စိတ်ဝိဉာဉ်ဆေးပင်ကို အဆင့်၉ဆင့်ခွဲခြားထားတယ်၊ အတွင်းဘက်နယ်မြေရှိ ထန်းပေါင်(ကောင်းကင်ရတနာ)စံအိမ်
Vol. 11 Ch. 158
သုံဟယ်မြို့တွင် ရွှီယန်က ဖခင်ဖြစ်သူနှင့် ဆေးဆရာဖန်တို့ကို ဓားသိုင်းပညာအား သင်ကြားပေးနေ၏။ နဂါးနိုင်လက်ဝါသိုင်း၏ အခြေခံတို့လည်း အပါအဝင်ဖြစ်သည်။
ထို့အပြင် သူသည် မိသားစု၏ သစ္စာခံ အစောင့်များကိုလည်း သင်ကြားမှု ပြုပေး၏။ သို့ရာတွင် အစောင့်များ ကျင့်ကြံကြသည့် ဓားသိုင်းမှာ ခြားနားသည့် ဓားသိုင်းပညာတစ်ခု ဖြစ်သလို လက်ဝါးသိုင်းမှာလည်း အခြားလက်ဝါးသိုင်း တစ်ခုသာ ဖြစ်သည်။
မူလအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ ဓားတာအိုအတွင်းသို့ ခြေချခဲ့ပြီး နဂါးနိုင်လက်ဝါးသိုင်း၏ အနှစ်သာရကို နားလည်ထားသူ တစ်ယောက်အနေနှင့် ရွှီယန်သည် အတွင်းဘက်နယ်မြေရှိ သိုင်းပညာများကိုလည်း လေ့လာဖူးထားပြီး သူ့အတွက် သာမန်သိုင်းပညာများကို တတ်မြောက်လာရန်မှာ အလွန် လွယ်ကူလှပါသည်။
ထို့အပြင် အစောင့်များ အားလုံးတို့မှာ သိုင်းလောကမှ လူများ ဖြစ်ကြပြီး သိုင်းပညာကို ကောင်းကောင်း နားလည်ကြပါသည်။ ထိုသိုင်းပညာများကို ချီနှင့်သွေးနှင့် မည်ကဲ့သို့ ရောစပ်အသုံးပြုနိုင်မည့် ပြဿနာသာရှိ၏။ ဤသည်ကို လုပ်ဆောင်နိုင်ပါက ထိုသိုင်းပညာများလည်း သေမျိုးလောက၏ အထက်သို့ ရောက်ရှိလာမှာဖြစ်သည်။
ရွှီယန်အတွက် ဤသည်မှာ ခက်ခဲမှုဟု ဆိုနိုင်ခြင်း မရှိပါ။ သိုင်းပညာများကို လဝက်ကြာ သင်ကြားပေးကာ.. အထူးသဖြင့် မိဘများအား ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်အား သင်ကြားပေးပြီးနောက် ရွှီယန်တစ်ယောက် နောက်ဆုံးတွင် ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်ခဲ့သည်။
အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ။ ဒီအချိန်သည် သူ့အတွက် အတွင်းဘက်နယ်မြေသို့ စွန့်စားမှုအသစ်များ သွားရောက်ရှာဖွေရန် အချိန်ဖြစ်၏။ ရွှီယန်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ တော့သည်။
အတွင်းဘက်နယ်မြေ၏ စည်ကားသိုက်မြိုက်လှသည့် သိုင်းလောကမှာ သိုင်းသမားများ မျှော်ကိုးကြသည့် နေရာတစ်ခု ဖြစ်သည်။
ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်လာပြီးနောက် ဆရာဖြစ်သူမှာ ခြံဝန်းအတွင်း၌ သက်တောင့်သက်သာ ထိုင်နေဆဲဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
"ဆရာ... ကျွန်တော် သင်ကြားပေးခဲ့တဲ့ သိုင်းပညာတွေက ပေါက်ကြားသွားနိုင်မယ် ထင်တယ်.."
ရွှီယန်က ဆရာဖြစ်သူအား ကျင့်စဉ်များ၏ ပေါက်ကြားသွားနိုင်မှု ဖြစ်နိုင်ချေကို ပြောပြသည်။
လီရွှမ်က ဂရုစိုက်ခြင်း မရှိပါ။ ရွှီယန်က သူ၏မိသားစုဝင်များကို ပထမဆုံး စတင် သင်ကြားပေးခဲ့ကတည်းက သူ့အနေနှင့် ပေါက်ကြားနိုင်ခြေကို မျှော်လင့်ထားပြီးဖြစ်၏။
ထို့အပြင် သူသည် စွန့်ပစ်ဒေသတွင် ထိုသိုင်းပညာများကို ဖြန့်ဖြူးရန် ရည်ရွယ်ထားခဲ့၏။ ကျင့်ကြံသည့် လူများ ပိုမိုများပြားလာပါက ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုများလည်း ပိုမိုရရှိလာမှာ ဖြစ်သည်။
ထို့ကြောင့် ရွှီယန်၏ မိသားစုလုံခြုံရေးကို ကာကွယ်ရုံသက်သက်ဖြင့် သိုင်းပညာအား လက်ဆင့်ကမ်းနိုင်သည်ဟု ခေါင်းငြိမ့်ခဲ့ခြင်း မဟုတ်ပါ။
ယခုအချိန်၌ ရွှီယန်၏ မိသားစုဝင်များ အားလုံးတို့သည် သိုင်းပညာ၏ လမ်းစဉ်အပေါ်သို့ ရောက်ရှိလာကာ ဆေးလုံးများ၏ အထောက်အပံ့လည်း ရှိနေ၏။
ခြေတစ်လှမ်းစောခြင်းက နောက်ဆက်တွဲ ခြေလှမ်းများကိုလည်း ပိုမို ရှေ့ရောက်နေစေမှာပါ။ အခြားသိုင်းပညာရှင်များအတွက် လိုက်မှီနိုင်ဖို့ရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပါ။
အထူးသဖြင့် သူတို့၏ ခရီးလမ်းတွင် အကြီးမားဆုံးအတားအဆီး ဖြစ်သည့် ရွှီယန် ရှိသေး၏။ ထို့ကြောင့် ရွှီမိသားစုကို ထိပါးရဲမည် မဟုတ်ပါ။
ရွှီယန်၏ မိသားစုအား လိုက်မှီနိုင်မည့် သိုင်းသမားများ ရှိလျှင်တော့ သူတို့၏ ပါရမီက အလွန် ကောင်းမွန်နေမှာ ဖြစ်သည်။ ထိုအခါ သူ့အတွက် တန်ပြန်အကျိုးပြုမှု အချို့ ရလာလောက်၏။
"ပေါက်ကြားသွားရင်လည်း ကိစ္စမရှိဘူး။ သိုင်းကျင့်စဉ်လေးပဲကို... လောကကြီးမှာ သိုင်းသမားတွေ သောင်းနဲ့ချီပြီး ရှိကြတယ်။ ဒါပေမယ့် လူပေါင်းများစွာက စတင်ခြင်းအဆင့်မှာပဲ ရပ်တန့်သွားပြီး ဆက်ပြီးတော့ ရှေ့မဆက်နိုင်ကြဘူး.."
"သိုင်းပညာအပေါ် စစ်မှန်စွာ နားလည်ပြီး လမ်းစဉ်မှာ ရှေ့ဆက်ပြီး လျှောက်လှမ်းနိုင်တဲ့ လူတွေက ခေတ်များစွာ တလျှောက်မှာ အရမ်းကို ရှားပါးခဲ့တယ်.."
လီရွှမ်က မထူးမခြားနားစွာ ပြောသည်။
"ကျွန်တော် နားလည်ပါပြီ... ဒါဆိုရင်ဆရာ.. ကျင့်စဉ်ကို ကျွန်တော်တို့ဘက်ကပဲ စပြီးတော့ ဖြန့်ဝေလိုက်မလား.."
ရွှီယန်က စဉ်းစားပြီးနောက် မေး၏။
"သူ့ဘာသူပဲ ထားလိုက်ပါ.."
ကိုယ့်ဘာသာ စတင်ဖြန့်ဝေခြင်းက သိုင်းပညာအပေါ် တန်ဖိုးထားသည့်လူများ နည်းပါးလာစေမှာ ဖြစ်သည်။
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။
'ကြီးမြတ်တဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေ အားလုံးက ကံကိုပဲ ယုံကြည်ကြတယ်။ အရာအားလုံးကို ကံဆက်လို့ ဖြစ်တာလို့ပဲ အလွယ်တကူ တွေးလိုက်ကြတယ်။ ဒါပေမယ့် ငါကတော့ ဘာမှမလုပ်ဘဲ ထားလို့မရဘူး။ ဒီသိုင်းလမ်းစဉ်ကို ဆရာက သင်ကြားပေးခဲ့တာပဲ။ စွန့်ပစ်ဒေသမှာ ဘာသိုင်းပညာမှ ကျင့်ကြံလို့ရတာ မဟုတ်ဘူး။ ဆရာကြောင့်သာ သိုင်းလမ်းစဉ် ပေါ်ထွန်းလာခဲ့တာ..'
'အဲ့ဒါကြောင့်မို့လို့ ဒီသိုင်းပညာတွေ ဘယ်ကနေလာလဲဆိုတာကို စွန့်ပစ်ဒေသက သိုင်းသမားတွေ သိထားသင့်တယ်။ သိုင်းပညာရဲ့ ဘိုးဘေးလို့ ဆရာ့ကို ခေါ်ဆိုမယ်ဆိုရင်တောင် မလွန်ကြူးလောက်ဘူး..'
သူ၏စိတ်ထဲတွင် စိတ်ကူးအချို့ ရလာခဲ့၏။ စုလင်းရှုံက ရောက်လာပြီး ပြောသည်။
"ဆရာ... ခုံရော့ကျစ်က တော်တော်လေး အရည်အချင်းရှိတယ်။ သူ့ကိုရော သိုင်းပညာ သင်ပေးလိုက်လို့ ရလား.."
"နောင်မှာ အတွင်းဘက်နယ်မြေကို သွားရင် တပည့်အတွက် အားကိုးရတဲ့လူ ရှိတာပေါ့.."
သူမသည် စွန့်ပစ်ဒေသတွင် ထာဝရ နေထိုင်မည် မဟုတ်ပါ။ တစ်နေ့တွင် အတွင်းဘက်နယ်မြေသို့ ပြန်မှာ ဖြစ်၏။ ထိုလူများကို ရင်ဆိုင်မှု ပြုရန်အတွက် သူမအတွက် ကိစ္စများကို လုပ်ဆောင်ပေးရန် လူအချို့အား လိုအပ်နေပါသည်။
ခုံရော့ကျစ်သည် ပြန့်ကျဲနေသည့် ကောင်းကင်မိခင်ဂိုဏ်းကို အတူတူ ပြန်လည်စုစည်းခဲ့၏။ ယွင်ရှန်းမြို့ကို တိတ်တဆိတ် ထိန်းချုပ်ပြီး သုံဟယ်စီရင်စုမြို့ကိုပင် ကြံစည်ခဲ့သေးသည်။
ဤသည်က သူ၏ နည်းလမ်းများ၏ ထူးကဲမှုကို ပြသနေ၏။ စုလင်းရှုံအနေနှင့် အတွင်းဘက်နယ်မြေသို့ သူမပြန်သည့်အခါ ယခုကဲ့သို့ အသုံးဝင်သည့် လူတစ်ယောက်ကို လိုအပ်လောက်မည်ဟု ခံစားရသည်။
ပိုမို ကောက်ကျစ်ကာ ရက်စက်လေလေ ထိုလူများကို ရင်ဆိုင်ရန်အတွက် ပိုမိုကောင်းမွန်လေ ဖြစ်သည်။ မိမိ၏ အကျိုးအမြတ်အတွက်သာ အသုံးချနိုင်ပါက ထိုလူကို ထားလို့ရ၏။
ခုံရော့ကျစ်မှာ ဉာဏ်များပေမယ့် သူသည် စည်းလုံးဝ မရှိသည့် လူမျိုးမဟုတ်ပေ။ သူ့တွင်လည်း ရည်ရွယ်ချက်တို့ ရှိနေ၏။
"ရတယ်.."
လီရွှမ်က ဂရုစိုက်ခြင်း မရှိပါ။ အပြင်လူများကို သိုင်းပညာ သင်ကြားပေးလို့ ရကတည်းက မည်သူကို သင်ကြားပေးနိုင်သည် ဟူသည်မှာ ကိစ္စမရှိတော့ပေ။
"နင်က ကောင်းကင်မိခင်ဂိုဏ်းရဲ့ ကောင်းကင်မိခင်ပဲ။ ကိုယ့်ဘာသာ ဆုံးဖြတ်လို့ရတယ်.."
လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"ဟုတ်ကဲ့ပါဆရာ.. တပည့် ဘာလုပ်ရမယ်ဆိုတာကို သိပါပြီ.."
စုလင်းရှုံက ပျော်ရွှင်စွာ ပြန်ကြားသည်။ နောင်တွင် အတွင်းဘက်နယ်မြေသို့ သူမ ပြန်သည့်အခါ လူတစ်စုလောက်ကို အတူခေါ်သွားရပေမည်။ လူများလေလေ ပိုမိုစွမ်းအားကြီးလေ ဖြစ်ကာ စိတ်ဝိဉာဉ်ဆေးပင်များနှင့် ဒန်ဆေးသန့်စင်မှုအတွက် အရင်းအမြစ်များကို သူမအတွက် ပိုမိုစုစည်းနိုင်လေ ဖြစ်သည်။
"ဂျူနီယာညီမလေး... ငါတို့ရဲ့ဆရာက စွန့်ပစ်ဒေသမှာ သိုင်းပညာကို ပြန့်ပွားစေခဲ့တဲ့လူပဲ။ သိုင်းပညာက သူ့ကြောင့်ပဲ ထွက်ပေါ်လာခဲ့တယ်။ ဒါ့ကြောင့်မို့လို့ စွန့်ပစ်ဒေသကလူတွေ ဒီလိုမျိုး သိုင်းသူတော်စင်တစ်ပါး တည်ရှိတဲ့ အကြောင်းကို သိသင့်ကြတယ်.."
ရွှီယန်က စဉ်းစားပြီးနောက် ပြော၏။
စုလင်းရှူံ၏ မျက်ဝန်းများက လင်းလက်သွားသည်။ သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီးနောက် ပြော၏။
"ကိစ္စမရှိဘူး။ ဒီကိစ္စကို ခုံရော့ကျစ်ကို ကိုင်တွယ်ခိုင်းလိုက်မယ်။ စွန့်ပစ်ဒေသရဲ့ သိုင်းပညာလမ်းစဉ်ကို စတင်ဖန်တီးခဲ့သူ.. သိုင်းပညာရဲ့ မဟာသူတော်စင်..."
လီရွှမ်၏ ပါးစပ်က တွန့်ကွေးသွား၏။ သူ၏ တပည့်များသည် တကယ့်ကို ကြီးမားသည့် စိတ်ကူးယဉ်နိုင်စွမ်း ရှိပါသည်။ သူသည် စွန့်ပစ်ဒေသ၏ သိုင်းပညာအား စတင်ခဲ့သူ.. သိုင်းပညာ၏ သူတော်စင် ဖြစ်လာခဲ့သည်လား။ ထိုဘွဲ့အမည်များက... နားထောင်ရတာ မစိုးလှပေ။
ဘာပဲဖြစ်ဖြစ် သူသည် ထိုကိစ္စလောက်ကို ဝင်ရောက်ငြင်းခုန်ရန်အတွက် စိတ်ကူးမရှိပါ။
ထို့အပြင် စွန့်ပစ်ဒေသ၏ သိုင်းပညာအား စတင်ခဲ့သူ.. သိုင်းပညာ၏ သူတော်စင်ဟူသည့် ဘွဲ့အမည်က သူ့အတွက် မထင်မှတ်ထားသည့် အကျိုးအမြတ်များကို သယ်ဆောင်လာမှာလည်း ဖြစ်နိုင်၏။
ဒီသိုင်းပညာလမ်းစဉ်မှာ သူ၏ဖန်တီးမှု ဖြစ်သည်။ အတွင်းဘက်နယ်မြေက သိုင်းပညာစနစ်နှင့်လည်း ခြားနား၏။
"ဆရာ.. ကျွန်တော် အတွင်းဘက်နယ်မြေကို သွားချင်တယ်.."
ရွှီယန်က မျှော်လင့်စွာ ပြောသည်။
လီရွှမ်က အံ့သြခြင်းမရှိစွာ ခေါင်းငြိမ့်၏။
"အဲ့ဒါဆိုလည်း သွားလေ။ ဒီအချိန်က သိုင်းလောကကို စွန့်စားသွားလာဖို့ အချိန်လည်းကျနေပြီ.."
မုန့်ချုံက ပြန်လာခဲ့၏။ စီနီယာအကိုကြီးက အတွင်းဘက်နယ်မြေသို့ သွားရောက်တော့မည်ဖြစ်ရာ သူလည်းပဲ အလွန်စိတ်လှုပ်ရှားနေပါသည်။
မူလအဆင့်သို့ ချိုးဖြတ်ပြီးပါက စီနီယာအကိုကြီး၏ ခြေရာနောက်သို့လိုက်ကာ သူလည်းပဲ အတွင်းဘက်နယ်မြေသို့ သွားမည်ဖြစ်၏။
ဒီအချိန်၌ တပည့်သုံးယောက်လုံး စုနေကြသည်။ စုံလင်းရှူံဟာ အတွင်းဘက်နယ်မြေမှဖြစ်ပြီး ၎င်း၏ အကြောင်းကို အခြားလူများထက် များစွာပိုမို သိရှိ၏။
ဒီအချိန်က တပည့်များအတွက် သိုင်းလောကသို့ စွန့်စားသွားလာရမည့်အချိန် ဖြစ်သည်။ ထို့ကြောင့် ဆရာတစ်ယောက်အနေနှင့် အတွေ့အကြုံအချို့ကို သင်ကြားပေးရန် လိုအပ်၏။
လီရွှမ်အနေနှင့် အတွင်းဘက်နယ်မြေ၏ သိုင်းလောကသို့ ဘယ်တုန်းကမှ သွားရောက်ခဲ့ဖူးခြင်း မရှိပေမယ့် ဤသည်က သူ၏ အတွေ့အကြုံများအား ပို့ချမှုကို ထိပါးစေခြင်းမရှိပါ။
"သိုင်းလောကက ရှုပ်ထွေးတယ်။ လူတွေက ကောက်ကျစ်ကြတယ်။ အတွင်းဘက်နယ်မြေကို သွားတဲ့အခါကျရင် အမြဲတမ်း သတိမပြတ်ရှိဖို့ မှတ်ထားကြ။ သမိုင်းတလျှောက်က စွမ်းအားကြီးမားတဲ့ လူများစွာတွေ ရန်သူကို အထင်သေးမှု၊ သတိပေါ့လျော့မှုနဲ့ မောက်မာမှုကြောင့် သေဆုံးခဲ့ရတယ်.."
"ပြီးတော့ လူပုံအလယ်မှာ မင်းတို့ရဲ့ ခွန်အားအပြည့်ကို ဘယ်တော့မှ မပြသနဲ့။ ဘယ်သိုင်းသမားကိုမှလည်း အထင်မသေးနဲ့။ မင်းတို့ထက် အများကြီး အားနည်းနေရင်တောင် ရန်သူတစ်ယောက်ဖြစ်ရင် ညှာတာမှုမရှိဘဲ တစ်ခါတည်း သတ်ဖြတ်ရမယ်..."