အမှောင် နတ်ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
“ ရွှပ် ... ။ ”
ကောင်းကင်မှ ဆင်းသက်လာသည့် နဂါးငွေ့တန်းကြီးကဲ့သို့ ဓားအလင်းတစ်လက် ခမ်းနားစွာ ပြေးထွက်သွား၏။
“ မင်းသေချင်နေတာပဲ။ ”
အဖိုးအိုက ကြေးလှံတစ်စင်းကို ဆင့်ခေါ်လျက် တုန့်ပြန်လှမ်းထိုးလိုက်သည်။ သို့သော် ခရမ်းရောင်ဝတ် အမျိုးသားသည် ဖျပ်ခနဲလှည့်၍ ထွက်ပြေးသွား၏။
ထိုမြင်ကွင်းက အဖိုးအိုကို မျက်လုံးပြူး သွားစေသည်။ ယင်းကို မမျှော်လင့်ထားသည်မှာ မြင်သာနေသည်။
သို့သော် သူသည် တိုက်ပွဲဝင်နေမိပြီ ဖြစ်သောကြောင့် ရပ်တန့်ရန် နည်းလမ်းမရှိချေ။
“ ဘောင်း .... ။”
နားစည်မှ သွေးများ စီးကျလာသည်အထိ ပေါက်ကွဲသံကြီး တုန်ဟည်းသွားချေပြီ။ ကြေးလှံ ခမျာ ထက်ခြမ်းကွဲသွားတော့၏။
“ ဟမ့် ... မင်းလွတ်မယ်ထင်နေလား။ ”
စုရီက သူ့ကို လျစ်လျူရှုလျက် လှည့်ပြေးသွားသော ခရမ်းရောင်အမျိုးသားထံ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ချက်ခြင်းဆိုသလိုပင် ဓားအလင်းသည် လေထုအလယ်ပျောက်ကွယ်လျက် ပေရာနှင့်ချီ အကွာအဝေးတွင် ပြန်ပေါ်လာ၏။
“ ခရစ် ... ။ ”
ခရမ်းရောင်ဝတ်ရုံဝတ် အမျိုးသားခမျာ ကြွက်သားများနှင့် အရိုးများ အက်ကွဲဖောင်းပွပြီး အဝတ်အစားများ စုတ်ပြဲလျက် အနက်ရောင် အမွှေးအမျှင်များ ပေါက်လာသည်။
နဖူးတွင် ဦးချိုတစ်ချောင်းထွက်လာကာ မျက်လုံးများနီမြန်းလျက် သွေးသားစွမ်းအင်များ လောင်ကျွမ်းနေသံကို ကြားနေရတော့၏။
အဆုံးတွင် နဂါးမျောက်ဝံကြီးအဖြစ် ပြောင်းလဲကာ အနက်ရောင်ဒိုင်းကိုထုတ်ယူပြီး ဓားအလင်းထံ ခံယူလိုက်လေသည်။
“ ဝုန်း ... ။ ”
ကျယ်လောင်သော တိုက်မိသံနှင့်အတူ နဂါးမျောက်ဝံကြီးသည် အမျိုးသားတစ်ဦးအဖြစ် ပြန်၍ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
သူ့လက်ထဲရှိ အနက်ရောင်ဒိုင်း၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းပေါ်လာပြီး အဆုံးတွင် အပိုင်းပိုင်းကွဲသွားတော့သည်။
မြေပြင်ပေါ်ရောက်ချိန်၌ ခရမ်းရောင်၀တ် အမျိုးသားခမျာ မောဟိုက်နေ၏။ အနက်ရောင် ဒိုင်းကို တောင်ကွယ်ဒိုင်း -ဟုခေါ်သည်။
၎င်းသည် ဘေးအန္တရာယ်များစွာကို အကြိမ်ကြိမ် တွန်းလှန်ပေးသည့် အစွမ်းထက် ကာကွယ်ရေး ရတနာပေပင်။
ယခုမူ မူလနန်းတော်အဆင့်ရှိ လူငယ်တစ်ဦးမှဓားဖြင့် အပိုင်းပိုင်းဖျက်ဆီးသွား တော့သည်။ ထိုအတွေးက ခရမ်းရောင်ဝတ် အမျိုးသားကို ချွေးများဖြင့် ဖုံးလွှမ်းလာစေ၏။
“ ဘရူး ... ။ ”
အခွင့်အရေးကို ဆုံးရှုံး မခံလိုသဖြင့် ချင်ချင်းထရပ်ကာ ထွက်ပြေးတော့မည့်အချိန်၌ ဓားမြည်သံများ ကြားလိုက်ရသည်။
၎င်းသည် သဲသဲမဲမဲရွာသွန်းနေသည့် မိုးရေစက်များအလား လမ်းကြောင်းအားလုံးကို လွှမ်းခြုံလာ၏။ သေမင်းတမန်ခြိမ်းခြောက်မှု ပေပင်။
“ ငါ့ကို ကယ်ပါ ... ။”
ထိတ်လန့်တကြား အော်ဟစ်လျက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားမိုးရေစက်များ အောက်သို့ နစ်မြုပ်သွားတော့သည်။
မိုးတိတ်သွားသောအခါ မြေပြင်သည် ပြတ်ရှရာများ ပြည့်နှက်နေပြီး အသားပုံနှင့် သွေးအိုင်ကြီးသာ မြင်လိုက်ရ၏။
ထိတ်လန့်စရာကောင်းသော မြင်ကွင်းမျိုးပေပင်။ ဖီးနစ်ဝတ်ရုံ အမျိုးသမီးနှင့် အဖိုးအိုခမျာ အသိစိတ်များ ထုံကျင်သွား၏။
( အရမ်း ကြောက်စရာကောင်းတယ်။ )
ဤအခိုက်တွင် တစ်ဖက်လူ ပြသနေသော ခွန်အားသည် ယမန်နေ့ထက် အဆပေါင်းများစွာ သာလွန်နေချေပြီ။
စုရီက သူ့ထံစိုက်ကြည့်နေသည်ကို သတိပြုမိသောအခါ အဖိုးအိုသည် တစ်ကိုယ်လုံး တုန်ယင်လျက် ဒူးများညွှတ်ကျသွား၏။
“ သခင်လေးစု၊ ငါအညံ့ခံပါတယ် သနားကြင်နာမှုပြပြီး ငါ့အသက်ကို နှမြောပေးပါ မင်းအပါးမှာ ထာဝရကျွန်တစ်ယောက်အဖြစ် နေပေးနိုင်ပါတယ်။ ”
ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးသည် အကြည့်တစ်ချက်ကြောင့် အလွန် ထိတ်လန့်ကာ ဒူးထောက်နေခြင်းဖြစ်၏။
သို့သော် သူခေါင်းငုံ့လိုက်စဉ် ဦးခေါင်းပြုတ်ကျသွားကြောင်း သတိပြုမိလိုက် လေသည်။
စုရီ၏ အမှောင်နတ်ဓားသည် သနားကြင်နာခြင်းမရှိ ပြတ်သားစွာပင် ခေါင်းကို ဖြတ်ချသွားခြင်းဖြစ်ချေပြီ။
***