စစ်သူကြီးအန်း
Vol. 13 Ch. 195
ချိုးယုံခန်းက ကျိရွှေရှန့်၏ အစီအစဉ်အကြောင်း စူးချင်းကို ပြောပြလိုက်ပြီး စူးချင်းက သူ့ကို ဘာမှတ်ချက်မှ ပြန်မပေးဘဲ အေးအေးဆေးဆေး နားထောင်နေသည်ကို မြင်လိုက်ရသောကြောင့် သူက စိုးရိမ်တကြီး ထပ်မေးလိုက်သည်။
"စူးချင်း၊ ရွှေရှန့် တစ်ယောက်တည်း သွားတာက အန္တရာယ်မများဘူးလား?"
စူးချင်းက စိုးရိမ်နေပုံရသော ချိုးယုံခန်း၏ မျက်လုံးများကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"သူ ဒါကိုတောင် ကောင်းကောင်းမလုပ်နိုင်ရင် အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဘယ်လိုအောင်မြင်အောင် လုပ်နိုင်တော့မှာလဲ?"
ချိုးယုံခန်းက စူးချင်း၏စကားကြောင့် ဒေါကန်သွားခဲ့သည်။
သူမ ပြောတာမှန်ပေမယ့် ရွှေရှန့် တစ်ယောက်တည်း သွားဖို့ကတော့ အရမ်းအန္တရာယ်များတယ်လေ။ အခု နန်းတွင်းက ဒုက္ခသည်တွေကို လိုက်ရှာပြီး သတ်ဖြတ်နေတာ မဟုတ်ဘူးလား? ဒီအချိန်မှာ စစ်သူကြီးအန်းကို သွားရှာတာက ဝံပုလွေအုပ်ထဲကို ဝင်သွားတဲ့ သိုးတစ်ကောင်လို ဖြစ်သွားမှာ မဟုတ်ဘူးလား?
ချိုးယုံခန်းက စိုးရိမ်နေသေးသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အေးတိအေးစက် ထပ်ပြောလိုက်သည်။
“ရှင် ပြန်သွားပြီး လုပ်စရာ ရှိတာကို လုပ်ပါ”
"ကောင်းပါပြီ!"
ချိုးယုံခန်းတစ်ယောက် ကူကယ်ရာမဲ့ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
သူနဲ့ ရွှေရှန့်က သက်တော်စောင့်လုပ်ငန်းရဲ့စာရွက်စာတမ်းတွေကို အတုလုပ်ဖို့ စီစဉ်ခဲ့ကြပြီး အခု အဲ့စာရွက်တွေ တရားဝင်ဖြစ်စေဖို့ တံဆိပ်တုံးနှိပ်ဖို့ လိုအပ်နေသေးတယ်။
သူက တံဆိပ်တုံး ထွင်းထုနည်းကို သိထားတာကြောင့် တရားဝင်တံဆိပ်တုံးတစ်ခုကို အတုလုပ်ဖို့က သူ့အတွက် ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် သူ ပြန်လာကတည်းက အဲ့တာကို လုပ်ဖို့ အချိန်မရှိခဲ့ဘူး။ အခု စူးချင်းက သူ့ကို အရမ်းစိုးရိမ်ဘဲ လုပ်စရာရှိတာကို အရင်သွားလုပ်သင့်တယ်လို့ ပြောနေမှတော့ သူ တံဆိပ်တုံးပဲ သွားထွင်းလိုက်တော့မယ်။
ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့က မြို့ထဲမှ ပိတ်သားဖိနပ် အသစ်တစ်သုတ်ကို ဝယ်လာခဲ့ပြီး ထောင်ဟွားဝူမှ ရွာသားများအားလုံးကို ဝေငှပေးခဲ့သည်။ သူတို့၏ခြေထောက်ပေါ်ရှိ ကောက်ရိုးဖိနပ်များအားလုံးကို လွှင့်ပစ်စေပြီး ဖိနပ်အသစ်များကို ပြောင်းလဲဝတ်ဆင်ခိုင်းခဲ့သည်။ သူတို့၏အစီအစဥ်အရ ထိုရွာသားများက ဒုက္ခသည်များကဲ့သို့ ခရီးဆက်နေ၍ မဖြစ်တော့ပေ။
ရွာသူရွာသားများက ဖိနပ်အသစ်များကို ဝတ်ဆင်ရန် တွန့်ဆုတ်နေကြပြီး ဖိနပ်အသစ်များ ညစ်ပေသွားမည်ကို စိုးရိမ်သောကြောင့် သူတို့၏ခြေထောက်များကို အကြိမ်ကြိမ် သုတ်နေကြသည်။
ကျိရွှေရှန့်က ချင်ကျိုးအထည်ဆိုင်မှ အနည်းငယ် ချို့ယွင်းချက် ရှိနေသော အဝတ်တစ်သုတ်ကိုလည်း ရွာသူရွာသားများအတွက် ဝယ်ယူခဲ့သေးသည်။ ထိုအဝတ်များတွင် အပြစ်အနာအဆာ အနည်းငယ် ရှိနေသော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရဘဲ အနည်းဆုံးအနေဖြင့် အဖာအထေးများ မရှိဘဲ ၎င်းတို့က တော်တော်ကောင်းမွန်သော အထည်များ ဖြစ်ကြသည်။
အားလုံးက အဝတ်အစားများ လဲလှယ်ရင်း အလုပ်ရှုပ်နေကြသည်။ ချင်ဖုန်းကလည်း အဝတ်အစားအသစ်များကို ပြောင်းလဲဝတ်ဆင်ပြီးနေပြီ ဖြစ်သည်။ သူက လယ်သမားတစ်ဦးအဖြစ် ဟန်ဆောင်နေလေ့ရှိပြီး အဝတ်အစားအသစ်များကို ပြောင်းလဲပြီးသည့်တိုင် သူက လယ်သမားတစ်ဦးကဲ့သို့ ပြုမူနေသေးသည်။
"စူးချင်း၊ ရွှေရှန့် ဘယ်ရောက်နေတာလဲ?"
ချင်ဖုန်းက စူးချင်းကို မေးရန် ရောက်လာခဲ့သည်။ သူနှင့် သူ့မြေးက သူတို့၏ တော်စပ်မှုအတိုင်း မခေါ်ရဲကြဘဲ အခြားသူများနည်းတူ သူတို့၏လက်ရှိအမည်များကိုသာ ခေါ်ဝေါ်ခဲ့ကြသည်။
"အဖေ၊ သူ့မှာ လုပ်စရာရှိလို့ သွားနေတယ်။"
ချင်ဖုန်းက ထိုကိစ္စကို လုံးဝ မသိကြောင်း စူးချင်းက နားလည်လိုက်သည်။
ရွှေရှန့်က သူ့အဖိုး သူ့အတွက် စိုးရိမ်မှာကို ကြောက်ပြီး ဒီအဘိုးကြီးကို မပြောခဲ့တာထင်တယ်။ ရွှေရှန့်က မပြောခဲ့တဲ့အတွက် သူမလည်း ပြောပြမှာ မဟုတ်ဘူး။
"မင်းတို့ ငါ့ဆီကနေ တစ်ခုခုကို ဖုံးကွယ်ထားကြတာလား?"
ချင်ဖုန်းက သက်ပြင်းချလိုက်သည်။
ဟူး.... သူက သူ့အစွမ်းအစကို ထုတ်ပြဖို့ နေရာမရှိတဲ့ သူရဲကောင်းတစ်ယောက်လို ဖြစ်နေပြီ။
"လင်းယုန်တွေက သူတို့ရဲ့လင်းယုန်ပေါက်လေးတွေ ကြီးပြင်းလာတာနဲ့ အပြင်ကို ထွက်ပြီး ပျံသန်းခွင့်ပေးကြတယ်"
စူးချင်းက လျှို့ဝှက်သည့်အဓိပ္ပါယ်များပါဝင်နေသည့် စကားကို ပြောလိုက်ပြီး ထိုစကားကို ကြားလိုက်ချိန်တွင် ချင်ဖုန်းက အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး နောက်ဆုံးတွင် သူက သူ့ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။
"မင်း ပြောတာ မှန်ပါတယ်။ ဒါက မင်းတို့ လူငယ်တွေ ဒီလောကကြီးကို သိမ်းပိုက်ရမယ့် အချိန်ပဲ၊ ငါတို့အတွက်ကတော့ လက်လွှတ်ရမယ့်အချိန်ကို ရောက်လာပြီ”
စူးချင်းက ကျိရွှေရှန့် မည်သည့်အချိန်တွင် ပြန်ရောက်လာမည်ကို မသိသောကြောင့် ရှောင်ချီ့အတွက် ဆေးဘက်ဝင်အပင်များကို ပြန်ဖြည့်တင်းပေးရန် တောင်ပေါ်သို့ တက်လာခဲ့သည်။
သူမ တောင်ပေါ်သို့ တက်တော့မည်ကို မြင်လိုက်သည်နှင့် ကျိရှောင်ယင်နှင့် တခြားကောင်မလေးများက သူမတို့၏ ဒူးလေးများကို ကိုင်ကာ သူမ နောက်မှ စိတ်လှုပ်ရှားစွာ လိုက်ပါလာခဲ့ကြသည်။
"တောင်းတစ်တောင်းစီပါ ယူလာခဲ့ကြ"
စူးချင်းက ခေါင်းပင်ပြန်မလှည့်ပဲ သူမတို့ကို အမိန့်ပေးလိုက်သည်။ ထိုအခါမှသာ ကောင်မလေးများက ခြင်းတောင်းများ ယူလာရန် သတိရသွားကြသည်။ သူမတို့က အမဲလိုက်ရန် အလွန် အာရုံစိုက်နေခဲ့ကြပြီး ဆေးပင်များနှင့် တောရိုင်းဟင်းသီးဟင်းရွက်များကို ရှာဖွေရန် မေ့သွားခဲ့ကြသည်။
ဤတောင်ကို ရှန့်နူဖုန့်(နတ်သမီးတောင်)ဟု ခေါ်ပြီး ဤနေရာက လောချန်နှင့် နီးသောကြောင့် မိုးရေပြတ်လပ်ခြင်း မရှိဘဲ တောင်ပေါ်ရှိ အပင်များက အလွန်စိမ်းလန်းစိုပြေနေသည်။ သို့သော်လည်း ကပ်ဘေးမှ ထွက်ပြေးတိမ်းရှောင်လာသူများက တောင်တက်လမ်း အနီးရှိ နေရာများကို အကြိမ်ကြိမ် ရှာဖွေခဲ့ကြသည်။ သူတို့က မြေကြီးပေါ်တွင် ကပ်နေသော မြက်ခင်းများမှအပ စား၍ရနိုင်သမျှ အရာအားလုံးကို အကုန်အစင် တူးထုတ်သွားကြပြီ ဖြစ်သည်။
စူးချင်းက မိန်းကလေးများကို တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ နက်ရှိုင်းသော တောင်တန်းများပေါ်တွင် တောရိုင်းတိရိစ္ဆာန်များ အများကြီး ရှိနိုင်သော်လည်း ထိုမိန်းခလေးများက ကြက်သွေးအထိုးခံထားရသလို ဖြစ်နေကြပြီး သူမတို့၏တောင်းများကို ချကာ အမဲလိုက်ရန် စိတ်အားထက်သန်နေကြသည်။
စူးချင်းတစ်ယောက်သာ ဆေးပင်များကို စေ့စေ့ငုငု စုဆောင်းနေခဲ့သည်။ သူမတို့ ခရီးဆက်မည့် လမ်းတစ်လျှောက်တွင် လူများက အမြဲတမ်း ဒဏ်ရာရနေကြမည် ဖြစ်ပြီး ပြင်ပဒဏ်ရာများကို ကုသရာတွင် အသုံးပြုရသည့် ဆေးဘက်ဝင်ပစ္စည်းများက အထူးတလည် စျေးကြီးလွန်းလှသည်။
ဤတောင်ပေါ်တွင် စန်းရွှယ်မြက်များ အများအပြား ရှိနေပြီး ထိုမြက်များက သွေးထွက်ခြင်းကို ရပ်တန့်စေသလို ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး အနာကျက်သည့်အရှိန်ကိုလည်း မြှင့်တင်ပေးနိုင်သည်။ ၎င်းက ပြင်ပဒဏ်ရာများကို ကုသပေးနိုင်သလို အာသီးရောင်ခြင်း၊ ဝမ်းလျှောခြင်းနှင့် လိပ်ခေါင်းရောဂါ စသည်တို့ကိုလည်း ကုသပေးနိုင်သည်။ ရှောင်ချီအတွက် ဆေးနီမှုန့် ပြုလုပ်ရန် မရှိမဖြစ် လိုအပ်သည့် ပါဝင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
"အစ်မ၊ အစ်မ...ကြည့်လိုက်ဦး... ကျွန်မ သမင်တစ်ကောင်ကို ပစ်လိုက်တာ"
ကျိရှောင်ယင်က မြှားတန်းလန်းစိုက်ဝင်နေသည့် သမင်တစ်ကောင်နှင့်အတူ စူးချင်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာနေသည်။ သူမ၏ပျော်ရွှင်မှုကြောင့် သူမ၏လှပသောမျက်လုံးလေးများက နေရောင်အောက်တွင် ပိုတောက်ပနေပြီး သူမ၏နှုတ်ခမ်းလေးများက ဖူးပွင့်စ ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးနေလေသည်။
"မဆိုးဘူး"
စူးချင်းက ခေါင်းညိတ်လိုက်ပြီး ကျိရှောင်ယင်ကို ချီးကျူးလိုက်သည်။ ကျိရှောင်ယင်က အလွန်ပျော်ရွှင်နေပြီး သူမ၏ဒူးလေးနှင့် နောက်ထပ်သားကောင်တစ်ကောင် ထပ်ပစ်နိုင်ရန် မျှော်လင့်နေခဲ့သည်။
တချို့မိန်းကလေးများကလည်း ယုန်လေးများနှင့် တောကြက်များကို ပစ်နိုင်ခဲ့ကြသည်။ သူမတို့က ပျော်ပျော်ကြီး ခုန်ပေါက်နေကြပြီး သားကောင်မရခဲ့သည့် ကောင်မလေးများကတော့ အလွန် စိတ်ပျက်နေကြပြီး နောက်အခိုက်အတန့်တွင် သားကောင်က သူမတို့၏တံခါးဝသို့ ရောက်ရှိလာမည်ဟု မျှော်လင့်နေပြီး ချုံပုတ်များကို စိုက်ကြည့်နေကြသည်။
စူးချင်းက မိန်းကလေးများကို လှမ်းအော်လိုက်သည်။ “ကစားတာကို ရပ်ပြီးတော့ ဒီဆေးပင်တွေကို လာတူးပေးကြဦး”
စူးချင်း၏အော်သံကို ကြားလိုက်ရချိန်တွင် ကောင်မလေးများက သူမတို့၏ဒူးလေးများကို မချချင် ချချင် ပြန်ချလိုက်ကြပြီး စန်းရွှယ်မြက်များကို တူးနေကြကာ စူးချင်း၏ခြင်းတောင်းထဲသို့ ထည့်ပေးနေကြသည်။
စူးချင်းက မိန်းခလေးများကို ဦးဆောင်ပြီး ဆေးဖက်ဝင်အပင်များ စုဆောင်းနေချိန်တွင် ကျိရွှေရှန့်က ဝမ်ယွိရှန်းကို ခေါ်ဆောင်ကာ လောချန်၏အပြင်ဘက်ရှိ မြို့စောင့်တပ်ဆီသို့ ဦးတည်နေခဲ့သည်။
ပုန်ကန်သော ဒုက္ခသည်များကို သုတ်သင်ရန် ဧကရာဇ်မင်းမြတ်၏ လျှို့ဝှက်အမိန့်ကို လက်ခံရရှိပြီးကတည်းက အန်းကွမ်ရှင်းက အပြင်သို့ အပြေးအလွှားထွက်ခွာလာခဲ့ပြီး ဒုက္ခသည်များကို အပြင်းအထန် သတ်ဖြတ်နေခဲ့သည်။
သို့သော်လည်း သူက သူ့ကိုယ်သူ ဒုက္ခခံခိုင်းရန် ဆန္ဒမရှိသူလည်း ဖြစ်သည်။ နေရာတစ်နေရာတွင် စခန်းချပြီးတိုင်း သူ ပထမဆုံးလုပ်သည့်အရာက ရေနွေးပူပူဖြင့် ရေချိုးပြီး အဖြူရောင်ပိုးသားဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ခြင်း ဖြစ်သည်။ ထို့နောက် အစားကောင်းကောင်း တစ်နပ်စားရန် မြို့ထဲသို့ ဝင်သွားတက်သည်။ စခန်းတွင် နေမည်ဆိုလျှင်ပင် အရသာရှိသော အစားအစာများ ဝယ်ရန် တစ်ယောက်ယောက်ကို စေလွှတ်တက်သည်။
လက်ရှိအချိန်တွင် အန်းကွမ်ရှင်းက လောချန်သို့ ရောက်ရှိလာပြီး ဒုက္ခသည်များကို မသုတ်သင်မီ တစ်ရက်တာမျှ အနားယူနေခြင်းဖြစ်သည်။ သူက ရေနွေးပူပူဖြင့် ရေချိုးပြီး လဖြူရောင်ပိုးဝတ်ရုံကို ၀တ်ဆင်ထားသည်။ သူ့ထံတွင် အနည်းငယ်မိန်းမဆန်သော အသွင်အပြင် ရှိပြီး ဖြူစင်သော မျက်နှာ၊ ရှည်လျားသော မျက်ခုံးမွှေးနှင့် ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများ ရှိသည်။ သူက သူ၏အနက်ရောင်ဆံပင်ကို မကိုဋ်ဖြင့် ချည်နှောင်ထားသောကြောင့် စစ်သူကြီးတစ်ယောက်နှင့်မတူဘဲ စာပေပညာရှင်လူကြီးလူကောင်း တစ်ယောက်နှင့် ပိုတူနေလေသည်။ ယခုအချိန်တွင် သူက စားပွဲနောက်တွင် အေးအေးဆေးဆေး ထိုင်ကာ လက်ဖက်ရည်သောက်နေလေသည်။
သူ သောက်နေသည့် လက်ဖက်ရည်အတွက် လက်ဖက်ရွက်များကပင် မြို့တော်မှ ယူဆောင်လာသော လုံကျင်းလက်ဖက်ခြောက်များ ဖြစ်သည်။ ထိုလက်ဖက်ခြောက်များကို ဧကရာဇ်မင်းမြတ်က သူ့ကို ချီးမြှင့်ထားခြင်း ဖြစ်ပြီး အရေးကြီးသည်က လက်ဖက်ခြောက်၏အရသာ မဟုတ်ဘဲ ဧကရာဇ်မင်းမြတ်၏ သူ့အပေါ်ထားသော လေးမြတ်မှုကို ကိုယ်စားပြုသည့် ဂုဏ်အသရော ဖြစ်သည်။
"စစ်သူကြီး"
စစ်သည်တစ်ယောက်က သတင်းပို့ရန် ပြေးလာနေသော်လည်း အန်းကွမ်ရှင်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်သေးသည်။
အန်းကွမ်ရှင်းက ယခုကဲ့သို့ အချိန်မျိုးတွင် သူ့ကို အနှောင့်အယှက်ပေးသူများအား မကြိုက်ပေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ့၏မျက်လုံးများတွင် စိတ်မရှည်သည့်အရိပ်အယောင်များ ပြည့်လာကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ပြော”
“စခန်းရဲ့အပြင်ဘက်မှာ လူတစ်ယောက် ရောက်နေပြီး စစ်သူကြီးအတွက် အကျိုးဆောင်ပေးချင်တယ်လို့ ပြောပါတယ်၊ သူနဲ့အတူ မျက်နှာကို အုပ်ထားတဲ့ လူတစ်ယောက်ကိုလည်း ခေါ်လာပါတယ်”
သတင်းလာပို့သော စစ်သည်က ထိတ်လန့်နေခဲ့သည်။
သူတို့ရဲ့ အန်းမိသားစု စစ်တပ်က စစ်သူကြီးက အရမ်းဒေါသကြီးတယ်။ တစ်ခါက စစ်သည်တစ်ယောက်က သူ အရသာရှိတဲ့ အစားအစာတွေ မြည်းစမ်းနေတာကို နှောင့်ယှက်မိတာကြောင့် အဲ့ဒီစစ်သည်ရဲ့ခေါင်းကို ဓားနဲ့လှီးဖြတ်ပြီး ခွေးစာကျွေးဖို့ အမိန့်ပေးခဲ့ဖူးတယ်။
တကယ်တော့ သူလည်း သတင်းလာမပို့ချင်ဘူး။ သူလည်း အသတ်ခံရနိုင်တယ် မဟုတ်ဘူးလား?
ဒါပေမယ့် သူ့ရဲ့လောဘကြောင့် သူ ဒီနေရာကို ရောက်လာခဲ့တယ်။ အဲ့ပုဂ္ဂိုလ်က ကြီးစွာတဲ့ကောင်းကျိုးတစ်ခုကို သယ်ဆောင်လာခဲ့လို့ စစ်သူကြီးကို စိတ်ကျေနပ်စေခဲ့ရင် သူလည်း ကြီးမာတဲ့ အကျိုးခံစားခွင့်တွေ ရလာနိုင်တယ်။
အန်းကွမ်ရှင်းက မျက်တောင်မခတ်ဘဲ လူ သတ်လေ့ရှိသော်လည်း ဆုလာဒ်များ ပေးသည့် အချိန်တွင်လည်း သူက တော်တော်လေး ရက်ရောတက်သည်။ 'စည်းစိမ်ဥစ္စာကို အန္တရာယ်အတွင်းမှ ရှာဖွေရသည်' ဟူသော ဆိုရိုးစကားအတိုင်း သူက ရက်စက်ကြမ်းကြုတ်သော်လည်း ကြီးကြီးမားမား ဆုလာဘ်များကြောင့် သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိနေကြဆဲဖြစ်သည်။
"ကြီးမားတဲ့ အကျိုးဆောင်မှုလား?"
“ဟုတ်ကဲ့”
အန်းကွမ်ရှင်းက မျက်ခုံးပင့်ကာ သတင်းလာပို့သည့်စစ်သည်ကို တချက်ကြည့်လိုက်သည်။
သူ လောချန်ကို အခုမှ ရောက်တာလေ။ ဒီလူက သူ ဒီမှာရှိနေတာကို ဘယ်လိုသိတာလဲ?
အန်းကွမ်ရှင်းက အနည်းငယ် စိတ်ဝင်စားသွားပြီး သတင်းလာပို့သည့်စစ်သည်ကို အမိန့်ပေးလိုက်သည်။
“သူ့ကို ခေါ်လိုက်”
“ဟုတ်ကဲ့”
အန်းကွမ်ရှင်းက စိတ်မဆိုးသည်ကို မြင်လိုက်မှ သတင်းလာပို့သည့်စစ်သည်က သက်ပြင်းချလိုက်ပြီး အန်းကွမ်ရှင်းကို ဦးညွှတ်ကာ ပြန်ထွက်သွားခဲ့သည်။
ကျိရွှေရှန့်က သူ့၏မူလပုံစံအတိုင်း ပြန်ဖြစ်နေပြီဖြစ်သော ဝမ်ယွိရှန်းနှင့်အတူ စခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။ ဝမ်မိသားစုစစ်တပ်က ဝမ်ယွိရှန်းကို မှတ်မိမသွားစေရန် ကျိရွှေရှန့်က သူ့ကို အနေက်ရောင် အဝတ်အုပ်ထားသည့် ဝါးဦးထုပ် တစ်လုံး ဆောင်းပေးထားခဲ့သည်။ ထိုအသွင်အပြင်ကြောင့် ဤစခန်းမှ အစောင့်တပ်သားများက သူတို့ကို သတ်ရလုနီးပါး ဖြစ်ခဲ့သေးသည်။
"ငါတို့ရဲ့တပ်မှူးက မင်းကို ဝင်ခိုင်းတယ်!"
"လာကြစမ်း.... သူ့ကို အရင် ရှာလိုက်ကြ"