← Chapters

တောင်မြိုဖား၊ သိုလှောင်အိတ်(၂)

Vol. 11 Ch. 161

တောင်မြိုဖား၊ သိုလှောင်အိတ်(၂)

Vol. 11 Ch. 161

"ဂျူနီယာညီမလေး.. သိုလှောင်အိတ်တွေကို ဘယ်လိုမျိုး ရနိုင်လဲ မသိဘူး.."

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် မေးသည်။

"စီနီယာအကို.. အခုအတွက်တော့ သိုလှောင်အိတ်တွေကို ထန်းပေါင်စံအိမ်ကပဲ ထုတ်ရောင်းနိုင်စွမ်းရှိပြီး စျေးကလည်း အရမ်းကိုကြီးတယ်။ ဘယ်လောက်တောင်ကြီးလဲဆိုရင် သာမန် စစ်ဘုရင်တစ်ယောက်တောင်မှ မတတ်နိုင်ဘူး.."

စုလင်းရှုံက သူမ၏ စီနီယာအကို နှစ်ယောက်တို့အား  အကူအညီမဲ့သည့် အသွင်ဖြင့် ကြည့်သည်။

"သိုလှောင်အိတ်တွေက ဖန်တီးဖို့ အရမ်းခက်ခဲပြီး အရမ်းလည်း ရှားပါးတယ်။ အဲ့ဒါတွေကို အတွင်းဘက်နယ်မြေမှာတောင် ရှားပါးတဲ့ စိတ်ဝိဉာဉ်ဖား- တောင်မြိုဖားနဲ့ ယွင်ဟွမ်ပိုးမျှင်ကို အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုပြီး လုပ်ရတာ.."

"တောင်မြိုဖားက လက်သီးတစ်လုံး အရွယ်အစားလောက်ပဲ ရှိတယ်။ ဒါပေမယ့် သူ့မှာ သေးငယ်ပေမယ့် တောင်တစ်ခုလုံးကို မြိုချနိုင်တဲ့ အထူးစွမ်းရည်တစ်ခု ရှိတယ်။ သိုလှောင်အိတ်တွေကို အဲ့ဒီ့တောင်မြိုဖားနဲ့ လုပ်ထားတာပဲ။ ပြီးတော့ သူတို့ကို လိုက်ဖမ်းဖို့ကလည်း လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ဘူး။ ရှာတွေ့ဖို့တောင် ခက်ခဲလွန်းတယ်..."

စုလင်းရှုံ၏ စကားအရ သိုလှောင်အိတ်များကို စိတ်ဝိဉာဉ်ဖား- တောင်မြိုဖားမှ ပြုလုပ်ထားခြင်း ဖြစ်သည်။

ဖား၏ အရွယ်အစားမှာ လက်သီးတစ်လုံးလောက်သာ ရှိပေမယ့် တောင်ငယ်တစ်ခုကို မြိုနိုင်စွမ်းရှိ၏။

နားထောင်ရတာ လွန်ကျူးလှပေမယ့် ဆယ်ပေကျော်လောက် မြင့်မားသည့် ကျောက်ဆောင်တစ်ခုကို မြိုခြင်းက ပြဿနာ မဟုတ်ပါ။

တောင်မြိုဖားများသည် ရှားပါးကြပြီး ရွှံ့နွံများအတွင်းတွင် နေထိုင်ကြရာ သူတို့ကို အမဲလိုက်ရန်မှာ ခက်ခဲလှသည်။ စစ်ဘုရင်တစ်ယောက်ပင်လျှင် သတိမထားပါက ဝါးမြိုခံရပြီး သေဆုံးမှုတို့ကို ကြုံရနိုင်လောက်၏။

တောင်မြိုဖားအပြင် ယွင်ဟွမ်ပိုးမျှင်မှာလည်း အလွန်အဖိုးတန်လှပါသည်။ ထိုပိုးမျှင်မှ ရက်လုပ်သည့် ပစ္စည်းများသည် အဆ၁၀၀လောက် စိတ်ကြိုက် ကျုံ့နိုင်ချဲ့နိုင်၏။

"ပြောကြတာက ထန်းပေါင်စံအိမ်မှာ တောင်မြိုဖားတွေကို ရှာဖွေပြီး ဖမ်းဆီးနိုင်တဲ့ နည်းလမ်းရှိတယ်တဲ့။ အခုအချိန်အထိလည်း ထန်းပေါင်စံအိမ်ပဲ အဲ့ဒါတွေကို ရောင်းတယ်။ ဒါပေမယ့် ဈေးနှုန်းက အရမ်းကို မြင့်မားတာ.."

စုလင်းရှုံ၏ မျက်နှာအပေါ်၌ တောင့်တသည့် အရိပ်တစ်ခု ပေါ်လာခဲ့၏။ သူမလည်းပဲ သိုလှောင်အိတ်တစ်ခုကို လိုချင်မိပါသည်။

ထိုအိတ်နှင့်သာဆိုပါက စိတ်ဝိဉာဉ်ဆေးပင်များနှင့်  ဆေးပေါင်းအိုးတို့ကို သယ်ဆောင်ရန် များစွာ ပိုမို  သင့်တော်လာမှာ ဖြစ်သည်။

"ပြောကြတာက ခုနစ်စင်ကြယ် အကယ်ဒမီကလည်း  သိုလှောင်အိတ်တွေကို ဖန်တီးနိုင်တယ်တဲ့။ ဒါပေမယ့် သူတို့မှာ တောင်မြိုဖားတွေကို ရှာဖွေနိုင်တဲ့ နည်းလမ်းလစ်ဟင်းနေတယ်။ တစ်ကောင်လောက်ကို ဖမ်းမိဖို့တောင် မလွယ်ကူဘူး။ ရှာတွေ့ဖို့က မဖြစ်နိုင်လု နီးပါးပဲ.."

၎င်းတို့သည် အလွန်ရှားပါးလှသဖြင့် လူနည်းစုသာလျှင် သိုလှောင်အိတ်များကို အသုံးပြုရန် တတ်နိုင်ပါသည်။

လီရွှမ်က တိတ်ဆိတ်စွာ ခေါင်းငြိမ့်သည်။ သိုလှောင်အိတ်တွင် အိတ်၏ အရွယ်အစားထက် များစွာ ပိုမို  ကြီးမားသည့် ပစ္စည်းများကို သယ်ဆောင်နိုင်စွမ်း ရှိ၏။

၎င်း၏ ရှားပါးမှုမှာ တောင်မြိုဖား၏ စွမ်းအင်အား လိုအပ်သောကြောင့် ဖြစ်သည်။ လက်နက်ကိရိယာ ထုလုပ်ခြင်း နည်းလမ်း လိုအပ်ချက်ကြောင့် မဟုတ်ပေ။

ဤသည်က လေဟာနယ် သိုလှောင်ကိရိယာများအား ဖန်တီးသည့် နည်းလမ်းမျိုး မဟုတ်ပါ။ နံပါတ်တစ် ဓားဂိုဏ်း၏ ပါရမီရှင် တစ်ယောက်ဖြစ်သည့် ရှဲ့လင်ဖုန်းတွင်ပင်လျှင် သိုလှောင်အိတ်တစ်ခု မရှိပေ။

ဤသည်က ထိုအိတ်များ၏ အဖိုးတန်မှုကို ပြသနေပါသည်။

"အတွင်းဘက်နယ်မြေမှာ... သိုလှောင်အိတ်တစ်ခုနဲ့ လူတစ်ယောက်ကိုသာ ကြုံတွေ့ခဲ့ရင် သူတို့ရဲ့ နောက်ခံ ဘယ်လောက် အံ့သြဖို့ကောင်းမယ်ဆိုတာ သံသယဝင်စရာ မရှိဘူး။ အဲ့ဒါကြောင့် သူတို့နဲ့ ပြဿနာဖြစ်ပွားမှာကို အကောင်းဆုံး ကြိုးစားပြီးတော့ ရှောင်ရှားသင့်တယ်.."

စုလင်းရှုံက လေးနက်စွာ အကြံပေးသည်။

"စိတ်မပူပါနဲ့ ဂျူနီယာညီမလေး.. ငါနားလည်ပါတယ်.." ရွှီယန်က ခေါင်းငြိမ့်သည်။

သို့ပေမယ့် သူသည် သိုလှောင်အိတ်တစ်ခုအား မည်ကဲ့သို့ ရရှိနိုင်ရန်အတွက် စဉ်းစားနေပါသည်။ မုန့်ချုံတွင်လည်း တူညီသည့် အတွေးတို့ ရှိနေ၏။

"ဂျူနီယာညီမလေး... နင်လိုအပ်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို စာရင်းလုပ်လိုက်။ ငါအကောင်းဆုံး ကြိုးစားပြီး ရှာခဲ့ပေးမယ်.."

ရွှီယန်က လေးနက်စွာ ပြောသည်။

"အဲ့ဒါဆိုရင် ခဏစောင့် စီနီယာအကို... ညီမလိုအပ်တဲ့ ဆေးပင်တွေကို စာရင်းလုပ်ပေးမယ်.."

စုလင်းရှုံက ဝမ်းသာစွာဖြင့် ခေါင်းငြိမ့်သည်။ သူမ၏ အခန်းဆီသို့ ပြန်ကာ စုတ်တံကိုယူပြီး စတင်ရေး၏။

သူမ၏ ဒန်ဆေး လျှို့ဝှက်ကျမ်း အတွင်းတွင် များပြားလှသည့် ဒန်ဆေးသန့်စင်ခြင်း ဖော်မြူလာ များစွာတို့ကို ဒီရက်အတွင်း၌ ဖန်တီးခဲ့၏။ အားလုံးတို့အတွက် စိတ်ဝိဉာဉ်ဆေးပင်နှင့် စမ်းသပ်ရန် လိုအပ်ပါသည်။ စိတ်ဝိဉာဉ်ဆေးပင်များ၏  အမျိုးအစားက ခြားနားကာ မတူညီသည့် ဂုဏ်သတ္တိများ ရှိ၏။ အချို့တွင် အဆိပ်ဓာတ်များပင် ပါဝင်သည်။

"စီနီယာအကို... ဒါက စိတ်ဝိဉာဉ်ဆေးပင်တွေ စာရင်းပါ.."

စုလင်းရှုံက ပြည့်စုံသည့် စာရင်းတစ်ခုအား ရွှီယန်ကို ပေးသည်။

ရွှီယန်က ယူကာ ကြည့်လိုက်ပြီးနောက် စာရင်းထဲရှိ ဆေးပင်အားလုံးတို့ကို မှတ်သားထားလိုက်သည်။ ထို့နောက် မုန့်ချုံကို ပေးပြီး ပြော၏။

"အခုငါ အတွင်းဘက်နယ်မြေကို သွားတော့မယ်။ ဂျူနီယာညီမလေး ငါစိတ်ဝိဉာဉ်ဆေးပင်တွေနဲ့  ပြန်လာတာကို နင်စောင့်နေ.."

သူက အချိန်ဆွဲမနေတော့ပါ။

"စီနီယာအကို... ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး။ ညီမ အကိုယူသွားဖို့ ဒဏ်ရာကုသခြင်း ဆေးလုံးအချို့ကို ထည့်ပေးလိုက်မယ်.."

စုလင်းရှုံက အမြန်ပြောသည်။

"ဒဏ်ရာကုသခြင်း ဆေးလား.."

ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။ ဒန်ဆေးလုံးများသည် ငွေကြေးမြောက်များစွာ တန်လောက်ပါသည်။

"စီနီယာအကို... အတွင်းဘက်နယ်မြေမှာ ဘာဒန်ဆေးလုံးမှ မရှိဘူး။ ဆရာပြောခဲ့သလိုပဲ အဲ့ဒါရဲ့တန်ဖိုးက အရမ်းကို မြင့်မားတယ်။ ထန်းပေါင်စံအိမ်တောင်မှ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိလာနိုင်တယ်.."

စုလင်းရှုံက လေးနက်စွာ ပြောသည်။

"ငါနားလည်ပါတယ်... ဒီဆေးလုံးတွေကို ရောင်းလို့မရဘူး.."

ရွှီယန်က လေးနက်စွာ ခေါင်းငြိမ့်သည်။

ထန်းပေါင်စံအိမ်သည် အလွန် စွမ်းအားကြီးလှ၏။ အတွင်းဘက်နယ်မြေသို့ ရောက်လျှင်ရောက်ချင်း ဒန်ဆေးလုံးကြောင့် ထိုလူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရလိုခြင်း မရှိပါ။

'ငါသာ ထုံးရွှမ်အဆင့်ကို ချိုးဖြတ်ပြီးရင်တော့ အများကြီးစိုးရိမ်စရာ မလိုတော့ဘူး။ လက်ဝါးတစ်ချက်နဲ့ စစ်ဘုရင်တစ်ယောက်ကို ပေါက်ကွဲထွက်အောင် လုပ်လို့ရတယ်။ အဲ့ဒီအခါ ဘယ်ကောင်ငါ့ကို မကောင်းကြံရဲမလဲ ကြည့်တာပေါ့..'

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစား၏။

"စီနီယာအကို.. ညီမအကို့အတွက် ပြင်ဆင်ထားတဲ့ ဆေးလုံးတွေက  ဒဏ်ရာကုသဖို့နဲ့ အဆိပ်ဖြေဖို့ပဲ။ ဒါပေမယ့် ဆေးဖော်စပ်ဖို့ ကုန်ကြမ်းက ရေစိတ်ဝိဉာဉ်မြက်ပဲ ရှိတယ်။ ဒ့ါကြောင့် အာနိသင်က နည်းနည်းတော့ သိပ်မကောင်းဘူး.."

"ဒါပေမယ့် အတွင်းဘက်နယ်မြေက ဒဏ်ရာကုသခြင်း ဆေးအများစုထက် ပိုကောင်းတယ်။ အခြား ဘယ်သူ့ကိုမှသာ မပြောရင် အဲ့ဒါတွေကို အတွင်းဘက်နယ်မြေက ဆေးလုံးတွေနဲ့ အတူတူဘဲလို့ပဲ ထင်ကြမှာ။ ဒန်ဆေးလုံးပေါ်သွားမှာကို စိုးရိမ်စရာ သိပ်မလိုဘူး.."

စုလင်းရှုံက ဆေးလုံးများ၏ အခြေအနေကို ပြောပြ၏။

"ဂျူနီယာညီမလေး...ငါနားလည်ပြီ.."

ရွှီယန်က ခေါင်းငြိမ့်သည်။

ဒန်ဆေးလုံး နှစ်ပုလင်းတို့အား ရရှိပြီးနောက် ရွှီယန်က တစ်ခုကို သိမ်းထားကာ အခြားတစ်ခုအား မုန့်ချုံကို ပေးပြီးနောက် ပြောသည်။

"ဂျူနီယာညီလေး... မင်းလည်း အတွင်းဘက်နယ်မြေကို လာမှာမလား။ ရေစိတ်ဝိဉာဉ်မြက်တွေက အများကြီးမကျန်ဘူး။ ညီမလေးလည်း သူ့ဘာသာ လေ့ကျင့်ဖို့ လိုသေးတယ်။ အဲ့ဒါကြောင့် ဒဏ်ရာကုသခြင်း ဆေးတွေကို သန့်စင်တာက သူမအတွက် အဓိပ္ပါယ်မရှိ ဖြစ်နေမှာ။ ငါ့အတွက်က တစ်ပုလင်းဆိုရင် လုံလောက်တယ်.."

မုန့်ချုံက ဆေးလုံးများကို ယူကာ ပြောသည်။

"အကိုကြီးပြောတာ မှန်တယ်။ ကျွန်တော်တို့တွေ ရေစိတ်ဝိဉာဉ်မြက်ကို ညီမလေးရဲ့ ထာဝရစိမ်းလန်းခြင်း အရိုးသန့်စင်မှုအတွက် အသုံးပြုဖို့ ချန်ထားသင့်တယ်.."

စုလင်းရှုံ၏ မျက်လုံးများက နီရဲလာ၏။ သူမသည် အန္တရာယ်မှ ထွက်ပြေးလာစဉ် ကတည်းက ယခုကဲ့သို့ နွေးထွေးမှုနှင့် အကာအကွယ်ပေးခံရမှုမျိုးကို ခံစားရခြင်း မရှိခဲ့ပါ။

"ကျေးဇူးတင်ပါတယ် အကိုတို့.."

ရွှီယန်က ဆရာ၏ရှေ့တွင် ဒူးထောက်ကာ ပြောသည်။

"ဆရာ.. ကျွန်တော် အတွင်းဘက်နယ်မြေကို သွားပါတော့မယ်... ဘာညွှန်ကြားချက်တွေ ရှိလဲမသိဘူး.."

သူ၏ အကြီးဆုံးတပည့် ဖြစ်သူကို ကြည့်ကာ လီရွှမ်မှာ ခံစားချက်တို့ဖြင့် ပြည့်နက်နေပါသည်။ တောင်ငယ်ရွာလေး၌ ရွှီယန်၏ သူ၏တပည့် ဖြစ်လာပုံနှင့် ကြိုးကြိုးစားစား စတင်ကျင့်ကြံပုံတို့ မြင်ကွင်းများက စိတ်ထဲတွင် ပြန်ပေါ်လာခဲ့၏။

တပည့်သုံးယောက် အတွင်းတွင် သူသည် ရွှီယန်ကို ဂရုအစိုက်ဆုံး ဖြစ်ပြီး အမြင့်မားဆုံးသော မျှော်လင့်ချက်လည်း ရှိပါသည်။

သိုင်းပညာ၏ စူးစမ်းလေ့လာရေး ခရီးစဉ်သည် သူ၏ အကြီးဆုံးတပည့် အပေါ်တွင် လုံးဝ မှီခိုနေ၏။ ယခုအချိန်၌ ရွှီယန်က အတွင်းဘက်နယ်မြေသို့ စွန့်စားသွားလာတော့မည် ဖြစ်သည်။

"ငါ့တပည့်... အမြဲတမ်း မှတ်ထားပါ။ မောက်မာမှုနဲ့ အထင်သေးမှုက အရူးတွေ လုပ်ဆောင်တဲ့ အရာပဲ။ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက်က ကြိုးကြိုးစားစားနဲ့ သင်ယူဖို့ စိတ်အားထက်သန်နေရမယ်။ အတွင်းဘက်နယ်မြေကို သွားပြီးရင် ရနိုင်သမျှ သင်ယူပြီး စူးစမ်းလေ့လာပြီး အတွေးအမြင်တွေကို ရှာဖွေခဲ့။ သူတို့ရဲ့ သိုင်းပညာကိုလည်း အတုအယောင်သိုင်းပညာ လမ်းစဉ်ဆိုပြီးတော့ ပျက်ရယ်မပြုနဲ့။ ဘာမှ အကျိုးဖြစ်ထွန်း မလာနိုင်ဘူးလို့ မတွေးနဲ့.."

"အဲ့လိုစိတ်ဓာတ်မျိုးက ရှိမလာသင့်တဲ့ အရာပဲ။ လေ့လာသင်ယူဖို့ စိတ်အားထက်သန်နေပါ။ အနှစ်သာရကို ရှာဖွေပါ။ ပြီးရင် အားလုံးကို ပေါင်းစပ်ပြီး မင်းရဲ့ကိုယ်ပိုင် လမ်းကြောင်းကို တည်ဆောက်ပါ.."

"နောက်ဆုံးအနေနဲ့ ပြောချင်တာက.. လုံခြုံရေးက နံပါတ်တစ်ပဲ။ ရန်သူကိုတွေ့ရင် အနိုင်ရနိုင်ရင် တိုက်ခိုက်။ အနိုင်မရနိုင်ရင် ထွက်သာပြေး ရှက်စရာမလိုဘူး။ ရှုံးနိမ့်တဲ့ တိုက်ပွဲကို ဆက်ပြီးတော့  တိုက်ခိုက်တာ အရူးတွေပဲရှိတယ်.."

"သန်မာတဲ့ ရန်သူတွေ အများကြီးရဲ့ ဝန်းရံတာကို ခံရရင် ဘယ်လို မဟာဗျူဟာမြောက် ခြေလှမ်းဆုတ် မှုတွေကို လုပ်ရမလဲဆိုတာကို နားလည်ပါ..."

လီရွှမ်က စကားများစွာတို့ကို ဆက်တိုက်ပြောခဲ့၏။

"မုန့်ချုံ.. မင်းလည်း အဲ့ဒါတွေအားလုံးကို စိတ်ထဲမှာမှတ်ထား.."

ထို့နောက် သူက မုန့်ချုံကို လှည့်ကြည့်ကာ ပြောသည်။

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက လေးစားစွာ ပြန်ကြား၏။

"ဆရာ.. ကျွန်တော် သင်ကြားမှုအားလုံးကို မှတ်သားထားပါတယ်.."

ရွှီယန်က လေးစားစွာဖြင့် မြေပြင်နှင့် ဦးသုံးကြိမ်တိုက်သည်။ မတ်တတ်ရပ်ပြီးနောက် မုန့်ချုံ၏ ပုခုံးကိုပုတ်ကာ ပြော၏။

"ဂျူနီယာညီလေး ငါမင်းကို အတွင်းဘက်နယ်မြေမှာ စောင့်နေမယ်.."

"ကောင်းပါပြီ.."

မုန့်ချုံက အားမာန်အပြည့်ဖြင့် သဘောတူစွာ ခေါင်းငြိမ့်သည်။

ရွှီယန်က ပတ်ဝန်းကျင်ကို ကြည့်ရှု့ပြီးနောက် သူ၏ အကြည့်က ရှီအာ၏ဘေးတွင် လဲလျောင်းနေသည့် ကြောင်နီပေါ်သို့ ကျရောက်သွားသည်။

စိတ်ထဲတွင် သက်ပြင်းချမိ၏။ ဒီကြောင်နီသည် သူသတ်ဖြတ်ခဲ့သည့် တစ်ကောင်နှင့် နှိုင်းယှဉ်ပါက များစွာပိုမို ထည်ဝါလှ၏။

"နတ်ဆိုးတောထဲက မျက်လုံးနီကျားနဲ့ မီးတောက်လည်ဆံမွှေး ဝံပုလွေတို့ကို တကယ်ပဲ ဆရာက စီစဉ်ပေးခဲ့တာပဲ.."

ရွှီယန်က ခံစားသွားရသည်။ တပည့်တစ်ယောက် ဖြစ်လာပြီးနောက် ဆရာဖြစ်သူက သူ၏ ကျင့်ကြံမှု ခရီးတွင် အမြဲတမ်း လမ်းဖွင့်ပေးနေခဲ့၏။

.....

နောက်ဆုံးတွင် လေထဲသို့ မြောက်တတ်သွားကာ အဝေးသို့ ပျံသန်းပျောက်ကွယ်သွား၏။ အတွင်းဘက်နယ်မြေသို့ ဦးတည်ခဲ့လေသည်။

မုန့်ချုံ၊ စုလင်းရှုံနှင့် အခြားလူများက ရွှီယန်၏ အဝေးသို့ ရောက်ရှိသွားသည့် ပုံရိပ်ကို အချိန်အတော်ကြာအောင် ကြည့်ရှု့နေကြ၏။

"ဆရာ.. ကျွန်တော်သွားပြီးတော့ ကျင့်ကြံတော့မယ်.."

မုန့်ချုံက ပြော၏။ သူ၏အကြည့်က ခိုင်မာလှပါသည်။

တောင်စောင်းပေါ်သို့ သွားကာ ကြီးမြတ်သောနေ ရွှေခန္ဓာအား ဆက်လက် လေ့ကျင့်၏။ အမြန်ဆုံး အဆင့်ချိုးဖြတ်နိုင်ရန် ကြိုးစားသည်။

စုလင်းရှုံလည်း ကျင့်ကြံခြင်းကို အားစိုက်ကာ ပိုမိုလုပ်ဆောင်သည်။ သူမလည်း အတွင်းဘက်နယ်မြေသို့ပြန်ရန် စိတ်မရှည် ဖြစ်နေပါပြီ။ ထို့ကြောင့် စတင်ခြင်းအဆင့်သို့ အမြန်ဝင်ရောက်လို၏။

'ငါထာဝရစိမ်းလန်းခြင်း အရိုးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ရမယ်..'

သူမရဲ့အကြည့်က ခိုင်မာ ပြတ်သားသည်။

လီရွှမ်က အသက်ကို နက်ရှိုင်းစွာရှူပြီး အဆုံးမဲ့တောင်များဘက်သို့ လှမ်းမျှော်ကြည့်၏။ သူ၏ အကြီးဆုံးတပည့်က အတွင်းဘက်နယ်မြေသို့ စွန့်စားသွားလာရန် သွားခဲ့လေပြီ။ ဘယ်အချိန်မှ ပြန်လာမည်လဲ မသိပေ။

'စုလင်းရှုံ မူလအဆင့်ကို ချိုးဖြတ်ပြီးတဲ့အချိန်လောက် ဖြစ်မလား... အဲ့ဒီ့လောက်ဆိုရင် စွန့်ပစ်ဒေသမှာလည်း သိုင်းပညာလမ်းစဉ်ကို ပို့ချပြီး နေလောက်ပြီ..'

လီရွှမ်က စိတ်ထဲတွင် တိတ်တဆိတ် စဉ်းစားသည်။ သူက ကြောင်နီဆီသို့ လျှောက်သွားလိုက်ပြီး ဦးခေါင်းကို သပ်ရင်းက ရေရွတ်၏။

"မင်းက တော်တော်လေး ဝလာတာပဲ။ မင်းရဲ့ခန္ဓာကိုယ်က နေရာတော်တော်ယူလာတယ်။ ငါမင်းကို ချက်ရင်ကောင်းမလား.."

မျက်လုံးနီကျား၌ အကြောက်တရားတို့ဖြင့် ပြည့်နက်သွား၏။ ဦးခေါင်းကိုငုံ့ပြီး ခြေထောက်ကိုပွတ်ကာ နိမ့်ပါးသည့် တောင်းပန်မှုတစ်ခုကို ပြသနေ၏။

လီရွှမ်က ပြုံးသည်။

"မင်းကိုကြည့်ရတာ အသိဉာဏ်အချို့ ရှိတဲ့ပုံပဲ။ .. အဲ့ဒါဆိုရင် ငါမင်းကို မဟာ နတ်ဆိုးသားရဲအတတ်ကို သင်ပေးမယ်။ နားလည်မှုရနိုင်မလား ဆိုတာကတော့ မင်းအပေါ်ကိုပဲ မူတည်လိမ့်မယ်.."

"ဒီအတောအတွင်းမှာ ကျရှုံးခဲ့တဲ့ ဆေးလုံးတွေအများကြီးကို စားခဲ့တော့ ချီစွမ်းအားကို ဘယ်လို အသုံးပြုပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်မလဲဆိုတာကို မင်းသိလောက်တယ်။ ဒါပေမယ့် မင်းရဲ့ ခန္ဓာကိုယ်မှာလည်း ကိုယ်ပိုင်ရတနာတွေ ရှိတယ်။ အဲ့ဒါကို နားလည်သဘောပေါက်ရင် မင်းရဲ့ စွမ်းဆောင်ရည် အတွင်းမှာ အရွယ်အစားကြီးတာ သေးတာကို စိတ်ကြိုက် ပြုလုပ်လို့ရတယ်..."

လီရွှမ်က ပြောရင်းနှင့် ကြောင်နီ၏ နေရာများစွာတို့ကို ထောက်ပြ၏။ သူ၏စိတ်ထဲတွင် ပြီးခဲ့သည့်ဘဝက တွေ့မြင်ဖူးသည့် သားရဲများ၏ သွေးကြောအမှတ်များက ပေါ်လာနေပါသည်။

မှတ်မိသည်အားလုံးတို့ကို ကြောင်နီ၏ ခန္ဓာကိုယ်၌  ထောက်ပြ၏။

"ငါမင်းအတွက် ဒါတွေကိုပဲ ညွှန်ပြလိုက်မယ်။ ကျန်တာတွေကိုတော့ မင်းဘာသာ လေ့လာစူးစမ်းပြီးတော့ ရှာဖွေပေါ့။ အဲ့ဒီ့သွေးကြောအမှတ်တွေကို ဖွင့်လှစ်ပြီး နတ်ဆိုးသားရဲစွမ်းအားတွေနဲ့ ပြောင်းလဲမှုကို ကျင့်ကြံနိုင်ရင် မင်းအတွက် ကံကောင်းမှုတစ်ခု ဖြစ်လိမ့်မယ်.."

ကြောင်နီအနေနှင့် နားလည်လိုက်မည်လား ဟူသည်ကတော့ လီရွှမ်အနေနှင့် အများကြီး ဂရုစိုက်ခြင်း မရှိပါ။

အားလုံးတို့သည် ကိုယ်ပိုင်ကံတရား အပေါ်တွင် မူတည်၏။ သူက ကြောင်နီတွင် အသိဉာဏ်အချို့ ရှိပုံအား ခံစားရသောကြောင့် စမ်းကြည့်လိုက်ခြင်းသာ ရှိသည်။

All Chapters