← Chapters

ငါပြန်လာပြီ

Vol. 5 Ch. 444

ငါပြန်လာပြီ

Vol. 5 Ch. 444

"ဘယ်သူများလဲ ..."

လူတိုင်းက ဝင်ပေါက်ရှိရာ နေရာသို့ ကြည့်လိုက်မိကြသည်။  မိသားစု ကျဆင်းပြီး နောက်ပိုင်းတွင် ချန်းမိသားစုသို့ အလည်လာသူ မရှိခဲ့ပေ။ ချန်းဟွိုက်အန်း၏ မိတ်ဆွေများပင်လျှင် သူတို့ မိသားစုဝင်များ၏ လုံခြုံရေး အတွက် ချန်းဖန် မိသားစုနှင့် ခပ်ခွာခွာ နေခဲ့သည်။

"ကျွန်မ သွားလိုက်မယ် ..."

ချန်းနဉ်က ထိုင်ရာမှ ထရပ်ရင်း တံခါးဝ ဆီသို့ သွားလိုက်၏။ သူမကား အလွန်တရာ မွန်းကျပ်နေပြီ ဖြစ်ရာ အပြင်ဘက်မှ လတ်ဆတ်သော လေကို ရှူရန် လိုအပ်နေသည်။

"ကျွီ ..."

ချန်းနဉ်က တံခါးအား ဆွဲဖွင့်လိုက်၏။

"ဘယ်သူ့ကို တွေ့ချင်လို့ပါလဲရှင် ..."

သူမက မေးရင်း တံခါးဝရှိ ဧည့်သည်ကို ကြည့်လိုက်သည်။ ဧည့်သည်၏ မျက်နှာအား တွေ့သည်နှင့် ချန်းနဉ်မှာ ရုတ်တရက် ပါးစပ်ကို ပိတ်လိုက်မိသည်။ သူမ၏ မျက်နှာမှာမူ အံ့ဩမှုကြောင့် ငိုတော့မလိုပင် ဖြစ်သွား ခဲ့တော့သည်။

"ဘာဖြစ်လို့လဲ အစ်မ ... နင် ငါ့ကို မမှတ်မိဘူးလား ..."

ချန်းဖန်က ချန်းနဉ်အား ပြုံးရင်း ကြည့်လိုက်၏။

"အာ ..."

ချန်းနဉ်က တုန်ယင်နေသော လက်ဖြင့် စီးကျလာသော မျက်ရည်များကို သုတ်လိုက်သည်။

သူမရှေ့ရှိ ဆံပင်တိုတို၊ နွေးထွေးသော အပြုံးပိုင်ရှင် လူငယ်မှာ သေသွားပြီဟု သူမတို့ ယူဆထားခဲ့သော မောင်ဝမ်းကွဲ ဖြစ်နေလိမ့်မည်ဟု တထစ်ချ မယုံကြည်နိုင်သေးပေ။

"ရှောင်နဉ်ရေ ... ဧည့်သည်က ဘယ်သူလဲ ... စွန်းမိသားစုကလား ..."

ချန်းကျန်းရှင်းက အခန်းထဲမှ လှမ်းမေးလိုက်၏။ အခန်း၏ တံခါးဝနှင့် သူတို့ ရှိနေသော နေရာကြားတွင် ထောင့်ချိုးတစ်ခု ရှိနေရာ ဧည့်သည်အား သူတို့ လှမ်း၍ မမြင်နိုင်ချေ။

"စိတ်မပူနဲ့ အစ်မ ... ငါပြန်လာပြီ ဆိုတော့ အကုန် အဆင်ပြေသွားပါပြီ ..."

ချန်းဖန်က ချန်းနဉ်အား လက်ဖြင့် ပွေ့ဖက်ကာ နှစ်သိမ့်လိုက်၏။ ထို့နောက် ထောင့်ချိုးအား ဖြတ်၍ အခန်းအတွင်းသို့ တစ်လှမ်းချင်း ဝင်လာခဲ့တော့၏။

"ငါပြောသားပဲ ... စွန်းမိသားစုက ငါတို့ကို လွယ်လွယ် လွှတ်ပေးမှာ မဟုတ်ဘူး ... ရှောင်အန် ပြောတာ မှန်တယ် ... ငါတို့ တတိယ အစ်ကိုကို မိသားစုထဲကနေ ထုတ်ပစ်ရမယ် ..."

ချန်းချမ့်ရှင်း နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်သည်။ ထိုအချိန်မှာပင် သူ၏ မျက်လုံးထောင့်၌ လူပုံရိပ် တစ်ခု ပေါ်ထွက်လာခဲ့သည်။

ရုတ်တရက်ပင် သူ၏ မျက်နှာက တစ္ဆေတစ်ကောင်ကို တွေ့ရသည့်အလား ရုပ်ပျက်၊ ဆင်းပျက် ဖြစ်လာခဲ့သည်။ သူ၏ မျက်လုံးမှာလည်း မယုံကြည်နိုင်မှုကြောင့် အဆများစွာ ပြူးကျယ်သွားတော့၏။

"ခွပ် ..."

ထိုအခိုက်မှာပင် ချန်းဟွိုက်အန်း၏ လက်အတွင်း၌ ကိုင်ထားသည့် လက်ဖက်ရည်ခွက်မှာ ကြမ်းပြင်သို့ ကျ၍ အစိတ်စိတ် အမြွှာမြွှာ ပြန့်ကျဲသွားတော့သည်။ အဘိုးအိုကား ပူလောင်နေသော လက်ဖက်ရည်များ သူ့အပေါ် ဖိတ်စဉ်နေသည်ကိုပင် ဂရုပြုမိဟန် မရပေ။

ရုတ်တရက်တွင် အခန်းတစ်ခုလုံးကား ဆွံ့အကာ တိတ်ဆိတ် သွားကြတော့၏။

အခန်း အတွင်းရှိ လူများထဲတွင် ချန်းဖန် ရောက်လာခြင်းအား သတိ မပြုမိသူ ဆို၍ တံခါးအား ကျောပေးကာ ထိုင်နေသည့် ချန်းကျန်းရှင်း၏ မိန်းမ ပထမအဒေါ် တစ်ယောက်သာ ရှိတော့သည်။

သူမက အခြားလူများ၏ အပြုအမူများကို သတိပြုမိဟန် မရပဲ  ...

"ဒုတိယ မောင်လေးပြောတာ မှန်တယ် ... ငါတို့ မိသားစုက တကယ့် အကြပ်အတည်းထဲ ရောက်နေတာ ... အထူးသဖြင့် ငါ့ယောက်ျား ဆိုရင် ရာထူးကနေတောင် အချခံလိုက်ရတယ် ... ဟင် ... ငါ့ကို ဘာလို့ အဲ့လိုကြည့်နေကြတာလဲ ... ငါပြောတာ မှားနေလို့လား ...ဒုတိယ မောင်လေး ပြောတဲ့ အတိုင်း ..."

"ပါးစပ်ပိတ်ထားစမ်း ..."

ချန်းကျန်းရှင်းက စားပွဲအား ပြင်းထန်စွာ ရိုက်ရင်း သူ၏ မိန်းမကို အော်လိုက်သည်။

"ဟမ့် ..."

ပထမ အဒေါ်က နှာခေါင်းရှုံ့ကာ ဆက်ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း အခြားလူများ၏ ဆွံ့အနေသော အပြုအမူများကို ကြည့်ရင်း တစ်ခုခု လွဲချော်နေကြောင်း သတိထားမိလိုက်၏။

"ကိုကိုချန်းဖန် ... ကိုကို ပြန်လာပြီလား ... ကူးကူးက ကိုကို့ကို အရမ်း သတိရနေတာ ..."

ထိုစဉ်မှာပင် ချန်းကူးကူးလေးမှာ ပျော်ရွှင်စွာ အော်ဟစ်ရင်း ဝင်ပေါက်ရှိရာ ဘက်သို့ ပြေးထွက်သွားသည်ကို ပထမ အဒေါ် တွေ့လိုက်ရ၏။

"ချန်းဖန်လား ..."

သူမက ကပျာကယာ လှည့်ကြည့်ရာ တည်ငြိမ်စွာ ရပ်နေသည့် လူငယ်တစ်ယောက်အား တွေ့လိုက်ရ၏။

"သူ ... သူ ပြန်လာတာလား ..."

ပထမ အဒေါ်ကား ရုပ်တု တစ်ခုအလား အေးခဲနေခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးကမူ အံ့ဩမှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

"အဘိုး ... ကျွန်တော်ပြန်လာပြီ ..."

ချန်းဖန်က ချန်းကူးကူး၏ လက်ကို ဆွဲရင်း ချန်းဟွိုက်အန်း ရှိရာသို့ လျှောက်လာခဲ့သည်။

"ကောင်းတယ် ... ကောင်းတယ် ..."

ချန်းဟွိုက်အန်းက ချန်းဖန်အား ကြည့်ရင်း တုန်တုန်ယင်ယင် ပြောလိုက်၏။ သူတွင် ချန်းဖန်အား ပြောဆိုရန် စကားလုံးများစွာ ရှိသည့်တိုင် တစ်ခုမျှ ထွက်ပေါ် မလာခဲ့ချေ။

အဘိုးအိုချန်းမှာ ချန်းဖန် သေဆုံးကြောင်း သတင်း ကြားချိန်မှ စ၍ နေ့စဉ် ရက်ဆက် စိတ်ဆင်းရဲ ခဲ့သည်။ ချန်းဖန် သင်ကြားပေးခဲ့သည့် ချီကကြိုး အခြေခံ တည်ဆောက်ခြင်း ကျင့်စဉ်ကြောင့်သာ မဟုတ်လျှင် သူ သေဆုံး၍ပင် သွားနိုင်သည်။

"ဟင်း ..."

အဘိုးအို၏ အိုစာနေသောပုံကို ကြည့်၍ ချန်းဖန် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူ၏ ပျောက်ဆုံးနေမှုက မိသားစုအား ကြီးကြီးကျယ်ကျယ် ထိခိုက်စေခဲ့ပုံ ရသည်။ အခြေအနေများအား သတိပြုမိသည်နှင့် ချန်းမိသားစုဝင် တချို့အပေါ် ထွက်ပေါ်နေသော ချန်းဖန်၏ ဒေါသများပင်လျှင် အနည်းငယ် လျော့နည်း သွားခဲ့တော့သည်။

"ရှောင်ဖန် ... ဗိုလ်ချုပ်လီ ပြောတော့ ... မင်း ... မင်းကို ရုရှားတွေ သတ်ပစ်လိုက်ပြီဆို ..."

ချန်းကျန်းရှင်းက စိတ်များအား စုစည်းရင်း မေးလိုက်၏။

အခြား ချန်းမိသားစုဝင် များကလည်း ချန်းဖန်အား စိတ်ဝင်တစား ကြည့်နေမိကြသည်။ လီဝူချန်းမှာ လျှို့ဝှက် အေးဂျင့်ဖြစ်သည့် ပျံလွှားနီလေးမှ တစ်ဆင့် သူတို့အား ဖြစ်ပျက်သမျှ အလုံးစုံကို ပြောပြခဲ့ပြီး ဖြစ်သည်။

ထိုသတင်းအား ကြားစဉ်က ချန်းဖန် အသက်ရှင် လွတ်မြောက်ရန် သူတို့ မျှော်လင့်ခဲ့ကြသေးသည်။ သို့သော်လည်း လပေါင်းများစွာ ကြာအောင် ချန်းဖန် ပြန်ရောက် မလာမှုကြောင့် သူတို့အားလုံး သတင်းဆိုးကို လက်ခံခဲ့ရသည်။

"အာ ... ဦးကြီးပြောတာ ရေခဲဝံပုလွေ ချိုင့်ဝှမ်း ကိစ္စလား ... ဟုတ်တယ် ... ရုရှားတွေက ကျွန်တော့်ကို နျူကလိယဗုံးနဲ့ တိုက်ခိုက်ခဲ့တာ ... ဒါပေမဲ့ ကျွန်တော် ပြန်မလာဖြစ်တာက အဲဒီကိစ္စကြောင့် မဟုတ်ဘူး ... တံခါးပိတ် ကျင့်ကြံနေတာကြောင့်ပါ ... ခုတောင် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတာ မကြာသေးဘူး ..."

ချန်းဖန်က တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်၏။

"အဲ့လိုကိုး ..."

လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။

"တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီးတော့  ... ကျွန်တော့်ကို နျူကလိယဗုံးနဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းကို သွားသတ်နေသေးတယ် ... အဲဒီမှာလည်း တော်တော်လေး ကြာသွားသေးတယ် ..."

ချန်းဖန်က ချန်းကူးကူးလေးအား ကောက်ချီရင်း ပြောလိုက်၏။

"ဘယ်လို ..."

လူတိုင်းက အလွန် အံ့အားသင့်စွာဖြင့် ချန်းဖန်အား ကြည့်လိုက်မိကြသည်။

"ရှောင်ဖန် ... တကယ်ကြီးလား ..."

ဒုတိယ အဒေါ်က ဖြူရော်စွာ မေးလိုက်သည်။

"ကျွန်တော် အတည်ပြောနေတာပါ ..."

ချန်းဖန်က ရှင်းပြလိုက်သည်။

"သူ့ကို ခါဘာရို့ မြို့အထိ သွားပြီး သတ်ခဲ့ရတာ ... နောက်ရက်ပိုင်းအတွင်း သတင်းစာတွေမှာ မြင်ရမှာပါ ..."

အခန်းတစ်ခုလုံးမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပြန်၏။

"ကိုကိုက အဲ့လောက်တောင် အစွမ်းထက်တာလား ..."

ချန်းကူးကူးလေးက ချန်းဖန်အား ဖက်ရင်း ခပ်တိုးတိုး မေးလိုက်၏။

"ဒါပေါ့ကွ ... မင်းကိုကိုက အရမ်း အစွမ်းထက်တဲ့ သူပဲဟာ ... သူတို့က ငါ့ကို ဗုံးကြဲရဲရင် ငါကလည်း သူတို့ဖင်ကို ပြန်ကန်ပေးရမှာပေါ့ ... ဟုတ်တယ်မလား ..."

ချန်းဖန်က ချန်းကူးကူးလေးအား ကြည့်ကာ ရယ်စရာ ပြောလိုက်၏။

"ခစ် ... ခစ် ..."

ချန်းကူးကူးလေးက သဘောကျစွာ ရယ်မောလိုက်၏။ သို့သော်လည်း အခြား မိသားစုဝင် များစွာမှာမူ တိတ်ဆိတ် နေကြဆဲပင်။

"ဒါနဲ့ ... ရုရှားတွေက နင့်ကို ဒီအတိုင်း ပြန်လွှတ်လိုက်တာလား ..."

ချန်းနဉ်က တိတ်ဆိတ်မှုကို ဖြိုခွင်းရင်း မေးလိုက်၏။

"မဟုတ်ဘူး ... သူတို့က ငါ့ကို သတ်ဖို့ လုပ်သေးတယ် ..."

ချန်းဖန်က ခေါင်းခါရင်း ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ငါက သူ့တို့ထက် ခြေတစ်လှမ်း ဦးသွားတယ်လေ ... မော်စကိုကို သွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ရှိတဲ့ KGB ဌာနခွဲ ဆယ့်ခုနစ်ခုကို ဖျက်ဆီးလိုက်တယ် ... နောက်ပြီး သူတို့ရဲ့ သမန်းဝံပုလွေ တပ်သားတွေကိုပါ သတ်ပစ်လိုက်တယ် ..."

"ရှောင်ဖန် ... သတိထားဦးနော် ... ရုရှားတွေက မြေးကို လွယ်လွယ် လွှတ်ပေးမယ် မထင်ဘူး ..."

ချန်းဟွိုက်အန်းက ဖြူရော်သော မျက်နှာဖြင့် ဝင်ပြောလိုက်၏။

"ကျွန်တော် အဆင်ပြေပါတယ် ... အဘိုး ..."

ချန်းဖန်က အဘိုးအိုအား သက်သက်သာသာ ပြုံးပြလိုက်သည်။

"အခု ကျွန်တော်နဲ့ ရုရှားကြားမှာ သဘောတူညီချက် ရပါပြီ ... ခုတောင် KGB ရဲ့ ခေါင်းဆောင် တစ်ယောက်က ကျွန်တော်ကို လိုက်ပို့တာလေ ... ပျံလွှားနီလေးတောင် ဟိုကို လိုက်လာသေးတယ် ..."

"ဘာကြီး ... သဘောတူညီချက် ရပြီ ဟုတ်လား ..."

ချန်းမိသားစုဝင် များစွာမှာ နောက်တစ်ကြိမ် ဆွံ့အ သွားကြပြန်၏။

ချန်းဖန်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ယောက်ကို သတ်ဖြတ်ခဲ့သည့် အပြင် KGB ဌာနခွဲ များစွာကိုလည်း ဖျက်ဆီးပစ်ခဲ့သေးသည်။ သို့တိုင်အောင် ရုရှားနှင့် သူ့ အကြား၌ သဘောတူညီချက် ရပြီဟု ဆိုသည်။ အဆိုးဆုံးကား ရုရှား ခေါင်းဆောင် တစ်ယောက်က သူ့အား တရုတ်အထိ လိုက်ပို့ခဲ့သည် ဆိုခြင်းပင်။

ရုရှားကား မည်သည့် အချိန်က ယခုလောက် အထိ လွယ်ကူသွားသနည်း။

"ဟေး ... ဒါမှ ကိုကိုကွ ..."

ချန်းကူးကူးက အကဲပိုလွန်းသည့် ဂျပန်မိန်းကလေး ပရိသတ် (fan girl) တစ်ယောက် အလား ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြန်၏။

"ဟဟ ... မင်းကိုကိုက ကမ္ဘာ့ အကြမ်းဆုံး ဖိုက်တာကြီးလို့ မပြောဘူးလား ... ရုရှား ဖက်တီးကြီးတွေက မင်းကိုကို ကို စကားမပြောရဲလို့ ကရင်မလင် နန်းတော်ထဲမှာတောင် ပုန်းနေကြတာ ..."

ချန်းဖန်က ကလေးမ၏ ခေါင်းအား ပွတ်သပ်ရင်း ပြောင်စပ်စပ် ပြောလိုက်၏။

"သူတို့ ရပ်ဖို့ ဆုံးဖြတ်လိုက်တာ ကံကောင်းသွားတယ် ... မဟုတ်ရင် ကိုကိုက သူတို့ကိုတောင် သတ်ပစ်မှာ ..."

ချန်းဖန်၏ စကားက ပေါ့တီးပေါ့ပြက် နိုင်သည့်တိုင် ချန်းချမ့်ရှင်း၊ ချန်းအန်တို့ အတွက်မူ ဆောင်းလေကဲ့သို့ ကြက်သီးထစရာ ကောင်းလွန်း၏။

"ရှောင်ဖန် ... ဦးတောင်းပန်ပါတယ် ... ဦးကို ခွင့်လွှတ်ပေးပါကွာ ... ကျေးဇူးပြုလို့ ဒီအရူးကို ခွင့်လွှတ်ပေးပါကွာ ..."

ချန်းချမ့်ရှင်းက ချန်းဖန်၏ ခြေထောက်အား ပြေးဖက်ကာ တောင်းပန်လိုက်သည်။

ချန်းနဉ်ကမူ အဝေးတစ်နေရာတွင် ရပ်၍ ဦးလေးဖြစ်သူအား စိတ်မချမ်းသာစွာ ကြည့်နေမိသည်။ သို့သော်လည်း သူမ၏ စိတ်တွင်မူ ပျော်ရွှင်ခြင်းများက စိုးမိုးနေခဲ့၏။ မည်သို့ပင် ဆိုစေ ချန်းမိသားစု ဘေးကင်းသွားခဲ့ပြီ မဟုတ်ပါလား။

***

All Chapters