နေမင်းနတ်ခန္ဓာ
Vol. 018 Ch. 1791
ရီဖူရှင်း၏ အပေါ်သို့ တောက်ပသည့် နေနတ်အလင်းများက ကျရောက်လာပြီး သူ ရှိနေသည့် နေရာတွင် လွှမ်းခြုံထားသည်။ သို့သော် ထိုအချိန်၌ ရွှေရောင်နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။ လေထဲ၌ ဆင်တို့၏ အော်မြည်သံတို့ဖြင့် ပြည့်နှက်သွား၏။ နေနတ်အလင်းတို့ အောက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က နတ်ဆင်အင်ပါယာ ထွက်ပေါ်လာသကဲ့သို့ နတ်ဆင်ရောင်ဝါတို့နှင့် ဖုံးလွှမ်းနေသည်။
ကြောက်မက်ဖွယ် နေမင်းနတ်မီးလျှံတို့က နတ်ဆင်အင်ပါယာပေါ်သို့ ရိုက်ခတ်နေသည်။ ယင်းက နတ်ဆင်ကို ချက်ချင်း အရည်ပျော်ကျသွားအောင် လုပ်ဆောင်နိုင်စွမ်း မရှိပေ။ သို့သော်လည်း နတ်ဆင်၏ ပုံရိပ်သည် ရွှေရည်အဖြစ်သို့ ပြောင်းလဲသွားကာ တဖြေးဖြေး ပျော်ကျလာသည်။ ၄င်းကို ကြည့်ကာ နေမင်းနတ်အလင်းများက မည်မျှ ကြောက်စရာကောင်းသည်ကို မှန်းဆ၍ ရပေသည်။
တိဝူ၏ မျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။ ယင်းတို့က နေမင်း၏ နတ်မျက်ဝန်းကဲ့သို့ပင် ထင်မှတ်ရသည်။ သူ၏ နောက်ပါးဆီမှ ဟိန်းဟောက်သံအချို့ ထွက်ပေါ်လာကာ ပူပြင်းလောင်ကျွမ်းနေသော နေတစ်စင်း ထွက်ပေါ်လာ၏။ ရွှေရောင်နတ်မီးလျှံသည် ထိုနေမင်း၏တဝိုက်တွင် လောင်မြိုက်နေပြီး လေထုကိုပင် ပျော်ဝင်သွားစေကာ မီးညွှန့်မီးလျှံများ ဖြစ်ပေါ်လာသည်။
နတ်နန်းတော် အတွင်းအပြင်မှ တန်ခိုးရှင်များအားလုံးသည် ပူပြင်းနေသော လေထုကို ခံစားမိကြပေသည်။ နတ်အလင်း၏ အောက်တွင် နတ်နန်းတော်ရှိ အဆောက်အအုံများစွာတို့သည် စတင်၍ မီးစွဲလာသည်။ ပြီးပြည့်စုံသော နေမင်းနတ်ဝင်ရိုး၏ အလင်းရောင်အောက်တွင် နေမင်းနတ်အလင်းက နတ်ဆင်ပုံရိပ်ကို ဆက်လက်၍ အရည်ပျော်နေစေကာ အတွင်းမှ ရီဖူရှင်းကို စတင်၍ ဆက်လက်လောင်မြိုက်လာ၏။
ရီဖူရှင်းက ခေါင်းမော့ပြီး တိဝူကို ကြည့်လိုက်သည်။ ရွှေရောင်နေမင်း အတွင်းမှ ခြေသုံးချောင်းမီးငှက်ပုံရိပ်များ ထွက်ပေါ်လာသည်။ ၎င်းတို့က နေကို လှည့်ပတ်ကာ ပျံသန်းနေကြ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော နေမင်းနတ်မီးလျှံသည်လည်း ခြေသုံးချောင်းမီးငှက် ဖြစ်လာသည်။
ကြီးမားသော ခြေသုံးချောင်းမီးငှက်သည် ၎င်း၏ တောင်ပံများကို ဖြန့်ကားလိုက်သည်။ ထက်ရှသော ခြေသည်းများက နတ်ဆင်ပုံရိပ်ကို ထိုးဖောက်၍ တစစီဖျက်ဆီးပစ်ချင်နေပုံရသည်။ ယင်း၏ ခြေသည်းများက နတ်ဆင်ပုံရိပ်ကို ဖြတ်ကာ ရီဖူရှင်း၏ မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖျက်ဆီးရန်ကြိုးစားသည်။
ရီဖူရှင်းက သူ့ လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ ဆန့်ထုတ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဆင်အော်သံများက ကောင်းကင်တွင် ပဲ့တင်ထပ်လာသည်။ ယင်းက မဟာလမ်းစဥ်၏ ဖျက်ဆီးခြင်းပင် ဖြစ်တော့သည်။
နတ်ဆင်ပုံရိပ်၏ အော်မြည်သံသည် ကောင်းကင်ကို ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်ပြီး ထိုစွမ်းအားတို့က ခြေသုံးချောင်းမီးငှက်ကို တိုက်ရိုက် ထိမှန်သွားသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် တိဝူ၏ နောက်ဘက်ရှိ နေမင်းနတ်ဝင်ရိုးမှ ရွှေမီးငှက်များ ပျံသန်းထွက်ပေါ်လာသည်။ ရွှေမီးငှက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားလောက်အောင် များပြားပြီး ၎င်းတို့က ရီဖူရှင်းကို တပြိုင်တည်း တိုက်ခိုက်လာသည်။ ရီဖူရှင်းက သူ၏ စွမ်းအားကို ပြောင်းလဲလိုက်သည်။ အဆုံးမဲ့ ဓားစွမ်းအားများက လေဟာနယ်ကို လွှမ်းခြုံလာပြီး ကောင်းကင်နှင့် တသားတည်း ဖြစ်သွား၏။
ရီဖူရှင်းက လက်ညှိုးညွှန်လိုက်သည်။ အဆုံးမရှိသော ဓားစွမ်းအားများက သူ၏ လက်ချောင်းထိပ်တွင် စုစည်းလာသည်။ သန်းချီသော နတ်ဓားများ စုပေါင်းသွားပြီး ရီဖူရှင်း၏ လက်ထဲတွင် ဓားတစ်လက်အဖြစ် ဖွဲ့စည်းလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းက စီးဆင်းလာပြီး တိုးဝင်လာသော နေမင်းနတ်အလင်းများကို အမှုန်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ဝှစ်...
ရီဖူရှင်းက လှုပ်ရှားလိုက်သည်။ သူက ပြိုင်ဘက်၏ ပြင်းထန်သော တိုက်ခိုက်မှုကို လျစ်လျူရှုကာ တိဝူထံသို့ လျှပ်စီးအလျင်ဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏ လက်က ရှေ့သို့ ညွှန်လိုက်သည့်အခါ နတ်ဓားက ရှေ့ကို ထိုးထွက်သွားပြီး ၎င်း၏ လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်၏။
ကြီးမားသော ခြေသုံးချောင်းမီးငှက်သည် ရီဖူရှင်းဆီ ပျံသန်းလာ၏။ သို့သော် ထိုငှက်က နတ်ဓားဖြင့် ထိုးဖောက်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင် ရီဖူရှင်းအား ကာကွယ်ပေးနေသော နတ်ဆင်၏ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းလမ်းစဥ်စွမ်းအားလည်းရှိနေသေးသည်။
စူးရှသည့် အော်သံတစ်ခုကို ကြားလိုက်ကြရပြီး နတ်မီးငှက်က တစစီဖျက်ဆီးခြင်းခံလိုက်ရသည်ကို လူတိုင်း မျက်မြင်တွေ့လိုက်ကြရ၏။ ယင်းတို့က လမ်းစဥ်မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ ထိုးကျလာသည်။ သို့ပေမဲ့ ရီဖူရှင်းသည် တိဝူအနီးသို့ ချဥ်းကပ်လာသည်နှင့်အမျှ မီးလျှံများ၏ အပူချိန်မြင့်မားမှုကို ရှင်းလင်းစွာ ခံစားမိလာပေသည်။
တိဝူ၏ မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းနေ၏။ တိဝူက သူ့ထံ ချဥ်းကပ်လာသည့် ရီဖူရှင်းကို စိုက်ကြည့်နေပြီး သူ၏ အကြည့်များတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေကာ တစ်စက္ကန့်မျှပင် ယိမ်းယိုင်မသွားပေ။
ရီဖူရှင်းသည် ဘုံကိုးဘုံတွင် ဤမျိုးဆက်၏ အစွမ်းထက်ဆုံးတန်ခိုးရှင်တစ်ဦးအဖြစ် သရဖူဆောင်းခဲ့သည်။ သူ၏ စွမ်းရည်ကို မေးခွန်းထုတ်ရန် အကြောင်းမရှိပေ။ တိဝူက ထိုအချက်ကို ကောင်းကောင်းသိရှိထား၏။ ရီဖူရှင်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့မည်ဆိုလျှင် တိဝူက သူ့အား တိုက်ခိုက်ရန် ပြင်းပြသော ဆန္ဒတို့ ဖြစ်ပေါ်လာမည် မဟုတ်ပေ။
တိဝူက သူ၏ လက်များကို ဘေးသို့ ဆန့်ထုတ်လိုက်လျှင် နေနတ်အလင်းတို့က ပို၍ တောက်ပလာသည်။ သူ့မျက်လုံးများက ယခင်ကထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။ ရုတ်တရက် ပြိုင်ဘက်ကင်း နေနတ်အလင်းတို့က ရီဖူရှင်း၏ ခုခံကာကွယ်မှုကို လျစ်လျူရှုကာ ရီဖူရှင်းထံ တိုက်ရိုက်ဦးတည်လာပေသည်။
ရွှစ်... ရွှစ်...
နတ်ဆင်၏ ခမ်းနားထည်ဝါသော ပုံရိပ်က ထိုးဖောက်ခြင်းခံလိုက်ရသည်။
တိဝူ၏တိုက်ခိုက်မှုသည် ကြီးမားသောပျက်စီးခြင်းလမ်းစဉ်တစ်ခုဖြစ်ပြီး ပြင်းထန်သောလမ်း၏မီးတောက်အောက်တွင် ရွှေနတ်ဘုရားဆင်ကိုလောင်ကျွမ်းစေခဲ့သည်။ တိဝူ၏ တိုက်ခိုက်မှုသည် ဖျက်ဆီးခြင်းမဟာလမ်းစဥ်၏ စစ်မှန်သော တိုက်ခိုက်မှု ဖြစ်ကာ ရွှေရောင်နတ်ဆင်၏ ပုံရိပ်က ပြင်းထန်သော လမ်းစဥ်မီးလျှံ၏ အောက်၌ လောင်ကျွမ်းခံလိုက်ရသည်။
တိုက်ပွဲကို စောင့်ကြည့်နေကြသော တန်ခိုးရှင်များသည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ကြ၏။ နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များသည် နေနတ်ဘုရား၏ မျိုးဆက်များဖြစ်ကာ သူတို့၏ သွေးကြောများထဲတွင် နေနတ်ဘုရား၏ သွေးများစီးဆင်းနေကြသည်။ နှစ်ပေါင်းများစွာကုန်လွန်သွားပြီးနောက် နေနတ်ဘုရားဟူသည်မှာ ဒဏ္ဍာရီသက်သက်သာ ဖြစ်လာသော်လည်း နေနတ်ဘုရား၏ နတ်စွမ်းအားများကို ဆက်ခံထားသည့် နေမင်းနတ်တောင်ကုန်းမှ မျိုးဆက်များက အလွန်အစွမ်းထက်ကာ ကြောက်မက်ဖွယ် ကောင်းနေသေးသည်။ အခြားသော သာမန် ရန်ဟောင်များသာဖြစ်လျှင် သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရန်ပင် မပြုလုပ်နိုင်ဘဲ ချက်ချင်း အသတ်ခံလိုက်ရမည် ဖြစ်သည်။
ထိုပြင် တိဝူ၏ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ် စွမ်းအားဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် နည်းစနစ်ဖြစ်သည်။ ရန်သူမည်မျှပင် များမြောင်နေပါစေ နေမင်းနတ်အလင်းအောက်တွင် လောင်ကျွမ်းခံရကာ အမှုန်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုစွမ်းအားက မည်မျှ ထိတ်လန့်ကြောက်မက်ဖွယ် ကောင်းလှသည်ကို မှန်းဆကြည့်နိုင်ပေသည်။ ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်သူများပင်လျှင် ၎င်းတို့၏ ခုခံကာကွယ်မှု အားနည်းပါက ဆိုးဆိုးရွားရွား သေဆုံးသွားပေလိမ့်မည်။
သူတို့ နှစ်ယောက်လုံးက အလွန် လျင်မြန်ကြသည်။ ရီဖူရှင်းက ရှေ့သို့ တက်သွားသည်နှင့် နေမင်းနတ်အလင်းဖြင့် လွှမ်းခြုံခံထားရသည့် လေဟာနယ်ကမ္ဘာသို့ ရောက်ရှိသွားပြီး ထိုနေမင်း၏ အရှေ့၌ သူ လုပ်ဆောင်သမျှ အရာအားလုံးက ကျောက်တုံးကို ကြက်ဥနှင့် ပေါက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သို့သော် နတ်ဓားများက ကောင်းကင်တခွင် ဖုံးလွှမ်းသွားကာ ရီဖူရှင်း၏လက်ချောင်းက သူ၏ အရှေ့မှ နေမင်းကို ညွှန်ပြလိုက်သည်။
ကောင်းကင်နှင့် မြေကြီးအကြား ဓားများ ပေါ်ပေါက်လာပြီး ထိုနတ်ဓားများက မီးလျှံများဆီသို့ ပိုးဖလံများကဲ့သို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။ နေမင်းနတ်အလင်းများသည်ပင် ၎င်းတို့ကို အရည်ဖျော်ပစ် ဖျက်ဆီးပစ်ရန် မတတ်နိုင်ပေ။
ထိုနတ်ဓားများသည် ယင်းတို့ကို ဟန့်တား၍ မရနိုင်သကဲ့သို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ရှေ့ဆက်သွားနေသည်။
ဘုန်း…
ခြေသုံးချောင်းမီးငှက်က နေမင်းမှ ထွက်လာကာ တိဝူ၏ ပုံရိပ်ကို ကာကွယ်ပေးထားလိုက်သည်။ လက်ရှိတွင် တိဝူသည် ခြေသုံးချောင်းမီးငှက်၏ ကာကွယ်ပေးမှုအောက်၌ ရှိနေခဲ့သည်။ နေမင်းနတ်ဝင်ရိုး၏ အလင်းအောက်၌ သူတို့သည် နေလုံးကြီးအတွင်း၌ ရှိနေသကဲ့သို့ ထင်မှတ်ရသည်။
တိဝူက သူ၏ လက်ကို မြှောက်လိုက်လျှင် ခြေသုံးချောင်းမီးငှက်သည် ခြေသည်းများကို သုံးကာ လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။ ထက်ရှသည့် ခြေသည်းများက နတ်ဓားများထံ တည့်တည့် တိုးဝင်သွားခဲ့၏။
ရွှစ်… ရွှစ်…
ဓားများက ခြေသုံးချောင်းမီးငှက်ကို တိုက်ရိုက် ထိုးဖောက်ဖြတ်သန်းသွားသည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် နတ်ဓားများက နီရဲလာကာ တဖြည်းဖြည်းချင်း အရည်ပျော်ကျသွားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုစွမ်းအားက မူလကထက် သိသိသာသာ အားနည်းသွားပေသည်။
နောက်ဆုံးတွင် နတ်ဓားများက ခြေသုံးချောင်းမီးငှက်ကို ထိုးဖောက်လိုက်သော်လည်း နေမင်းနတ်အလင်းသို့ ထိုးဖောက်လိုက်သလို ဖြစ်ပေါ်လာကာ အားလုံးသော နတ်ဓားများက အရည်ပျော်ကျသွားပေသည်။
တိဝူ၏ မျက်လုံးများက ရီဖူရှင်းကို တည့်မတ်စွာ စူးစိုက်ကြည့်နေသည်။ ရီဖူရှင်းက သူရှိရာသို့ ရှေ့ဆက်တိုးဝင်လာနေသည်လား။
ယခုတွင် နေမင်းနတ်အလင်းများက သူ၏ ခန္ဓာကို အကာအကွယ် ပေးထားခဲ့ပြီး မည်သူကမှ တိဝူအနီးသို့ မချဥ်းကပ်နိုင်ပေ။
ရီဖူရှင်းက သူ၏ သေခြင်းတရားကို ရှာဖွေရန် အလျင်လိုနေပုံရလေသည်။
ထိုအချိန်၌ နေနတ်ဘုရား၏ သွေးက တိဝူ၏ ခန္ဓာကိုယ်မှ နိုးထလာပုံရလေသည်။ ရွှေရောင်နတ်မီးလျှံများက လောင်ကျွမ်းနေပြီး ထိသမျှ အကာအားလုံးကို သန့်စင်ပစ်နေသည်။ နေမင်းနတ်အလင်း၏ အောက်တွင် ရီဖူရှင်း၏ နတ်ဆင်နတ်ဝင်ရိုးက တဖြည်းဖြည်း ပျော်ကျလာသည်။
"တိဝူဆီမှာ နတ်ဘုရားသွေး နိုးထလာပုံရတယ်။ နေမင်းနတ်တောင်ကုန်းရဲ့ တန်ခိုးရှင်တွေက နေနတ်ဘုရားဆက်ခံသူတွေမို့လို့ သူတို့ရဲ့ နတ်ဘုရားသွေးကို အကြိမ်ကြိမ်သန့်စင်ပြီး နိုးထစေခြင်းနဲ့ သူတို့ရဲ့ လမ်းစဥ်ကို တဖြည်းဖြည်း ခိုင်မာလာစေတယ်။" ရှန်ကလန်မှ ရှန်ကောင်းက ရှင်းပြလိုက်သည်။
“နေမင်းနတ်တောင်ကုန်းရဲ့ နောက်ဆုံးဖွဲ့စည်းပုံကို 'နေမင်းနတ်ခန္ဓာ'လို့ ခေါ်တယ်။ နေမင်းနတ်တောင်ကုန်းမှာ ထူးချွန်ထက်မြက်တဲ့ ဂျူနီယာတွေ အများကြီး ရှိပေမယ့် နှစ်ပေါင်းများစွာကြာတာတောင် နေမင်းနတ်ခန္ဓာကို နိုးထနိုင်တဲ့ ဂျူနီယာမရှိသေးဘူး။ တိဝူက လက်ရှိ သူ့ရဲ့ နိုးထခြင်းဖြစ်စဥ်မှာပဲ ရှိနေသေးပေမယ့် သူက အရမ်းအစွမ်းထက်ပြီး သူနဲ့ အဆင့်တူထဲက ပြီးပြည့်စုံတဲ့နတ်ဝင်ရိုးပိုင်ရှင်တွေကိုတောင် ဖိနှိပ်နိုင်တယ်။”
ရှန်ကောင်းသည် ကောင်းကင်ဒေသ၌ ကျင့်ကြံခဲ့သူ ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် အခြားသူများထက် အသိအမြင်ကြွယ်ဝ၏။ ကောင်းကင်ဒေသတွင် နတ်ဘုရား၏ မျိုးဆက်များအဖြစ် ဝံ့ကြွားကြသော ရှေးဟောင်းမျိုးနွယ်စု အနည်းငယ်ရှိသည်။ သို့သော်လည်း နတ်ဘုရားခေတ် ကုန်လွန်သွားပြီးနောက် ကျန်ရစ်သည့် နတ်ဘုရားမျိုးနွယ် သိပ်မရှိတော့ပေ။ ထိုသူတို့က နတ်ဘုရားစွမ်းရည်ကို အပြည့်အဝဆက်ခံရခြင်း မရှိသည့် မပြည့်စုံသော နတ်ဘုရားများဟု အမျိုးအစားသတ်မှတ်နိုင်သည်။
နေမင်းနတ်ခန္ဓာရရှိခြင်းမှာ တိဝူက ထိုအဆင့်သို့ ရောက်ရှိရန် အရည်အချင်းပြည့်မီသည်ဟု ဆိုနိုင်သည်။ သို့ပေမဲ့ အလုပ်ထက် အပြောက ပိုလွယ်ပေသည်။
ထိုရှေးဟောင်းအင်အားစုများ အားလုံးသည် ထိုအဆင့်သို့ ရောက်ရန် အလားအလာရှိသော ငယ်ရွယ်သူများကို ပြုစုပျိုးထောင်ပေးခဲ့သည်။ တိဝူသည်လည်း ရွေးချယ်ခံထဲမှ တစ်ယောက်ဖြစ်၏။
သူက ရီဖူရှင်းအား အနိုင်ယူနိုင်မည်လား။
"ဟင်"
ရှန်ကောင်းက စကားပြောနေစဥ်မှာပင် သူ၏ အကြည့်တို့က ထူးဆန်းသွားသည်။ 'သူတို့ နှစ်ယောက်လုံး ဘယ်ရောက်သွားကြတာလဲ။'
တိဝူနှင့်ရီဖူရှင်းတို့ နှစ်ယောက် သူတို့အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။ လေထုအတွင်း လှုပ်ခတ်နေသော စွမ်းအားများ ရှိနေသော်လည်း သူတို့နှစ်ယောက်လုံးက ပျောက်ကွယ်နေခဲ့သည်။
"ရီဖူရှင်းရဲ့ စတုတ္ထနတ်ဝင်ရိုးက သူ့ရဲ့ အစွမ်းထက်ဆုံး နတ်ဝင်ရိုးပဲ။ အဲဒါက သီးသန့်နယ်မြေတစ်ခုကို ဖန်တီးနိုင်တာကြောင့် တခြားလူတွေရဲ့ မဟာလမ်းစဥ်စွမ်းအားကို ဖိနှိပ်နိုင်တယ်။" ဟု ရှန်ကောင်း၏ အနီးတွင် ရပ်နေသူက ပြောလိုက်သည်။ ရှန်ကလန်နှင့် တိုက်ပွဲအတွင်း ရီဖူရှင်းက ရှန်ဟောက်နှင့် တိုက်ခိုက်သည့်အခါ ရှန်ဟောက်က နတ်ရတနာတစ်ခုကို အသုံးပြုသော်လည်း ရီဖူရှင်းအား ရှုံးနိမ့်ခဲ့သည်။ ရီဖူရှင်း၏ အနိုင်ရရှိမှုက သူ၏ စတုတ္ထမြောက်နတ်ဝင်ရိုးကြောင့် ဖြစ်လေသည်။
ရှန်ဟောက်၏ အဆိုအရ ထိုနတ်ဝင်ရိုးသည် သီးသန့်နေရာလွတ်ကို ဖန်တီးနိုင်သည့် နတ်ဝင်ရိုးဖြစ်သည်။
ထိုရှင်းလင်းချက်ကို ကြားသောအခါ ရှန်ကောင်း၏ အကြည့်များက တုန်လှုပ်သွားသည်။ ရီဖူရှင်း၏ ထိုနတ်ဝင်ရိုးအတွက်ဖြစ်နိုင်ချေ နှစ်ခုရှိသည်။ ပထမဖြစ်နိုင်ခြေမှာ သူ၏ နတ်ဝင်ရိုးသည် အမှန်တကယ်ပင် ထူးခြားပြောင်မြောက်ပြီး ၎င်း၏ ကိုယ်ပိုင်နေရာလွတ်တစ်ခု ဖန်တီးနိုင်သည်။ ယင်းက သက်စောင့်ဝိညာဥ်နှင့် ဆက်စပ်နေသည်။ အဆုံးမှာတော့ နတ်ဝင်ရိုးဟူသည်မှာ ကျင့်ကြံသူ၏ သက်စောင့်ဝိညာဥ်နှင့် မဟာလမ်းစဥ်အပေါ် နားလည်သဘောပေါက်ခြင်းတို့ ပေါင်းစပ်မှုမှ မွေးဖွားလာသည်။
သို့သော် ဒုတိယဖြစ်နိုင်ခြေသာဆိုပါက အနည်းငယ် စိုးရိမ်ဖွယ် ဖြစ်ပြီး ထိုသို့သာဖြစ်ပါက သူတို့ကား ရီဖူရှင်းကို လျှော့တွက်မိထားခြင်း ဖြစ်ပုံရပေသည်။
ထိုအချိန်၌ သီးသန့်နယ်ပယ်ထဲတွင် တိဝူက အံ့အားသင့်လျက် ရှိ၏။ သူက ရုတ်ချည်း ပြောင်းလဲသွားမှုနှင့် ပတ်သတ်၍ ချက်ချင်း မတုန့်ပြန်နိုင်ခဲ့ပေ။ သို့သော် နောက်တခဏ၌ သူသည် သတိပြန်ဝင်လာကာ သွေးတို့ ဆူပွက်လာသည်။ နေမင်းနတ်မီးလျှံအောက်တွင် သူသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အစအနမှ မကျန်တော့သည်အထိ အရည်ဖျော်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ရီဖူရှင်းက တိဝူကို စိုက်ကြည့်နေသည်။ တိဝူ၏ နတ်ဝင်ရိုးသည် ပို၍ အားကောင်းလာသည်ကို သူ ခံစားမိ၏။ ဆိုလိုသည်မှာ ထူးခြားသည့် အခြေအနေအောက်၌ပင် တစ်စုံတစ်ယောက်သည် သူတို့၏ သက်စောင့်ဝိညာဥ်ကို ဆက်ပြီး သန့်စင်နိုင်ကာ လမ်းစဥ်ကို သက်သေပြ၍ ရန်ဟောင်တစ်ပါး ဖြစ်လာနိုင်ပေသည်။ ယခုချိန်မတိုင်ခင်၌ တိဝူ၏ နတ်ဝင်ရိုးသည် နတ်ဘုရားအမွေအနှစ်နှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သောကြောင့် ပြီးပြည့်စုံသော နတ်ဝင်ရိုးဖြစ်နေခဲ့ပြီး ဖြစ်သည်။
ယခု ၎င်းသည် အသွင်ပြောင်းလဲသွားပြီး ရီဖူရှင်း၏ နတ်ဆင်နတ်ဝင်ရိုးကို ဖိနှိပ်လာခဲ့သည်။
ဤလေ့လာတွေ့ရှိချက်သည် ရီဖူရှင်းကို ပြီးပြည့်စုံသည့် နတ်ဝင်ရိုးနှစ်ခုအကြားမီ အင်အားခြားနားချက်ကို သတိပြုမိစေသည်။
သို့သော် ရီဖူရှင်းသည် သူ၏ မူလဝိညာဥ်မှ မွေးဖွားလာသည့် စတုတ္ထနတ်ဝင်ရိုးကို ဖိနှိပ်နိုင်သည့် နတ်ဝင်ရိုး ရှိလိမ့်မည်ဟု သူ မယုံကြည်ပါချေ။
တိဝူသည် သူ၏ ထက်ရှသော လက်သည်းများနှင့် ရီဖူရှင်းအား တိုက်ခိုက်ခဲ့သည်။ နေမင်းနတ်အလင်းအောက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အလောင်းအဖြစ် ပြောင်းလဲပစ်ရန် ရည်ရွယ်ထားသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်သည် လျင်မြန်လှစွာဖြင့် ရုတ်တရက် လေထုထဲတွင် ပျောက်ကွယ်သွားကာ အခြားနေရာတစ်ခု၌ ပြန်၍ ပေါ်ထွက်လာသည်။ ရီဖူရှင်းသည် တိဝူအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
ရီဖူရှင်းက သူ့လက်ကို ဆန့်ထုတ်လိုက်၏။ ချက်ခြင်းပင် မဟာလမ်းစဥ်သည် ပေါင်းစပ်လာကာ နတ်ဓားများ၏ အော်မြည်သံတို့ ထွက်ပေါ်လာသည်။ သန်းချီသော နတ်ဓားများက စနစ်ကျနစွာ ပျံသန်းထွက်သွားကြသည်။
ဘုန်း...
တိဝူ၏ ခန္ဓာကိုယ်မှ နေမင်းနတ်အလင်းတို့ ထွက်ပေါ်လာသည်။ သို့သော် တိဝူသည် သူ၏ မဟာလမ်းစဉ် စွမ်းအားများ ဖိနှိပ်ခံထားရသည်ကို သဘောပေါက်လိုက်၏။ သူ၏ စွမ်းအားများက အပြင်လောကမှာကဲ့သို့ အစွမ်းမထက်ပေ။ ဤနေရာရှိ မဟာလမ်းစဥ်စွမ်းအားများက သူနှင့် သက်ဆိုင်ခြင်း မရှိနေသကဲ့သို့ ဖြစ်သည်။
ကောင်းကင်ထက်တွင် ကြယ်များက ရီဖူရှင်း၏ ပုံရိပ်ပတ်လည်တွင် လှည့်ပတ်နေပြီး တံတိုင်းတစ်ခုသဖွယ် ဖြစ်တည်လာကာ နေမင်းနတ်အလင်းတို့ကို ပိတ်ဆို့ကာဆီးလိုက်သည်။
"မင်းကိုယ်မင်း အရမ်းအစွမ်းထက်တယ်လို့ ထင်နေတာလား။" ရီဖူရှင်းက တိဝူကို ကြည့်လိုက်သည်။ "ထိုက်ချူတော်ဝင်မြေရဲ့ တန်ခိုးရှင်တွေကမှ မင်းထက် ပိုအစွမ်းထက်သေးတယ်။"
ထိုသို့ပြောပြီးနောက် ရီဖူရှင်းက တိဝူထံ လက်ညှိုးထိုးလိုက်သည်။ တခဏချင်းမှာပင် သန်းပေါင်းများစွာသော နတ်ဓားများက တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ ဓားတစ်လက် ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ထက်တွင် နတ်ဓား၏ ရောင်ဝါက တလောကလုံးကို ထွန်းလင်းနေစေပြီး တိဝူကို သတ်ဖြတ်ရန် အလင်းတန်းတစ်ခုကဲ့သို့ တိုးဝင်သွားလေသည်။ ၎င်းက ဖြတ်သန်းသွားသည့် နေရာမှ အရာအားလုံးကို အမှုန်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူ၏ တိုက်ခိုက်မှုက အင်ပါယာနန်နှင့် ခပ်ဆင်ဆင်တူပေသည်။
ဓားက ကျဆင်းလာသည့်အခါ တိဝူ၏ ခန္ဓာကိုယ်က နေနှင့် ပေါင်းစပ်သွားသည်။ ခြေသုံးချောင်းမီးငှက်က သူ၏ သခင်ကို ကာကွယ်ရန် ယခင်ကအတိုင်း နတ်ဓားကို တားဆီးလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ရီဖူရှင်း၏ ဓားက ပို၍ အားကောင်းနေပုံပေါ်သည်။ ဆန့်ကျင်ဘက်အနေနှင့် တိဝူ၏ စွမ်းရည်က အားနည်းနေသည်။ ထိုသို့ အပြောင်းအလဲအောက်၌ နတ်ဓား၏ ရောင်ဝါတို့က အောက်ဘက်သို့ တိုက်ရိုက် ထိုးဖောက်တိုက်ခိုက်လာသည်။ စွမ်းအင်လှိုင်းများကြောင့် တိဝူ၏ ပုံရိပ်က နောက်ဘက်သို့ လွင့်ပျံသွားခဲ့သည်။ ခြေသုံးချောင်းမီးငှက်၏ ပုံရိပ်သည်လည်း အပိုင်းအစများအဖြစ် ပြောင်းလဲခံလိုက်ရကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဖူး....
ဓားအလင်းတို့ ပျောက်ကွယ်သွားချိန်၌ သီးသန့်နေရာလွတ်စွမ်းအားသည်လည်း ပျောက်သွားသည်။ လူအုပ်ကြီးသည် နောက်ဘက်သို့ လွင့်စင်လာပြီး ပါးစပ်အပြည့်သွေးတို့နှင့် ချောင်းဆိုးလိုက်သော သဏ္ဌာန်တစ်ခုကို မြင်လိုက်ကြရသည်။ သူ၏ ခန္ဓာကိုယ်၌ လင်းလဲ့နေသေးသော ဓားစွမ်းအား အကြွင်းအကျန်တို့ ကျန်ရှိနေဆဲ ဖြစ်ပေသည်။
***