ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာ၊ အစစ်အမှန်ချီအား ပိုင်းခြားခြင်း(၂)
Vol. 11 Ch. 157
'နောက်ဆုံးတော့ သန့်စင်လို့အောင်မြင်ပြီ..'
ထိုနေ့တွင် စုလင်းရှုံတစ်ယေက် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေခဲ့၏။
သူမ သန့်စင်နေသည့် ထာဝရစိမ်းလန်းခြင်း ဆေးလုံးကို နောက်ဆုံးတွင် အောင်မြင်စွာ ရရှိခဲ့ပါပြီ။ ထိုဆေးလုံးနှင့် သူမ၏ ထာဝရစိမ်းလန်းခြင်း အရိုးအား သန့်စင်မှုမှာ အောင်မြင်ရန် အခွင့်အလမ်းတို့ များစွာ တိုးတက်လာမှာဟု ခံစားရသည်။
လီရွှမ်လည်းပဲ ကောင်းမွန်သည့် စိတ်အခြေအနေတွင် ရှိနေပါသည်။ စုလင်းရှုံသာ ထာဝရစိမ်းလန်းခြင်း အရိုးကို သန့်စင်နိုင်ပါက သူ၏ တန်ပြန် အကျိုးရရှိမှု များမှာ ပိုမိုကာ ကြီးမားမှာ ဖြစ်၏။
ကျောက်စိမ်းအရိုး၊ ဗာဂျရာစိန်အရိုးနှင့် ထာဝရစိမ်းလန်းခြင်းအရိုးတို့ကို ပေါင်းစပ်ပြီးပါက မည်ကဲ့သို့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာမည်လဲ မသိပေ။ လက်ရှိ မူလစိတ်ဝိဉာဉ် အရိုးထက် ပိုမိုသန်မာမှာတော့ သေချာပေါက် ဖြစ်၏။
တောင်စောင်းပေါ်တွင် မုန့်ချုံက ရတနာဆေဘာကို ကိုင်ကာ အကြိမ်ကြိမ် ခုတ်ပိုင်းနေ၏။ သူ၏ စိတ်ထဲတွင် ဆရာဖြစ်သူက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာကို သရုပ်ပြခဲ့သည့် ပုံရိပ်က ဆက်တိုက်ပေါ်လာနေခဲ့သည်။ ကြီးစိုးလှသည့် စွမ်းအားတို့ ထွက်ပေါ်နေ၏။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ တစ်ယောက်တည်းရှိတယ်... ကြီးစိုးလှတဲ့ ပုံရိပ်က လောကကြီးကို ခေါင်းငုံ့ကြည့်ပြီး ဆေဘာတစ်ချက်က ကောင်းကင်ကို ဖျက်ဆီးသွားတယ်...
'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အုပ်စိုးခြင်းဆေဘာက ကိုယ့်ကိုယ်ကို လောကကြီးရဲ့ အုပ်စိုးသူအလား ကြီးစိုးခြင်း အရှိန်အဝါပေါ်မှာ အခြေတည်နေတယ်။ ငါ.. တစ်ခုခု လိုအပ်နေတုန်းပဲ။ ငါ့ရဲ့ ဆေဘာဆန္ဒက ပြိုင်ဘက်ကင်းတယ်။ ဒါပေမယ့် ဆရာ့ရဲ့ ဆေဘာဓားချက်နဲ့ ယှဉ်ရင်တော့ အများကြီး ဝေးကွာနေသေးတယ်..'
မုန့်ချုံက စဉ်းစားသည်။
'အကြီးဆုံး စီနီယာအကိုကြီး ပြောတာတော့ ဆရာ့ရဲ့လှုပ်ရှားမှုတိုင်းက မဟာတာအိုနဲ့ ထပ်တူကျနေပြီး နက်နဲတဲ့ သဘောတရားတွေ ပါဝင်နေတယ်တဲ့။ ငါသေသေချာချာ စူးစမ်းပြီးတော့ ပိုလေ့လာရမယ်..'
သူ၏စိတ်ထဲတွင် ဆရာဖြစ်သူ၏ ပုံရိပ်က ပေါ်လာခဲ့၏။ သက်တောင့်သက်သာ သွားလာပုံ၊ လွတ်လပ်သည့်ဟန်ပန်နှင့် လောကအနှောင်အဖွဲ့ ကင်းမဲ့ပုံတို့ကို မြင်ယောင်လာ၏။
ထို့အပြင် ထိုနေ့က ဆရာ၏ သရုပ်ပြမှုက အနှိုင်းမဲ့ကာ ကြီးစိုးလှပါသည်။ ကြည့်ရတာ ထိုဓားချက်တစ်ချက်တည်းနှင့် လောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်သည့်ပုံ ရှိသည်
သက်တောင့်သက်သာရှိကာ လွတ်လပ်ခြင်းမှ လျှပ်တပြက် ကြီးစိုးခြင်းသို့ ပြောင်းလဲသွားခဲ့၏။ လောကကြီးအား အုပ်စိုးမှု၊ အကြွင်းမဲ့သော ထိန်းချုပ်မှု အားလုံးတို့သည် စိတ်ဆန္ဒအတိုင်း လုံးဝဖြစ်လာခဲ့သည်။
စီနီယာအကိုကြီးက ဆရာ့ကို မဟာတာအိုနှင့် အလွန်နီးကပ်နေသည့် တည်ရှိမှုတစ်ခု ဖြစ်သည်ဟု ပြောတာ အံ့သြစရာ မဟုတ်ပေ။
မုန့်ချုံက သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ ထိုအချိန်၌ ဆေဘာဝိဉာဉ်က ပိုမိုရှင်းလင်းလာပြီး စိတ်ထဲတွင် ထိုဓားချက်၏ ပုံရိပ်က ပိုမိုကာ ကြည်လင်လာခဲ့သည်။
လောကကြီးကို အုပ်စိုးခြင်းနှင့် ကောင်းကင်အား ခုတ်ပိုင်းခြင်း မြင်ကွင်းက တဖြည်းဖြည်းနှင့် စတင်ထွက်ပေါ်လာခဲ့၏။
ရွှေရောင်အလင်းတစ်ချက် လက်သွားသည်။ ရွှေခေါင်းလောင်း၏ ပုံရိပ်က ထွက်ပေါ်လာပြီး ရတနာဆေဘာက လှုပ်ခါလာ၏။ စွမ်းအားကြီးမားသည့် ဆေဘာဆန္ဒတို့ သူ့ကို ဝန်းရံလာခဲ့သည်။
ကြွေကျလာသည့် အရွက်များမှာ မြေပြင်နှင့် မထိခင်တွင်ပင် တရှဲရှဲမြည်ကာ အမှုန့်များအဖြစ် ခြေမွခံလိုက်ရ၏။
"ထင်.."
မုန့်ချုံ၏ မျက်လုံးများက ပွင့်လာပြီး သူ၏ ဆေဘာကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်သည်။
အနှိုင်းမဲ့သည့် ဆေဘာအလင်းက ကောင်းကင်ကို ဖြတ်သန်းသွားပြီး လောကကြီးကို ပိုင်းဖြတ်လိုက်တော့မည့်ပုံ ရှိသည်
တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းရင်းက မုန့်ချုံတစ်ယောက် ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်မှု အတွင်းတွင် နှစ်မြှုပ်ထားသည်။
ထိုအခိုက်အတန့်တွင် သူ၏ ဆေဘာအလင်းက အရပ်မျက်နှာအားလုံးတို့ဆီသို့ ထွက်ခွာသွားပြီး အနှိုင်းမဲ့သည့် ဆေဘာဆန္ဒက ဆေဘာအလင်းထဲတွင် တဖြည်းဖြည်း ပေါင်းစပ်လာခဲ့သည်။
အခိုက်အတန့်တစ်ခုတွင် မုန့်ချုံ၏ ခုတ်ချက်တစ်ချက်နှင့်အတူ လောကကြီး၏ အရောင်တို့ ပျောက်ကင်းသွားသည့်ပုံ ပေါ်၏။ ထိုဆေဘာခုတ်ချက်၏ စွမ်းအားမှာ ဆေဘာဝိဉာဉ် နိုးထခဲ့စဉ်တုန်းက ထုတ်ဖော်ခဲ့သည့် ဆေဘာစွမ်းအားထက် အားနည်းခြင်း မရှိပါ။ ၎င်းသည် ပြိုင်ဖက်ကင်းကာ အလွန်ကြီးစိုး၏။
'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးစိုးခြင်းဆေဘာ..'
'ငါကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးစိုးခြင်းဆေဘာကို တတ်မြောက်ခဲ့ပြီ..'
မုန့်ချုံ စိတ်လှုပ်ရှားသွား၏။ ထိုအချိန်၌ ဆေဘာအပေါ် သူ၏ နားလည်သဘောပေါက်မှုက အလွန်မြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
'ပြီးရင် ငါလုပ်ဖို့လိုတာက လှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ဖို့ပဲ။ အနှောင်အဖွဲ့ကင်းပြီးတော့ သက်တောင့်သက်သာ ရှိရမယ်။ ငါ့ရဲ့လုပ်ဆောင်ချက်တိုင်းက ကြီးစိုးမှုတွေ ပါဝင်နေရမယ်။ ဒါက သိုင်းသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်ရည်ပဲ..'
'ဆေဘာတာအိုရဲ့ ဒုတိယအဆင့်ကလည်း အဲ့ဒီမှာပဲအခြေတည်လောက်တယ်။ ငါ့ရဲ့ခုတ်ချက်တွေကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်မှပဲ ဆေဘာကို ဖုံးကွယ်ထားနိုင်ပြီး လျှို့ဝှက်ဆေဘာအဆင့်ကို ပိုပြီးတော့ နားလည်မှု ရလာလောက်မှာ..'
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်း ဆေဘာဓားချက်ကို နားလည်သဘောပေါက်ပြီးနောက် မုန့်ချူံ၏ ခွန်အားက သိသာစွာ မြင့်တက်လာခဲ့သည်။
သူသည် တောင်စောင်းပေါ်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆေဘာသိုင်းကို ဆက်လက်ကျင့်ကြံ၏။
လီရွှမ်မှာတော့ ထုံးရွှမ်အဆင့်၏ အထက်ရှိ ကျင့်စဉ်အား မည်ကဲ့သို့ ဖန်တီးရမည်ကို စဉ်းစားနေပါသည်။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာကြောင်းကို သတိထားမိလိုက်၏။
"သင်၏တပည့် မုန့်ချုံသည် သင်ဖန်တီးလိုက်သည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။ သင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာအား ပြည့်စုံစွာ တတ်မြောက်သွားခဲ့သည်.."
လီရွှမ်က ဝမ်းသာသွား၏။ မုန့်ချုံသည် အလွန်လျှင်မြန်စွာ နားလည်သဘောပေါက်မှု ရခဲ့လေသည်။
'ဒီကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးစိုးခြင်းဆေဘာက တကယ့်ကို ထည်ဝါလွန်းတယ်..'
သူက မည်သည့်ကြီးစိုးခြင်း ဆေဘာစိတ်ဆန္ဒမှ မပါဝင်ပဲနှင့် မုန့်ချုံထက် များစွာ သာလွန်သည့် ခွန်အားနှင့် အနှိုင်းမဲ့သည့် ခုတ်ချက်ကို သရုပ်ပြခဲ့ခြင်း ဖြစ်သည်။
မုန့်ချုံစ နားလည်သဘောပေါက် လာသည်ကသာ စစ်မှန်သည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာ ဖြစ်၏။
ယခုအချိန်၌ ထိုဓားချက်ကို ထုတ်ဖော်လိုက်ပါက မုန့်ချုံအား သရုပ်ပြခဲ့စဉ်ကထက် ဆယ်ဆနီးပါးလောက် ပိုမိုစွမ်းအားကြီးနေမှာ ဖြစ်သည်။
သုံဟယ်မြို့ရှိ ရွှီမိသားစု၏ စံအိမ်တွင် ရွှီယန်နှင့် သူ၏ မိဘများက စားပွဲတစ်ခုကို ပြုလုပ်နေကြ၏။ မူလအဆင့်သို့ ချိုးဖြတ်ပြီးနောက် သူ့အနေနှင့် အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းရန်အတွက် သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ရှူသွင်းရှူထုတ် လုပ်ရန်သာ လိုအပ်တော့ပြီး အစာစားသုံးရန် လိုအပ်ခြင်း မရှိတော့ပေမယ့် ဒီစားပွဲက ခြားနားပါသည်။
ဤသည်မှာ မိသားစု၏ နွေးထွေးမှုကို ကိုယ်စားပြု၏။ သိုင်းပညာ၏ လမ်းစဉ်သို့ ဝင်ရောက်ခဲ့ ကတည်းက မိဘများနှင့်အတူ စားသောက်ခြင်း မပြုခဲ့တာ ကြာပြီဖြစ်သည်။ ထို့အပြင် သူသည် မကြာခင်တွင် အတွင်းဘက်နယ်မြေသို့ သွားရောက်တော့မှာ ဖြစ်၏။
"ယန်အာ... နင်စိတ်ပူဖို့ မလိုပါဘူး။ ငါ့ကိုပေးထားတဲ့ ဒန်ဆေးတွေနဲ့ မကြာခင် စတင်ခြင်းအဆင့်ကို ဝင်ရောက်မှာပါ.."
သူ၏ စိတ်ချခြင်းမရှိသည့်ပုံကို တွေ့ရပြီးနောက် ရွှီမိခင်က သားဖြစ်သူအား သူမ၏ ကျင့်ကြံမှုအတွက် စိုးရိမ်နေခြင်း ဖြစ်မည်ဟု တွေးမိလိုက်သည် နှစ်သိမ့်စွာပြော၏။
"အမေ... ကျွန်တော် ခရီးတစ်ခုလောက် သွားရမယ် ထင်တယ်.."
ရွှီယန်က ခေါင်းမော့ကြည့်ပြီးနောက် မိခင်ဖြစ်သူအား ပြောသည်။
သူသည် ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ စွမ်းအားကြီး ပုဂ္ဂိုလ်များကို ရှာဖွေရန် မကြာခဏ အပြင်ထွက်လေ့ရှိသော်လည်း အိမ်နှင့် အချိန်အကြာကြီး ဝေးကွာမှု ဘယ်တော့မှ မဖြစ်ပွားခဲ့ပါ။ တောင်ငယ်ရွာလေးတွင် ကျင့်ကြံသည့် အချိန်မှ လွဲ၍ ဖြစ်၏။
လက်ရှိ အတွင်းဘက်နယ်မြေသို့ ခရီးစဉ်မှာတော့ ပြန်လာရန်အတွက် နှစ်ဝက်ကျော် ကြာနိုင်လောက်ပါသည်။
"ယန်အာ... အခုမင်းလည်း ကြီးပြင်းနေပြီ။ သန်မာတဲ့ သိုင်းသမားတစ်ယောက်လည်း ဖြစ်နေပြီ။ အပြင်သွားရင်သာ မင်းကိုယ်မင်း ဂရုစိုက်။ အိမ်က ကိစ္စတွေကို စိတ်မပူနဲ့။ မင်းအမေနဲ့ ငါကလည်း သိုင်းသမားတွေဖြစ်ပြီး အကြီးအကဲဖန်နဲ့ အိမ်ကအစောင့်တွေလည်း သိုင်းသမားတွေ ဖြစ်လာတော့မှာ။ ဘာအန္တရာယ်မှ ကြုံစရာမရှိဘူး.."
ဖခင်တစ်ယောက်က သားဖြစ်သူကို အသိဆုံး ဖြစ်သည်။ သားဖြစ်သူသည် ကြီးပြင်းလာပြီး ဖြစ်ကာ လောကကြီးသို့ စွန့်စားသွားလာ လိုကြောင်းကို ရွှီကျွင်းဟယ် ချက်ချင်းပင် နားလည်လိုက်၏။
ရွှီမိခင်၏ မျက်လုံးများက နီရဲလာ၏။ သူမ မတ်တပ်ရပ်ကာ အခန်းဆီသို့ပြန်ပြီး အထုပ်တစ်ခုကို ယူလာခဲ့သည်။
"ဒါက နင့်အတွက် ငါချုပ်ပေးထားတဲ့ အဝတ်တွေပဲ။ အပြင်ကို သွားတဲ့အခါမှာ ဂရုစိုက်။ နင့်ရဲ့ခွန်အားကြောင့် သတိပေါ့လျော့တာမျိုးတွေ မဖြစ်စေနဲ့..."
ရွှီမိခင်က အကြိမ်ကြိမ် မှာကြား၏။ ရွှီယန်က အဝတ်ထုပ်ကိုကိုင်ကာ မိခင်ဖြစ်သူ၏ မှာကြားချက်များကို နားထောင်နေပါသည်။ သူမ၏ စကားဆုံးပြီးမှ ပြော၏။
"အမေ စိတ်မပူပါနဲ့။ သားရဲ့ခွန်အားက သာမန် သိုင်းသခင်တစ်ယောက်ထက်တောင် အများကြီး ပိုပြီးသန်မာပါတယ်။ ဘာအန္တရာယ်မှ မရှိပါဘူး.."
"အဲ့ဒီ့အပြင် ရှဲ့လင်ဖုန်းကလည်း အတွင်းဘက်နယ်မြေမှာ ဂုဏ်သတင်းကျော်ကြားတဲ့ လူတစ်ယောက်ပဲ။ ပြဿနာတစ်ခုခုကြုံတွေ့ရင် သူ့နာမည်ကို ပြောလိုက်လို့ ရတယ်.."
ရှဲ့လင်ဖုန်းက အတွင်းဘက်နယ်မြေ၌ မည်သည့်ကိစ္စ ဖြစ်ပွားစေကာမူ သူ၏ နာမည်ကိုသာ ပြောလိုက်ဟု သေသေချာချာ မှာကြားခဲ့၏။ ဤသည်ကို ရွှီယန်၏ စိတ်ထဲတွင် မှတ်သားထားပါသည်။
"အမေ... ကျွန်တော် ဒီတစ်ကြိမ် အတွင်းဘက်နယ်မြေကို သွားတဲ့အခါ သေချာပေါက် စိတ်ဝိဉာဉ်ဆေးပင်တွေကို ဝယ်ယူခဲ့ပြီး ဂျူနီယာညီမလေး စုလင်းရှုံကို နုပျိုခြင်းဆေးလုံးနဲ့ ကျင့်ကြံခြင်း အထောက်အကူပြု ဆေးလုံးတွေ သန့်စင်ခိုင်းမယ်။ အမေလည်း မူလအဆင့်ကို ချိုးဖြတ်ပြီး ငယ်ရွယ်တဲ့ ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်တာပေါ့.."
ရွှီမိခင်က သားဖြစ်သူကို ယုယစွာကြည့်၏။
"အမေနင့်ကို ယုံပါတယ်။ နင်ပြန်လာတာကို စောင့်နေမယ်.."
"အမေ စိတ်ချပါ.."
ရွှီယန်က ရင်ဘတ်ကိုပုတ်ကာ သူမကို အာမခံ၏။ ညစာစားပွဲအပြီးတွင် ရွှီယန်နှင့် ရွှီကျွင်းဟယ်တို့ ရွှီမိသားစု၏ ဥယျာဉ်အတွင်းတွင် လမ်းလျှောက်ကြ၏။ ခဏတာအတွင်း မည်သူမှ စကားဆိုခြင်း မပြုကြပါ။
"မင်းက.. ငယ်စဉ်ကတည်းက သိုင်းပညာပုံပြင်တွေကို ရူးသွပ်ခဲ့တယ်။ နေရာတိုင်းမှာ စွမ်းအားကြီးသိုင်းပညာရှင်ကို လိုက်ရှာခဲ့တယ်။ လူတိုင်း ပြောကြတာက ငါရွှီကျွင်းဟယ်မှာ တုံးအတဲ့ သားတစ်ယောက် ရှိတယ်တဲ့။ အစက မင်းအတွက် စည်းစိမ်အချို့ကို ချန်ထားပေး.. ဇနီးကောင်းတစ်ယောက် ရှာခိုင်းပြီး သက်တောင့်သက်သာရှိတဲ့ ဘဝကို နေနိုင်စေဖို့ ငါစီစဉ်ထားခဲ့တာ.."
"ဒါပေမယ့် ဘယ်သူတွေ တွေးမိမလဲ... ဒီလောကကြီးမှာ အမှန်တကယ်ပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေတယ်။ ငါ့သားကလည်း စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့တယ်။ မင်းရဲ့အဖေ ငါလည်း သိုင်းပညာရဲ့ လမ်းစဉ်အပေါ်ကို ခြေချနိုင်ခဲ့တယ်.."
ရွှီကျွင်းဟယ်က သက်ပြင်းချစွာဖြင့် ပြန်ပြောင်းစဉ်းစား၏။ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"သိုင်းပညာအပေါ် ဘယ်လောက် မင်းစွဲလမ်းလဲ ဆိုတာကို ငါနားလည်တယ်။ မင်းအဝေးမှာ ရောက်နေတဲ့အခါ အိမ်ကိစ္စကို စိတ်ပူဖို့မလိုဘူး။ ငါတို့တွေ ဒီစွန့်ပစ်ဒေသမှာ လုံခြုံပါတယ်။ ချီနိုင်ငံမှာလည်း ဘာအုတ်အော်သောင်းနင်း ဖြစ်တာကိုမှ ကြောက်စရာမလိုဘူး။ အိမ်ကအစောင့်တွေ အားလုံးကလည်း သစ္စာရှိပြီးတော့ ကြိုးစားကြတယ်။ အခုဆိုရင် အားလုံးနီးပါး သိုင်းသမားတွေ ဖြစ်လာကြတော့မယ်။ မင်းစိုးရိမ်စရာ မရှိပါဘူး.."
ရွှီကျွင်းဟယ်က ရပ်တန့်သွားပြီးနောက် ရွှီယန်ကိုလေးနက်စွာ ကြည့်သည်။ ဆက်လက်ပြော၏။
"မင်းရဲ့အဘိုးက မြို့တော်မှာ နေတယ်။ သူကစွမ်းအားကြီးမားပြီး ရာထူးမြင့်မားတယ်။ ဒါ့ကြောင့် မင်းရဲ့ဝမ်းကွဲတွေက စိတ်လွတ်ကိုယ်လွတ် ဖြစ်လာမှာပဲ။ မင်းသူတို့ကို သိုင်းပညာသင်ပေးတဲ့ ကိစ္စက ငါ့အမြင်မှာ ဆိုရင် ပေါက်ကြားသွားဖို့က အချိန်တစ်ခုပဲ လိုမှာ။ အဲ့ဒီအတွက် မင်းပြင်ဆင်ပြီးပြီလား။ မင်းရဲ့ ဆရာကရော အပြစ်တင်နိုင်လောက်လား.."
ရွှီယန်က မှင်သက်သွား၏။ သိုင်းပညာ ပေါက်ကြားသွားနိုင်သည့် ကိစ္စမှာ သေးငယ်ခြင်း မရှိပေ။ သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သူ ကောယွင်ကိုင်က ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်ကို ထိန်းချုပ်၏။ ထို့ကြောင့် လူယုံအချို့ကို သေချာပေါက် ပျိုးထောင်မှာပါ။ ယုံကြည်ရသည့် လူများကို ကျင့်စဉ်အား သင်ကြားပေးမည် ဖြစ်၏။
ပိုမိုများပြားသည့် လူများ ကျင့်ကြံလာလေလေ ကျင့်စဉ်၏ ပေါက်ကြားမှုမှာ ဖြစ်ပေါ်လာနိုင်လေဖြစ်သည်။
"အဖေ စိတ်မပူပါနဲ့... ဒါက ချီနဲ့သွေးအဆင့် ကျင့်စဉ်လေးပါပဲ။ ပေါက်ကြားသွားရင်တောင် ကိစ္စကြီး မဟုတ်ဘူး.."
ရွှီယန်က ဂရုမစိုက်စွာ ပြောသည်။ ဆရာဖြစ်သူက ကျင့်စဉ်ကို သူ၏ မိသားစုအား သင်ကြားပေးရန် ခွင့်ပြုခဲ့ကတည်းက တစ်နေ့တွင် ပေါက်ကြားသွားနိုင်ခြေကို စဉ်းစားထားပြီး ဖြစ်ပေလိမ့်မည်။
'ဖြစ်နိုင်တာက ဆရာ ဒီစွန့်ပစ်ဒေသမှာ သိုင်းပညာကိုများ ဖြန့်ဖြူးဖို့ ရည်ရွယ်ထားတာလား..'
ရွှီယန်က နှလုံးသားထဲတွင် စဉ်းစား၏။
"အဖေ... မနက်ဖြန်ကျရင် ကျွန်တော် အဖေ့ကို ဓားသိုင်းသင်ပေးမယ်။ ဓားတာအိုကို မဖမ်းဆုပ်နိုင်ရင်တောင် ဓားသိုင်းကို ကျင့်ကြံတာက ခွန်အားကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်တယ်.."
ရွှီယန်က ပြော၏။ သူမထွက်ခွာခင်တွင် မိသားစု၏ ခွန်အားကို အကောင်းဆုံး မြှင့်တင်ခဲ့လိုသည်။
"ကောင်းပြီ.."
ရွှီကျွင်းဟယ်က ခေါင်းငြိမ့်သည်။ နောက်သို့ ပြန်လျှောက်သွားရင်းက ပြော၏။
"ယန်အာ စောစော အိပ်ယာဝင်နှင့်.."
ရွှီယန်က သူ၏ အိမ်တော်သို့ ပြန်လာပြီးနောက် အိပ်ယာပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ လက်ချောင်းထိပ်များပေါ်တွင် အစစ်အမှန်ချီ စီးကြောင်းတစ်ခုစီ ပေါ်လာ၏။သူသည် အစစ်အမှန်ချီကို စတင်ပိုင်းခြား၏။
အစစ်အမှန်ချီ၏ ဆန်းကြယ်နက်နဲမှုများကို လေ့လာသည်။
'အခုဆိုရင် လက်တစ်ချောင်းရဲ့ အစစ်အမှန်ချီကို ငါ ၃ပိုင်းပိုင်းနိုင်နေပြီ။ ဆက်ပြီးတော့ ပိုင်းခြားသွားပြီး အပ်တမျှ သေးငယ်တဲ့ အစစ်အမှန်ချီတွေ ရလာအောင် လုပ်ရမယ်။ အဲ့ဒါဆိုရင် ငါ့ရဲ့အစစ်အမှန်ချီ အပေါ် နားလည်မှုနဲ့ ထိန်းချုပ်နိုင်မှုက ကြီးကြီးမားမား မြင့်တက်လာမှာ။ အဲ့ဒီ့အပြင် အစစ်အမှန်ချီက ပိုပြီးတော့ သိပ်သည်းလာပြီး ပိုပြီးသန့်စင် ပိုပြီး သန်မာလာလိမ့်မယ်..'
ရွှီယန်က သူ၏ အစစ်အမှန်ချီကို ဆက်လက်ပိုင်းခြားသည်။ အစစ်အမှန်ချီ လက်တစ်ချောင်းဟူသည်မှာ သူ၏ လက်ချောင်းများမှ ထွက်ပေါ်လာသည့် အစစ်အမှန်ချီဖြစ်ပြီး လက်ချောင်းတစ်ခုစာ ထူထဲ၏။
အစက အစစ်အမှန်ချီကို ပိုင်းခြားလျှင် ၎င်းတို့အားလုံး ပြန့်ကျဲကုန်ကြသည်။ သို့ပေမယ့် ယခုအချိန်၌ ပိုင်းခြားပြီးနောက် ရရှိလာသည့် အစစ်အမှန်ချီက အရင်ကထက် ပိုမိုသိပ်သည်းလာ၏။ ပိုမိုကာပင် သန်မာလာခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်ကူး မှန်ကန်ကြောင်း နားလည်လာခဲ့၏။
သူသာ အစစ်အမှန်ချီအား ပိုင်းခြားမှု ပြီးဆုံးပါက ၎င်း၏နောက်ရှိ ဆန်းကြယ်မှုကို နားလည်သဘောပေါက်ကာ ထုံးရွှမ်အဆင့်ရှိ အစစ်အမှန်ချီအား အစစ်အမှန်ယွမ်အဖြစ် ပြောင်းလဲခြင်းကိုလည်း နားလည်သဘောပေါက်လာနိုင်မှာ ဖြစ်သည်။