ချန်းမိသားစု၏ အခက်အခဲ
Vol. 5 Ch. 443
"ချန်းဖန် ပြန်လာပြီ ဆိုတော့ ... ချန်းမိသားစုလည်း ပြန်လာနိုင်တော့မှာပေါ့ ..."
အဘိုးအိုက တိတ်ဆိတ်စွာ ရပ်ရင်း ချန်းမိသားစု ခြံဝန်းအတွင်း ဝင်ရောက် ပျောက်ကွယ်သွားသည့် ချန်းဖန်အား ငေးကြည့်မိသည်။ သူကား ချန်းဟွိုက်အန်း၏ မိတ်ဆွေ တစ်ယောက် ဖြစ်သည့် အဘိုးအိုစွင်း ဖြစ်သည်။
အဘိုးအိုစွင်းနှင့် ချန်းဟွိုက်အန်းတို့မှာ တစ်နှစ်တည်းတွင်ပင် အငြိမ်းစား ယူခဲ့ကြသူများ ဖြစ်ကြပြီး စစ်တုရင် ဝါသနာအိုးများလည်း ဖြစ်ကြသည်။ အဘိုးအိုစွင်းမှာ ချန်းဟွိုက်အန်းထံမှ ချန်းဖန် အကြောင်းကို အကြိမ်များစွာ ကြားခဲ့ဖူးသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က ချန်းဖန်၏ သေဆုံးမှု သတင်းအား အဘိုးအိုစွင်း ကြားခဲ့ရသည်။ ထိုသတင်းကို မည်သည့် နေရာတွင် ကြားခဲ့ရကြောင်း မမှတ်မိသည့်တိုင် ရုရှားများ၏ လက်ချက်ကြောင့် ဖြစ်ကြောင်းအား မှတ်မိနေသေးသည်။
"ဒုက္ခပါပဲကွာ ... ဒီကောင်လေးက ဘာလို့ ရုရှားတွေကို ဆန့်ကျင်ရတာလဲ ... အမေရိကန်တောင် သူ့နေရာမှာဆို နှစ်ခါလောက်ပြန် စဉ်းစားမှာ ..."
ချန်းဖန်၏ သေဆုံးသွားကြောင်း ပထမဆုံး အကြိမ် ကြားခဲ့ရစဉ်က သူ ထိုသို့ ရေရွတ်မိခဲ့သည်။
ထိုသတင်း တရုတ်တွင် စတင် ပျံ့နှံ့ချိန်၌ မည်သူမျှ မယုံကြည်ခဲ့ကြချေ။ သို့သော်လည်း ချန်းဖန်၏ အချိန်ရှည်ကြာ ပျောက်ကွယ်နေမှုနှင့် ချန်းမိသားစု၏ တိတ်ဆိတ်နေခြင်းတို့က ကောလာဟလများကို အတည်ပြု ပေးခဲ့သည်။
ထို့အပြင် ချန်းဟွိုက်အန်း၏ သုန်မှုန်နေသော အပြုအမူကြောင့်လည်း ချန်းဖန် သေဆုံးသွားခြင်းမှာ အမှန်ဖြစ်သည်ဟု အဘိုးအိုစွင်း မှတ်ချက်ချခဲ့သည်။
ထိုသတင်းထွက်ပေါ်၍ နှစ်ဝက်ခန့် ကြာသည့် အချိန်၌ ချန်းမိသားစုမှာ အခက်အခဲများ စတင် ကြုံတွေ့ လာရတော့သည်။
ချန်းဖန် ပျောက်ကွယ်မသွားခင် နှစ်ဝက်ခန့် အချိန် အတွင်း၌ ချန်းမိသားစု၏ ဩဇာအာဏာက အမြင့်ဆုံး အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ ချန်းဖန်၏ လက်အောက်၌ ရှန်းမိသားစု၏ ပြိုကွဲခဲ့ရသလို စုမိသားစု၊ ကျိမိသားစု၊ ဟွာမိသားစု၊ ကျို့မိသားစုနှင့် ရမ်မိသားများ ဒူးထောက်ခဲ့ရသည်။ စွန်းမိသားစု ဆိုလျှင် ကျင်းမြို့တော်မှပင် ရွှေ့ပြောင်းပေးခဲ့ရသည်။
သို့သော်လည်း ချန်းဖန် သေဆုံးကြောင်း သတင်း ထွက်ပေါ်လာသည်နှင့် မိသားစုများစွာမှာ ပြန်လည် လှုပ်ရှားလာကြတော့သည်။
ပထမဆုံး စတင် လှုပ်ရှားခဲ့သူကား သခင်လေး စွန်းတန့်မင် ဖြစ်သည်။ သူက ချန်းဖန်၏ စည်းမျဉ်းများကို ဖောက်ဖျက်ကာ ကျင်းမြို့တော်သို့ ပြန်လာခဲ့သည်။
သိပ်မကြာခင်မှာပင် စွန်းမိသားစု တစ်ခုလုံး ကျင်းမြို့တော်သို့ ပြန်လည် ပြောင်းလာခဲ့သည်။ ဟန်မိသားစုကလည်း ဒုတိယ သခင်လေး အပေါ် တားမြစ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။
ထိုလှုပ်ရှားမှုများက ချန်းမိသားစု ဩဇာအာဏာ လျော့ကျလာသည်ကို ပိုမို ထင်ရှားလာစေခဲ့သည်။
ဤသို့ဖြင့် များစွာသော လူများမှာ တစ်စတစ်စ ချန်းမိသားစုကို စတင် စိန်ခေါ် လာကြတော့သည်။
ကျင်းလင်မြို့ အတွင်းရှိ မိသားစုများ၊ ကလန်များစွာမှာ ချန်းမိသားစုအား လွယ်ကူသော ပစ်မှတ်အဖြစ် သဘောထားကာ လှုပ်ရှားလာခဲ့သည်။ ချန်းဖန်၏ ကာကွယ်မှု မရှိသည့် နောက်၌ ချန်းမိသားစုမှာ အဆိပ် မရှိသော မြွေတစ်ကောင်နှယ်ပင်။
အဘိုးအို ချန်းဟွိုက်အန်းမှာလည်း စိတ်ဓာတ် ကျမှုများကြောင့် မိသားစု အရေးကိစ္စများအား အာရုံ မစိုက်နိုင်တော့ချေ။ ဤသို့ဖြင့် ချန်းမိသားစုမှာ အဘက်ဘက်မှ ယိုယွင်း လာခဲ့တော့သည်။
အဘိုးအိုစွင်းမှာ မိတ်ဆွေကြီး ချန်းဟွိုက်အန်းအား ကူညီချင်သည့်တိုင် လူအများ၏ ပစ်မှတ်ဖြစ်လာမည် စိုးရိမ်သဖြင့် မကူညီရဲခဲ့ပေ။ အကယ်၍ သူသာ မျက်လုံးမှိတ်၍ ကူညီခဲ့လျှင် စွင်းမျိုးဆက်များ၏ အသက်များမှာ အာမခံချက် ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း ယခုတွင်မူ တစ်နှစ်ကျော် ပျောက်ဆုံးနေခဲ့သော ချန်းမိသားစု၏ ဆရာချန်းကား ပြန်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ပြန်လည် ပေါ်ထွက်လာမှုနှင့် အတူ ချန်းမိသားစု၏ ကံကြမ္မာသည်လည်း ကျိန်းသေပြောင်းလဲ ပေတော့မည်။
ထိုအချိန်၌ ချန်းဖန်သည် ချန်းမိသားစု စံအိမ်၏ အဝသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်က လက်ကို မြှောက်၍ တံခါးခေါက်ရန် ဟန်ပြင်၏။ သို့သော်လည်း အတွင်းပိုင်းမှ ထွက်ပေါ်နေသော ငြင်းခုန်သံများကြောင့် လက်ကို ပြန်ချလိုက်ရင်း နားစွင့်လိုက်၏။
"အဖေ ... ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေ အားလုံးက ချန်းဖန်နဲ့ သူမိသားစု ကြောင့်ပဲ ..."
"ချန်းဖန် မသေခင်တုန်းက စွန်းမိသားစု၊ ဟွာမိသားစု၊ ရမ်မိသားစုနဲ့ ဟန်မိသားစုတို့ကို ဆန့်ကျင်ခဲ့တယ် ... ဟန်မိသားစုက လက်တုံ့ပြန်မယ့် ပုံစံ မရှိပေမဲ့ စွန်းမိသားစုကတော့ ငြိမ်နေမှာ မဟုတ်ဘူး ... ချန်းဖန်က သူတို့ကို ကျင်းလင်မြို့ကနေ ကန်ထုတ်ခဲ့တာဆိုတော့ ... သူတို့ဘက်က လွယ်လွယ် ခွင့်လွှတ်မယ် မထင်ဘူး ..."
"အခု ကျွန်တော်တို့ ဘာလုပ်မလဲ ... သူက သေပြီ ... အစ်ကိုကြီး ဆိုရင်လည်း ဗိုလ်မှူးရာထူး တိုးမြှင့် ခံရဖို့ ကတိပေးခံခဲ့ပြီးခါမှ ဟွာမိသားစုရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတယ် ... အဆိုးဆုံးက ရာထူးတောင် အလျှော့ခံလိုက်ရတာပဲ ... သူ့ရဲ့ အနာဂတ်က ပျက်စီးသွားပြီ ... ချင်ဟွာကလည်း ကျွန်တော်တို့နဲ့ ချုပ်ထားတဲ့ စာချုပ်ကို ဖောက်ဖျက်လိုက်ပြီ ... အခု ချန်းလုပ်ငန်းစုက ချောက်ကမ်းပါးထိပ်မှာ ရောက်နေပြီ ... ကျွန်တော်တို့ ဘာလုပ်နိုင်ဦးမှာလဲ ... ချန်းလုပ်ငန်းစုသာ ဒေဝါလီခံလိုက်ရရင် ကျွန်တော်တို့ လမ်းဘေးမှာပဲ နေရတော့မှာလား ..."
ချန်းဖန်၏ ဒုတိယ ဦးလေး ချန်းချမ့်ရှင်းက အဘိုးအို ချန်းဟွိုက်အန်းအား ဒေါသတကြီး ပြောလိုက်သည်။ ချန်းချမ့်ရှင်း၏ ဘေးတွင် ထိုင်နေသည့် အဒေါ်အကြီးဆုံး၊ ဒုတိယ အဒေါ်၊ စတုတ္ထ ဦးလေး အားလုံးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ချန်းဟွိုက်အန်းကမူ မည်သို့မျှ ပြန်မပြောပဲ စားပွဲကိုသာ စိုက်ကြည့်ရင်း မှိုင်တွေနေခဲ့သည်။
"ဒုတိယ ဦလေး ... အဲ့စကားကို ဘယ်လို ပြောထွက်ရတာလဲ ... ရှောင်ဖန်က တစ်မိသားစုလုံး အတွက် လုပ်ခဲ့တာ ..."
ချန်းနဉ်က ချန်းချမ့်ရှင်းအား ပြန်လည် ချေပသည်။
"ဪ... အေးအေး ... ငါတို့ အတွက်လား ... အဲဒါဆို ဝမ်ရှောက်ယွင်က ဘာကြောင့် ချန်းလုပ်ငန်းစု ခေါင်းဆောင် ဖြစ်ရတာလဲ ... သူက ငါ့ထက် သာတယ် ထင်နေကြတာလား ... ခု ကြည့်စမ်း ... ဝမ်ရှောက်ယွင်နဲ့ ကျင်းရှို့လုပ်ငန်းစု ဘာဖြစ်နေလဲ ဆိုတာ ... ကျိမိသားစုနဲ့ တန်မိသားစုရဲ့ ဖိနှိပ်မှု အောက်မှာ သူ တတ်နိုင်တာ ရှိသေးလား ..."
ချန်းချမ့်ရှင်းက နှာခေါင်းရှုံ့ရင်း ချန်းနဉ်အား ပြောလိုက်သည်။
"တော်လောက်ပြီ ... မင်းတို့ ပါးစပ်တွေကို ပိတ်ထားကြစမ်း ..."
ချန်းဟွိုက်အန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အဖေ ... တိတ်ဆိတ်နေလို့ မရတော့ဘူးဗျ ... အခု ချန်းမိသားစုက သေရေး ရှင်ရေး အခြေအနေကို ရောက်နေပြီ ... အဲဒီ ခွေးကောင် အသက်ရှင် နေသေးတယ်လို့ အဖေ မျှော်လင့်နေသေးတာလား ... ရုရှားတွေက အဲဒီ ခွေးကောင် မပြောနဲ့ ... မြေပုံပေါ်က နေရာတစ်ခုကိုတောင် ဖျောက်ပစ်နိုင်စွမ်း ရှိတယ် ..."
ချန်းချမ့်ရှင်းကား နှစ်နှင့်ချီ၍ မျိုသိပ်ထားခဲ့ရသော ဒေါသများ၊ နာကျင်မှုများကို အန်ထုတ်နေခဲ့ပြီ ဖြစ်သည်။
"ကိုကို ချန်းဖန်က မသေပါပြီ ... သူက လူစွမ်းကောင်းကြီးပဲ ဟာကို ... ဘယ်တော့မှ မသေဘူး ..."
ချန်းကူးကူးလေးက ငိုယိုရင်း အော်ဟစ်လိုက်သည်။
"ဟီးဟီး ..."
ချန်းချမ့်ရှင်းက ပြုံးရုံသာ ပြုံးလိုက်သည်။ ထိုကလေး၏ ပေါက်ကွဲမှုအား တုံ့ပြန်ရန် သူ့တွင် ဆန္ဒ မရှိချေ။
ချန်းကူးကူးလေး၏ မိဘများကမူ သူမအား နှစ်သိမ့်သည့် သဘောဖြင့် ပွေ့ဖက်ထားလိုက်သည်။ ခဏ အတွင်းမှာပင် သူတို့၏ လက်မောင်းများ၌ မျက်ရည်များ စိုရွှဲလာခဲ့တော့သည်။
"ဟင်း ..."
ချန်းဟွိုက်အန်းမှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း သက်ပြင်း အကြိမ်ကြိမ် ချနေမိတော့သည်။ ထို့နောက် သူက ငြိမ်ကျနေသော သားအကြီးဆုံး ချန်းကျန်းရှင်းကို လှမ်းကြည့်လိုက်မိသည်။
ချန်းကျန်းရှင်းမှာ မိသားစု၏ အဓိက ကျောရိုး ဖြစ်ခဲ့သော်လည်း ရာထူးချ ခံရမှုက သူ့အား ထိခိုက်စေခဲ့သည်။ ထိုအချိန်မှ စ၍ မိသားစု အစည်းအဝေးပွဲများတွင် ဝင်ရောက် ဆွေးနွေးခဲ့ခြင်းမျိုး မရှိတော့ချေ။ ထို့အစား ငေးငိုင်ရင်း စီးကရက်ကိုသာ သောက်နေတတ်တော့၏။
"ဘာလို့ ဝေ့မိသားစုကို အကူအညီ မတောင်းတာလဲ ... ရှောင်ဖန်က ဝေ့မိသားစုနဲ့ အရမ်း ရင်းနှီးတယ် မလား ... ဝေ့မိသားစုသာ ကျုပ်တို့ဘက်မှာရှိရင် စွန်းမိသားစု အနေနဲ့ ရှေ့ဆက်တိုးရဲမှာ မဟုတ်ဘူး ..."
တစ်ယောက်က အကြံပေးလိုက်သည်။
"ဟီးဟီး ... ဝေ့မိသားစုလား ..."
ချန်းချမ့်ရှင်းက လှောင်ရယ်ရင်း ဆက်ပြောလိုက်သည်။
"ဝေ့မိသားစုက ချန်းဖန်နဲ့ပဲ သိတာ ... ငါတို့ထဲက ဘယ်သူနဲ့ ရင်းနှီးလို့လဲ ... နောက်ပြီး အဘိုးကြီးဝေ့က အနားယူသွားတာ ကြာပြီ ... တကယ်လို့ ဝေ့မိသားစုက ငါတို့ကို ကူညီချင်ရင် ခုချိန်ထိ စောင့်နေမှာ မဟုတ်ဘူး ..."
သူ၏ စကားက အတော်အသင့် မှန်ကန်ပေသည်။ ထို့ကြောင့် ဝေ့မိသားစုကို အကူအညီတောင်းရန်မှာ ဖြစ်နိုင်ချေ သိပ်မရှိပေ။ အဘိုးကြီးဝေ့ ကိုယ်တိုင်က ကူညီချင်လျှင်ပင် သူ့၌ အာဏာ မရှိတော့ပေ။
"အဘိုး ... ကျွန်တော်တို့မှာ လုပ်စရာ တစ်ခုပဲ ရှိတော့တယ် ..."
ချန်းအန်က လေးနက်စွာဖြင့် ဝင်ရောက်ပြောလိုက်သည်။
"ဘာလဲ ..."
ဒုတိယ အဒေါ်က သူ့အား ကြည့်ရင်း မေးလိုက်၏။
"စွန်းမိသားစုကို အလျှော့ပေးလိုက်ဖို့ပဲ ..."
ချန်းအန်က ပြောလိုက်၏။
"မဖြစ်နိုင်ဘူး ..."
ချန်းကျန်းရှင်းက ခေါင်းခါရင်း ဆက်ပြောလိုက်သည်။
"ရှောင်အန် ... မင်းစဉ်းစားကြည့် ... ငါတို့သာ စွန်းမိသားစုကို အလျှော့ပေးလိုက်ရင် သူတို့ဆီမှာ အညံ့ခံလိုက်တာနဲ့ အတူတူပဲ ... နောက်ပြီး ဟန်ဟုန်ကုံနဲ့ စွန်းမိသားစုက လွယ်လွယ်ကူကူ ငါတို့ကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား ..."
"အဖေ ... ကျွန်တော်တို့ အဲ့လို မထင်ဘူး ..."
ချန်းအန်က အဓိပ္ပာယ် ရှိစွာ ပြုံးလိုက်သည်။
"ဟန်မိသားစုနဲ့ စွန်းမိသားစုက ချန်းမိသားစုကို စိတ်မဝင်စားဘူး ... သူတို့က ချန်းဖန်ရဲ့ မိသားစုကိုပဲ စိတ်ဝင်စားတာ ..."
ချန်းအန်၏ စကားကြောင့် အခန်းအတွင်းရှိ ချန်းမိသားစုဝင်များ အားလုံး ငြိမ်သက် သွားတော့သည်။
ချန်းအန်၏ ဆိုလိုရင်းက ရှင်းသည်။ ချန်းမိသားစု အနေဖြင့် ချန်းကောရှင်းနှင့် ဆက်သွယ်မှုကို ဖြတ်တောက် ပစ်ရမည်။ ဤသို့ဆိုလျှင် ချန်းဖန်၏ ရန်သူများက ချန်းကောရှင်းနှင့် ဝမ်ရှောက်ယွင်တို့ ထံသို့သာ ဦးတည် သွားပေလိမ့်မည်။
"ငါ သဘောမတူဘူး ... တတိယ အစ်ကိုက သားတစ်ယောက်နဲ့ သမီး တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီးပြီ ... နောက်ပြီး ကျင်းရှို့လုပ်ငန်းစုကလည်း အကြပ်အတည်းထဲ ရောက်နေတာ ... ငါတို့ ခုလို လုပ်လို့ မဖြစ်ဘူး ..."
ချန်းဖန်၏ စတုတ္ထ ဦးလေးက ဝင်ရောက် ပြောလိုက်သည်။
"ဒါပေမဲ့ ..."
ချန်းအန်က ဆက်လက်ပြောရန် ဟန်ပြင်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း ... မင်းစကားကို တတိယ ဦးလေးကြားရင် ဘယ်လို ခံစားရမလဲ ဆိုတာ စဉ်းစားကြည့်စမ်း ... ချန်းကောရှင်း မရှိတဲ့ ချန်းမိသားစု ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး ... အဲဒါကို နားလည်ထားစမ်း ..."
အဘိုးအို ချန်းဟွိုက်အန်းက စားပွဲအား လက်ဖြင့် ရိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချန်းအန်မှာ ပါးစပ်ကို ပိတ်ရင်း တိတ်ဆိတ်သွားတော့သည်။
"ဒါပေမဲ့ အဖေ ... ကျွန်တော်တို့ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ် ... စွန်းမိသားစုက ကျွန်တော်တို့ကို ရာဇသံ ပေးထားပြီးပြီ ... ဒီည ကျင်းလင်မြို့က မပြောင်းပေးရင် ကျွန်တော်တို့ကို သတ်တော့မှာ ..."
ချန်းချမ့်ရှင်းက ချန်းဟွိုက်အန်းကို ထပ်မံ ဖိအားပေးလိုက်၏။
ချန်းဟွိုက်အန်းမှာမူ ရုပ်တု တစ်ခုကဲ့သို့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ များစွာသော ဖိအားများကြောင့် အဘိုးအိုမှာ ရှိရင်းစွဲထက် ပိုမို အိုမင်းနေသယောင်ပင် ထင်ရသည်။ အခြား ချန်းမိသားစုဝင် များမှာလည်း တိတ်ဆိတ်စွာဖြင့် သက်ပြင်းသာ ချနေမိတော့၏။ ချန်းမိသားစုကား ဤအကြပ်အတည်းမှ ရုန်းထွက်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
ထိုစဉ်မှာပင် ...
"ဒေါက် ... ဒေါက် ..."
ရုတ်တရက် တံခါးခေါက်သံ တစ်ခုမှာ ပေါ်ထွက်လာခဲ့၏။
***