← Chapters

တတိယစိတ်ဝိညာဉ်ဟာ သူပဲ

Vol. 130 Ch. 1800

တတိယစိတ်ဝိညာဉ်ဟာ သူပဲ

Vol. 130 Ch. 1800

ငါးဖမ်းသမားသည် အသက်သုံးဆယ်ဝန်းကျင်သာ ရှိသည်။ သူက ဗလတောင့်တောင့် သန်မာသည့်ပုံ  မရှိဘဲ အနည်းငယ် အားပျော့သည့်ပုံပင်။ သူက ငါးဖမ်းသမားနှင့်ပင်မတူဘဲ ပညာတတ်တစ်ယောက်နှင့် ပိုတူသေးသည်။

သူက ညာလက်ကို ပင့်မြှောက်ကာ ငါးမြှားပိုက်ထဲရှိ ငါးထံသို့ ကြည့်သည်။ နေအလင်းက ငါး၏ဝမ်းဗိုက်ပေါ် ဖြာကျရာ ၎င်းကို သာမန်ထက် ထူးကဲစေသည်။

ထိုလူက ပြုံး၍ ငါးကို ရေအပြည့်ဖြည့်ထားသော ပလိုင်းထဲသို့ တည့်လိုက်သည်။ ထို့နောက် သူက ထွက်လာခဲ့တော့သည်။

ဝမ်လင်းသည် ထိုအဖြစ်ကို ကြည့်နေ၏။ သူ့စိတ်ထဲတွင် ထင်မြင်ချက်တစ်ခု ရှိနေသည်။ ခဏတာ တွေဝေပြီးနောက် ဝမ်လင်းက ထိုလူနောက်သို့ လိုက်လာသည်။ သူက အနည်းငယ် လမ်းလျှောက်ပြီးနောက် မြစ်ဘေးရှိ သူ့အိမ်သို့ ပြန်ရောက်လာသည်။

ထိုအိမ်ခြံဝန်းကို ဝါးဖြင့် ကာရံထားသည်။ ထိုရိုးရှင်းသော ခြံဝန်းထဲ၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ပတ်လည်တွင် အစာအော်တောင်းနေသော ဥစားဘဲအချို့ ရှိသည်။

ထိုအမျိုးသမီးက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သူမ၏ လှပသောပုံရိပ်ကို မဖုံးကွယ်ထားနိုင်ပေ။ သူမက ခြင်းတောင်းတစ်ခုကို ကိုင်လျက် ယင်းအတွင်းမှာ အစာများကို ကြဲ၍ ပစ်ချပေးနေသည်။

ထိုအမျိုးသမီးက လက်တစ်ဖက်ဖြင့် ခြင်းတောင်းကို ကိုင်ထားရသည်မှာ ပင်ပန်းလာသည့်ပုံ ရသည်။ သူမက နှဖူးပေါ်ရှိ ချွေးတို့ကို သုတ်လိုက်ပြီး ခြံတံခါးထံ လှမ်းကြည့်ကာ သူ့အမျိုးသား ပြန်အလာကို စောင့်နေသည်။

နေ့လယ်ခင်းချိန် ဖြစ်၍ နေအလင်းက တောက်နေသည်။ မကြာမီပင် ဝါးတောအုပ်အတွင်းမှ ခြေသံများ ကြားရသဖြင့် ထိုအမျိုးသမီးက ပြုံးလိုက်သည်။

“စုအာ…ငါ နင့်အတွက် ငါး တစ်ကောင် ဖမ်းလာခဲ့တယ်…” ထိုခြေလှမ်းက တံခါးအပြင်တွင် ရပ်ကာ ဝါးတံခါးကို တွန်းဖွင့်သံ ကြားရသည်။ ထို့နောက် ပလိုင်းကို ကိုင်၍ အမျိုးသားတစ်ယောက်က ပြုံး၍ ဝင်လာသည်။

ထိုအမျိုးသမီး၏အကြည့်က ညင်သာပါ၏။ အမျိုးသားဖြစ်သူက ရယ်မောကာ သူ့ဇနီးကို တွဲကူ၍ အိမ်ခန်းထဲသို့ လှမ်းဝင်လာသည်။

ခဏအကြာတွင် လေထဲသို့ မီးခိုးငွေ့များ မြင့်တက်လာ၏။ အဝေးမှ ကြည့်ပါက သည်မီးခိုးငွေ့တို့က ပန်းချီကားတစ်ချပ်နှယ် အလှတရားတစ်မျိုးတစ်မည်ကို ပေးစွမ်းနေသည်။

ဝမ်လင်းက ဝါးတောအုပ်အတွင်း၌ လွင့်မြောလျက် သည်မြင်ကွင်းကို စောင့်ကြည့်ပြီး ငြိမ်သက်စွာ စဉ်းစားနေသည်။ သူက သည်အကြိမ်မှာ တတိယစိတ်ဝိညာဉ်၏ နောက်ဆုံးအကြိမ် ပြန်လည်မွေးဖွားခြင်း ဖြစ်နိုင်သည်ဟု ဝိုးတဝါးနားလည်မိသည်။

သုံးရက်ကြာပြီးနောက် ညပိုင်းတွင် လောကသည် အရောင်စုံလာကာ  မိုးကြိုးသံတို့ ဟိန်းမည်ပြီး မိုးများ ရွာသွန်းကျလာသည်။ မိုးစက်များက သည်ဝါးတောအုပ်တွင်းရှိ အိမ်လေးကို ထိမှန်သည်။

ကောင်းကင်နှင့်မြေကြီးတို့မှာ မိုးစက်တို့နှင့် ချိတ်ဆက်ထားသလား ထင်ရသည်။ ကောင်းကင်ယံမှ လျှပ်စီးတို့ လင်းလက်ကာ အောက်ဘက်ရှိ ဝါးတောအုပ်ကို မြင်ရ၏။

ကိုယ်ဝန်ဆောင်အမျိုးသမီးက အိမ်အတွင်းရှိ အိပ်ယာပေါ်တွင် လှဲနေပြီး နာကျင်စွာအော်ငြီးနေသည်။ သူမက လက်ကို ခပ်တင်းတင်း ဆုပ်ထားပြီး သူမဘေးတွင် သားဖွားသည်တစ်ယောက် ရှိနေ၏။

အခန်းအပြင်ဘက်တွင် ထိုလူက တည်ငြိမ်နေဟန်ဖြင့် အပြင်ဘက်ရှိ မိုးရွာသွန်းနေသည်ကို ကြည့်သည်။ သို့သော် သူက လက်သီးတင်းတင်းဆုပ်ထားခြင်းက သူ့စိတ်ထဲရှိ ပူပန်မှုကို ဖော်ပြနေသည်။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ ထိုအမျိုးသမိး၏အသံက ပို၍ အားနည်းလာသည်။ ဤသည်က သူ့စိတ်ကို ပိုနာကျင်စေပါသည်။ သို့သော် သူ့အမူအရာက ပြောင်းလဲမသွားပေ။ ထိုအစား သူက မိုးရွာသွန်းကာ နက်မှောင်နေသော ကောင်းကင်ထက်သို့ ကြည့်ကာ သူ့မျက်လုံးက အရောင်တောက်နေ၏။

“ငါ ရွှယ်တန်မင်ဟာ ငယ်စဉ်တည်းက လေ့လာခဲ့တယ်။ ငါဟာ ငါ့လေ့လာမှုကိုပဲ အာရုံစိုက်နစ်ခဲ့ပြီး မှန်မှန်ကန်ကန် နေထိုင်ခဲ့တယ်။ ငါ အရာရှိတစ်ယောက် ဖြစ်ခဲ့စဉ်မှာ လူတွေကို ကူညီခဲ့တယ်။ ငါ ထွက်လာခဲ့တဲ့အချိန်မှာလည်း ဘယ်သူနဲ့မျှ ရန်ငြှိုးမရှိခဲ့ဘူး။ ငါ အသက်သုံးဆယ်သုံးနှစ်ထိ အရှက်ရစရာ ဘာတစ်ခုကိုမျှ မလုပ်ခဲ့ဖူးဘူး…”

“မိုးနတ်မင်းရေ…အခု ငါ့ကလေးဟာ မွေးဖွားလာတော့မယ်။ သင်ဟာ နင်ဇီကို ဘာကြောင့် ခက်ခဲအောင် လုပ်နေရတာလဲ…”

သူက ညာလက်ဖြင့် ဝါးနံရံကို ရိုက်ထည့်လိုက်၏။ သူ့လက်ချောင်းမှ  သွေးများ စီးကျလာကာ အောက်သို့ တစ်စက်စက်ကျကာ မိုးရေက ထိုသွေးစက်တို့ကို ဆေးကြောသွားသည်။

ထိုသွေးနှင့်ရေ ရောသွားသည့်အခိုက်တွင် ကောင်းကင်ထက်၌ မိုးကြိုးခြိမ်းသံ မြည်ဟိန်းသွားသည်။ တစ်ချိန်တည်းမှာ ကလေးငယ်အော်သံက ရုတ်တရက် အခန်းတွင်းမှ ထွက်ပေါ်လာသည်။ အမျိုးသားဖြစ်သူ၏ တည်ငြိမ်မှုကို စိတ်လှုပ်ရှားမှုက အစားထိုးဝင်ရောက်လာသည်။ သူက ခပ်မြန်မြန် လှည့်ကြည့်လိုက်၏။ အခန်းတံခါး ပွင့်လာနေပြီး ချွေးတို့ဖြင့်သားဖွားသည်က ကလေးငယ်တစ်ယောက်ကို ချီကာ ကြင်နာစွာ ပြုံးနေသည်။

“ဂုဏ်ယူပါတယ်။ အရှင်ရွှယ်။ အမေနဲ့ကလေး နှစ်ယောက်လုံး အန္တရာယ်ကင်းပါတယ်…”

ထိုသူက စိတ်လှုပ်ရှားစွာဖြင့် ကလေးငယ်ထံ လှမ်းလျှောက်လာ၏။ သူက တစ်ချက်ကြည့်ပြီးနောက် ချက်ခြင်း အခန်းထဲသို့ ဝင်ရောက်သည်။ ထိုကလေးနှင့် ယှဉ်ပါက သူ ပို၍ စိတ်ပူသည်မှာ သူ့ဇနီးကိုပင်။ သူမက အလွန်ဖျော့တော့စွာဖြင့် အိပ်ယာထဲ၌ လှဲလျောင်းနေသည်။ သို့ပေမည့် သူမက ယောက်ျားဖြစ်သူကို နူးညံ့စွာ ပြုံးပြသည်။

သူမက တိုးညင်းစွာပြောလိုက်၏။ “သူက ယောက်ျားလေးပဲ…”

“စုအာ…နည်းနည်းတော့ အနားယူလိုက်ပါအုံး။ ငါ နာမည်တစ်ခု စဉ်းစားထားပြီးသားပါ။ ဒီကလေးက ယောက်ျားလေး ဖြစ်ရင် ရွှယ်ချင်းလို့ ခေါ်မယ်။ ငါ သူ့ကို မြင့်မြင့်မားမား ကြီးပြင်းလာစေချင်ပြီး မဟာပညာရှိတစ်ယောက် ဖြစ်လာစေချင်တယ်…”

ထိုသူက ရယ်မောလေ၏။

သူ ရယ်မောနေစဉ် သားဖွားသည် ချီထားသော ကလေးက အငိုတိတ်သွားသည်ဟု ထင်ရသည်။ သူက မျက်လုံးဖွင့်လာပြီး သူ့မျက်လုံးထဲတွင် ဆန်းကြယ်သောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။

အခန်းထဲရှိ နွေးထွေးမှု၊ ကောင်းကင်ထက်မှ မိုးခြိမ်းသံ၊ အမျိုးသားဖြစ်သူ၏ ရယ်သံတို့က ရောယှက်၍ ဝမ်လင်း၏စိတ်နှလုံးတွင်းသို့ ဝင်ရောက်လာသည်။ ဝမ်လင်းက တုန်ယင်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိပြီး ထိုအိမ်ကို စိုက်ကြည့်နေမိသည်။သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်လာသည်။

သူက အစောကတည်းက ဝိုးတဝါးခန့်မှန်းမိပြီးသား ဖြစ်သည်။ အခုတော့ သူ့ခန်းမှန်းချက်က သေချာသွားပေပြီ။ သို့သော် ဝမ်လင်း၏စိတ်ထဲ၌ မုန်တိုင်းထန်နေမိပြီ။

ချက်ခြင်းလိုလိုပင် ဝမ်လင်းက မိုးခြိမ်းသံကိုလည်း ဆက်မကြားနိုင်တော့၊ အိမ်အတွင်းမှ ထွက်ပေါ်နေသော ရယ်မောသံကိုလည်း မကြားနိုင်တော့ပေ။ သူ့အမြင်က ဝေဝါးသွား၏။ အသံတစ်သံသာ သူ့နားထဲ၌ ပဲ့တင်ထပ်နေတော့သည်။

“ရွှယ်ချင်း…ရွှယ်ချင်း…ရွှယ်ချင်း…”

“တတိယစိတ်ဝိညာဉ်ဟာ ရွှယ်ချင်းပေါ့…”

ဝမ်လင်းက ပါးစပ်ဟကာ တစ်ခုခု ပြောချင်မိသည်။ သို့သော် သူက ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သူ့စိတ်မှာ ရှုပ်ထွေးနေသည်။

သူက တတိယစိတ်ဝိညာဉ်နောက်သို့ လိုက်လံခဲ့ချိန်တည်းက ထိုတတိယစိတ်ဝိညာဉ်သည် မည်သူဖြစ်သည်ကို တွေးကြည့်နေခဲ့သည်။ သူက သေမျိုးများ၊ ကျင့်ကြံသူများနှင့် သားရဲများကိုပင် တွေးမိသည်။ သို့သော် သူက ထိုစိတ်ဝိညာဉ်မှာ ရွှယ်ချင်းဖြစ်နေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။ ထိုစိတ်ဝိညာဉ်က သူ့တပည့်ဖြစ်သော ရွှယ်ချင်းအမှန်တကယ် ဖြစ်နေလေသည်။

ဝမ်လင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောနေလျက် နောက်သို့ ဆက်တိုက် ဆုတ်နေမိသည်။ သူက တတိယစိတ်ဝိညာဉ်ကို သိသော ပထမဆုံးသူ ဖြစ်၏။ သို့သော် ဤသည်က သူ့ကို ခက်ခဲသောရွေးချယ်မှုကို ဖြစ်လာစေပြီပင်။

သတ်ရမည်လား၊ မသတ်ရဘူးလား။

ဝမ်လင်းသည် တာအိုကို ရှာဖွေနေရင်း သူ့ကိုယ်သူ ဆုံးရှုံးသွားခဲ့ဖူးသော အဖြစ်ကို လုံးဝ မေ့လိမ့်မည် မဟုတ်ပေ။ သူက တာအိုဟူသည် အဘယ်နည်းဟု မဟာပညာရှိတစ်ယောက်ထံ မေးခဲ့ဖူးသည်။

သူက ထိုမေးခွန်းကို ရွှယ်ချင်းထံ မေးခဲ့ဖူးသည်။ ရွှယ်ချင်းကလည်း သူ့မေးခွန်းကို နားလည်အောင် လုပ်ပေးခဲ့ပြီး သူ့အား ဉာဏ်အလင်း ရစေခဲ့ဖူးသည်။

သူက တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်၍ ကျင့်ကြံနေစဉ်အခါက အိုမင်းနေပြီ ဖြစ်သော ရွှယ်ချင်းက တောင်ပေါ်သို့ တက်လာကာ သူ့ထံမှ တာအိုကို သင်ကြားဖို့ အတင်းတောင်းဆိုခဲ့ဖူး၏။

“ငါဟာ လူသားတွေရဲ့ လူမှုရေးတွေ၊ လောကရဲ့ ဉာဏ်အလင်းနဲ့ ပတ်သတ်လို့ နားလည်ခဲ့ပြီလို့ ထင်ထားခဲ့တယ်။ ငါဟာ ငါ့ကိုယ်ငါ လောကရဲ့ လူနေမှုကိစ္စအထွေထွေမှာ နစ်မြုပ်ထားခဲ့တယ်။ ဒါပေမဲ့ ငါ နေဝင်ချိန်ရောက်တဲ့အချိန်မှာ ငါဟာ ရုတ်တရက် ဉာဏ်အလင်းတစ်ခု ရလာခဲ့တယ်။ ငါဟာ ရေထဲက ငါးတစ်ကောင်ပါပဲ…”

ဤသည်မှာ တောင်ပေါ်သို့ တက်လာခဲ့ချိန်က ရွှယ်ချင်းပြောခဲ့သော စကားပင်။ ဝမ်လင်းက ထိုစကားကို ကြားသည့်အခါ ပထမပိုင်းစကားများကိုသာ နားလည်ခဲ့ပြီး နောက်ဆုံးစကားများနှင့် ပတ်သတ်၍ များများစားစား မတွေးခဲ့ပေ။

ထိုအချိန်က သူသည် ထို ရေထဲကငါးတစ်ကောင်သာ ဖြစ်သည်ဟုသော ရွှယ်ချင်း၏စကားကို မစဉ်းစားကြည့်ဖူးပေ။ သူ စဉ်းစားခဲ့လျှင်လည်း အဖြေရနိုင်လိမ့်မည် မဟုတ်ပေ။

သို့ပေမည့် တတိယစိတ်ဝိညာဉ်၏ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ကြည့်နေရင်း သူက ၎င်းသည် ငါးတစ်ကောင်အဖြစ် အကြိမ်ရာချီ ပြန်လည်မွေးဖွားခဲ့သည်ကို တွေ့မြင်သည့်အခါ တတိယစိတ်ဝိညာဉ်သည် ရွှယ်ချင်းမှန်း သဘောပေါက်ခဲ့၏။ သူက ခုချိန်၌ အတိတ်က ရွှယ်ချင်း၏စကားကို နားမလည်ဘဲ မည်သို့ နေပါတော့မည်နည်း။

ဝမ်လင်းသည် အိမ်အတွင်းမှ နွေးထွေးသောအလင်းကို ခါးသက်စွာ ကြည့်မိသည်။ သူက ရွှယ်ချင်း သူ့ကို ပြောခဲ့သော စကားကို မှတ်မိပေသည်။ သူ နားလည်သွားခဲ့ပြီ။

သူ စုတောက်နှင့် တွေ့ဆုံခဲ့ပြီး စုတောက်က သူ့ကို လမ်းညွှန်ပေးခဲ့ကာ ကျောက်နိုင်ငံသာမက ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံးတွင်ပင် မဟာပညာရှိတစ်ယောက် ဖြစ်လာခဲ့သည်။ ဤသည်တို့မှာ ကံမ္မသာ ဖြစ်၏။ ဝမ်လင်းက သူ့ကံမ္မကို ပြီးပြည့်စုံစေပြီဟု ထင်ထားခဲ့၏။ သို့သော် ကံမ္မသည် သူ မမြင်နိုင်၊ မထိတွေ့နိုင်သော တစ်စုံတစ်ရာ ဖြစ်နေသေးသည်ကို ရှာတွေ့ခဲ့လေပြီ။

“အတိတ်တုန်းက ငါဟာ ရွှယ်ချင်းကို လမ်းညွှန်မှုအချို့ ပေးခဲ့ဖူးတယ်။ သူ့ကို ငါ့တပည့်အဖြစ် လက်ခံခဲ့တယ်။ သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ တတိယစိတ်ဝိညာဉ်ပဲ။ ဒါဟာ ငါတို့ကြားမှာ ကံမ္မကို ဖန်တီးခဲ့တာ။ ဒါဟာ ကံမ္မအကြောင်းရင်းပဲ…”

“ဒါ့ကြောင့်လည်း စုတောက်ဟာ ငါ့အိပ်မက်ထဲမှာ ပေါ်လာခဲ့တာ…”

“အမှန်တကယ်မှာတော့…သူဟာ ငါ့တပည့်ပဲ။ အိပ်မက်ထဲမှာတော့ ငါဟာ သူ့တပည့် ဖြစ်ခဲ့တယ်။ ဒါဟာ ကံမ္မစက်ဝန်းတစ်ခုပဲ။ ငါ ဒီလိုပဲ တွေးသင့်တာ…”

ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၏။ သူ ခြေလှမ်း ကျရောက်သည့်အခါ လောကသည် တုန်ဟည်းသည်။ ကောင်းကင်သည် အစိတ်စိတ်ဖြစ်ကာ မြေပြင်မှာ ပြိုလဲကျသည်။ အိမ်နှင့် အိမ်တွင်းမှ ထွက်ပေါ်လာသော ပျော်ပျော်ရွှင်ရွှင် ရယ်မောသံတို့ကို ချန်၍ ဒီလောကရှိ အရာအားလုံးသည် ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည် ဒုတိယခြေလှမ်းကို လှမ်းသည်။ သူ့ ခြေလှမ်း ကျရောက်သွားသည်နှင့် အိမ်သည် ပုံပျက်ယွင်းကာ မရေမတွက်နိုင်သော အရိပ်များ ပေါ်လာသည်။ ထို့နောက် အိမ်လား၊ ကလေးငယ်လား သေချာ မသိရနိုင်ဘဲ သူတို့သည် ဝေဝါးလာပြီး အရိပ်များစွာ၏ ဝါးမြိုခြင်းကို ခံရသည်။

ဝမ်လင်း၏ပုံရိပ်မှာလည်း ဝေဝါးလာသည်။ သူ့ပုံရိပ် ပြန်ကြည်လင်လာသည့်အခါ သူသည် ပထမဆုံးပုံရိပ်ယောင်တွင် ပေါ်လာလေသည်။

ချင်းရွှေက မျက်လုံးဖွင့်ကာ ဝမ်လင်းကို ကြည့်၍ သက်ပြင်းချသည်။

သူ့မျက်နှာထက်တွင် ခါးသီးမှု ပြည့်နေဆဲပင်။ ဝမ်လင်းက သူသာ ကြားနိုင်သည့် တစ်စုံတစ်ခုကို ရေရွတ်ပြီး တတိယမြောက်ခြေလှမ်းကို လှမ်းသည်။ ထိုခြေလှမ်း ကျရောက်သွားသည့်အခါ  ပထမပုံရိပ်ယောင်အတွင်းရှိ ချင်းရွှေ၏ သွေးစွန်းနေသော နိုင်ငံသည် ရုတ်တရက် ပျက်စီးသွားသည်။

ထိုပျက်စီးမှုက နန်းတော်ကို တစစီ ဖြစ်စေသည်။ မြေပြင်နှင့်ကောင်းကင်၊ မြေပြင်ထက်ရှိသွေးများကိုပါ တစစီ ဖြစ်စေကာ ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲကတော့ မြန်သထက်မြန်မြန် လှည့်ပတ်ကာ နောက်ဆုံး၌တစ္ဆေမျက်နှာ ပေါ်လာ၏။ ထိုတစ္ဆေမျက်နှာက ဆိတ်ဆိတ်ငြိမ်ငြိမ်‌ အော်ဟစ်သံပေးကာ ဝမ်လင်းနှင့်ချင်းရွှေတို့ကို ဝါးမြိုရန် ပြေးဝင်လာသည်။

ဖျတ်ခနဲအတွင်း ၎င်းက သူတို့ကို ဝါးမြိုသွားပြီး သူတို့က လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားလေသည်။ အရာအားလုံး ပျောက်ကွယ်ကာ အချိန်သည် စီးဆင်း၍ ထိုပုံရိပ်ယောင်သည် ပျက်စီးသွားလေပြီ။

လှိုဏ်ဂူလောက။

ကောင်းကင်ဘုံနယ်မြေ။

ကောင်းကင်ဘုံနယ်မြေ၏ တောင်ထိပ်၌ ဝမ်လင်းနှင့်ချင်းရွှေတို့သည် တစ်ပြိုင်နက်တည်း မျက်လုံးဖွင့်လာကြ၏။ ဖြစ်ပျက်ခဲ့သည်က အစစ်အမှန်ဆန်လှသော အိပ်မက်ပင်။ ၎င်းကို အတုအယောင်လား၊ အစစ်အမှန်လားဟု ပြောဖို့ပင်ခက်သည်။ ဝမ်လင်း၏ မျက်နှာက ဖြူရောလာပြီး သူက ကောင်းကင်ထက်သို့ မော့ကြည့်၏။ သူ့မျက်လုံးထဲ၌ ရုန်းကန်မှုတို့ ပြည့်နေသည်။

“တတိယစိတ်ဝိညာဉ်ဟာ သူပဲ…”

All Chapters