ကောင်းကင်အဆင့် သိုင်းပညာရှင် လင်းမို့
Vol. 5 Ch. 66
~
" ယန်ယိမို က သူလား... "
ကျောင်းအုပ် ယန်၏အတွေးထဲတွင် ကလေးမလေးတစ်ဦး၏ ပုံရိပ် ပေါ်လာသည် ။
ယန်မိသားစုက ကြီးမားသော မိသားစုကြီး တစ်ခုဖြစ်သည် ။
မိသားစု ခန်းမ မှာ ကျန်းနန်စီရင်စု ကျန်းမြို့တွင်ရှိသည် ။ ယန်မိသားစုအတွင်း ကောင်းစွာစွမ်းဆောင်နိုင်သူများက ကျန်းမြို့နှင့် နတ်ဆိုးမြို့ကဲ့သို့သော ပထမတန်းမြို့များတွင် နေခွင့်ရသည် ။
ယန်ယိမို က နတ်ဆိုးမြို့ မိသားစုခွဲမှဖြစ်သည် ။
လွန်ခဲ့သော သုံးနှစ်က ကျောင်းအုပ်ယန်သည် မိသားစု တွေ့ဆုံပွဲတွင် ယန်ယိမိုနှင့် ဆုံခဲ့ဖူး၏ ။ ထိုကလေးမလေးက ပါရမီရှင်စာရင်းတွင် ပါလာလိမ့်မည်ဟု သူမထင်ခဲ့မိ ။
" ငါတို့မိသားစုမှာ နဂါးတစ်ကောင်ပေါ်လာတာပဲ..."
ကျောင်းအုပ်ယန် လုံးဝတော့ မသေချာ ။ ထို့ကြောင့် အတည်ပြုရန် ဖုန်းဆက်လိုက်၏ ။
" ဦးလေး... ကျွန်တော် ဝမ်ဟိုင်ပါ... "
ကျောင်းအုပ်ယန်၏ နာမည်က ယန်ဝမ်ဟိုင် ဖြစ်သည် ။ သို့သော် ဦးလေးဖြစ်သူက နာမည်မခေါ်ဘဲ...
" အာကုံး... "
ကျောင်းအုပ်ယန်၏ မျက်နှာမည်းမှောင်သွားပြီး...
" ဦးလေး ...ကျွန်တော့အသက် ဒီလောက်ကြီးနေပြီကို နာမည်ပြောင်မခေါ်နဲ့တော့လေ ... "
" ဘာဖြစ်လဲ... ငါခေါ်ချင်သလို ခေါ်မှာပဲ..."
သူ့ဦးလေးက မျက်နှာသာမပေးဘဲ...
" အာကုံး မင်းဖုန်းမဆက်တာကြာပြီ... ငါ့မြေးမလေး အောင်မြင်နေတာကို မေးချင်လို့ ဆက်တာလား... "
ကျောင်းအုပ်ယန် အံ့သြသွားပြီး...
" ဦးလေး... အဆင့် ၇ က တကယ် ယိမိုလေးလား... "
" ဟမ့်... အတုဘယ်ဖြစ်မလဲ... "
ဦးလေးက ဂုဏ်ယူစွာဖြင့်...
" နတ်ဆိုးမြို့ တစ်မြို့လုံးမှာ ငါ့မြေးနဲ့ ယှဥ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ... ဟမ့်... တစ်ကယ်ဆို အဆင့်၇ က နိမ့်တောင်နေသေးတယ်... အဆင့် ၂ လောက်ဖြစ်ရမှာ... အဆင့်၁ က ယဲ့ရီ ရဲ့ပါရမီက လူမဆန်လို့သာပေါ့... မနှစ်ကလိုဆို အဆင့်၁ သေချာပေါက်ပဲ ..."
အဘိုးကြီးက သူ့မြေးအကြောင်း ကြွားချင်နေမှန်း သိသာလှသည် ။
ကျောင်းအုပ်ယန်က မျက်နှာလိုမျက်နှာရ ပြုံးလိုက်၏ ။ သူ့ဦးလေး ကြွားနေသည်ကို စောင့်နားထောင်ပြီးမှ...
" ဦးလေး... ကျွန်တော် ဦးလေးနဲ့ ဆွေးနွေးချင်တာရှိလို့... "
ကျောင်းအုပ်ယန် က သူ့ဦးလေးကို ယီမိုလေးအား ဟိုင်းချန်အထက်တန်း ကျောင်းတွင် စာမေးပွဲဖြေရန် တောင်းဆိုလိုက်၏ ။
သူ မည်သူ့ကို အပြစ်လုပ်မိမှန်း စဥ်းစားမရသဖြင့် သူ့နေရာကို ကာကွယ်ရန်သာ တက်နိုင်တော့သည် ။ ယန်ယီမိုသာ သူ့ကျောင်းသို့ ပြောင်းလာလျှင် မည်သည့် ပြသနာမဆို ပြေလည်သွားပေမည် ။
ကျောင်းအုပ်ယန်၏ အမြင်အရ ယန်ယီမိုက ဟိုင်းချန်အထက်တန်းကျောင်းမှ စာမေးပွဲဝင်ဖြေ၍ ကျန်းနန်စီရင်စုတွင် ပထမရပြီး အရင်တုန်းက တင်ခဲ့ဖူးသော စာမေးပွဲရမှတ် စံချိန်ကို ချိုးဖျက်နိုင်ခဲ့လျှင် ကျောင်းအုပ်တစ်ယောက်အနေနှင့် ကြီးမားသော အောင်မြင်မှု ရရှိမည်ဖြစ်သည် ။ မည်သူက သူ့အား ထိရဲပါမည်နည်း ။
သိုင်းဌာန၏ ခေါင်းဆောင်ကျောက် က သူ့ကို ဖြုတ်နိုင်တော့မည်မဟုတ်ဘဲ သူက ခေါင်းဆောင်ကျောက်၏ နေရာကိုပင် ရရှိနိုင်ပေသည် ။
ကျောင်းအုပ်ယန်က ထိုသည်ကို တွေးမိသည်နှင့် စိတ်လှုပ်ရှားလာ၏ ။ သူ့ဦးလေးအား အစွမ်းကုန် တောင်းပန်တော့သည် ။ အဆက်မပြတ်တောင်းပန် ပြီးမှ သူ့ဦးလေးက လက်ခံလိုက်သည် ။
တဖက်က သူ့ဦးလေးက တူလေးအား သတိရနေပြီး တဖက်က မိသားစုအကျိုးအတွက် အကျိုးရလဒ်တချို့ ရချင်သည် ။ ထို့ကြောင့် ကျောင်းပြောင်းပေးရန် သဘောတူလိုက်၏ ။
" ဒါပဲကွ... "
ကျောင်းအုပ်ယန်က သူ့ဦးလေး ဖုန်းချလိုက်သည်နှင့် ထိုင်ခုံပေါ်မှ ခုန်ထလိုက်၏ ။
" ဟားဟားဟား... စာမေးပွဲပြီးရင် ကျောင်းအုပ်ယန်ကနေ ခေါင်းဆောင်ယန်ဖြစ်ပြီကွ... ဟမ့်... ဘယ်သူက လက်ထောက်လုပ်ချင်လို့လဲ... "
ကျောင်းအုပ်ယန်က ကျောက်ရှု၏ ထိုင်ခုံအား မျက်စောင်းထိုးနေလေပြီ ။
တတိယနှစ် အခန်း၁၀ တွင် တစ်ယောက်ထဲ အိပ်နေသော လင်းမို့သည် ပါရမီရှင်စာရင်းကြောင့် တစ်နိုင်ငံလုံး ပွက်လောရိုက်နေသည်ကို မသိ ။
' ဟောက်ရန်ကို ငါနဲ့အတူတူပျင်းဖို့ ခေါ်လိုက်တာကို ထောင့်မှာ တစ်ယောက်ထဲ အိပ်နေရတယ်... '
လင်းမို့သည် အလုပ်ရှုပ်နေသော ဟောက်ရန်ကို လှမ်းကြည့်လိုက်သည် ။ ဟောက်ရန် ဘာတွေများ အလုပ်ရှုပ်နေလဲဟုမေးလျှင် အဖြေရှာရန်ပင်လိုမည်မထင် ။
ဟောက်ရန်က အတန်းဖော်များ၏ အနားသို့သွား၍ ' မင်းနှုတ်လုံလား 'ဟု တစ်ယောက်ပြီး တစ်ယောက် လိုက်မေးနေလေသည် ။
' ဒီဖက်တီး ဒီလောက် ပါးစပ်ကြီးမှန်းသိရင် မနေ့တုန်းက သူ့အဖေကို ကတိပေးလိုက်မိမှာ မဟုတ်ဘူး... '
လင်းမို့ နောင်တရသွား၏ ။ သူပျင်းရိရန် အကူခေါ်ခဲ့သော်လည်း ငကြွားတစ်ကောင်သာ ရောက်လာခဲ့သည် ။
ဟောက်ရန်က တက္ကသိုလ်ဝင်ခွင့် ဘယ်ဆီနေမှန်းမသိသေးသော်လည်း လိုက်ကြွားပြီးလေပြီ ။
' ငါသာ သူ့ဦးလေးမှန်း ဟောက်ရန်သိရင် ဘယ်လိုနေမလဲမသိဘူး... '
လင်းမို့တွေးလိုက်မိ၏ ။
' ထားလိုက်ပါ... ငါက သူ့ဦးလေးပဲ... သည်းခံလိုက်ပါ့မယ်... ကြွားချင်လည်း ကြွားတော့...'
လင်းမို့ ၏ ရေနွေးဘူးမှာ နှစ်ရက်သောက်ပြီးနောက် ကုန်သွားလေပြီ ။
A1 ဆေးပုလင်း ၉၀ မှာ လက်သီးပြင်းအား ၉၀၀ ကီလို တိုးပေးနိုင်သော်လည်း သူအမြန်သောက်လိုက်သဖြင့် အများစုမှာ အလေအလွှင့်ဖြစ်သွားသည် ။
သို့သော်လည်း နှမြောစရာတော့ မကောင်းပေ ။ A1 ဆေးများမှာ DNA နှင့် ချိတ်ဆက်ထားသဖြင့် သူများကိုပေး၍မရသလို ရောင်းလည်းမရချေ ။ ထို့ကြောင့် လွှင့်ပစ်မည့်အစား သောက်လိုက်သည်က ပိုကောင်းပေသည် ။
' သိပ်တော့မဆိုးပါဘူး... '
လင်းမို့ကတွေးရင်း...
' ငါ ရေလိုသောက်လို့လည်း လက်သီးပြင်းအားတိုးနှုန်းက ဒီလောက်မြန်တာ... ငါဒီလိုမသောက်ရင် ခုလို ၂၀၀၀ ကျော်မှာမဟုတ်ဘူး... '
မှန်ပေသည် ။ နှစ်ရက်အတွင်း လင်းမို့၏ လက်သီးပြင်းအားက ၂၀၀၀ ကီလို ကျော်လွန်သွားလေပြီ ။ အတိအကျဆိုလျှင် ၂၀၂၂ ကီလို ဖြစ်သည် ။
လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်အလယ်ဆင့်နှင့် လက်သီးပြင်းအား ကီလို ၂၀၀၀ ပေါင်းလျှင် ကောင်းကင်အဆင့် ရောက်ပြီဟု ဆိုနိုင်ပေသည် ။
ယနေ့မှစ၍ လင်းမို့သည် ကြယ်တစ်ပွင့် သိုင်းပညာရှင် ဖြစ်သွားပြီဖြစ်သည် ။
' ငါ သိုင်းပညာရှင် အတည်ပြုလက်မှတ်တောင် သွားမယူရသေးတာ... ကြယ်တစ်ပွင့်ရောက်သွားပြီ... '
လင်းမို့သည် ယခု MAD ဌာနသို့သွား၍ ကြယ်တစ်ပွင့်လက်မှတ်ယူလိုက်လျှင် တစ်ရုံးလုံး လန့်၍ သေသွားနိုင်သည်ဟု တွေးမိလိုက်၏ ။
' ငါ့ အဆင့်တက်နှုန်း အရမ်းမြန်နေတာကလည်း ပြသနာပဲ... '
သို့သော်လည်း သူ့ကိုသူ ဂုဏ်ယူမိသည် ။ နှစ်ရက်အတွင်း သူ့လက်သီးပြင်းအား ကီလို ၆၀၀ ကျော် တိုးလာပေသည် ။ သူ့အပြင် လုပ်နိုင်မည့်သူ ရှိမည်မထင် ။
' ငါ့ လက်သီးပြင်းအား တိုးလာတာနဲ့... တိုက်ခိုက်ရေးစွမ်းရည်ကပါ တိုးလာသလိုပဲ... '
Chapter 67