ဆေဘာဝိဉာဉ် နိုးထခြင်း၊ ကြီးစိုးခြင်း ဆေဘာဆန္ဒ(၂)
Vol. 11 Ch. 151
လူတစ်ယောက်ကို ထက်ပိုင်းပိုင်းကာ သေဆုံးပြီးတာ သိသာနေတာတောင် ကျေနပ်မှု မရှိသေးပေ။ မုန့်ချုံသည် သူအတွက် မည်သည့် အခွင့်အရေးကိုမှ မချန်ထားခဲ့ပေ။
မုန့်ချုံ၏ မျက်လုံးများ၌ အေးစက်သည့် အလင်းတို့ ဖြတ်သန်းသွားပြီး နှလုံးသားက အခုန်မြန်သွားသည်။
သူသည် ဆရာဖြစ်သူ သင်ကြားပေးခဲ့သည့် သိုင်းပညာ အတွေ့အကြုံများ၏ အဖိုးတန်မှုကို ထပ်မံ နားလည်မှု ရလာခဲ့ပြန်၏။
အခြားလူတစ်ယောက်သာ ဆိုပါက ရန်သူကို သေဆုံးပြီးဖြစ်သည်ဟု ဆုံးဖြတ်ကာ ထွက်ခွာသွားမှာ ဖြစ်သည်။
"သေလိုက်တော့.."
တစ်ဖက်ရန်သူ၏ အချို့ ထူးဆန်းသည့် ပညာများကို အသုံးပြုမည်အား ကြောက်ရွံ့သည့် မုန့်ချုံက ဆေဘာဖြင့် ခုတ်ပိုင်းလိုက်သည်။
သူ၏ ကြီးစိုးခြင်း ဆေဘာစိတ်ဆန္ဒဖြင့် အရာအားလုံးကို ဖိနှိပ်ထား၏။
"ဘုန်း.."
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အင်းဆက်က လုံးဝ ပျက်စီးသွားခဲ့သည်။
"မဟုတ်ဘူး..."
အားနည်းကာ ကျေနပ်မှုမရှိသည့် အော်ငြီးသံက တစ်ဝက်တစ်ပျက်တွင် ကပြာကယာ ပျောက်ကွယ်သွားခဲ့၏။
မုန့်ချုံက ဂရုမစိုက် ပြုမူရဲခြင်း မရှိသေးပါ။ သူ၏ ဆေဘာက ကြမ်းကြုတ်စွာဖြင့် ဆေဘာစွမ်းအင် အလင်းများကို ဆက်တိုက် ထုတ်လွှတ်နေပြီး ဆေဘာဆန္ဒက မြင့်တက်လာခဲ့၏။
ပူလောင်သည့် ချီနှင့်သွေးက တိုက်ပွဲပြင် တစ်ခုလုံးကို ဖုံးလွှမ်းကာ တစ်ခါတည်း ဖျက်ဆီးပစ်ခဲ့သည်။ မည်သည့် မြက်တစ်ပင်ကိုမှ ချန်ထားခဲ့ခြင်း မရှိပေ။
အလောင်းက ပြာအဖြစ်သို့ လုံးဝပြောင်းလဲသွားပြီး ရှာတွေ့နိုင်ခြင်း လုံးဝ မရှိတော့ပါ။ ထူးဆန်းသည့် အင်းဆက် အတွက်လည်း တူညီစွာသာ ဖြစ်၏။နောက်ဆုံးတွင် ဒီနေရာ၌ ငွေရောင်မြက်အချို့သာ ကျန်ရစ်ခဲ့သည်။
မုန့်ချုံက မောဟိုက်စွာဖြင့် မြက်ဆီသို့ သတိဖြင့် ချဉ်းကပ်သွားသည်။ ဆေဘာဓား၏ ဓားဦးဖြင့် ကလော်ယူပြီးနောက် သေသေချာချာ စစ်ဆေးကြည့်၏။
မည်သည့် ပြဿနာမှ မရှိကြောင်း သေချာမှ သူ၏ ပျက်စီးနေပြီး ဖြစ်သည့် အဝတ်ကို ဆုတ်ဖြဲကာ မြက်ကို ရစ်ပတ်ထုတ်နှောင်လိုက်သည်။
ထိုသို့ဆိုလျှင်တောင် ခန္ဓာကိုယ်ပေါ်တွင် တင်ထားမှု မပြုဘဲ ဆေဘာနှင့်သာ တွဲချည်ထား၏။ ရွှယ့်လင်းကျစ်နှင့် အဖြစ်အပျက် အပြီးတွင် မုန့်ချုံတစ်ယောက် ပိုမိုကာပင် သတိကြီးလာခဲ့သည်။
သူက ဝူနိုင်ငံ၏ တော်ဝင်မြို့တော်ကို လှမ်းကာကြည့်၏။ သို့ပေမယ့် ထိုနေရာသို့ သွားရောက်ခြင်း မပြုပါ။ စွမ်းအားကြီးမားသည့် ရန်သူများ အထဲတွင် ပုန်းအောင်းနေပါက မည်ခဲ့သို့ လုပ်မည်နည်း။
သူသည် ရွှယ့်လင်းကျစ်၏ လွှသွားသဏ္ဍာန် ဆေဘာဓားကို ကြည့်ကာ လက်ကိုမြှောက်ပြီး ယူလိုက်သည်။
ယခုအချိန်၌ သူ့တွင် ဆေဘာဝိဉာဉ်အား ပိုင်ဆိုင်ထားပြီးဖြစ်၏။ မည်သည့် ဆေဘာ၏ အခြေအနေမှ သူ၏ အာရုံခံမှုမှ ဖုံးကွယ်နိုင်ခြင်း မရှိပါ။
ဒီဆေဘာတွင် မည်သည့် အမှားအယွင်းမှ မရှိပေ။ သူသာ် ထိုနေရာ၌ ယုံကြည်ချက် ရှိနေဆဲ ဖြစ်၏။
"ဘယ်လောက်ကောင်းလိုက်တဲ့ ဆေဘာလဲ.."
လွှသွားနှင့် ဆေဘာသည် ကြည့်ရတာ အလွန် ဆန်းကြယ်လှ၏။ အိုမင်းဟောင်းနွမ်းမှုနှင့် အားဖြည့်မှုတို့ လိုအပ်နေသဖြင့် ၎င်း၏ အလင်းရောင်က အနည်းငယ် မှိန်ဖျနေပါသည်။ မဟုတ်ပါက ဒီဆေဘာသည် သူ၏လက်ထဲရှိ အဖိုးတန်ဆေဘာထက် ပိုမိုစွမ်းမကြီးနေမှာ ဖြစ်၏။
"ဒီအချိန်က.. ပြန်ပြီးတော့ ဆရာ့ကို မေးရမယ့် အချိန်ပဲ.."
မုန့်ချုံက ဆက်လက် နေမနေတော့ဘဲ လျှင်မြန်စွာဖြင့် ပြန်ဖို့လုပ်သည်။ သူ၏ ဒဏ်ရာများကိုပင် အချိန်ယူကာ ကုသခြင်း မပြုပါ။
"အနိုင်ရပြီ..."
"မုန့်ချုံ ဟိုမကောင်းဆိုးဝါးကို သတ်လိုက်ပြီး.."
"ဟားဟားဟား... ငါတို့ကိုများ သွေးအစာလို့ သတ်မှတ်ရဲတယ်။ အခုတော့ သေပြီမလား.."
ဝူနိုင်ငံ၏ မြို့ရိုးပေါ်တွင် ဧကရာဇ်ဝူနှင့် အမတ်ကြီးများက အလွန် စိတ်လှုပ်ရှား နေကြသည်။ မုန့်ချုံ အနိုင်ရခဲ့၏။
ထို့နောက် ချက်ချင်းပင် ဧကရာဇ်ဝူ စိုးရိမ်လာခဲ့သည်။ ဒီတိုက်ပွဲတွင် မုန့်ချုံသည် သိသာစွာပင် ဒဏ်ရာအပြင်းအထန်ရသွားပြီး ချက်ချင်း ထွက်ခွာသွားခဲ့၏။
ထိုကိစ္စကို သူနှင့်ပတ်သက်နေမည်လားဟု သံသယတို့ ဝင်လာနိုင်ပါသည်။ မုန့်ချုံသာ ဒဏ်ရာများ ပြန်ကောင်းပြီး လာရောက် တိုက်ခိုက်ပါက မည်ကဲ့သို့ လုပ်မည်နည်း။
"ငါ့ရဲ့အမတ်ကြီးတို့... မုန့်ချုံကို ဒီကိစ္စအကြောင်းကို ဘယ်လိုရှင်းပြရင် ကောင်းမယ်လို့ မင်းတို့ထင်လဲ.."
ဧကရာဇ်ဝူက ဝမ်းနည်းစွာ မေးသည်။
အမတ်ကြီးများ အားလုံး တိတ်ဆိတ်သွားကြ၏။ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ရင်းက ဧကရာဇ်ဝူ၏ အနီးမှ တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။
ဒီကိစ္စကို သူတို့နှင့်ပတ်သက်ခြင်း မရှိစေရန် မည်ကဲ့သို့ ရှင်းလင်းရမည်နည်းဟု စဉ်းစား၏။
"အရှင်မင်းကြီး... ကျေးဇူးပြုပြီး စိတ်အေးလက်အေးသာ ထားပါ။ မုန့်ချုံက သတ်ဖြတ်တာကို နှစ်သက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး.."
"ဟုတ်ပါတယ် အရှင်မင်းကြီး.. အချိန်ကျလာရင် သူ့ကို ရှင်းပြလိုက်ရုံပါပဲ.."
အမတ်ကြီးများက ရယ်ရယ်မောမောဖြင့် ပုံမှန်မဆန်စွာ ပြောကြသည်။
မုန့်ချုံသာ ဒေါသထွက်ပြီး ဧကရာဇ်ဝူကို သတ်ဖြတ်လိုက်ပါက ဝူနိုင်ငံ၏ ဧကရာဇ်ကို ချိန်းလိုက်ရုံသာ ရှိပါသည်။
ဘာပဲဖြစ်ဖြစ် မုန့်ချုံကို ခေါ်ဆောင်ရန် စာပို့ခဲ့သူမှာ ဧကရာဇ်ဝူသာ ဖြစ်သည်။ သူတို့အနေနှင့် ပါဝင်ပတ်သက်လိုခြင်း မရှိပါ။
ဧကရာဇ်ဝူ၏ မျက်နှာက မဲမှောင်သွားပြီး အင်္ကျီလက်ကို ဝှေ့ယမ်းကာ ဒေါသတကြီး ထွက်ခွာသွား၏။
လီရွှမ်လည်း ရှီအာဆီမှ မုန့်ချုံ၏ ဝူနိုင်ငံ၏ မြို့တော်ဆီသို့ သွားရောက်ကာ ဧကရာဇ်ဝူပြောသည့် စွမ်းအားကြီး ရန်သူတစ်ယောက်နှင့် ရင်ဆိုင်မည် ဖြစ်ကြောင်းကို သိရှိလိုက်သည်။
သို့ပေမယ့် သူက ဂရုမစိုက်ပါ။ မုန့်ချုံ၏ ခွန်အားနှင့် သာမန်သိုင်းသမား တစ်ယောက်ကို တွေ့ဆုံလျှင်တောင် ကြောက်ရွံ့စရာ မရှိပေ။
ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရှေးဟောင်းသားရေစာအုပ်ကို ဆက်လက်လေ့လာ၏။ ယခုမျှ အချိန်အတော်ကြာအောင် သူသည် ပထမစာမျက်နှာကိုသာ လေ့လာခဲ့သည်။ ရေတေးတေးနှင့် တစ်ခုခုကို နားလည်မှုရလာပုံ ပေါ်၏။ သို့ပေမယ့် ၎င်း၏နောက်ရှိ ဆန်းကြယ်မှုကို ပြီးပြည့်စုံစွာ သဘောပေါက်ခြင်း မရှိသေးပေ။
'အဲ့ဒါ ငါ့ရဲ့သိုင်းအဆင့်.. အရမ်းနိမ့်ပါးနေလို့ ဖြစ်မယ်..'
လီရွှမ်က ရှေးဟောင်းသားရေစာအုပ်အား သူ့အနေနှင့် နားလည်နိုင်မှုမရှိခြင်းမှာ ခွန်အားအဆင့် နိမ့်ပါးနေသောကြောင့် ဖြစ်သည်ဟု သေချာ၏။
သူ့တွင် ဒီစာအုပ်ကို လေ့လာရန်အတွက် လိုအပ်သည့် သက်ဆိုင်ရာ သိုင်းပညာအဆင့်သို့ ရောက်ရှိခြင်း မရှိသေးသည့်ပုံ ရှိသည်။
စုလင်းရှုံက ဒန်ဆေးလုံးကို သန့်စင်ပြန်၏။ ဒီအချိန်တွင် သန့်စင်သည်မှာ ရှီအာက ပို့လာသည့် ကုန်ကြမ်းများကြောင့် ချီနှင့်သွေးဆေးလုံးကို သန့်စင်ပေးခြင်းဖြစ်သည်။
သူမ၏ ချီနှင့်သွေးဆေးလုံးအား သန့်စင်မှုတွင် ကျွမ်းကျင်မှု တိုးတက်လာသည်နှင့် အတူ ဒန်ဆေးသန့်စင်ခြင်း အပေါ်၌ ကြီးမားသည့် တိုးတက်မှုတို့ ရလာခဲ့၏။
သူမ၏ ဒန်ဆေးသန့်စင်ခြင်း လျှို့ဝှက်ကျမ်းအား နားလည်မှုက ပိုမိုပိုမိုကာ နက်ရှိုင်းလာခဲ့သည်။ အသိအမြင်အသစ်တို့ ရရှိလာခဲ့၏။
စုလင်းရှုံသည် ဒန်ဆေးသန့်စင်ခြင်း လျှို့ဝှက်ကျမ်း၌ ပြောထားသည့် ဒန်ဆေးသန့်စင်ခြင်း၏ အဆင့်ပိုမြင့်သည့် အဆင့်အား နားလည်မှု ရလာမည်ဟု ယုံကြည်ပါသည်။
'ဒီကောင်မလေးသာ သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် ချီနှင့်သွေးကို မီးအဖြစ် အသုံးပြုပြီး လက်ဗလာနဲ့ ဒန်ဆေးသန့်စင်နိုင်ပြီ။ အဲ့ဒီ့အခါ သူမရဲ့ ဒန်ဆေးသန့်စင်ခြင်း ပညာလည်း အများကြီး တိုးတက်လာမှာ..'
လီရွှမ်မှာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ သီအိုရီအရ လက်ဗလာဖြင့် သန့်စင်ခြင်းသည်သာ စစ်မှန်သည့် ဒန်ဆေးသန့်စင်မှု ဖြစ်သည်။ ဤသည်မှာ အခြေခံ ဒန်ဆေးပညာထက် ကျော်လွန်၏။
သူသည် ကျွမ်းကျင်မှု အလွန်မြင့်မားပြီး ဒန်ဆေးပညာ၏ အခြေခံတို့ကို တတ်မြောက်ထားပေမယ့် လက်ဗလာနှင့် မည်ကဲ့သို့ ဒန်ဆေးသန့်စင်ရမည် ဟူသည်ကိုတော့ သိရှိခြင်း မရှိပါ။ ထိုအခြေခံ ဒန်ဆေးပညာတွင် ဆေးပေါင်းအိုးအား အသုံးပြုရန် လိုအပ်၏။
လီရွှမ်က လက်တစ်ဖက်တွင် ကျောက်စိမ်းအဆောင်အား ကစားပြီး အခြားတစ်ဖက်တွင် ရှေးဟောင်းသားရေစာအုပ်ကို ကိုင်ဆောင်ကာ လေ့လာနေပါသည်။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
"သင်၏တပည့် မုန့်ချုံသည် သေခြင်းရှင်ခြင်း အန္တရာယ်အောက်တွင် သူ၏ဆေဘာကို ဆွဲထုတ်ခဲ့ပြီး ဆေဘာဝိဉာဉ်ကို နိုးထစေခဲ့သည်။ သင်၏ ဆေဘာဝိဉာဉ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသည်.."
"သင်၏တပည့် မုန့်ချုံသည် သေခြင်းရှင်ခြင်းတိုက်ပွဲအောက်တွင် အကြွင်းမဲ့ကြီးစိုးခြင်း ဆေဘာဆန္ဒကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် အကြွင်းမဲ့ကြီးစိုးခြင်း ဆေဘာဆန္ဒကို ပြည့်စုံစွာ နားလည်လာခဲ့သည်.."
လီရွှမ်က ရုတ်တရက် မတ်တပ်ထရပ်မိ၏။
မုန့်ချုံက သေခြင်းရှင်ခြင်း အခြေအနေကို ကြုံတွေ့နေရသည်လား။ ဝူနိုင်ငံတွင် မည်ကဲ့သို့သော သေခြင်းရှင်ခြင်း အန္တရာယ်မျိုး ပေါ်လာနိုင်သနည်း။
အတွင်းဘက်နယ်မြေရှိ သာမန် သိုင်းသမားတစ်ယောက်ပင်လျှင် မုန့်ချုံကို သေလောက်သည့် အန္တရာယ်အား ပေးစွမ်းနိုင်လောက်မည် မဟုတ်ပါ။ ဝူနိုင်ငံလို နေရာလေးတစ်ခုက ဘယ်လိုလုပ်ပြီး အန္တရာယ်ဖြစ်စေမည်လဲ။
သူက ထိုင်နေနိုင်ခြင်း မရှိတော့ပေ။ ဒုတိယတပည့်သာ တစ်ခုခုဖြစ်ပွားပါက သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်အား မည်သူက ဆက်လက် ကျင့်ကြံမည်နည်း။
မုန့်ချုံနှင့် နှိုင်းယှဉ်နိုင်သည့် တပည့်တစ်ယောက်ကို မည်သည့်နေရာမှ ရှာဖွေနိုင်မည်နည်း။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အတွက် အကြွင်းမဲ့ ပါရမီရှိသည့် တပည့်တစ်ယောက်ကို ရှာဖွေရန်မှာ ခက်ခဲလှမှာ ဖြစ်သည်။
ထို့အပြင် ယခုမျှ အချိန်များစွာ ကြာရှည်ပြီးနောက် ဆရာတပည့် အကြားရှိ သံယောဇဉ်မှာလည်း ဖြစ်တည်လာခဲ့ပြီး ဖြစ်၏။
လီရွှမ်၏ နှလုံးသားထဲ၌ စိုးရိမ်မှုနဲ့ ဒေါသတို့ မြင့်တက်လာခဲ့သည်။ သူသည် မုန့်ချုံ၏ လုံခြုံရေးအတွက် ကြောင့်ကျစွာဖြင့် နေရာမှ လျှပ်တပြက် ပျောက်ကွယ်သွား၏။
ဒီဗိုင်းမိုးကြိုး၏ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း အတတ်အား အဆုံးစွန်တိုင်အောင် အသုံးပြုပြီး ဝူနိုင်ငံ၏ မြို့တော်ဆီသို့ တည့်မတ်စွာ သွားရောက်သည်။
ဝူနိုင်ငံ၏ မြို့တော်သည် ယွင်ရှန်းမြို့ငယ်မှ များစွာ ကွာဝေး၏။ သူ၏ ခွန်အားနှင့် ဒီဗိုင်းမိုးကြိုး အတတ်ကို အားကုန် အသုံးပြုလျှင်တောင် ရောက်ရှိရန်အတွက် အချိန်အတော်ကြာ ယူရမည်ဖြစ်၏။
'ဆေဘာဝိဉာဉ်ကို နိုးထပြီးတဲ့နောက်မှာ မုန့်ချုံ ခဏလောက်တော့ တောင့်ခံနိုင်ဖို့ ငါမျှော်လင့်တယ်..'
လီရွှမ်၏ မျက်လုံးများထဲ၌ အေးစက်သည့် အလင်းတစ်ခု လက်သွား၏။
သူသည် အဝေးမှ အနက်ရောင် အစက်တစ်စက်ကို လှမ်းမြင်နေရသည်။ ဤသည်မှာ ဝူနိုင်ငံ၏ မြို့တော်ဖြစ်သည်။
ရုတ်တရက် လီရွှမ်၏ ရွေ့လျားမှု ရပ်တန့်သွား၏။ ဒဏ်ရာများ လွှမ်းခြုံနေသည့် မုန့်ချုံကို သူတွေ့လိုက်ရသည်။
ရင်ဘက်တွင် နက်ရှိုင်းသည့် ဒဏ်ရာတစ်ခု ရှိနေ၏။ သန်မာသည့် ခန္ဓာကိုယ်နှင့် ဒဏ်ရာတို့ကို ပြန်လည် ကောင်းမွန်စေနိုင်သည့် စွမ်းရည်ကြောင့် သွေးထွက်မှုက ရပ်တန့်သွားပြီး ဖြစ်ပေမယ့် ဒဏ်ရာပေါ်တွင် တောက်ပသည့် အနီရောင် ဒဏ်ရာကြီးကို တွေ့မြင်နိုင်ဆဲ ရှိသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မုန့်ချုံ ကြုံတွေ့ခဲ့သည့် တိုက်ပွဲ မည်မျှပြင်းထန်ကြောင်းကို တွေ့မြင်နိုင်၏။
လီရွှမ်က အံ့သြသွားသည်။ မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို ကျင့်ကြံပြီး အလွန်သန်မာသည့် ခံနိုင်ရည်နှင့် စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်ရှိ၏။
သို့ပေမယ့် ယခုကဲ့သို့ ဆိုးရွားလှသည့် ဒဏ်ရာတစ်ခုကို ရရှိခဲ့ဆဲ ဖြစ်သည်။ သူ့ကို စိတ်သက်သာရာ ရစေသည်ကား မုန့်ချုံသည် အလွန်ပုံပျက်နေပြီး ဒဏ်ရာများဖြင့် လွမ်းခြုံနေပေမယ့် အခြေအနေ ဆိုးရွားသည့် ဒဏ်ရာများအား တွေ့ရခြင်း မရှိပါ။
မုန့်ချုံ၏ နောက်သို့ သူကြည့်လိုက်သည်။ မည်သည့်ရန်သူမှ လိုက်လာခြင်း မရှိပေ။
'ရန်သူကို မုန့်ချုံက သတ်လိုက်တာလား..'
လီရွှမ်က စဉ်းစားပြီးနောက် အောက်သို့ဆင်းကာ မုန့်ချုံကို သွားရောက်တွေ့ခြင်း မပြုပါ။ ရှေ့သို့သာ ဆက်လက် ရွေ့လျားသွား၏။
မကြာခင် သူသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဝူနိုင်ငံ၏ မြို့တော် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ တိုက်ပွဲပြင်တွင် မည်သည့် မြက်တစ်ပင်မှ ရှိမနေတော့ပါ။ လူတစ်ယောက်အနေနှင့် သေသေချာချာ ခံစားကြည့်ပါက မီးကဲ့သို့ ပူလောင်သည့် သွေးနှင့်ချီ တစ်စွန်းတစ်စကို ခံစားနိုင်မှာ ဖြစ်၏။
ကြီးစိုးခြင်းဓားဆန္ဒ တစ်စိတ်တစ်ပိုင်းလည်း ပါဝင်သည်။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။ ရန်သူကို မုန့်ချုံက ပြာအဖြစ် ပြောင်းလဲလိုက်၏။
'ဒီလောက် စွမ်းအားကြီးတဲ့ သိုင်းသမား တစ်ယောက်က ဘယ်နေရာကနေ လာတာပါလိမ့်..'
ဒီအချိန်၌ မုန့်ချုံသည် လာရာလမ်းအတိုင်း ပြန်လျှောက်နေပြီး ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်ရန် ပြင်ဆင်နေပါသည်။
ကြည့်ရတာ တိုက်ပွဲပြီးဆုံးပြီးနောက် ရန်သူကို ရှင်းလင်းပြီး ဝူနိုင်ငံ၏ မြို့တော်သို့ ဝင်ရောက်ခြင်းမရှိဘဲ တစ်ခါတည်း ပြန်ခဲ့တာ ဖြစ်ပေလိမ့်မည်။
လီရွှမ် ရွေ့လျားသွားသည်။ သူက လေထဲမှ အရပ်မျက်နှာ အားလုံးတို့ဆီသို့ စူးစမ်းရှာဖွေ၏။
ဝူနိုင်ငံ၏ တော်ဝင်မြို့တော်သို့ ဝင်ရောက်ကာ အင်ပါရီယာနန်းတော်နှင့် နေရာ တစ်ခုလုံးကိုလည်း ရှာဖွေစစ်ဆေးသည်။
မည်သည့်သိုင်းသမား အရိပ်အယောင်ကိုမှ မတွေ့ရာ အနည်းငယ် မျက်မှောင်ကျုံ့သွား၏။
ဖြစ်နိုင်သည်ကား သိုင်းသမား တစ်ယောက်တည်း ရှိသည်လား။ ထိုသူကို မုန့်ချုံက သတ်ဖြတ်ပြီး ဖြစ်သည်လား...
သူက ရှာဖွေမှု အကျယ်အဝန်းကို ချဲ့ထွင်ကာ ဝူနိုင်ငံ၏ မြို့တော်နှင့် အင်ပါရီယာ နန်းတော်တို့ကို ဆက်လက်ရှာဖွေသည်။
သို့ပေမယ့် မည်သည့် သိုင်းသမား အရိပ်အယောင်မှ မတွေ့ရပါ။ သိသာစွာပင် စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်သာ ရှိ၏။
လီရွှမ်သည် ဝူနိုင်ငံ၏ မြို့တော်တွင် ဆက်လက်မနေတော့ပါ။ တူညီသည့် လမ်းကြောင်းအတိုင်း ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်ခဲ့၏။
လမ်းပေါ်တွင် လုံခြုံစွာ ရှိနေပြီး အမြန်ပြန်နေသည့် မုန့်ချုံကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် စိတ်သက်သာရာ ရသွား၏။ စံအိမ်ဆီသို့သာ တည့်မတ်စွာ ပြန်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေလိုက်သည်။ ထိုနောက် အတွေးနက်သွား၏။
မုန့်ချုံရင်ဆိုင်ခဲ့ရသည့် ရန်သူမှာ မည်သည့်နေရာမှ လာခဲ့သနည်း။ ဖြစ်နိုင်တာက အတွင်းဘက်နယ်မြေမှ လာခဲ့သည်လား။
ထိုအရာအားလုံးတို့ကို မုန့်ချုံ ပြန်လာပြီးမှသာ သိနိုင်ပေလိမ့်မည်။
'စွန့်ပစ်ဒေသကလည်း မလုံခြုံတဲ့ပုံပဲ။ ဘယ်လိုလုပ်ပြီး စွမ်းအားကြီးမားတဲ့ သိုင်းသမားတစ်ယောက်က ရုတ်တရက် ပေါ်လာရတာလဲ။ သူ့ရဲ့ ခွန်အားကသာမန် သိုင်းသခင်အဆင့် တစ်ယောက်ထက်တောင်မှ ကျော်လွန်လောက်တယ်။ မဟုတ်ရင် မုန့်ချုံကို ဒီအခြေအနေအထိ ဖိအားပေးနိုင်မှာ မဟုတ်ဘူး..'
လီရွှမ်က မျက်မှောင်ကျုံ့စွာဖြင့် စဉ်းစားသည်။ စုလင်းရှုံက သူမ၏ ဆရာဖြစ်သူအား စပ်စုစွာကြည့်၏။ ဆရာဖြစ်သူသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး မည်သည့်နေရာသို့ သွားသည်အား မည်သူမှ မသိရပါ။ ပြီးနောက် ပြန်လာခဲ့၏။
မည်သည့် မေးခွန်းကိုမှတော့ မေးမနေပါ။ အဘယ်ကြောင့်ဆိုသော် ဆရာ၏ အရေးကိစ္စများမှာ သူမကဲ့သို့ တပည့်တစ်ယောက် မေးချင်တိုင်း မေးမြန်းလို့ရသည့်အရာ မဟုတ်ပေ။
'ဆရာ့ရဲ့ခွန်အားက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ။ ရုတ်တရက် ဘာသဲလွန်စမှ မရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်။ စစ်ဘုရင်တစ်ယောက်တောင် ဒီလောက် မမြန်ဘူးမလား..'
စုလင်းရှုံက သက်ပြင်းချသည်။ သူမ သန့်စင်ထားသည့် ချီနှင့်သွေး ဆေးလုံးတစ်အိုးစာကို ရှီအာအား ပေးလိုက်သည်။
ထို့နောက် ပျော်ရွှင်စွာဖြင့် နောက်ထပ်ချီနှင့်သွေး ဆေးလုံး အသစ်များကို ကျိုးယင်အတွက် ဆက်လက်သန့်စင်၏။