ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်း ဆေဘာ၊ အစစ်အမှန်ချီအား ပိုင်းခြားခြင်း
Vol. 11 Ch. 156
လီရွှမ်က သူ၏ ဒုတိယတပည့် မုန့်ချုံကို ကြီးစွာသော မျှော်လင့်မှုတို့ဖြင့် ကြည့်သည်။ စွမ်းအားကြီးမားသည့် ဆေဘာပျိုးထောင်ခြင်း အတတ်တစ်ခုကို နားလည်သဘောပေါက်လာရန် မျှော်လင့်၏။
နှလုံးသားနှင့် ဆေဘာကို ပျိုးထောင်ခြင်း.. စိတ်ဝိဉာဉ်နှင့် ဆေဘာကို ပျိုးထောင်ခြင်း ဖြစ်သည်။ ဤသည်မှာ စွမ်းအားကြီးမားသည့် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်၏။
ဘေးမှ နားထောင်နေသည့် ရွှီယန်လည်း အတွေးနက်သွားသည်။ ဆရာဖြစ်သူ ပြောကြားနေသည်မှာ ဆေဘာကို ပျိုးထောင်ခြင်း အကြောင်းဖြစ်ပြီး နှလုံးသားနှင့် စိတ်ဝိဉာဉ်တို့ဖြင့် ပျိုးထောင်ရမည် ဖြစ်သည်။
သူကတော့ ဓားတာအိုကို ကျင့်ကြံ၏။ သို့ရာတွင် ကိစ္စတစ်ခုမှ အခြားတစ်ခုကို ဆက်စပ်တွေးခေါ်လို့ရ၏။
သူလည်းပဲ စိတ်ကူးအချို့ ရရှိလာခဲ့သည်။
'ကိုယ့်ကိုယ်ကိုအတွက် ဝှက်ဖဲတစ်ခု၊ လျှို့ဝှက်ခွန်အားတစ်ခုကို ဖန်တီးရမယ်။ သေခြင်းရှင်ခြင်း အခြေအနေမှာ အသုံးပြုဖို့ပေါ့။ ဒီဝှက်ဖဲ.. ဒီလျှို့ဝှက် ခွန်အားက အသုံးပြုတဲ့အခါမှာ ကိုယ်တိုင်ရဲ့ စွမ်းအားထက် သာလွန်နေရမယ်..'
လီရွှမ်က ဖြေးညှင်းစွာ ပြောသည်။
"သိုင်းသမားတစ်ယောက်က ဘယ်လိုလုပ်ပြီး ဝှက်ဖဲမရှိပဲ နေလို့ ဖြစ်မှာလဲ။ ကိုယ်ကိုယ်တိုင်ရဲ့ ခွန်အားကို ကျော်လွန်နေမှပဲ အဲ့ဒါကို ဝှက်ဖဲတစ်ခုလို့ ခေါ်ဆိုနိုင်ပြီး အန္တရာယ်အခြေအနေမှာ လုံခြုံအောင် စွမ်းဆောင်နိုင်လိမ့်မယ်.."
"မင်းရဲ့ ဓားကို ပျိုးထောင်ပြီး ကိုယ့်အတွက် လူသတ်ကွက်တစ်ခု ချန်ထားလိုတဲ့ စိတ်ကူးက တော်တော်လေးကောင်းတယ်.."
လီရွှမ်က ထောက်ခံစွာဖြင့် ပြောသည်။
ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ယောက်စလုံး အားတက်သွားကြ၏။ ဆရာဖြစ်သူက အဖိုးတန်လှသည့် သိုင်းပညာနှင့် ပတ်သက်သည့် အတွေ့အကြုံများကို မျှဝေနေခြင်းဖြစ်သည်။ သူတို့ စိတ်ထဲတွင် မှတ်သားထားရပေမည်။
'သိုင်းသမားတစ်ယောက်က ဝှက်ဖဲတစ်ခု ရှိထားရမယ်..'
မုန့်ချုံသည် သူနှင့် ရွှယ့်လင်းကျစ်တို့၏ တိုက်ပွဲကို ပြန်လည် တွေးတောမိသည်။ သူသာ ဆေဘာကို အောင်မြင်စွာ ပျိုးထောင်နိုင်ခြင်း မရှိပါက ဘယ်လိုလုပ်ပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ တစ်ဖက်ရန်သူကို သတ်နိုင်ခဲ့မည်နည်း။ ထိုဓားချက်ကို သူ၏ ဝှက်ဖဲဟု ယူဆနိုင်ပါသည်။
"မင်းက ဆေဘာလမ်းစဉ်မှာ ခြေချနိုင်ခဲ့ပြီးပြီ ဆိုတော့ ငါမင်းကို ဒီနေ့မှာ ဆေဘာလမ်းစဉ်ရဲ့ ဒုတိယမြောက်အဆင့်ကို သင်ကြားပေးမယ်.."
လီရွှမ်က လေးနက်စွာ ပြောသည်။
"ဓားတာအိုရဲ့ ဒုတိယအဆင့်က နှလုံးသားဓားအဆင့်ပဲ။ အရာအားလုံးကို ဓားအဖြစ် အသုံးပြုတာ။ ဆေဘာတာအိုရဲ့ ဒုတိယအဆင့်ကတော့ လျှို့ဝှက်ဆေဘာ အဆင့်ပဲ.."
"လျှို့ဝှက်ဆေဘာ အဆင့်..."
မုန့်ချုံက လေးစားစွာ နားထောင်နေ၏။ သို့ပေမယ့် သူ၏ မျက်နှာပေါ်၌ ကြောင်တောင်မှုတစ်ခု ပေါ်လာခဲ့သည်။
ဓားတာအို၏ ဒုတိယအဆင့်မှာ နှလုံးသားဓားအဆင့်ဖြစ်ပြီး နှလုံးသားထဲတွင် ဓားရှိကာ အရာအားလုံးတို့ကို ဓားအဖြစ် အသုံးပြုနိုင်ပါသည်။
သို့ပေမယ့် ဆေဘာတာအို၏ ဒုတိယအဆင့်ကတော့ ဘယ်လိုလုပ်ပြီး လျှို့ဝှက်ဆေဘာ ဖြစ်နေရသနည်း။
လီရွှမ်က လေးနက်စွာ ပြောသည်။
"လျှို့ဝှက်ဆေဘာ အဆင့်မှာ ဆေဘာက ကောင်းကင်နဲ့ ကမ္ဘာမြေကြီး အကြားမှာ ပုန်းအောင်းနေတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နေရာတိုင်းမှာ ဆေဘာရှိတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ဆေဘာအောက်မှာ ရှိတယ်။ ကိုယ့်ရဲ့ ဆေဘာကပဲ လောကကြီးကို အုပ်စိုးတယ်.."
မုန့်ချုံ၏ နှလုံးသားက တုန်ခါလာပြီး ကိုယ့်ကိုယ်ကိုရေရွတ်သည်။
'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးအကြားမှာ ဆေဘာက ပုန်းအောင်းနေပြီး ဆေဘာမရှိတဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး မရှိဘူး။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ဆေဘာရဲ့အောက်မှာ ပုန်းအောင်းနေတယ်။ ငါ့ရဲ့ ဆေဘာကပဲ လောကကြီးကို အုပ်စိုးတယ်..'
သူသည် ထိုအထဲမှ ကြီးစိုးခြင်း အာရုံတစ်ခုကို ခံစားလိုက်ရ၏။ လောကကြီးတွင် ဆေဘာမရှိသည့် နေရာ မည်သည် ရှိသနည်း...
လီရွှမ်က နက်ရှိုင်းစွာ ဆက်လက်ပြောသည်။
"အဲ့ဒီ့ထဲကနေ အစစ်အမှန် အဓိပ္ပါယ်ကို မင်းနားလည်ရမယ်။ ပုန်းအောင်ခြင်းက ပုန်းအောင်းရုံပဲ မဟုတ်ဘူး။ အဲ့ဒါက ပုန်းအောင်းခြင်း ပုံစံတစ်မျိုးပဲ။ လူတစ်ယောက်ရဲ့ ထက်မြတဲ့ အပိုင်းကို ကွယ်ဝှက်ထားတာနဲ့ တူညီတယ်။ ဆေဘာကို နှလုံးသားထဲမှာ ကွယ်ဝှက်ထားတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေအကြားမှာ ကွယ်ဝှက်ထားတယ်။ ပြီးတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကလည်း ဆေဘာထဲမှာ ပုန်းအောင်းနေတယ်.."
"အဲ့ဒါကို မင်းနားလည်ရင် ကျယ်ပြောလှတဲ့ လောကကြီးမှာ မင်းမသွားနိုင်တဲ့ နေရာ ဘယ်နေရာ ရှိမှာလဲ။ ဆေဘာကို အသုံးမပြုနိုင်တဲ့ နေရာ ဘယ်မှာမှ မရှိတော့ဘူး.."
မုန့်ချုံ၏ နှလုံးသားက တုန်ခါသွား၏။ အလွန် နက်နဲလှသည်ဟု ခံစားရသည်။ သူသည် ဆေဘာတာအို၏ ဒုတိယအဆင့်ကို မည်သည့် အချိန်များမှ နားလည်မှုရနိုင်မည်လဲ။ သူ၏ လက်ရှိအဆင့်နှင့် ကြည့်ပါက အလွန်ဝေးကွာလွန်းသည့်ပုံ ရှိသည်။
"ဆရာ... တပည့်စိတ်ထဲမှာ မှတ်သားထားပါ့မယ်.."
မုန့်ချုံက လေးစားစွာ ပြောသည်။
ရွှီယန်လည်းပဲ အတွေးနက်သွား၏။
ကောင်းကင်နှင့် ကမ္ဘာမြေအကြားရှိ လျှို့ဝှက်ဆေဘာလား... ဤသည်မှာ ဓားတာအို၏ သဘောတရားကဲ့သို့ တူညီစွာ နက်နဲနေပါသည်။ အရာအားလုံးကို ဓားအဖြစ် အသုံးပြုနိုင်ခြင်းနှင့် ဆင်တူ၏။
'ငါလည်း ငါ့ရဲ့ဓားကို ကောင်းကင်နဲ့ ကမ္ဘာမြေကြီး အကြားမှာ ကွယ်ဝှက်ထားလို့ရလား...'
ရွှီယန်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။
လီရွှမ်က သူ၏ ပထမတပည့်ကို ကြည့်၏။
'ဓားတာအိုက လမ်းစဉ်တစ်ခုပဲ။ ဆေဘာတာအိုကလည်း လမ်းစဉ်တစ်ခုပဲ။ ပိုပြီးတော့ လေ့လာလေလေ ပိုပြီးတော့ နားလည်သဘောပေါက်လေပဲ..'
သူ၏ စကားလုံးများက ရွှီယန်အတွက် ဆိုလိုခြင်းဖြစ်သည်။ ရွှီယန်၏ မကောင်းဆိုးဝါးဆန်လှသည့် ပါရမီနှင့် အားကောင်းသည့် စိတ်ကူးယဉ်မှု စွမ်းရည်တို့ဖြင့် သူလည်းပဲ အသိအမြင် အသစ်တစ်ခုခုကို နားလည်သဘောပေါက်မှု ရလာလောက်၏။
"ဟုတ်ကဲ့ပါ ဆရာ.."
မုန့်ချုံနှင့် ရွှီယန်တို့က လေးစားစွာ ဦးညွှတ်ကြသည်။
လီရွှမ်က လက်ကိုဆန့်လိုက်ပြီးနောက် လွှသွားနှင့် ဆေဘာက သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့၏။
"ဆေဘာလမ်းစဉ်ရဲ့ ဒုတိယအဆင့်က မင်းနဲ့ အရမ်းကြီး ဝေးကွာနေသေးတယ်။ ဒီနေ့မှာ ငါမင်းကို ဆေဘာသိုင်းပညာ တစ်ခုကို သင်ကြားပေးမယ်။ မင်းရဲ့ဆေဘာဆန္ဒက ကြီးစိုးခြင်းပဲ။ ဒါ့ကြောင့် ငါမင်းကို ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးစိုးခြင်း ဓားသိုင်းကို သင်ပေးမယ်.."
မုန့်ချုံက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဓားသိုင်း...
"သေသေချာချာကြည့်ထား.."
လီရွှမ်က လွှသွားနှင့် ဆေဘာကို ကိုင်ကာ အစစ်အမှန်ချီကို လှည့်လည်လိုက်သည်။ ပြည့်စုံစွာ နားလည်ထားသည့် ကြီးစိုးခြင်းဆေဘာဆန္ဒက စုစည်းလာခဲ့၏။ သူက လက်ကိုမြှောက်ကာ ဆေဘာကို ခုတ်ပိုင်းလိုက်သည်။
ဆေဘာအလင်းက ကောင်းကင်ကို ဖြတ်သန်းသွားပြီး လောကကြီးအား နှစ်ပိုင်းပိုင်းလိုက်သည့်နှယ် ရှိနေ၏။
ဆေဘာတစ်ချက်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို အုပ်စိုးသည်။
သူ၏တပည့်များအား လေ့လာနိုင်စေရန်အတွက် လီရွှမ် ထိုဓားချက်တွင် ခွန်အားအားလုံးတို့ကို အသုံးပြုခဲ့၏။
ပြည့်စုံစွာ နားလည်သဘောပေါက်ထားသည့် ကြီးစိုးခြင်း ဆေဘာဆန္ဒနှင့် တောင်နှင့်မြစ် ဓားဆန္ဒတို့ကို ပေါင်းစပ်ထားသည်။
သူ၏ခွန်အားက မုန့်ချုံနှင့် ရွှီယန်တို့ထက် များစွာပိုမို သာလွန်ပါသည်။ ထို့ကြောင့် ထိုဓားချက်၏ စွမ်းအားက အနှိုင်းမဲ့နေပြီး သူတို့နှစ်ဦးလုံးကို ထိတ်လန့်သွားစေ၏။
သရုပ်ပြမှုအပြီးတွင် လီရွှမ်က ဆေဘာကို မြေပြင်ပေါ်သို့ စိုက်လိုက်သည်။
"ဒီဆေဘာသိုင်းပညာကို မင်းတို့နဲ့ အဆင့်တူတဲ့ ခွန်အားကို အသုံးပြုပြီးတော့ ငါသရုပ်ပြခဲ့တာ။ ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးစိုးခြင်းဆေဘာပဲ။ ဆေဘာတစ်ချက်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို အုပ်စိုးနိုင်တယ်.."
လီရွှမ်က ထပ်မံရှင်းပြ၏။ လက်ရှိ သူပြသခဲ့သည့် ဆေဘာမှာ မုန့်ချုံ၏ ခွန်အားအဆင့်အား အသုံးပြုထားသည်ဟု ဆိုလေသည်။
မုန့်ချုံ၏ နှလုံးသားထဲတွင် ကြီးစွာ အံ့သြသွားခဲ့၏။ ယခုကဲ့သို့ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုသည် သူနှင့်တူညီသည့် စွမ်းအားဖြင့် အမှန်တကယ် ထုတ်ဖော်ခဲ့သည်လား။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိုးခြင်းဆေဘာ...
ဤသည်မှာ အမှန်တကယ် ထူးကဲလွန်းပါသည်။ သူ၏ စိတ်ထဲတွင် လောကကြီး တစ်ခုလုံးကို အုပ်စိုးနိုင်သည့် ကြီးစိုးခြင်း လေထုက နက်ရှိုင်းစွာ တံဆိပ်ခတ်သွား၏။
ထိုဆေဘာအောက်တွင် ကိုယ်ကိုယ်တိုင်အား အလွန် သိမ်နုတ်လှသည်ဟု ခံစားရသည်။
"ဟုတ်ကဲ့ပါဆရာ.. တပည့်တို့ သေသေချာချာ လေ့လာပါ့မယ်.."
လီရွှမ်က သူ၏လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ သက်တောင့်သက်သာရှိကာ လွတ်လပ်သည့် ခြေလှမ်းများဖြင့် ထွက်ခွာသွား၏။
"အင်း.. ကောင်းကောင်းလေ့လာ သုံးသပ်ကြ.."
ဆရာဖြစ်သူ၏ အေးအေးလူလူ ထွက်ခွာသွားမှုကို ကြည့်ကာ ရွှီယန်က မနေနိုင်ဘဲ သက်ပြင်းချသည်။
"ဆရာ့ရဲ့အဆင့်က အရမ်းကို မြင့်မားလွန်းတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေ အားလုံးမှာ သဘာဝရဲ့ တာအိုအပေါ် နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှုတွေ ပါဝင်နေတယ်.."
"ဆရာလမ်းလျှောက်တဲ့ပုံကို ကြည့်လိုက်။ အရမ်းကို သက်တောင့်သက်သာရှိပြီး လွတ်လပ်လွန်းတယ်။ ဒါက ဘာအချုပ်အနှောင်မှ မရှိတော့ဘူး။ ငါလည်း အဲ့အဆင့်ကို ဘယ်တော့များမှ ရောက်နိုင်မလဲ မသိဘူး.."
မုန့်ချုံအား ဆေဘာတာအို၏ ဒုတိယအဆင့်ကို သင်ကြားပြီးနောက် လီရွှမ်က ထုံးရွှမ်အဆင့်၏ အထက်ရှိ သိုင်းအဆင့်ကို စတင်စဉ်းစားသည်။
မည်ကဲ့သို့ ဖန်တီးရန်နှင့် ကျင့်ကြံခြင်း၏ သီအိုရီများအား မည်ကဲ့သို့ နားလည်သဘောပေါက်နိုင်ရန် ဖြစ်သည်။ ထို့အပြင် ၎င်းကို ထုံးရွှမ်အဆင့်နှင့်လည်း လိုက်ဖက်ညီစွာ ဆက်သွယ်ထားရန် လိုအပ်၏။
မုန့်ချုံက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်း ဆေဘာကို ကျင့်ကြံနေပါသည်။ သို့ပေမယ့် အချိန်တိုအတွင်း သူ၏ ပုံစံက အများကြီး နားလည်မှု မရနိုင်သည့်ပုံ ရှိသည်။
တစ်ဖက်ရှိ ရွှီယန်မှာတော့ စုလင်းရှုံက သန့်စင်ပေးသည့် ချီနှင့်သွေးဆေးလုံးများကို ယူဆောင်ကာ သုံဟယ်စီရင်စုနှင့် ချီနိုင်ငံ၏ မြို့တော်ဆီသို့ ပြန်သွားသည်။
မိသားစုဝင်များသာ သိုင်းပညာ၏ စတင်ခြင်းသို့ ရောက်ရှိပြီးပါက လုံခြုံရေးမှာ ကြီးစွာ အာမခံချက် ရသွားပြီး ရွှီယန်လည်း အတွင်းဘက်နယ်မြေသို့ စွန့်စားသွားလာနိုင်တော့မည် ဖြစ်သည်ကို လီရွှမ်သိပါသည်။
စုလင်းရှုံက ကျင့်ကြံခြင်းနှင့် ဒန်ဆေးသန့်စင်ခြင်းကို တစ်ချိန်တည်း ပြုလုပ်နေ၏။ သူမသည် ရွှေအရိုးများကို သန့်စင်နေပြီး ရွှေအရိုးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် ဝေးကွာခြင်း မရှိတော့ပါ။
ဆေးလုံးများကို သန့်စင်ကာ ကျင့်ကြံခြင်းအပြင် ဒန်ဆေးသန့်စင်ခြင်း လမ်းစဉ်အားလည်း ဆက်လက်လေ့လာ၏။ ရွှေအပ်ချောင်း အတတ်ကိုလည်း စတင်လေ့လာခဲ့သည်။ ဒန်ဆေးသန့်စင်ခြင်းနှင့် ဒန်ဆေးများကျမ်းကို အခြေခံကာ ဆက်တိုက် ဖြန့်ကျက်လာခဲ့၏။