ဓားဆန္ဒ ဒုတိယအဆင့်
Vol. 11 Ch. 154
ရွှီယန်က ဆေးဆရာဖန်၏ ချီနှင့်သွေးအဆင့်သို့ ချိုးဖြတ်ကာ သိုင်းသမားတစ်ယောက် ဖြစ်လာပုံကို ကြည့်ရှု့နေ၏။
တစ်ဖက်လူတွင် ကြေးအရိုးသာရှိကာ ရွှီယန်၏ အမြင်တွင် အလွန်အားနည်းပေမယ့် စွန့်ပစ်ဒေသ၌ အလွန်စွမ်းအားကြီးသည့် တည်ရှိမှုတစ်ခု ဖြစ်နေပြီး ဖြစ်သည်။
သိုင်းလောကရှိ ထိပ်တန်းသိုင်းသမား တစ်ယောက်ကို လက်ဖျောက်တစ်ချက်တီးကာ ရှင်းပစ်နိုင်၏။
ရွှီကျွင်းဟယ်မှာလည်း အဆင့်ချိုးဖြတ်ခံနီးသို့ ရောက်ရှိနေပါပြီ။ ဆေးလုံးများ၏ အကူအညီဖြင့် သူသည် ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို ပြီးမြှောက်ခဲ့ပြီးပြီ ဖြစ်၏။ နောက်ထပ် တစ်ရက်နှစ်ရက် အတွင်းတွင် စတင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်မှာပါ။
'သာမန် အဖိုးတန်ဆေးပင်တွေနဲ့ သန့်စင်တာတောင် ဒီသွေးချီဆေးလုံးတွေက အခုလို ထူးကဲတဲ့ အာနိသင်မျိုးကို ပေးစွမ်းနိုင်တယ်။ တကယ်လို့ စိတ်ဝိဉာဉ်ဆေးပင်တွေကိုသာ အသုံးပြုပြီး ဒန်ဆေးသန့်စင်မယ်ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ..'
'အဘိုးက ပိုပြီး အိုမင်းလာပြီ။ အဲ့ဒါကြောင့် သူ့ရဲ့ သိုင်းပညာ ကျင့်ကြံမှုက ပိုပြီးနှေးကွေးတယ်။ ဦးလေးတို့ကလည်း ပါရမီ ကောင်းကြတာ မဟုတ်ဘူး..'
'ပြီးတော့ ငါ့အမေ... ဆေးလုံးတွေရဲ့ အကူအညီနဲ့တောင် သူမအတွက် အဆင့်ချိုးဖြတ်ဖို့ အချိန်တော်တော် ယူရဦးမှာ။ ပြီးတော့ ဆေးလုံးတွေက သုံးလို့ကုန်သွားပြီ..'
ရွှီယန်သည် ဒန်ဆေးလုံးများ၏ အသုံးဝင်ပုံကို အံ့ဩမိရင်းမှ အိမ်ရှိ အဖိုးတန်ဆေးပင် အားလုံးတို့ကို ဂျူနီယာညီမအား ပေးကာ ဒန်ဆေးသန့်စင်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် ဒန်ဆေးသန့်စင်ရန် ဆေးပင်များစွာတို့ကို လိုအပ်ကြောင်းအား သူသိပါသည်။ အထူးသဖြင့် ဒန်ဆေး အသစ်များ ဖြစ်သည်။
ပထမဆုံး သန့်စင်သည့်အခါ အောင်မြင်မည် ဟူသည်အား အာမခံနိုင်ခြင်း လုံးဝမရှိပါ။ ကျရှုံးပါက ဆေးတစ်အိုးကို လွှင့်ပစ်လိုက်ရသည်နှင့် တူညီ၏။
'စိတ်ဝိဉာဉ်ဆေးပင်... ငါစိတ်ဝိဉာဉ်ဆေးပင်တွေ လိုအပ်နေတယ်... အတွင်းဘက်နယ်မြေကိုသာ သွားပြီးရင် ငါ့ရဲ့ပထမဆုံး ပန်းတိုင်က စိတ်ဝိဉာဉ်ဆေးပင်တွေကို ဝယ်ယူဖို့ပဲ။ အဲ့ဒါတွေကမှ ဒန်ဆေးသန့်စင်မှုအတွက် တကယ့် ကုန်ကြမ်းတွေပဲ..'
ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ သူ၏ အတွင်းဘက်နယ်မြေသို့ သွားရောက်လိုသည့် စိတ်ဆန္ဒက ထပ်မံ မြင့်တက်လာခဲ့ပြန်၏။
ယနေ့တွင် ဆေးဆရာဖန်သည် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ကာ သူ၏ဖခင်မှာလည်း အဆင့်ချိုးဖြတ်တော့ပေမည်။
ထို့အပြင် မိသားစု၏ အစောင့်အဖွဲ့မှ ပါရမီကောင်းသည့် လူနှစ်ယောက်တို့လည်း အဆင့်ချိုးဖြတ်တော့မည် ဖြစ်၏
စံအိမ်ဆီသို့ ပြန်ပြီးပါက ဂျူနီယာ ညီမလေးကို ဒန်ဆေးလုံး တသုတ်တို့အား ကူညီသန့်စင်ခိုင်းရပေမည်။
၎င်းတို့က ပိုမိုမြန်ဆန်စွာ အဆင့်ချိုးဖြတ်နိုင်ရန် ကူညီပေးမည် ဖြစ်၏။ ထိုအခါ၌ အိမ်၏ လုံခြုံရေး အာမခံချက် ရလာမှာ ဖြစ်သည်။
'အဖေသာ အဆင့်ချိုးဖြတ်ပြီးရင် စံအိမ်ဆီကို ပြန်ပြီး ဂျူနီယာညီမလေးကို ငယ်ရွယ်မှုကို ထိန်းသိမ်းတဲ့ ဆေးလုံးအချို့ကို သန့်စင်ခိုင်းရမယ်။ အဲ့ဒါက အမေ့အတွက် အသုံးဝင်မှာ။ သင့်တင့်ညီမျှတဲ့ အာနိသင်ရှိပြီး အဆင့်ချိုးဖြတ်ဖို့လည်း လွယ်ကူစေမှာ...'
ရွှီယန်က သူ၏မိခင်ကို စဉ်းစားမိသည်။ သူမသည် အခြားသူများကဲ့သို့ တိုက်ခိုက်ရန် မလိုအပ်ပေ။ သက်ဆိုင်ရာ ခွန်အားအဆင့်အား ပိုင်ဆိုင်ထားပါက လုံလောက်၏။
သူမ၏ သိုင်းပညာ ကျင့်ကြံခြင်းအတွက် အရေးကြီးဆုံးအကြောင်းမှာ အသက်ရှည်စေရန် ဖြစ်သည်။
လီရွှမ်က အဆုံးမဲ့တောင်များကို စစ်ဆေးကြည့်ရှု့ပြီးနောက် အတွင်းထဲသို့ စွမ်းအားကြီး ပုဂ္ဂိုလ်အား လာရောက်ရှာဖွေသည့် လူများစွာတို့ ရှိနေကြောင်းကို တွေ့လိုက်ရသည်။
သို့ပေမယ့် သူသည် မည်သည့် သိုင်းသမားကိုမှ တွေ့ခြင်းမရှိပါ။ အဆုံးမဲ့တောင်များ၏ အနက်ပိုင်းသို့ ဝင်ရောက်ပြီးနောက် အတွင်းဘက်နယ်မြေ၏ အနီးတွင် မျက်လုံးနီကျားနှင့် မီးတောက်လည်ဆံမွှေး ဝံပုလွေတို့ အပါအဝင် သားရဲရိုင်းများကို တွေ့လိုက်ရသည်။
'မျက်လုံးနီကျားနဲ့ မီးတောက်လည်ဆံမွှေး ဝံပုလွေ တို့က အဆုံးမဲ့တောင်ကနေ လာကြတာလား။ မျက်လုံးနီကျားက အားပိုနည်းတယ်။ ကြည့်ရတာ သွေးမျိုးဆက် မသန့်စင်သလိုပဲ..'
လီရွှမ်က တွေးတောသည်။
'ငါဒီကို ရောက်ပြီးမှာတော့ ဘာလို့ လက်ဗလာနဲ့ ပြန်နေမှာလဲ'
အတွေးတချက်နှင့်အတူ သူက သက်ဆင်းသွား၏။
တောင်လမ်းကြောင်းတစ်ခု၏ နံဘေးတွင် ကြီးမားသည့် ကျားကြီးတစ်ကောင် လဲလျောင်းနေပါသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးက ကျွဲရိုင်းတစ်ကောင်ထပ်ပင် သေးငယ်ခြင်း မရှိပါ။
'ဒီကောင်က ဒီပတ်ဝန်းကျင်ရဲ့ မျက်လုံးနီကျားဘုရင်များလား..'
လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။ ဒီကျားကြီးသည် အမှန်တကယ်ကို ထည်ဝါလှ၏။
အတွင်းဘက်နယ်မြေနှင့် နီးကပ်သည့် အဆုံးမဲ့တောင်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီ အကြွင်းအကျန်တို့ ရှိနေပါသည်။ ထို့ကြောင့် ဒီနေရာရှိ သားရဲရိုင်းများ၏ ခွန်အားက အားနည်းခြင်း မရှိပါ။
"ဝေါင်း.."
မျက်လုံးနီကျားကြီးဟာ သူ၏ကျောပေါ်၌ ရုတ်တရက် အလေးချိန်ပိုလာမှုကို ခံစားလိုက်ရသည်။ အပေါ်တွင် တစ်ယောက်ယောက် ထိုင်နေသည်အား နားလည်လိုက်၏။ ဟိန်းသံတစ်ချက်ပြုကာ ဖက်ကိုက်ရန် ကြိုးစားသည်။
သို့ပေမယ့် သူ၏လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရပြီး ကျားတစ်ကောင်လုံး ကောက်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ လေထဲသို့ပင် ပျံသန်းသွားလေသည်။ ကြောင်ကြီးတစ်ကောင်ကို မလိုက်သည့်နှယ် ရှိနေ၏။
မျက်လုံးနီကျားက ထိတ်လန့်သွားသည်။ အမြှီးကိုကုပ်ကာ ခြေလက်များကို ကျုံ့ထား၏။ လှုပ်ရှားရဲခြင်း သို့မဟုတ် ရုန်းကန်ရဲခြင်း မရှိပါ။ အသက်ခံရမည်အား ကြောက်ရွံ့နေပါသည်။
'ဟေ့... မင်းက တော်တော်လေးပါးနပ်တဲ့ ကြောင်ကြီးပဲ။ ငါကျပန်း ကောက်ယူလိုက်တဲ့ ကောင်က တော်တော်လေး အသိဉာဏ်ရှိတဲ့ ပုံပါလား..'
လီရွှမ်က အံ့သြစွာ ပြုံးသည်။ သူသည် မျက်လုံးနီကျားကို ယွင်ရှန်းမြို့ငယ်ဆီသို့ ယူဆောင်ပြန်ခဲ့၏။ ကျားကြီးတစ်ကောင် ရှိနေသည်မှာ အလွန်ကောင်းပါသည်။ယဉ်ပါးအောင် လုပ်လို့ရလားတော့ သေချာခြင်းမရှိပေ။
လုပ်နိုင်ပါက မွေးထားလို့ရ၏။ ယဉ်ပါးအောင်မလုပ်နိုင်ပါက ပြုတ်သောက်လို့ရပါသည်။
ကျား၏ အသွေးအသား အရိုးနှင့် ငယ်ပါတို့ပင်လျှင် အားလုံးဟာ ဒန်ဆေးသန့်စင်မှုအတွက် အသုံးပြုလို့ရသည်။
စံအိမ်ဆီသို့ ပြန်လာပြီးနောက် လီရွှမ်က မျက်လုံးနီကျားကြီးကို ချသည်။ သူက ဒေါသတကြီးနှင့် မာန်ဖီမည်ဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် ကျားကြီးက ဝမ်းဗိုက်ကိုဖော်ကာ လှဲလျောင်းပြီးနောက် အညံ့ခံသည့် ပုံစံကို ပြသ၏။
'ဟေ့ကောင်.. မင်းက တော်တော်လေးသိတတ်တဲ့ ကြောင်ကြီးပဲ..'
လီရွှမ်က ရယ်၏။
"ဆရာ ဒီကောင်ကြီးရဲ့ အသွေးအသားနဲ့ အရိုးတွေကို ဒန်ဆေးသန့်စင်ဖို့ သုံးမှာလား.."
ထိုပုံကို တွေ့ရပြီးနောက် စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် မေးသည်။
"အခုတော့ ထားလိုက်ဦး။ ယဉ်ပါးအောင် လုပ်လို့မရမှပဲ သတ်ပြီးတော့ ဆေးသန့်စင်ဖို့အတွက် သုံးတာပေါ့.."
လီရွှမ်က ကျားကြီး၏ ဦးခေါင်းကို ပုတ်ကာပြောသည်။
"ကောင်းပါပြီ.."
စုလင်းရှုံက စိတ်ပျက်မှုအချို့ဖြင့် ကြည့်သည်။
"ရှီအာ.. ဒီကောင်ကြီးကို အစာကျွေးဖို့ မင်းတာဝန်ယူလိုက်။ မလိမ္မာရင် သတ်ပစ်လိုက်.."
လီရွှမ်က အမိန့်ပေး၏။
"ဟုတ်ကဲ့ပါသခင်.."
ရှီအာက အနည်းငယ် စိတ်လှုပ်ရှားနေသည့်ပုံ ရှိသည်။
"သခင်ကြီး... ကျွန်တော် သားရဲထိန်းသိမ်းနည်းပညာအချို့ကို သင်ထားတယ်။ ဒီကောင်ကြီးကို လေ့ကျင့်ပေးလို့ရလား မသိဘူး။ ဒါပေမယ့် စမ်းကြည့်တာတော့ မမှားဘူးထင်တယ်.."
"ဒါဆိုလည်း စမ်းကြည့်လေ.."
လီရွှမ်က ခဏတာ အံ့သြသွား၏။ ရှီအာဟာ သားရဲထိန်းခြင်းအတတ်ကို တတ်ထားသည်လား။
သို့ပေမယ့် ဤသည်မှာ သိုင်းလောကမှ နည်းပညာအချို့သာ ဖြစ်ကြောင်းကို သူနားလည်ပါသည်။ အာရုံထားရလောက်စရာ မရှိပါ။
"ဒီနေ့ကစတင်ပြီး ဒန်ဆေးလုံးသန့်စင်တဲ့အခါ ကျရှုံးခဲ့တဲ့ဟာတွေကို ဒီကောင့်ကို ကျွေးလို့ရတယ်။ ဖြုန်းတီးတာထက်စာရင် ပိုကောင်းတာပေါ့။ အသုံးချနိုင် မချနိုင်ကတော့ သူ့အပေါ်ပဲ မူတည်လိမ့်မယ်.."
လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် ပြော၏။
"ဟုတ်ကဲ့ပါဆရာ.."
စုလင်းရှုံက ခေါင်းငြိမ့်သည်။ ထိုစကားကို ကြားရပြီးနောက် ရှီအာက စိုးရိမ်သွား၏။
"သခင်ကြီး ကျွန်တော်လည်း အဲ့ဒါတွေကို စားလို့ရတယ်.."
လီရွှမ်က အနည်းငယ် မျက်မှောင်ကျုံ့သွားပြီး ပြောသည်။
"သန့်စင်လို့ မအောင်မြင်တဲ့ ဆေးလုံးတွေ အားလုံးက လူ့ခန္ဓာကိုယ်အတွက် အထိအခိုက် မဖြစ်စေတာမဟုတ်ဘူး။ အဲ့ဒါမျိုးတွေကို စားပြီး မင်းတစ်ခုခုဖြစ်တော့မှ လာမငြီးပြနဲ့.."
ထိုစကားကို ကြားရပြီးနောက် ရှီအာက ချက်ချင်းပင် ဇတ်ပုသွား၏။ နေရခက်စွာ ပြောသည်။
"ဒါဆိုရင်လည်း ထားလိုက်ပါတော့။ ဒီကောင်ကြီးကိုပဲ ကျွေးလိုက်တော့မယ်.."
လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ မျက်လုံးနီကျား၏ လူးလိမ့်နေမှုကို ကြည့်သည်။ ဒီကောင်ကြီးင ချစ်စရာကောင်းအောင် လုပ်ပြနေ၏။
သူက ခဏတာ စဉ်းစားပြီးနောက် ပြောလေသည်။
"ဒီနေ့ကစပြီး မင်းကို ကြောင်နီလို့ခေါ်မယ်.."
"ဝေါင်း.."
ကြောင်နီက နက်ရှိုင်းစွာ အသံပြု၏။
လီရွှမ်က ရယ်သည်။ ဒီကျားကြီး၏ ဦးနှောက်က အလွန်ကောင်းပါသည်။ ရှီအာက ကြီးမားထူထဲသည့် သံကြိုးကြီးတစ်ချောင်းကို ယူလာကာ ကြောင်နီ၏ လည်ပင်းတွင် ချည်လိုက်သည်။ ထိန်းကျောင်းရန်အတွက် ကြာပွတ်တစ်ခုကို ရှာ၏။
စုလင်းရှုံက ရေစိတ်ဝိဉာဉ်မြက်ကို အသုံးပြုပြီး ဒန်ဆေးတစ်သုတ်ကို သန့်စင်သည်။ သို့ပေမယ့် ဆေးလုံးနှစ်လုံးမှာ ကျရှုံးခဲ့ပြီး ၎င်းတို့ကို ကြောင်နီအား ကျွေးလိုက်၏။