ဘိုးဘေးနယ်ပယ်ကျောက်ကမ္မည်း
Vol. 018 Ch. 1792
လွင့်ထွက်လာသည့် တိဝူအား နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များက အလျင်အမြန် ဖမ်းယူလိုက်ကြသည်။ သူ၏ နတ်ဝင်ရိုးက အပြင်းအထန် ထိခိုက်သွား၏။ သူ့ခန္ဓာကို ထိုးဖောက်သွားသည့် ဓားစွမ်းအင် အလင်းတန်းတစ်ခုက တိဝူ၏ အရှိန်အဝါကို အလွန်ပင် အားနည်းသွားစေသည်။ ထိုဓားချက်က သူ့အား သေလုနီးပါး ဖြစ်သွားခဲ့သည်။
တိဝူက တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူ၏ နတ်ဝင်ရိုးက ပြောင်းလဲခဲ့ပြီး လမ်းစဥ်က ပိုမိုအားကောင်းလာသည့်အတွက် သူ့ကိုယ်သူ ယုံကြည်မှု မြင့်မားလာခဲ့သည်။ ကောင်းကင်ဒေသ နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များသည် သူက နတ်ဘုရားသွေးကို သန့်စင်ရန် အခွင့်အရေးရှိနေသရွေ့ အတိုင်းအဆမဲ့သော စွမ်းအားတို့ကို ဖော်ထုတ်ပြသနိုင်မည် ဖြစ်ကြောင်း ပြောပြခဲ့ကြသည်။ သူသည် နေမင်းနတ်ခန္ဓာကို ကျင့်ကြံရန်ပင် အခွင့်အလမ်းများပေသည်။
သူ၏စွမ်းရည်များ တိုးတက်လာခြင်းသည် သူ့ကိုယ်သူ ယုံကြည်ချက်အား အလွန် တိုးမြင့်လာစေပြီး ရီဖူရှင်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခဲ့သည်။
သို့သော်လည်း တိုက်ပွဲသည် သနားစရာကောင်းလောက်အောင် အဆုံးသတ်ခဲ့ရသည်။
သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးက ဖိနှိပ်ခံခဲ့ရပြီး တိဝူသည် ဓားများကို တားဆီးရန် မတတ်စွမ်းနိုင်ခဲ့ပေ။ ဤသည်မှာ တိဝူအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ပြန်ရောက်သည့်အခါ တိဝူသည် ဘုံကိုးဘုံတွင် အစွမ်းထက်သည့် တန်ခိုးရှင်တစ်ဦးဖြစ်သည်။ သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအချိန်တွင် ရီဖူရှင်းက သူနှင့် အဆင့်အတူတူသာ ရှိခဲ့သည်။
ထိုအချိန်အခါက နေမင်းနတ်ဘုရားနန်းတော်၏ ဆက်ခံသူတစ်ယောက်ဖြစ်သော တိဝူသည် ရီဖူရှင်းအား ခြိမ်းခြောက်မှုတစ်ခုဟူ၍ပင် မယူဆခဲ့ပေ။ သို့ပေမဲ့ နောက်ပိုင်းတွင် ရီဖူရှင်းက ပို၍ ကျော်ကြားလာသည်။ တိဝူသည် ယနေ့တွင် ဤကဲ့သို့ အရှက်ရဖွယ်ရှုံးနိမ့်မှုကို လက်ခံရန် အလွန်ခက်ခဲနေခဲ့သည်။
နေမင်းနတ်တောင်ကုန်းကလည်း သူ့အပေါ် လောင်းကြေးထပ်ထားသေး၏။ သူတို့သည် လောင်းကြေးကို လူသိရှင်ကြား ကြေငြာခဲ့သည်ဖြစ်ရာ စကားကို ယခုမှ ပြန်ရုတ်သိမ်းရန် မဖြစ်နိုင်ပေ။
နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များသည် အခြားသူများ၏ ကံမကောင်းမှုကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ရန် လာရောက်ခဲ့ကြသော်လည်း သူတို့သည် အဆင့်အတန်းရှိသူများ ဖြစ်၍ ရှုံးနိမ့်လျှင် အရှုံးကို ဝန်ခံကြရမည်သာ ဖြစ်၏။
နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များသည် တိဝူအား တစ်ချက်ကြည့်လိုက်ပြီးနောက် ရီဖူရှင်းဘက်သို့ ကြည့်လိုက်ကြသည်။ ရီဖူရှင်းက အမှန်တကယ် ထူးချွန်ထက်မြက်လှ၏။ သူတို့က တိဝူ၏ အရည်အချင်းအား စမ်းသပ်စစ်ဆေးခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် တိဝူက ရီဖူရှင်းအား ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ကြည့်ရသည်မှာ နေမင်းနတ်နန်းတော်က နတ်နန်းတော် ဘိုးဘေးနယ်မြေမှ နတ်ရတနာကို ရရှိရန် ကံကြမ္မာပါလာပုံ မရပေ။
ယခုအဖြစ်အပျက်ပြီးသည့်နောက် သူတို့သည် နောက်ပိုင်း၌ မည်သို့ဆက်ဖြစ်မည်ကို စောင့်ကြည့်နေရုံသာ ရှိတော့သည်။
"ဘာလုပ်ရမလဲဆိုတာ မင်းတို့ သိဖို့ မျှော်လင့်ပါတယ်။" နန်းတော်သခင်က နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည်။
နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များကို ဦးဆောင်လာသည့် ခေါင်းဆောင်ဖြစ်သူက ပြုံးကာ ပြောလိုက်သည်။ "ကျုပ်တို့ဘက်က ရှုံးသွားမှတော့ နေမင်းနတ်နန်းတော်က ဒီနေ့တိုက်ပွဲမှာ ဝင်ပါတော့မှာ မဟုတ်ဘူး။ ကျုပ်တို့ အခုပဲ ထွက်သွားတော့မှာပါ။"
သူက ပြောပြီးသည့်နောက် သူ၏ ကတိကို ထိန်းသိမ်းရန်အတွက် လှည့်ထွက်သွားကြလေသည်။
နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသော်လည်း သူတို့၏ နှလုံးသားထဲတွင် နှမြောတသဖြစ်မှုများ ရှိနေပေသည်။
သူတို့သည် အပြီးတိုင်ထွက်ခွာသွားခြင်းမဟုတ်ဘဲ နတ်နန်းတော်မှ အတော်လေး ဝေးကွာသည့် လမ်းစဥ်ပင်လယ်ထက်တွင် နေရာယူထားကြသည်။ လမ်းစဥ်ပင်လယ်ထက်တွင် ရပ်နေကြပြီး သူတို့၏ စိတ်စွမ်းအားများကို နတ်နန်းတော်ဘက်သို့ ဖြန့်ကျက်ထားကြသည်။ သူတို့သည် နောက်ပိုင်းဆက်ဖြစ်မည့် တိုက်ပွဲများကို ဆက်လက်စူးစမ်းကြမည် ဖြစ်သည်။
ဤမုန်တိုင်းက မည်သို့ အဆုံးသတ်မည်ကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့လိုကြပေသည်။
ရှန့်ရှောင်းနတ်နန်းတော်က ကံဆိုးမိုးမှောင်ကျခြင်းမှ လွတ်မြောက်နိုင်မည်လား။
ရှန့်ရှောင်းနတ်နန်းတော်က ရှုံးနိမ့်ခဲ့လျှင် သူတို့ ဘိုးဘေးနယ်မြေရှိ နတ်သိုင်းလမ်းက လုယူခံရပေလိမ့်မည်။ ထိုသို့ ဖြစ်လာပါက နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များနှင့် နတ်နန်းတော်၏ သဘောတူညီချက်က ပျက်ပြယ်သွားလိမ့်မည် ဖြစ်သည်။ ထိုအချိန်ရောက်ပါက သူတို့ ပစ္စည်းအချို့ရနိုင်ရန် အခွင့်အရေး ရှိလာနိုင်ပေလိမ့်မည်။
နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များ ထွက်ခွာသွားပြီးနောက်၌ပင် နတ်နန်းတော်၏ လေထုက တင်းမာနေဆဲဖြစ်သည်။
"ကျုပ်တို့ဘက်က အခြေအနေတစ်ခု ရှိတယ်။ ကျုပ်ပြောတာ နားထောင်ကြည့်ဖို့ ဆန္ဒရှိရဲ့လား။" ရှန်ကလန်မှ တန်ခိုးရှင်ဖြစ်သည့် ရှန်ကောင်းက စကားပြောလာသည်။ လူတိုင်း၏ အကြည့်များက သူ့ထံသို့ ချက်ချင်းရောက်ရှိလာသည်။ ရီဖူရှင်းသည်လည်း ရှန်ကောင်းကို လှမ်းကြည့်လိုက်၏။
ရှန်ကောင်းက လမ်းစဥ်ပင်လယ်ထက်မှ လျှောက်လာပြီး လေထဲတွင် ရပ်လိုက်သည်။ သူ၏ အကြည့်တို့က ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "ရီဖူရှင်းက အရင်တုန်းက ကျုပ်တို့ရဲ့ ရှန်ကလန်ကို တိုက်ခိုက်တာမှာ ပါဝင်ခဲ့ဖူးတယ်။ အခုလည်း သူက အထက်ကောင်းကင်ဘုံမှာ ပြဿနာပတ်မွှေနေတယ်။ အကယ်၍ နတ်နန်းတော်က ကျုပ်တို့ဆီ သူ့ကို လက်လွှဲပေးမယ်ဆိုရင် ဒီနေရာက ကိစ္စတွေကို ကျုပ်တို့ ဝင်ပါတော့မှာ မဟုတ်ဘူး။ ကျုပ်တို့ ပြဿနာကို ရင်ဆိုင်ဖြေရှင်းပြီးတဲ့အခါ သူ့ကို ပြန်ခေါ်လာပေးမယ်။ ဘယ်လိုလဲ။"
နတ်နန်းတော်က ရီဖူရှင်းကို လိုအပ်သည်။
သူတို့၏ ပဋိပက္ခက ရီဖူရှင်းကြောင့် ဖြစ်လာရခြင်း ဖြစ်၏။ ရှန်ကောင်းသည် သူတို့သာ ရီဖူရှင်းကို ဖမ်းနိုင်ခဲ့လျှင် သူ့အား သူတို့ဘက်သို့ ရောက်လာအောင် စည်းရုံးနိုင်မည့် အခွင့်အရေး ရှိဦးမည်ဟု ထင်နေသည်။
သူသည် နှစ်ဖက်လုံးနှင့် ရန်သူ ဖြစ်ရမည်ဆိုလျှင်ပင် ရှန်ကောင်းက ရီဖူရှင်းအပေါ် မြင့်မားသော မျှော်မှန်းချက်များ ရှိနေသေးသည်။ အကယ်၍ သူသာ ရီဖူရှင်းကို အမှန်တကယ် သတ်ပစ်လိုက်ပါက ပါရမီရှင်တစ်ယောက်ကို အလဟဿဖြုန်းတီးပစ်မိသလို ခံစားရပေလိမ့်သည်။
"ကြည့်ရတာ ရှန်ကလန်က နောက်ဆုံးတစ်ခေါက် ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ အဝိုင်းခံခဲ့ရတာကို အခုထိ သင်ခန်းစာမရသေးတဲ့ပုံပဲ။" အရှင်ထိုက်ရွှမ်က အဝေးမှ ရှန်ကောင်းကို ကြည့်ကာ ကျယ်လောင်စွာ သတိပေးလိုက်သည်။ "အဲဒီလိုဆိုမှတော့ ရှန်ကလန်အနေနဲ့ ကျုပ်တို့အားလုံးကို တစ်ခါတည်း ဖမ်းနိုင်ဖို့ ဆုတောင်းတာ အကောင်းဆုံးပဲ။ မဟုတ်လျှင် ကျုပ်တို့ဘက်ကလည်း ဒီတစ်ကြိမ်မှာ ရှန်ကလန်ကို လွယ်လွယ်လေး အလွတ်ပေးမှာ မဟုတ်တော့ဘူး။"
နတ်နန်းတော်က ရီဖူရှင်းကို ရှန်ကလန်ဆီ လက်လွှဲပေးမည် မဟုတ်သည်မှာ သိသာထင်ရှားနေသည်။ လက်ရှိ ဘုံကိုးဘုံ၏ အင်အားစုများအကြားတွင် ရီဖူရှင်းက အသန်မာဆုံးဖြစ်သည်ကို လူတိုင်း သိကြသည်။
ရှန်ကောင်းကလည်း ထိုအချင်းအရာကို သတိပြုမိပေသည်။ ထို့ကြောင့် သူက အရှင်ထိုက်ရွှမ်၏ အဖြေကို ကြားသည့်အခါ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူက အရှင်ထိုက်ရွှမ်၏ စကားများကို စိတ်ကွက်ခြင်း မရှိပေ။ ထိုအဖြေကို သူ ကြိုတင်ခန့်မှန်းခဲ့ပြီး ဖြစ်သည်။
"အခုက အရင်နဲ့ မတူတော့ဘူးလေ။" ရှန်ကောင်းက အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။ ယခုတွင် ကောင်းကင်ဒေသနှင့် လေဟာနယ်ဘုံကို ဆက်သွယ်ထားသည့် လမ်းကြောင်းအား ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ထိုသည်က ရှန်ကောင်း ပြန်လာနိုင်ရုံမျှမကဘဲ လေဟာနယ်ဘုံမှ ရှန်ကလန်နှင့် ကောင်းကင်ဒေသမှ ရှန်ကလန်တို့ ဆက်သွယ်နိုင်ပြီဟုလည်း ဆိုလိုသည်။
ရှန်ကလန်ကို ချီတက်၍ ဝန်းရံလိုသည်လား။
ကောင်းကင်အာဏာစက်ကျောင်းတော်၌ မဟာမိတ်တပ်ပေါင်းစုများ ရှိနေလျှင်ပင် ထိုသို့လုပ်ဆောင်လိုပါက နှစ်ကြိမ်တိုင်တိုင် စဥ်းစားရန် လိုအပ်ပေသည်။
"ခင်ဗျားတို့အားလုံး ဆုံးဖြတ်ချက်ချပြီးသွားပြီလား။" နန်းတော်သခင်၏ အကြည့်များက ပလ္လင်အနီး၌ ရပ်နေသည့် ကိုက်ထန်ထံ ဝေ့ဝဲသွားခဲ့သည်။ ဤသို့သော အခြေအနေအောက်တွင် သူက တိုက်ခိုက်ရန် မည်သို့ စီစဥ်နေသနည်း။
သူတို့ စတင်တိုက်ခိုက်လျှင် ဖြစ်လာမည့်အကျိုးဆက်များကို သူက ခံနိုင်ရည်ရှိမည်လား။
"ကျုပ်တို့က အသစ်ပြန်ဖွဲ့စည်းဖို့ လုပ်နေတာ မဟုတ်ဘူးလား။ ဘာလို့ တွေဝေနေဖို့ လိုသေးတာလဲ။" ထိုအချိန်တွင် ကောင်းကင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံထွက်ပေါ်လာသည်နှင့် မဟာလမ်းစဥ်လှိုင်းများက ကြောက်မက်ဖွယ် လှုပ်ရှားလာကာ နတ်နန်းတော်ကို ရိုက်ခတ်လာ၏။ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သည့် အသံကို လူတိုင်းကြားလိုက်ရပေသည်။
တိုက်ခိုက်မှုကို စတင်လာသည့် တန်ခိုးရှင်ထံသို့ လူတိုင်း၏ အကြည့်များက ကျရောက်လာသည်။
ထိုသူမှာ ထိုက်ချူတော်ဝင်မြေမှ ခရမ်းစစ်ဘုရင်အင်ပါယာပင် ဖြစ်၏။
ဘုံကိုးဘုံမှ ဒေသခံအင်အားစုအချို့က တိုက်ခိုက်မှုစတင်ရန် သုံးသပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဒေသ ထိုက်ချူတော်ဝင်မြေမှ ခရမ်းစစ်ဘုရင်အင်ပါယာက တိုက်ခိုက်မှုကို အစပျိုးလိုက်ပြီ ဖြစ်၏။ ယခင်က စေလွှတ်ခဲ့သော သူ့အဖွဲ့မှ လူများက တာဝန်ကို ရှုံးနိမ့်ခဲ့သည်။ ယခု သူက ကိုယ်တိုင်လာရောက်ခဲ့သည်ဖြစ်ရာ ရှုံးနိမ့်ရန်မှာ မဖြစ်နိုင်တော့ပေ။
ဤတိုက်ပွဲတွင် မည်သို့ဖြစ်လာပြီး မည်သည့်အကျိုးဆက်များ ရှိလာမည်ကို ခရမ်းစစ်ဘုရင်အင်ပါယာက အနည်းငယ်မျှပင် ဂရုမစိုက်ပါချေ။
ရွှေရောင်နတ်ပြည်ထောင်က သူတို့ ကတိပေးထားသည်အား တည်နေသရွေ့ လုံလောက်ပြီ ဖြစ်သည်။ ထိုက်ချူတော်ဝင်မြေက သူတို့အား ကူညီပြီး အထက်ကောင်းကင်ဘုံ၏ ကျင့်ကြံခြင်းလမ်းစဥ်ကို သင်ကြားပြသပေးရာ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သော ရှန့်ရှောင်းနတ်နန်းတော်အား အစားထိုးရန် ကူညီပေးမည် ဖြစ်သည်။
ဤတစ်ကြိမ်၌ သူ၏ တိုက်ခိုက်မှုက ယခင်ကထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။ ပြိုင်ဘက်ကင်း ရောင်ဝါတစ်ခုက နတ်နန်းတော်အတွင်းသို့ တိုးဝင်လာသည်။ ချက်ချင်းပင် လမ်းစဥ်ပင်လယ်အလယ်ရှိ ကျွန်းထက် တည်ရှိသော ရှေးဟောင်းနန်းတော်၏ နေရာအနှံ့တွင် အက်ကြောင်းရာများ ဖြစ်ပေါ်လာသည်။ အက်ကြောင်းရာများက လျင်မြန်စွာပင် တိုးပွားလာလေသည်။
ဘုန်း...
ပြင်းထန်သည့် ကြောက်မက်ဖွယ် အသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ နတ်နန်းတော်တည်ရှိနေသည့် ကျွန်းတစ်ခုလုံးက ပို၍ နစ်မြုပ်လာသည်။ များပြားလှသော ကာကွယ်ရေးဝင်္ကပါများက အသက်ဝင်လာသော်လည်း ၎င်းတို့က ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။ ဤအဆင့် စွမ်းအားသည် နတ်နန်းတော်၏ ကာကွယ်ရေးဝင်္ကပါများ ခုခံကာကွယ်နိုင်သည့် အနေအထားထက် ကျော်လွန်သွားပြီ ဖြစ်၏။ နတ်နန်းတော်သာမက မဟာလမ်းစဥ်ဘုံသုံးထောင်တွင် မည်သူကမှ ဤသို့သောအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ စွမ်းအားကို ခုခံကာကွယ်နိုင်သော ကာကွယ်ရေးဝင်္ကပါကို တည်ဆောက်နိုင်မည် မဟုတ်ပေ။
နတ်နန်းတော်က ကျဆုံးရတော့မည် ဖြစ်၏။
ဤမြင်ကွင်းအား မြင်လိုက်ရသည့် တန်ခိုးရှင်များသည် ထိတ်လန့်ကာ ပင့်သက်များရှိုက်လိုက်ကြသည်။ ထို့နောက်တွင် မည်သည်တို့ ဖြစ်ပျက်တော့မည်ကို သူတို့ သတိထားမိလာကြ၏။
ဤသို့သော ရလဒ်က ပုံမှန်ပင် ဖြစ်သည်။ နတ်နန်းတော်ကဲ့သို့သော အဆောက်အဦတစ်ခုအတွက် ယနေ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန်မှာ မဖြစ်နိုင်ပေ။
ယနေ့ နတ်နန်းတော်သို့ ကျူးကျော်လာသော တန်ခိုးရှင်များ အထူးသဖြင့် ရွှေရောင်နတ်ပြည်ထောင်၏ လုပ်ပိုင်ခွင့်ကို လျစ်လျူရှုပြီး နတ်နန်းတော်ကို ချက်ချင်းတိုက်ခဲ့သော ထိုက်ချူတော်ဝင်မြေမှ ဤထိပ်သီးပုဂ္ဂိုလ်သည် နတ်နန်းတော် ပြိုကျခြင်းရှိမရှိကို ဂရုစိုက်နေမည် မဟုတ်ပါချေ။
လမ်းစဥ်ပင်လယ်ထက် ဝေးကွာသော တစ်နေရာတွင် ရှိနေသော တန်ခိုးရှင်များသည် သူတို့၏ စိတ်စွမ်းအားကို ဖြန့်ကျက်ထားပြီး အခြေအနေကို စူးစမ်းနေကြသည်ဖြစ်ရာ ထိုအဖြစ်အား မြင်တွေ့လိုက်ကြရပေသည်။ သူတို့ထဲမှ အများစုမှာ ယခင်က နတ်နန်းတော်တွင် ကျင့်ကြံဖူးကြသူများ ဖြစ်သည််။ ထိုမြင်ကွင်းက သူတို့၏ စိတ်ကို အတော်လေး မသက်မသာ ဖြစ်စေသည်။
တစ်ချိန်က အထက်ကောင်းကင်ဘုံ၌ မြင့်မြတ်စွာ တည်ရှိခဲ့သည့် သန့်စင်မြင့်မြတ်နယ်မြေတစ်ခုက ဤသို့သော အခြေအနေမျိုးဖြင့် ပျက်စီးသွားရမည်ဟု မည်သူ ထင်ပါမည်နည်း။
နတ်နန်းတော်မှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူတို့၏ အရှိန်အဝါက ပြင်းထန်လာသည်။ နတ်နန်းတော်က ပြိုကျသွားပြီး နန်းတော်ကို ကာကွယ်ရန် တည်ဆောက်ထားသည့် ဝင်္ကပါက ဖျက်ဆီးခံလိုက်ရသည်။ နန်းတော်တစ်ခုလုံးက ပင်လယ်ထဲသို့ နစ်မြုပ်သွားလေသည်။
နန်းတော်သခင်က ထိုသို့ဖြစ်ပျက်သွားသည်ကို ရှုပ်ထွေးနေသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူက ခေါင်းကို မော့ကာ ခရမ်းစစ်ဘုရင်အင်ပါယာအား ကြည့်လိုက်၏။ ရုတ်တရက် တုနှိုင်းမဲ့ လမ်းစဥ်စွမ်းအားတို့က နတ်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ နန်းတော်အပျက်အစီးများကို တောက်ပသည့် နတ်အလင်းတို့က ဝန်းရံထားပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းလာစေသည်။ အပျက်အစီးများက လေဟာနယ်အတွင်း မျောလွင့်နေပြီး ဆက်လက်နစ်မြုပ်မသွားတော့ပေ။
"ထိုက်တန်ရဲ့လား"
ခရမ်းစစ်ဘုရင်အင်ပါယာက ကောင်းကင်ကို ဖြတ်ကာ လျှောက်လာသည်။ ရွှေရောင်လှိုင်းဂယက်များက ကောင်းကင်တခွင် ဖြစ်ပေါ်လာပြီး အောက်ဘက်သို့ လေပွေသဖွယ် ထိုးဆင်းသွားသည်။ ပြင်းထန်သည့် အော်မြည်သံနှင့်အတူ နတ်နန်းတော်က ဆက်လက်နစ်မြုပ်သွားလေသည်။
သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ကြောက်မက်ဖွယ် လေပွေလှိုင်းများ ဖြစ်ပေါ်နေပြီး နတ်နန်းတော်က နစ်မြုပ်နေစဥ်မှာပင် အပိုင်းအစများအဖြစ် ပြိုကွဲသွားသည်။ နန်းတော်သခင်သည် နန်းတော်ကြီး ဖျက်ဆီးခံရခြင်းအား တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
အဆုံးတွင် နန်းတော်သခင်က နန်းတော်အား လွှတ်ပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။ သူ၏ စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် နတ်နန်းတော်က ပင်လယ်ထဲသို့ နစ်မြုပ်သွားတော့သည်။
ခရမ်းစစ်ဘုရင်အင်ပါယာသည် သူ၏ လက်ကို မြှောက်ကာ နန်းတော်သခင်နှင့် အခြား တန်ခိုးရှင်များကို ကြည့်လိုက်ပြီးနောက် သူက လေထဲသို့ လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။
ဤလက်သီးချက်က လေဟာနယ်ကို ထိုးဖောက်လာသည်။ စစ်နတ်ဘုရား၏ စစ်မှန်သော စွမ်းအင်လှိုင်းများက အကြွင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလှသည်။ အသက်ရှုကြပ်ဖွယ် ဖိနှိပ်နိုင်သော စွမ်းအားတို့က နတ်နန်းတော်၏ တန်ခိုးရှင်များကို လွှမ်းခြုံသွားသည်။ နန်းတော်သခင်သည် လူတိုင်းကို လိုက်၍ ကာကွယ်ရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် အတုမဲ့သောနတ်အလင်းတန်းတစ်ခုက သူတို့ရှိနေရာသို့ ချက်ချင်း ပျံသန်းရောက်ရှိလာပြီး လက်သီးချက်အား တားဆီးကာကွယ်လိုက်သည်။
ဘုန်း...
ပြိုင်ဘက်ကင်းလက်သီးချက်က ထိုအရာနှင့် တိုက်မိသွားခဲ့ပြီး ပြင်းထန်သော လေပြင်းလေပွေများ ဖြစ်ပေါ်လာစေသည်။ လက်သီးချက်က နတ်နန်းတော်ကို တိုက်ရိုက် ဖြိုဖျက်လိုက်နိုင်သော်လည်း ထွက်ပေါ်လာသည့် ထိုအရာကို ဖျက်ဆီးမပစ်နိုင်ပေ။
ထိုသည်မှာ အထိမ်းအမှတ်ကျောက်စာတိုင်တစ်ခု ဖြစ်သည်။ ၎င်းသည် မည်သူ၏ ထိန်းချုပ်မှုမှမပါဘဲ ကိုယ်တိုင်ပျံသန်းလာခြင်း ဖြစ်သည်။ ကျောက်စာချပ်၏ အပေါ်တွင် မဟာလမ်းစဥ်၏ အဆုံးမဲ့မှော်အက္ခရာများ ထွင်းထုထားသည်။ စစ်နတ်ဘုရား၏ စစ်မှန်သော စွမ်းအင်လှိုင်းများသည်ပင် ထိုကျောက်စာချပ်အား ဖြိုခွဲပစ်ရန် မဖြစ်နိုင်ပေ။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ထိုကျောက်စာချပ် ဆင်းသက်လာပြီးနောက်၌ ကောင်းကင်တမျှကြီးမားသော ကျောက်စာချပ်ကြီးအသွင်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်၏။
နတ်နန်းတော်၏ အခြားသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးက ရှေ့ထွက် တိုက်ခိုက်လာခြင်းလား။ တန်ခိုးရှင်များက စိတ်ထဲမှ တွေးလိုက်ကြသည်။ အပျက်အစီးများ၏ အပြင်ဘက် လမ်းစဥ်ပင်လယ်ထက်မှ လူများ၏ အကြည့်တို့ကလည်း စစ်မြေပြင်သို့ စူးစိုက်ရောက်ရှိနေကြသည်။
သူတို့အများစုသည် နတ်နန်းတော်၌ နန်းတော်သခင်အပြင် အစွမ်းထက်သော ဘုံ၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးထက်မက ရှိကြောင်း ကြားဖူးနားဝရှိကြသည်။
အထူးသဖြင့် ထိပ်သီးပုဂ္ဂိုလ်များက ထိုအရာနှင့် ပတ်သတ်ပြီး တစ်ခုခုသိထားပုံရလေသည်။
သို့သော်လည်း အတန်ကြာသည့်တိုင် မည်သည့် ပုဂ္ဂိုလ်မှ ပေါ်မလာပေ။ ထို့အစား ကောင်းကင်ထက်၌ မျောလွင့်နေသည့် ကျောက်စာချပ်သည် ပို၍ တောက်ပလာပြီး မျက်လုံးကျိန်းလောက်သော အလင်းတို့ကို ထုတ်လွှတ်လာသည်။ ကြည့်ရသည်မှာ ပိုင်ရှင်မရှိသည့် ပစ္စည်းတစ်ခုဖြစ်ပုံရလေသည်။
ထိပ်သီးပုဂ္ဂိုလ်များသည် ထိုကျောက်စာချပ်အား စိုက်ကြည့်နေကြပြီး တုန်လှုပ်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။
ဤသည်မှာ သာမန်ကျောက်စာချပ်တစ်ခု မဟုတ်တန်ရာပေ။ သူတို့က ၎င်းမှ ထူးခြားလှသော အရှိန်အဝါကို ခံစားမိလိုက်ကြသည်။
ထိုအချိန်၌ ကျောက်စာချပ်ထံမှ သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည်။ ယင်းက ကျောက်စာချပ်ပူဆွေးသံပင် ဖြစ်တော့၏။
ရီဖူရှင်း၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက သူ ဘိုးဘေးနယ်မြေသို့ သွားခဲ့စဥ်က တွေ့ဆုံခဲ့သည့် ထူးခြားဆန်းကြယ် ထိုတန်ခိုးရှင်ဖြစ်နိုင်သည်လား။
***