စိတ်ဝိညာဉ်ဆေးပင်ကို အဆင့်ကိုးခု ပိုင်းခြားထားတယ်၊ အတွင်းဘက်နယ်မြေ၏ ကောင်းကင်ရတနာစံအိမ်(၂)
Vol. 11 Ch. 159
“ရန်သူမှာ ကြီးမားတဲ့နောက်ခံ(သို့) စွမ်းအားကြီးတဲ့ အကူအညီပေးသူတွေ နောက်မှာ ရှိနေရင် နှိမ့်နှိမ့်ချချနဲ့ နေထိုင်ပြီး သူတို့ကို တိတ်တဆိတ် သုတ်သင်နိုင်မယ့် အခွင့်အရေးကို ရှာဖွေရမယ်။ ဘာသဲလွန်စ(သို့) သက်သေမှ မကျန်ရစ်စေနဲ့။ မဟုတ်ရင်လည်း ကိုယ်ပိုပြီး သန်မာလာတဲ့ အချိန်အထိ စောင့်စားပြီးမှ မိုးကြိုးလို တရကြမ်းပစ်ခတ်ပြီး သူတို့နောက်ခံတွေ အပါအဝင် အားလုံးကို သုတ်သင်ပစ်ရမယ်”
“သိုင်းလောကအတွက်တော့ လူသစ်တွေဆိုတာ အပျံသင်စငှက်တွေ တောထဲကို ဝင်ရသလိုပဲ။ နှိမ့်နှိမ့်ချချ နေရမယ်။ သတိကြီးကြီး ထားရမယ်။ လိုအပ်ရင် ကိုယ့်ရဲ့ အစစ်အမှန်ကို ဖုံးကွယ်ထားရမယ်..”
လီရွှမ်က လေးနက်စွာနှင့် အတွေ့အကြုံ ကြီးရင့်သည့် ဆရာတစ်ယောက်သဖွယ် တပည့်များကို သင်ကြားပို့ချသည်။ ပြီးခဲ့သည့်ဘဝက ဖတ်ကြားခဲ့ဖူးသည့် လေလွင့်သူရဲကောင်းများ၏ အတွေ့အကြုံ အားလုံးတို့ကို ဝေမျှ၏။
အတွင်းဘက်နယ်မြေမှ လာရောက်ရှောင်ပုန်းနေသည့် စုလင်းရှုံပင်လျှင် စူးစိုက်စွာ နားထောင်နေပြီး ဆရာ၏ သိုင်းလောကအပေါ် ကြွယ်ဝသည့် အတွေ့အကြုံများ၌ ရစ်မူးနေမိသည်။
ကျိုးယင်မှာလည်း အံ့ဩစွာဖြင့်သာ အကြိမ်ကြိမ် သက်ပြင်းချမိနေ၏။ လီရွှမ်သည် မရေမတွက်နိုင်သည့် ခက်ခဲမှုများနှင့် အန္တရာယ်များကို ဖြတ်ကျော်ခဲ့သည့် ပညာရှင်တစ်ယောက် ပီသလှပါသည်။ ထိုအရာ အားလုံးတို့မှာ အဖိုးတန် အတွေ့အကြုံများ ဖြစ်ကြ၏။
ဒီမတိုင်ခင်က သူမကိုယ်သူမ သိုင်းလောက အတွေ့အကြုံတို့ တော်တော်လေး ကြွယ်ဝနေပြီဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် ဒီပညာရှိကြီးနှင့် နှိုင်းယှဉ်ပါက အများကြီး လိုအပ်နေသေး၏။
အတွေ့အကြုံတို့ကို ဝေမျှပြီးနောက် လီရွှမ်က ထပ်ပေါင်းပြောသည်။
“အတွေ့အကြုံဆိုတာ ပုံသေဖြစ်ပျက်ခဲ့တဲ့ အရာပဲ။ ဒါပေမယ့် လူတွေကတော့ ရှင်သန်နေတယ်။ လောကရဲ့ ကိစ္စရပ်တွေ အားလုံးက အမြဲတမ်း ပြောင်းလဲနေတယ်။ အဲ့ဒါတွေကို ကောင်းကောင်း လိုက်လျောညီထွေအောင် လုပ်ပြီး ပြောင်းလွယ်ပြင်လွယ်စိတ် ရှိရမယ်။ အဲ့ဒါကမှ သိုင်းလောကရဲ့ စစ်မှန်တဲ့ အတွေ့အကြုံပဲ”
“ငါမင်းတို့ကို ပိုချပေးတဲ့ သင်ကြားမှုတွေ အပေါ်မှာပဲ တရစေကြီး လိုက်လုပ်တာမျိုး မလုပ်ကြနဲ့။ ဒါတွေက ကိုးကားချက်သက်သက်ပဲ။ မင်းတို့က သဟဇာတဖြစ်အောင် သင်ယူရမှာ။ နားလည်ကြလား”
လီရွှမ်သည် သူ၏ တပည့်များအနေနှင့် သင်ကြားချက်များအပေါ်တွင်သာ မလွဲမသွေ လိုက်လုပ်ပြီး ပြောင်းလဲမှုသဘာဝအား နားမလည်မည်ကို စိုးရိမ်သွား၏။
၎င်းတို့သည် အတွင်းဘက်နယ်မြေ၏ သိုင်းလောကနှင့် ကြီးစွာ ကွာခြားနေလျှင်ရော မည်ကဲ့သို့ လုပ်မည်နည်း။ ထိုအခါ ဘောင်အပြင်ဘက်သို့ မရောက်သွားပေဘူးလား။
ဤသည်က မလိုအပ်သည့် ပြဿနာများကို ဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် သူ၏သင်ကြားမှုများမှာ ကိုးကားချက်ယူရန်သာ ဖြစ်ကြောင်းအား တပည့်များကို သတိပေး၏။
သိုင်းလောက၏ စစ်မှန်သည့် အတွေ့အကြုံမှာ လိုက်လျောညီထွေစွာ နေနိုင်ခြင်းနှင့် ပြောင်းလွယ်ပြင်လွယ် ရှိခြင်းတို့အတွင်း၌သာ ရှိနေပါသည်။
“ဟုတ်ကဲ့ပါ.. တပည့်တို့ နားလည်ပါတယ်”
ရွှီယန်က လေးစားစွာ ဖြေ၏။
“အင်း”
လီရွှမ်က ခေါင်းညှိတ်သည်။ သူသည် ရွှီယန်အပေါ်တွင် ယုံကြည်မှုတို့ ရှိနေဆဲ ဖြစ်၏။ သိုင်းသခင်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားပြီး သာမန် စစ်ဘုရင်တစ်ယောက်အား ကြုံတွေ့ရလျှင်တောင် ရင်ဆိုင်နိုင်ခြင်း မရှိပါက ထွက်ပြေးလွတ်မြောက် နိုင်သေး၏။
“အတွင်းဘက်နယ်မြေမှာ သိုင်းပညာမျိုးစုံ ရှိကြတယ်။ ဒါ့ကြောင့် ငါသင်ကြားပေးထားတဲ့ သိုင်းပညာကို တတ်မြောက်ထားတယ် ဆိုပြီး မောက်မာတာတွေ၊ အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာတွေကို အထင်သေးတာတွေ မဖြစ်စေနဲ့။ မင်းတို့လုပ်ရမှာက စူးစမ်းမှုပြုပြီး ပိုမို လေ့လာမှုတွေ လုပ်ဖို့ပဲ။ သဘောတရားကို ကောက်နုတ်ပြီး အနှစ်သာရကို ထုတ်ယူရမယ်။ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်ရမယ်”
“လမ်းစဉ်အားလုံးကို မင်းတို့ရဲ့ ကိုယ်ပိုင်အဖြစ် ပေါင်းထည့်ပြီး ကိုယ်ပိုင် သိုင်းပညာလမ်းစဉ်ကို ဖန်တီးနိုင်ဖို့ ငါမျှော်လင့်တယ်”
“ငါ့ရဲ့ ခြေလှမ်းအတိုင်း လိုက်ပြီး.. ဆရာ့နောက်ကနေ လျှောက်ပြီးသားလမ်းကို ပြန်လျှောက်နေမယ့် အစားပေါ့”
လီရွှမ်က လေးလံစွာ ပြော၏။
ရွှီယန်က လေးစားစွာ ခေါင်းငုံ့သွားပြီး နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဤသည်မှာ စစ်မှန်သည့် ဆရာတစ်ယောက်၏ အသွင်အပြင် ဖြစ်သည်ဟု တွေးမိ၏။
တပည့်များကို သူလျှောက်လှမ်းခဲ့သည့် လမ်းပေါ်တွင် ပုံသေ လိုက်လံလျှောက်လှမ်းမှုကို မလိုလားပဲ အမှီအခိုကင်းစွာ တွေးခေါ်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်လုပ်စေချင်လေသည်။
“မင်းတို့ရဲ့ ဆရာအနေနဲ့.. မင်းတို့ကို တစ်နေ့မှာ ကိုယ်ပိုင်လမ်းစဉ်ကို တည်ဆောက်ပြီး ငါ့ထက် ကျော်သွားနိုင်ကြဖို့ မျှော်လင့်တယ်။ အဲ့ဒီအခါမှ ငါအမှန်တကယ် ဂုဏ်ယူမှု ရနိုင်လိမ့်မယ်”
လီရွှမ်သည် တပည့်များအတွက် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေပါသည်။
‘ငါ့တပည့်တို့.. မင်းတို့ရဲ့ အတွေးအမြင်တွေကို ချဲ့ထွင်ပြီး ငါ့အတွက် သိုင်းပညာတွေကို ပိုပြီး ဖန်တီးပေးကြ။ ငါ့ကို ကျော်တက်ဖို့ကတော့.. ဟဲဟဲ.. စိတ်မကူးမနေနဲ့။ ငါက မင်းတို့အားတက်အောင် ပြောပေးရုံပဲ’
ဤသည်မှာ လီရွှမ်၏ အတွေးဖြစ်၏။
“ဟုတ်ကဲ့ပါဆရာ.. ကျွန်တော်တို့ ဆရာ့ကို စိတ်မပျက်စေရပါဘူး”
ရွှီယန်နှင့် အခြားလူများ၏ မျက်လုံးများ၌ မျက်ရည်တို့ ရစ်ဝဲလာခဲ့သည်။ သူတို့၏ဆရာသည် ကြီးမြတ်လှပြီး တစ်ဘဝစာ ဆန္ဒမှာ တပည့်များ၏ သူ့ကို ဖြတ်ကျော်နိုင်ပြီး ကိုယ်ပိုင်လမ်းစဉ်အသစ်ကို ဖန်တီးနိုင်ရန် ဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာ၏ ခွန်အားအဆင့် မည်မျှ မြင့်မားလှသည်ကို တွေးကြည့်နိုင်ပါသည်။ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။ သိုင်းပညာလမ်းစဉ်၏ အဆုံးသတ်ကို ရောက်နှင့်နေပြီးပြီလား မသိပေ။
‘အဲ့လိုတော့ မဟုတ်လောက်ဘူး..’
သူတို့ဆရာက သိုင်းပညာလမ်းစဉ်ကို အဆုံးမရှိဟု ဆိုခဲ့ဖူး၏။
သင်ကြားပို့ချမှုအပိုင်းကို ပြီးဆုံးပြီးနောက် လီရွှမ်က စကားရပ်သွားသည်။ တပည့်သုံးယောက်ကို သူတို့ဘာသာ စကားပြောစေ၏။
စုလင်းရှုံက အတွင်းဘက်နယ်မြေမှ အတွေ့အကြုံ အချို့တို့ကို သူမ၏ စီနီယာအစ်ကို နှစ်ယောက်တို့နှင့် ဝေမျှပေးသည်။
“ဂျူနီယာညီမလေး… ငါ့ကို စိတ်ဝိညာဉ်ဆေးပင်တွေ အကြောင်း မိတ်ဆက်ပေးပါလား။ အတွင်းဘက်နယ်မြေကို သွားတဲ့အခါ ပြန်ယူလာချင်လို့”
ရွှီယန်က စိတ်လှုပ်ရှားစွာ မေးသည်။
အတွင်းဘက်နယ်မြေသို့ သူသွားရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ စိတ်ဝိညာဉ်ဆေးပင်များကို ရရှိရန် ဖြစ်သည်။ နုပျိုခြင်း ဆေးလုံးကို သန့်စင်ရန်နှင့် မိဘများ ကျင့်ကြံရန်အတွက် ဆေးလုံးမျိုးစုံတို့အတွက် ဖြစ်၏။
ထို့ကြောင့် အတွင်းဘက်နယ်မြေသို့ မသွားခင်၌ ပြင်ဆိုင်မှုပြုထားရန် လိုအပ်ပါသည်။
မုန့်ချုံလည်း စိတ်လှုပ်ရှားနေ၏။ သူလည်းပဲ မကြာခင်တွင် အတွင်းဘက်နယ်မြေသို့ သွားရောက်မှာ ဖြစ်သည်။ သူ၏ ပန်းတိုင်တစ်ခုမှာလည်း ဂျူနီယာညီမလေးအတွက် စိတ်ဝိညာဉ် ဆေးပင်များကို ရှာဖွေရန် ဖြစ်သည်။ ထို့အပြင် စိတ်ဝိညာဉ်ဆေးပင်မှ သန့်စင်သည့် ဒန်ဆေးလုံးများသာလျှင် စစ်မှန်သည့် ဒန်ဆေးလုံးများ ဖြစ်မှာ ဖြစ်၏။
ရှီအာက ဘေးတွင် ထိုင်နေပြီး ကြောင်နီမှာလည်း သူနှင့်အတူ လဲလျောင်းနေ၏။ နှစ်ယောက်စလုံးက ဂရုတစိုက်ဖြင့် နားထောင်နေကြသည်။
စုလင်းရှုံကလည်း အလွန် ကျေနပ်သွား၏။ ရွှီယန်သာ စိတ်ဝိညာဉ်ဆေးပင်များကို ပြန်ယူလာနိုင်ပါက သူမလည်း ဒန်ဆေးလုံးများကို ပိုမို သန့်စင်နိုင်ပြီး သူမ၏ ဆေးသန့်စင်ခြင်း အတတ်တို့ ပိုမိုတိုးတက်လာမှာ ဖြစ်သည်။
“စီနီယာအစ်ကိုကို စိတ်ဝိညာဉ် ဆေးပင်တွေအကြောင်း ကျွန်မ မိတ်ဆက်ပေးမယ်။ ရှေးအဆိုအရ စိတ်ဝိညာဉ် ဆေးပင်တွေကို အပိုင်းကိုးပိုင်း ပိုင်းခြားထားတယ်။ ဥပမာအားဖြင့် ဒီရေစိတ်ဝိညာဉ်မြက်က အဆင့်နိမ့်ဖြစ်တဲ့ အဆင့်ကိုး ဆေးပင်တစ်ခု ဖြစ်တယ်။ ရှင်သန်ပေါက်ရောက်နိုင်တဲ့ ပတ်ဝန်းကျင် လိုအပ်ချက်က မမြင့်မားတော့ ပုံမှန်ဆန်ပြီး ဈေးမကြီးဘူး…”
စိတ်ဝိညာဉ် ဆေးပင်များကို အဆင့်ကိုးခု ပိုင်းခြားထားပြီး အမြင့်ဆုံးမှာ အဆင့်တစ်ဖြစ်သည်။ သို့ရာတွင် အတွင်းဘက်နယ်မြေ၌ မည်သည့် အဆင့်တစ်ဆေးပင်မှ ရှိမနေပါ။
“အခုအချိန်အထိ မြင့်ဖူးသလောက်တော့ အတွင်းဘက်နယ်မြေက အမြင့်ဆုံး စိတ်ဝိညာဉ် ဆေးပင်က အဆင့်ခြောက်ပဲ။ အဆင့်ခြောက်ရဲ့ အထက်က ဆေးပင်တွေနဲ့ ပက်သက်ပြီး ဘာမှတ်တမ်းမှတ်ရာမှ မရှိဘူး။ တကယ်ရှိလား မရှိဘူးလား ဆိုတာကိုတော့ ညီမလည်း မသိဘူး”
ရွှီယန်က ကြောင်တောင်စွာ မေးသည်။
“အတွင်းဘက်နယ်မြေမှာတောင် မရှိမှတော့ ဘာလို့ အဲ့ဒါတွေ ရှိနေတဲ့အကြောင်းကို သိရတာလဲ”
မုန့်ချုံကလည်း ခေါင်းညှိတ်သည်။
“အဲ့ဒီ ခွဲခြားမှုက ရှေးခေတ်တွေတည်းက ရှိနေခဲ့တာ။ အမှန်ပဲ ဖြစ်လိမ့်မယ်။ လုံးဝ မရှိတာတော့ မဟုတ်လောက်ဘူး။ အလွန့်အကျွံ ရှားပါးတာ ဖြစ်မယ်။ တစ်ယောက်ယောက်က တစ်ပင်ကို တွေ့တာနဲ့ ကပ်ဘေးတစ်ခု သယ်ဆောင်သလို ဖြစ်မှာစိုးလို့ ဘယ်သူ့ကိုမှ မပြရဲဘူး။ ရောင်းဖို့ဆို ပိုတောင်ဝေးသေး”
စုလင်းချုံက တွေးတောမှုအချို့ ပြုလုပ်ပြီးနောက် သူမ၏အထင်ကို ပြောသည်။
“ငါသိပြီ”
ရွှီယန်က နားလည်သွား၏။
“လက်ရှိအချိန်မှာ အတွင်းဘက်နယ်မြေမှာ အဆင့်ခြောက်ဆေးပင်က ရနိုင်တဲ့ အမြင့်ဆုံးအဆင့် ဆေးပင် ဖြစ်လုနီးပါးပဲ။ ကျန်တာတွေက ရှာဖို့ မဖြစ်နိုင်သလောက် ရှိတယ်…”
စုလင်းရှုံက ဆက်လက် မိတ်ဆက်ပေးသည်။
“စီနီယာအစ်ကို.. အတွင်းဘက်နယ်မြေကို ရောက်ပြီးရင် စိတ်ဝိညာဉ်ဆေးပင်တွေ ရနိုင်မယ့် အသင့်တော်ဆုံး နည်းလမ်းက အခြားလူတွေနဲ့ လဲလှယ်တာနဲ့ ကိုယ့်ဘာသာ ရှာတာအပြင်.. နောက်တစ်ခုက ကောင်းကင်ရတနာစံအိမ်ကနေ ဝယ်ယူတာပဲ”
“ကောင်းကင်ရတနာစံအိမ်က အတွင်းဘက်နယ်မြေရဲ့ အဓိကအင်အားစု တစ်ခုပဲ။ မြို့တိုင်းမှာ ကောင်းကင်ရတနာစံအိမ်ရဲ့ အကိုင်းအခွဲတွေ ရှိတယ်…”
စုလင်းရှုံက ထန်းပေါင်းစံအိမ်၏ အကြောင်းကို မိတ်ဆက်ပေးသည်။
ထန်းပေါင်စံအိမ်သည် အတွင်းဘက်နယ်မြေရှိ ကုန်သွယ်ရေ မဟာမိတ်အဖွဲ့တစ်ခု ဖြစ်၏။ သူတို့၏ တိကျသည့် နက်ရှိုင်းမှုနှင့် ခွန်အားကို မည်သူမှ သိရှိခြင်းမရှိပေ။
ပြောကြသည်ကား ထန်းပေါင်စံအိမ်သည် လျှို့ဝှက်ဆန်းကြယ်သည့် နေရာအချို့တွင် စိတ်ဝိညာဉ်စိုက်ခင်းတို့ကို ပိုင်ဆိုင်ထားပြီး စိတ်ဝိညာဉ်ဆေးပင် စိုက်ပျိုးခြင်း အတတ်ကို တတ်မြောက်ထားသည်ဟု ဆို၏။
ထို့အပြင် ထန်းပေါင်စံအိမ်တွင် စိတ်ဝိညာဉ် ပုံဆောင်ခဲ တွင်းများကို ရှာဖွေနိုင်သည့် စွမ်းရည်လည်း ရှိ၏။ များပြားလှသည့် စိတ်ဝိညာဉ်ပုံဆောင်ခဲ သတ္တုတွင်းများကို ထိန်းချုပ်ထားသည့် အတွင်းဘက်နယ်မြေ၏ နံပါတ်တစ် ကုန်သည်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
မြို့ခွဲတိုင်းတွင် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် အထိုင်ချနေ၏။
“ထန်းပေါင်စံအိမ်က ကောင်းမွန်တဲ့ ဂုဏ်သတင်း ရှိတယ်။ ဘယ်တုန်းကမှ အတုအပ လဲလှယ်တာမျိုး သတင်းမထွက်ဖူးဘူး။ ပြီးတော့ သူတို့ဆီမှာ စိတ်ဝိညာဉ်ဆေးပင်တွေ၊ သိုင်းပညာကျင့်စဉ်တွေ၊ စိတ်ဝိညာဉ်ပုံဆောင်ခဲတွေလိုမျိုး… များပြားလှတဲ့ ရတနာတွေကို ရောင်းလို့ရတယ်။ ပြီးတော့ အဲ့ဒါတွေကို ဝယ်ချင်ရင်လည်း ဝယ်လို့ရတယ်”
“တကယ်လို့ ကိုယ့်ဆီမှာ စိတ်ဝိညာဉ် ပုံဆောင်ခဲတွေ အများကြီးရှိပြီး အိမ်မှာ သိမ်းထားရမှာ ကြောက်နေရင် ထန်းပေါင်စံအိမ်မှာ သွားထည့်ထားလို့ ရတယ်။ လုံခြုံရေးအတွက် အဖိုးအခ ပေးရတာက လွဲပြီး လုံခြုံမှုအတွက် စိတ်ချရတယ်လို့ ပြောလို့ရတယ်”
“အတွင်းဘက်နယ်မြေမှာ စိတ်ဝိညာဉ်စာရွက်(သို့) စိတ်ဝိညာဉ်ပုံဆောင်ခဲ လက်မှတ်တွေလည်း တွင်တွင်ကျယ်ကျယ် လှည့်လည်အသုံးပြုကြတယ်။ အဲ့ဒါတွေကို ထန်းပေါင်စံအိမ်ကပဲ စတင်မိတ်ဆက်ခဲ့တာ။ သိုင်းသမားတွေ အနေနဲ့ အဲ့ဒီလက်မှတ်တွေကိုပဲ သယ်သွားဖို့ လိုအပ်တယ်။ မလိုအပ်ပဲ စိတ်ဝိညာဉ်ပုံဆောင်ခဲတွေ အများကြီးကို သယ်ဆောင်ဖို့ မလိုတော့ဘူး”
“စိတ်ဝိညာဉ်စာရွက်တွေနဲ့ အတွင်းဘက်နယ်မြေက ဘယ်ထန်းပေါင်စံအိမ်ခွဲမှာ မဆို တူညီတဲ့ စိတ်ဝိညာဉ်ပုံဆောင်ခဲ ပမာဏ ထုတ်ယူလို့ရတယ်..”
စုလင်းရှုံက ထန်းပေါင်စံအိမ်နှင့် ပက်သက်ပြီး အသေးစိတ် မိတ််ဆက်မှုအား ပေးသည်။ အတွင်းဘက်နယ်မြေရှိ မည်သည့် သိုင်းသမားမဆို ထန်းပေါင်စံအိမ်နှင့် လွတ်ကင်းသည်ဟူ၍ မရှိပေ။
ရွှီယန်နှင့် မုန့်ချုံတို့မှာ နားထောင်ရင်းမှ ရစ်မူးစွာ ရှိနေပါသည်။ အတွင်းဘက်နယ်မြေသည် အလွန် စည်ကားလှပြီး ထန်းပေါင်စံအိမ်ကဲ့သို့ ကုန်သွယ်ရေး အင်အားစုတစ်ခုပင်လျှင် ရှိနေပါသည်။
နှိုင်းယှဉ်ကြည့်ပါက စွန့်ပြစ်နယ်မြေမှာ အမှန်တကယ်ကို ခြောက်ကပ်လှ၏။ ယခုကဲ့သို့ ခေါ်တွင်ကြတာ အကြောင်းပြချက်မရှိတာ မဟုတ်ပေ။
လီရွှမ်လည်းပဲ တိတ်ဆိတ်စွာ နားထောင်နေ၏။ သူ၏ နှလုံးသားထဲတွင် ထန်းပေါင်စံအိမ်အား မည်မျှ စွမ်းအားကြီးလိုက်သနည်းဟု တွေးတောနေမိသည်။ သူတို့၏ ကိုယ်ပိုင် ဘဏ်စာရွက်များ- စိတ်ဝိညာဉ်စာရွက်များကိုပင် တီထွင်ထုတ်ဝေခဲ့၏။ ဤသည်မှာ လူသားများအတွက် ဘဏ်ငွေစုခြင်းနှင့် တူညီပါသည်။
သို့ပေမယ့် ဘဏ်အကောင့်ပိုင်ရှင်များအား အတိုးပေးသကဲ့သို့ စနစ်မျိုးမဟုတ်ပဲ ထန်းပေါင်စံအိမ်က သိုလှောင်မှုစရိတ်ပင် တောင်း၏။
“စီနီယာအစ်ကို.. တကယ်လို့ အစ်ကို စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ ရတနာအမျိုးမျိုးကို လိုချင်တာရှိရင် ထန်းပေါင်စံအိမ်ကို သွားလို့ရတယ်။ သူတို့မှာ သိုင်းသမားတစ်ယောက် လိုအပ်တဲ့ အရာအားလုံး ရှိတယ်။ ဒါပေမယ့် ဈေးကတော့ သူတို့ခေါ်သလို ပေးရမယ်”
“အတွင်းဘက်နယ်မြေမှာ အခြား ဆိုင်တွေလည်း မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က ထန်းပေါင်နဲ့ နှိုင်းယှဉ်ဖို့ ဝေးကွာလွန်းတယ်။ အဲ့ဆိုင်တွေထဲက တချို့မှာ အတုအပတွေ ရှိတယ်။ ရတနာအချို့က ထန်းပေါင်စံအိမ်ထက် ဈေးပေါရင် ပေါလိမ့်မယ်။ ဒါပေမယ့် သတိတော့ ထားရတယ်”
စုလင်းရှုံက ဆက်လက် မိတ်ဆက်ပေးသည်။
“စီနီယာအစ်ကို.. အတွင်းဘက်နယ်မြေကို ပထမဆုံး သွားတဲ့အခါ အဲ့ဆိုင်တွေဆီကို မသွားသေးတာ အကောင်းဆုံးပဲ။ ထန်းပေါင်ကမှ နံပါတ်တစ် ရွေးချယ်မှုဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ထန်းပေါင်မှာ ဂုဏ်သတင်းကောင်း ရှိပြီး ဖောက်သည်တွေကို လိမ်လည်တာ၊ လုယက်တာမျိုးတွေ လုပ်မှာ မဟုတ်ဘူး”
ထို့နောက် စုလင်းရှုံ တွေးမိလိုက်သည်။ စီနီယာအစစ်ကိုကြီးတွင် မည်သည့် စိတ်ဝိညာဉ်ပုံဆောင်ခဲမှ မရှိပေ။ အတွင်းဘက်နယ်မြေသို့ ရောက်ရှိပါက လက်ဗလာချည်း ဖြစ်နေမှာပါ။
ထို့ကြောင့် ဒန်ဆေးလုံးအချို့ကို ယူဆောင်သွားပြီး ထန်းပေါင်၌ စိတ်ဝိညာဉ်ပုံဆောင်ခဲ အချို့နှင့် လဲလှယ်တာ ပိုကောင်းပေလိမ့်မည်။ သို့မဟုတ်.. စိတ်ဝိညာဉ် ဆေးပင်များနှင့် တစ်ခါတည်း လဲလှယ်လို့ရ၏။
ထိုအချိန်၌ လီရွှမ်က ပြောသည်။
“ဘယ်အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် အမှောင်ခြမ်းဆိုတာ ရှိတယ်။ သူတို့ရဲ့ ဂုဏ်သတင်းက ဘယ်လောက်ပဲ ကောင်းကောင်း.. အဲ့ဒါက သူတို့ရဲ့ လက်ညစ်ပက်ရလောက်အောင် မထိုက်တန်သေးတဲ့ ရတနာမျိုး မို့လို့ပဲ”
“တကယ်လို့ အတိတ်မှာ မကောင်းတဲ့ ဖြစ်ရပ်တွေ လုပ်ဆောင်ခဲ့ရင်တောင် လူကိုသတ်ပြီး နှုတ်ပိတ်လိုက်ရင် လက်စသေသပ်ရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ အဲ့ဒါဆို ဂုဏ်သတင်းကိုလည်း ထိခိုက်မှာ မဟုတ်ဘူး”
စုလင်းရှုံက သတိဝင်သွား၏။
‘ဆရာပြောတာ မှန်တယ်။ အတွင်းဘက်နယ်မြေမှာ ဒန်ဆေးလုံးတွေရဲ့ တန်ဖိုးက တိုင်းတာလို့မရနိုင်အောင် အဖိုးတန်မှာ။ စီနီယာအစ်ကိုကြီးသာ ယူသွားပြီးရောင်းရင် ထန်းပေါင်က လောကတက်လာရင်ရော’
ထိုကဲ့သို့ တွေးမိပြီးနောက် ဒန်ဆေးလုံးများကို စိတ်ဝိညာဉ်ပုံဆောင်ခဲနှင့် သွားရောက်လဲလှယ်ရန် အကြံပေးမည့် စိတ်ကူးကို ချက်ချင်းပင် လက်လျှော့လိုက်သည်။