← Chapters

နတ်ဆိုးအသွင်ပြောင်းရေကန်။

Vol. 37 Ch. 444

နတ်ဆိုးအသွင်ပြောင်းရေကန်။

Vol. 37 Ch. 444

မြေပြင်ပေါ် လှိမ့်ဆင်းသွားသော ဦးခေါင်းပြတ်ကြီးကိုကြည့်ကာ ဖီးနစ်၀တ်စုံဝတ် အမျိုးသမီး၏ မျက်နှာဖြူဖျော့လာ၏။

သူမသည် နတ်ဆိုးကမ္ဘာနှင့် အကျွမ်းတဝင်ရှိသော်လည်း တစ်ဖက်လူငယ်၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။

“ အသက်ရှင်ချင်လား။ ”

စုရီက မေးသည်။ ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးမှ လျင်မြန်စွာ ခေါင်းညိတ်ပြပြီး၊

“ မင်းရဲ့ကတိကို စောင့်ထိန်းပြီး ... ငါ့အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့် မိပါတယ် သခင်လေးစု။ ”

-ဟု တုန့်ပြန်၏။

ဤသည်မှာ အံ့သြစရာမရှိချေ။ အသက်နှင့်သေခြင်းကြားတွင် ကြီးစွာသော အကြောက်တရား ရှိနေသည်မှာ သဘာဝပေပင်။

သေခြင်းတရားကို အမှန်တကယ် ရင်ဆိုင်ရသောအခါတွင် ဝိညာဉ်တာအိုနယ်ပယ် မဆိုနှင့် ဧကရာဇ်များသည်ပင် ကြောက်လန့်ကြသည်။

တစ်နည်းအားဖြင့်ဆိုရသော် ကျင့်ကြံမှု မြင့်မားသည်နှင့်အမျှအသက်ကို ပို၍တန်ဖိုးထား တတ်ချေပြီ။

“ ဒါဆိုခုခံမှုကို စွန့်လွှတ်ပြီး ... မင်းရဲ့ဝိညာဉ်ကို ရှာဖွေမယ် မလိမ်ဘူးဆိုတာ သေချာရင် ငါလွှတ်လိုက်မယ်။ ”

စုရီစကားကြောင့် ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးသည် မျက်နှာနီရဲစွာ တုံ့ဆိုင်းသွား သော်လည်း အဆုံးတွင် အံကြိတ်ကာ သဘောတူလိုက်တော့၏။

များမကြာခင် ထက်ရှသောနတ်အာရုံသည် အသိစိတ်ပင်လယ်အတွင်း ဖောက်ဝင်လာသည်။ နာကျင်ခြင်းကြောင့် နှင်းဆီရောင်နှုတ်ခမ်းများ တုန်ရီလျက် မေ့မြောသွား၏။

ခဏအကြာတွင် ရှာဖွေနေခဲ့သော စုရီသည်ပင် ငေးငိုင်သွားကာ အနည်းငယ် မျက်ခုံးပင့်လိုက်မိ၏။

ဤအမျိုးသမီး မလိမ်ချေ။ နတ်ဆိုးဟွမ်မျိုးနွယ် ပင်မသားစဉ်မြေးဆက်များ မှတပါး ဘိုးဘေးနယ်မြေ မည်သည့်နေရာတွင် ရှိနေသည်ကို မသိနိုင်။

သို့သော် ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီး၏ အမှတ်တရများစွာသည် နှစ်မွှာကျင့်ကြံခြင်းနှင့် ပတ်သက်သည့် မြင်ကွင်းများ ဖြစ်နေသည်။

ကွက်ကွက်ကွင်းကွင်းနှင့် ပြင်းထန်လွန်းချေပြီ။ အမြင်တွင် ဂုဏ်သိက္ခာ ရှိပုံရသော ဤအမျိုးသမီးသည် အမှန်တကယ် ညစ်ညမ်းပြီး ရမ္မက်လွန်နေသည်။

​ဟွမ်ရှောင်ယုနှင့် ဆက်ဆံရေး ရှိရုံသာမက အခြားသောနတ်ဆိုးဟွမ်မျိုးရိုးမှ အဘိုးအိုများ ဖြင့်လည်း ကိစ္စအချို့ရှိခဲ့ဖူးသည်။

ဤနည်းဖြင့် နတ်ဆိုးဟွမ်မျိုးရိုးတွင် တစ်လှမ်းခြင်း အခိုင်အမာခြေကုပ်ရယူသွားရန် သူမ စိတ်ကူးထားချေပြီ။

နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ ကောချင်အပေါ် စစ်တုရင်အပိုင်းအစအဖြစ် မှတ်ယူပြီး သူ့ကိုသတ်ရန်ဖြစ်သည်။

“ သခင်လေးစု မင်းယုံပြီလား ... ။ ”

ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးက သတိပြန်ဝင်လာပြီး ရှက်ရွံ့တုန်ရင်နေသော အကြည့်ဖြင့် မေးလာသည်။ စုရီမှ လက်ဝှေ့ယမ်းပြလိုက်၏။

“ ကျေးဇူးတင်ပါတယ် သခင်လေး ... ။ ”

ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးက ကျေးဇူးတင်ကြောင်းပြောကာ တုံ့ဆိုင်းစွာနှင့် အစမ်းသဘော ခြေတစ်လှမ်းဆုတ်ခွာ ကြည့်လိုက်သည်။

ထို့နောက်တွင် မြင်ကွင်းမှ ပျောက်ကွယ်သည်အထိ စုရီလိုက်မလာသည်ကို မြင်ပြီး သက်ပြင်းချလိုက်တော့သည်။

( ဟွမ်​​ရှောင်​ယုကို ​ရှာပါ။ )

သို့သော် ရုတ်​တရက်​ စုရီအသံ​ ထွက်ပေါ်လာသဖြင့် အမျိုးသမီးခမျာ ထိတ်​လန့်​သွားပြီး တစ်​ကိုယ်​လုံး အေးခဲလာသည်​။

“ သူ့ကို ဆက်သွယ်လို့ ရမလားတော့ မသိဘူး ဒါပေမယ့် ... သူနဲ့ပူးပေါင်းဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး ... မဟုတ်ရင် ...

... ငါ့ရဲ့ သစ္စာဖောက်မှုကြောင့် နောက်ဆက်တွဲအကျိုးဆက်က ခံနိုင်ရည်ထက် ကျော်လွန်သွားလိမ့်မယ်။ ”

အမျိုးသမီးက တိုးဖျော့ဖျော့ဆိုသည်။ လျာဖျားတွင် ခါးသက်မှုရရှိလာပြီ အကူအညီမဲ့ သွားချေပြီ။

ဝိညာဉ်ထင်ရှားခြင်း အဆင့် ကျွမ်းကျင်သူဖြစ်လျှင်ပင် ဤအခြေအနေ၌ ရွေးချယ်စရာမရှိတော့ချေ။

( သူ့ကိုတွေ့ရင် မနက်ဖြန် စကြာဝဠာကျွန်းမှာ ငါတို့ပြန်တွေ့ချင်တယ်လို့ ပြောလိုက် ... ။ )

“ ဟုတ်ကဲ့ ... ။ ”

ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးက အဆုံးတွင်ခေါင်းငုံ့သွားတော့သည်။ ထို့နောက် စုရီအသံသည် အချိန်အတော်ကြာအောင် ထွက်ပေါ်မလာတော့သဖြင့် ချက်ချင်း ထွက်ခွာလာခဲ့၏။

“ မနက်ဖြန် ... စကြာဝဠာကျွန်းကို သွားတဲ့အခါ ... မင်းအတွက် ဟွမ်ရှောင်ယုကို သတ်ပေးမယ်။ ”

စုရီက ပြောကြားလိုက်သည်။ ထိုစကားကြောင့် ရွှမ်နင်မှ တုံ့ဆိုင်းလာပြီး၊

“ ဆရာ ... နတ်ဆိုးဟွမ်မျိုးနွယ်ရဲ့ အုတ်မြစ်က တော်ဝင်မိသားစုကို စိန်ခေါ်နိုင် လောက်အောင် အစွမ်းထက်တယ် ဒီကိစ္စက ဒုက္ခအများကြီး ... ။ ”

“ ဘာလို့လဲ ... ငါအရင်လို မသန်မာတော့ဘူးလို့ မင်းထင်နေတာလား ဒါမှမဟုတ် ... ဒီလိုနတ်ဆိုးဟွမ်မျိုးရိုးကို မယှဉ်နိုင်ဘူး ထင်နေတာလား။ ”

ရွှမ်နင်က ခေါင်းကို အမြန်ခါလိုက်ပြီး၊

“ တပည့်ကြောင့် ဆရာကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာပါ။ ”

“ ကောင်းပြီ ... အလောင်းတွေကို ရှင်းလင်းရေးလုပ်ပြီးလိုက်လာခဲ့ အိမ်ရောက်ရင် ငါတို့စကားပြောမယ်။ ”

စုရီက အမိန့်ပေးလိုက်သည်။

“ ဟုတ်ကဲ့ ... ။ ”

များမကြာခင် ဆရာနှင့်တပည့်သည် သတိလစ်နေသော ကောချင်ကိုခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

သူတို့ထွက်ခွာသွားပြီး မကြာခင် ဝမ်လျူသည်လူတစ်စုနှင့်အတူ ရောက်ရှိလာ၏။ စံအိမ်အတွင်း သွေးများနှင့်မြေပြင်ထံကြည့်ကာ သက်ပြင်းချလိုက်တော့သည်။

ထိုညတွင် ဝမ်လျူသည် ဧကရာဇ်ရှနှင့် တွေ့ဆုံကာ လက်ရှိအဖြစ်အပျက်ကို သတင်းပို့ လိုက်၏။ အဖြစ်အပျက်များကို နားထောင်ပြီးနောက် ဧကရာဇ်ရှက၊

“ ငါ့အမိန့်ကို လိုက်နာပါ ... ဒီနေ့ကစလို့ နတ်ဆိုးဟွမ်မျိုးနွယ်တွေ မြို့တော်ထဲဝင်တာနဲ့ စောင့်ကြည့်ပါ ... တစ်ယောက်ယောက် ဒုက္ခတွေထပ်ယူလာရင် ကရုဏာကင်းစွာ သတ်ပစ်လိုက်။ ”

-ဟု အမိန့်ပေးလိုက်သည်။

သူ့စကားများတွင် လူသတ်လိုသော အရိပ်အမြွက်များ ပါရှိနေ၏။ ဝမ်လျူခမျာ အနည်းငယ် စိုးရိမ်သွားပြီး၊

“ သခင်၊ ငါတို့ဒီလိုလုပ်လိုက်ရင် ... နတ်ဆိုးဟွမ်မျိုးရိုးကို စစ်ကြေငြာလိုက်သလို ဖြစ်သွားမှာ ကြောက်မိပါတယ်။ ”

-ဟု သတိပေးလိုက်၏။

“ ဟမ့် ... ငါတို့ရဲ့တော်ဝင်မိသားစုက စုရီအပေါ် ကာကွယ်ပေးနေတယ်ဆိုတာ သူတို့ သိပေမယ့် ...

... ဒီညမြို့တော်မှာ တိုက်ခိုက်ဖို့ သတ္တိရှိနေတုန်းပဲ ... ဒါတော်ဝင်မိသားစုကို မလေးစားတာ ရှင်းနေပါတယ်။ ”

ဧကရာဇ်ရှအသံတွင် ဒေါသ အရိပ်အယောင်များ ပေါ်လာသဖြင့် ဝမ်လျူက တိတ်ဆိတ်သွားတော့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်ရှက၊

“ ဒီညနတ်ဆိုးဟွမ်မျိုးရိုးဆီကို ငါ့အမိန့် ပို့လိုက်ပါ သူတို့တကယ်ပဲ တိုက်ချင်တယ်ဆိုရင် ဖြစ်ပါစေ။ ”

-ဟု ထပ်ဆင့် အမိန့်ပေးလာ၏။

“ နားလည်ပါပြီ သခင်။ ”

ဝမ်လျူမှ အမိန့်ကိုခံယူကာ ဆုတ်ခွာသွားတော့သည်။ သူ့သခင် အမြင်တွင် စုရီသည် နတ်ဆိုးဟွမ်မျိုးနွယ်ထက် ပို၍ အရေးကြီးနေချေပြီ။

ညသည် ပို၍မှောင်လာသည်။ တောင်တန်းအတွင်း တည်ဆောက်ထားသော နန်းတော်တစ်လုံးသည် မြူခိုးများစွာဖြင့် ရစ်သိုင်းနေ၏။

နန်းတော်အတွင်း ဟွမ်ရှောင်ယုသည် သွေးကန်ထဲ နစ်မြုပ်နေသည်။ သွေးကန်သည် ဆယ်ပေအရွယ်အစားရှိပြီး ပတ်ပတ်လည်၌ ကြေးဝါတိုင်ဆယ့်နှစ်တိုင် ပါရှိ၏။

ကြေဝါတိုင်များတွင် အမျိုးမျိုးသော နတ်သားရဲများ၏ ပုံစံကို ရေးထွင်းထားသည်။ နီမြန်းသောသွေးများသည် ကြေးဝါတိုင်များမှ ကျဆင်းကာ သွေးကန်နှင့်ပေါင်းစည်းနေ၏။

ကန်မျက်နှာပြင်တွင် သွေးမြူများ ဖုံးလွှမ်းလျက် လုံးဝ ကြောက်မက်ဖွယ်ကောင်း နေခဲ့သည်။

ဤသည်မှာ ကောင်းကင်ဘုံ နတ်မိစ္ဆာသွေးများဖြစ်၏။ နတ်ဆိုဟွမ်မျိုးရိုး၏ ပင်မသားစဉ်မြေးဆက်များသည်သာ အသုံးပြုခွင့်ရှိသည်။

ရုတ်​တရက်​ ဟွမ်​​ရှောင်​ယုမျက်​လုံးများ ဖွင့်လာတော့၏။ မူလကျိုးနေသော အရိုးများနှင့် ဒဏ်ရာရနေသည့် ကိုယ်တွင်းအင်္ဂါများအားလုံး ပြန်လည်ကောင်းမွန်နေချေပြီ။

ထို့အတွက် အကျိုးဆက်အနေဖြင့် သွေးကန်အတွင်းရှိ နတ်မိစ္ဆာသွေးများသည် ဆယ်ပုံတစ်ပုံခန့် လျော့နည်းသွားခဲ့၏။

“ လုံလောက်ပြီ ... မင်းဒီလိုမျိုး ဆက်လုပ်နေရင် တံဆိပ်ခတ်ထားနိုင်ရင်တောင် ပြင်းထန်တဲ့စွမ်းအားကို ချိုးနှိမ်ထားနိုင်တော့မှာ မဟုတ်ဘူး။ ”

ရုတ်တရက် ပိန်ပိန်ပါးပါးဖြင့် အမွေးအမှင်များ ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။

သူ့လက်များကို ကျောနောက်တွင် ပို့ထားကာ နတ်ဆိုးအသွင်ပြောင်းရေကန်ထဲရှိ ဟွမ်ရှောင်ယုထံ ငုံ့ကြည့်နေ၏။

သူ့မျက်လုံးများအတွင်းတွင် အလောင်းကောင်များ တောင်လိုပုံကာ သွေးများ အိုင်ထွန်းနေသည်။ ကြောက်မက်ဖွယ် ကောင်းချေပြီ။

“ တတိယဦးလေး၊ ဒီတစ်ကြိမ် စုပ်ယူမှုအပြီးမှာ ငါ့ကျင့်ကြံမှုဟာ အသွင်ပြောင်း သွားတယ်လို့ ခံစားရတယ် ... အုတ်မြစ်လည်း အရင်ထက် ပိုအားကောင်းလာနေပြီ။ ”

ခရမ်းရောင်ဆံပင်များ လေထဲတွင် တဖျပ်ဖျပ်လွင့်လျက် စိတ်လှုပ်ရှားမှုများဖြင့် ဟွမ်ရှောင်ယုက ထရပ်လာသည်။

“ အတွေးတစ်ချက်တည်းနဲ့ ... ခန္ဓာကိုယ်အတွင်းက တံဆိပ်ကိုဖယ်ရှားပြီး ဝိညာဉ်ထင်ရှားခြင်းအဆင့်ဆီ ဝင်နိုင်ပြီ။ ”

သူ့စကားကြောင့် ၀တ်စုံဖြူဝတ် အဖိုးအိုက၊

“ နတ်ဆိုးအသွင်ပြောင်းရေကန်ရဲ့ စွမ်းအားကို မင်းအဘိုး ကောင်းကင်ဘုံနတ်မိစ္ဆာ ဘုရင် ချန်ထားခဲ့တာ သူ့ရဲ့အသုံးဝင်မှုက အံ့ဖွယ်ပြိုင်ဘက်ကင်းလွန်းတယ် ... ။ ”

ဟွမ်ရှောင်ယုက သွေးကန်ထဲမှ လျှောက်လှမ်းထွက်လာပြီး၊

“ အခုချိန်မှာ စုရီအပေါ် အနိုင်ယူ နိုင်မလားဆိုတာပြောဖို့ ခက်နေသေးတယ် ဒါပေမယ့် ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို တက်ရောက်ပြီးရင် အနိုင်ယူနိုင်မယ်။ ”

ဝတ်ရုံဖြူဝတ် အဖိုးအိုက ခေါင်းညိတ်ပြပြီး၊

“ စုရီဟာ တကယ့်ကို ... မယုံနိုင်စရာ လူငယ်လေးတစ်ယောက်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း (၃)သောင်း ကာလဆိုရင်တောင် ရှားပါးပြီး တုနှိုင်းမရတဲ့ အရည်အချင်းရှိသူလို့ သတ်မှတ်နိုင်ပါတယ်။ ”

“ မစိုးရိမ်ပါနဲ့ တတိယဦးလေး ... သူ့ကို ရှင်သန်ခွင့်ပေးတာက ငါတို့ဟွမ်မျိုးနွယ်အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ် ဆိုတာ ငါသိပါတယ်။ ”

စတုတ္ထဦးလေးဖြစ်သူသည် ယမန်နေ့က စုရီသတ်ခဲ့သော အကြွင်းအကျန် သွေးဝိညာဉ် ဖြစ်သည်။

“ မနက်ဖြန် စကြာဝဠာကျွန်းဆီကို သွားတဲ့အခါ ... မင်းအဖိုးချန်ထားခဲ့တဲ့ လျှို့ဝှက် အဆောင်ကိုယူသွားဖို့မမေ့နဲ့ ...

... မတော်ဆမှု တစ်ခုခုသာ မဖြစ်လာဘူးဆိုင်ရင် ဒါကစုရီကို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မယ်။ ”

ထို့နောက် ဝတ်ရုံဖြူဝတ်အဘိုးအိုက လက်ဝှေ့လှမ်းလျက် ပြန်လှည့်သွားကာ၊

“ သွားပါ ... ဟွမ်မိသားစုကို မျက်နှာမပျက်စေနဲ့ အမှောင်တားမြစ်စွမ်းအားရဲ့ နှစ်ပေါင်း (၃)သောင်းအပြီးမှာ ငါတို့နတ်ဆိုးဟွမ် မိသားစုဟာ အရင်လို မသန်မာတော့ဘူးလို့ ဒီကမ္ဘာကြီးက ထင်နေကြတယ်။ ”

-ဟု မှာကြားပြီး ပျောက်ကွယ် သွားတော့သည်။

“ ဟုတ်ကဲ့ ... ။ ”

ဟွမ်ရှောင်ယုက အသက်ပြင်းပြင်းရှူ လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားတော့၏။ နေအိမ်သို့ ပြန်ရောက်စဉ် အစေခံအဘိုးအို တစ်ဦး ဝင်ရောက်လာကာ၊

“ သခင်လေး ... ဒီညစစ်ဆင်ရေး မအောင်မြင်ကြောင်း သတင်းရခဲ့ပါတယ်။ ”

-ဟု သတင်းပို့လေသည်။

ဟွမ်ရှောင်ယုတစ်ယောက် အံ့အားသင့်သွားပြီး သူ့မျက်နှာရုတ်တရက် မည်းမှောင်သွားလေသည်။

“ ဟမ့် ... ၀ိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူသုံးယောက်နဲ့ ကောချန်လင်ကို ဖမ်းမမိဘူးလား။ ”

အစေခံအိုကြီးခမျာ ဟွမ်ရှောင်ယု၏ အကြည့်ကို လက်မခံဝံ့ဘဲ ခေါင်းညိမ့်လိုက်၏။ ထို့‌နောက် တိုးညှင်းသော အသံဖြင့်၊

“ စုရီက မုန်းတိုင်းတစ်စင်းလို ရောက်လာခဲ့တယ်လို့ ... အမျိုးသမီးဝမ်က ပြောပါတယ်။ ”

ထိုစကားကိုကြားပြီးနောက် ဟွမ်ရှောက်ယု၏အကြည့်များ ချက်ချင်း အေးစက်သွားတော့သည်။

“ ဟမ့် ... စုရီ မင်းပဲလား။ ”

***

Book-37

All Chapters