ကွာရှင်းစာ
Vol. 1 Ch. 7
"မလိုပါဘူး" ကျိရွှေရှန့်က အေးစက်စွာ ငြင်းဆန်လိုက်ပြီး ချိုးယွဲ့၏ စိတ်ပျက်နေသော မျက်လုံးများကိုပင် မကြည့်ဘဲ သူ့၏ကိုယ်ပိုင် ရိက္ခာခြောက်ထုပ်ထဲမှ ရိက္ခာထုပ်တစ်ထုပ်ကို ထုတ်ယူကာ သူ့ရင်ဘတ်ထဲသို့ ထည့်လိုက်ပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့သည်။
“အစ်ကိုရွှေရှန့်၊ ခြောက်သွေ့တဲ့ အဝတ်အစားတွေ လဲဝတ်လိုက်ပါလား? အအေးမမိအောင် သတိထားပါ" ချိုးယွဲ့က ကျိရွှေရှန့်ကို ကမန်းကတန်း လှမ်းအော်လိုက်သော်လည်း သူက နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။
ချိုးယွဲ့က သူ့၏နောက်ကျောပြင် ပျောက်ကွယ်သွားသည်အထိ သူ့ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက်တွင်မူ ကျိရှောင်ယင်က စူးချင်းကို ပြုစုနေသည်ကို သူမတွေ့လိုက်ရသောကြောင့် သူမလည်း ကူညီရန် လှမ်းသွားလိုက်သည်။ စူးချင်း၏ ရောင်ရမ်းနေသော မျက်နှာကို မြင်လိုက်ရသောအခါ သူမ သက်ပြင်းချလိုက်မိသည်။
“သူ(မ)က အရမ်းသနားဖို့ ကောင်းတယ်”
ကျိရှောင်ယင်က စူးချင်းကို ရေတိုက်ရန် ပြင်ဆင်နေခဲ့ပြီး ချိုးယွဲ့၏စကားကို ကြားသောအခါတွင် သူမ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
“ဟုတ်တယ် ဘယ်လူယုတ်မာက ငါ့အစ်မကို ဒီလိုဖြစ်အောင် ရိုက်နှက်ခဲ့တာလဲ? ငါတကယ်ကို အံ့သြမိတယ်”
"သူ(မ) ဘာလို့ သတိလစ်နေသေးတာလဲ? သူ(မ)ကို ကယ်တင်နိုင်ပါဦးမလား?" စူးချင်း၏အသက်ရှူသံက အားနည်းနေပြီး သူမက သူမ၏မျက်လုံးများကို တင်းတင်းမှိတ်ထားသောကြောင့် ချိုးယွဲ့က စိတ်ပူနေပြီး ကျိရှောင်ယင်ကို လှမ်းမေးလိုက်သည်။
"အင်း! ငါ့အစ်ကိုက သူ(မ)ကို ကယ်တင်ပေးမယ်လို့ ပြောထားတော့ သူ(မ)ကို ကယ်နိုင်လိမ့်မယ်”
ကျိရှောင်ယင်က သူမ၏အစ်ကိုအပေါ် လေးစားမှု အပြည့်ရှိပြီး သူ့စကားများကို သံသယမရှိ ယုံကြည်ခဲ့သည်။
“ငါ ထမင်းသွားချက်လိုက်ဦးမယ်။ နောက်မှ သူ(မ)အတွက် ယာဂု လာပို့ပေးမယ်”
ချိုးယွဲ့က ညင်သာစွာ ပြုံးနေပြီး စာနာစိတ်ဖြင့် စူးချင်းကို လှမ်းကြည့်နေသည်။ သူမလည် ထိုအမျိုးသမီးကို ကယ်တင်နိုင်ရန် မျှော်လင့်နေခဲ့သည်။
ဘယ်လောက်တောင် သနားစရာကောင်းတဲ့ အမျိုးသမီးလဲ??
သူတို့က အိုးခွက်များကို ထုတ်ယူကာ စတင်ချက်ပြုတ်နေသည်ကို မြင်လိုက်ရသဖြင့် သူတို့နောက်မှ လိုက်လာသော ဒုက္ခသည်များက သူတို့ကို ပိုအာရုံစိုက်လာကြသည်။ သူတို့က တစ်ညလုံး မိုးရေစိမ်ခဲ့ရပြီး အအေးဓာတ်နှင့်အတူ ဆာလောင်ခြင်းကို ခံစားနေရသည်။ မီးဖြစ်စေ၊ အစားအစာဖြစ်စေ အားလုံးက သူတို့ကို အလွန်သွေးဆောင်နေခဲ့သည်။
ထို့ကြောင့် အချို့သော ရဲရင့်သည့် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများက သူတို့၏သားသမီးများနှင့်အတူ ရောက်လာကြပြီး သနားစဖွယ် တောင်ပန်နေကြသည်။ “ငါတို့ကို စားစရာလေး တစ်ခုခုလောက် ပေးပါလား? ကလေးတွေက ငတ်သေလုနီးပါး ဖြစ်နေပါပြီ”
ကလေး၏မျက်နှာက အအေးဒဏ်ကြောင့် ဖြူဖျော့နေပြီး အဘိုးအိုက တုန်ယင်နေကာ အမျိုးသမီးကလည်း ငိုနေသောကြောင့် သူတို့ကို ကြည့်ရသည်မှာ တကယ်ကို သနားစရာကောင်းနေခဲ့သည်။
ထောင်ဟွားဝူမှ အမျိုးသမီးများက အနည်းငယ် စာနာကာ ပေးကမ်းချင်နေကြသော်လည်း ချိုးယုံခန်းက သူတို့ကို ချက်ချင်း ပြန်နှင်ထုတ်လိုက်သည်။
သို့သော်လည်း ထိုအမျိုးသမီးက ထွက်ခွာရန် ငြင်းဆန်နေသည်။ တခြားလူများကလည်း သူတို့ကို စောင့်ကြည့်နေပြီး တစ်ယောက်ကို ပေးလိုက်လျှင် ရိက္ခာရနိုင်သရွေ့ အားလုံး ရောက်လာကြတော့မည် ဖြစ်သည်။
"ရိုက်ကြ!"
ချိုးယုံခန်းက အမိန့်ပေးလိုက်သော်လည်း အသုံးမဝင်ပေ။ ထောင်ဟွားဝူမှ အမျိုးသားများက သက်ကြီးရွယ်အိုများနှင့် ကလေးများကို မဆိုထားနှင့် အမျိုးသမီးများကိုပင် ထိခိုက်အောင် မလုပ်ချင်ကြပေ။ သူတို့အားလုံးက ရှက်ရွံ့တုံ့ဆိုင်နေသည့် အမူအရာဖြင့် ချိုးယုံခန်းကို ဝိုင်းကြည့်နေကြသည်။
ချိုးယုံခန်းက ကျန်းလောင်ချီကို တစ်ချက်ကြည့်လိုက်ပြီး " ရွှေရှန့်က သူ ထွက်မသွားခင် ဘာပြောခဲ့လဲ?"
ကျန်းလောင်ချီက သူ့ခြေထောက်ကို စောင့်လိုက်ပြီး မျက်လုံးကို စုံမှိတ်ကာ ပေါက်ပြားကို မြှောက်လိုက်ပြီး ခပ်ကျယ်ကျယ် အော်ဟစ်ကာ ထိုမိန်းမဆီသို့ ပြေးသွားတော့သည်။
“ကျား....”
သူက တကယ်ရိုက်နေတာမည်ကို တွေ့လိုက်သောကြောင့် အခုန ထွက်သွားရန် ငြင်းဆန်နေသော အမျိုးသမီးက အော်ဟစ်ကာ ပြန်ပြေးသွားတော့သည်။
အခြားဒုက္ခသည်များအားလုံးက သူတို့ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို မြင်လိုက်ရပြီး အနီးသို့ မချဉ်းကပ်ရဲကြတော့ဘဲ အဝေးမှ မနာလိုစွာ ကြည့်နေရုံသာ ရှိတော့သည်။
ကျိရှောင်ယင်က စူးချင်း၏ ကောက်ရိုးမိုးကာကို ပြန်ချွတ်ရန် ကူညီပေးနေသည်။ သူမ၏အဝတ်အစားများက အလွန်စုတ်ပြဲနေသည်ကို သူမ သတိထားမိပြီး ပေါ့ပါးစွာ ထိရုံဖြင့် အပေါက် ဖြစ်သွားနိုင်သည်။ မနေ့က ကျိရှောင်ယင်ကို ကယ်တင်ရန် စူးချင်း၏အင်္ကျီလက်နှစ်ဖက် စုတ်ပြဲခဲ့ပြီး သူမ၏အဝတ်အစားများက ဆိုးရွားသောအခြေအနေတွင် ရှိနေခဲ့သည်။
ကျိရှောင်ယင်က ထိုအစ်မကို သန့်ရှင်းသော အဝတ်အစားများ လဲပေးချင်နေသော်လည်း သူမတစ်ယောက်တည်း မလုပ်နိုင်သည့်အတွက် ကူညီပေးရန် သူမ၏ညီမကောင်းဖြစ်သူ ချိုးယွဲ့ကို လှမ်းခေါ်လိုက်သည်။
"ဒီမှာ မကြည့်နဲ့! ငါ့အဝတ်တွေ လဲပေးနေတယ်!"
ကျိရှောင်ယင်က လှမ်းကြည့်လိုက်သော လူများကို အော်ဟစ်လိုက်ပြီး အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်ရန် ကောက်ရိုးမိုးကာကို တပ်ဆင်လိုက်သည်။ ထို့နောက် သူမက ချိုးယွဲ့နှင့် စူးချင်း၏အဝတ်အစားများကို လဲပေးရန် ပြင်ဆင်နေခဲ့သည်။
"သူ(မ)ကို အရင် သန့်ရှင်းပေးလိုက်ပါလား?!" ချိုးယွဲ့က ကျိရှောင်ယင်ကို အကြံပြုလိုက်သည်။ စူးချင်းက အလွန်ညစ်ပတ်နေပြီး အနံ့ဆိုးများပင် ထွက်နေခဲ့သည်။ သန့်ရှင်းသော အဝတ်များသို့ မလဲပေးမီ သူမကို သန့်စင်ပေးခြင်းက ပိုကောင်းပေလိမ့်မည်။
“ကောင်းပြီ” ကျိရှောင်ယင်က တုန့်ပြန်လိုက်သည်။
ကျိရှောင်ယင်ကလည်း စူးချင်းကို သန့်ရှင်းရေးလုပ်ပေးခြင်းက ပိုကောင်းမည်ဟု ခံစားမိသောကြောင့် စူးချင်းကို အင်္ကျီဖြင့် ပြန်ဖုံးကာ သူမကို သန့်ရှင်းပေးရန် ရေနွေးယူပေးမည့် ချိုးယွဲ့ကို စောင့်နေခဲ့သည်။
စူးချင်း၏အဝတ်အစားများကို ပြန်ဖုန်းလိုက်ချိန်တွင် အဝတ်များကြားထဲမှ စာရွက်တစ်ရွက် ပြုတ်ကျလာပြီး ချိုးယွဲ့က အမြန် လှမ်းဖမ်းလိုက်သည်။ သို့မဟုတ်ပါက ရွှံ့ထဲသို့ ပြုတ်ကျသွားလျှင် ပျက်ဆီးသွားမည် ဖြစ်သည်။
"ကွာရှင်းစာ???"
စာရွက်ပေါ်မှ စကားလုံးများကို မြင်ပြီးနောက် ချိုးယွဲ့က စူးချင်းကို ပြန်မော့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ငါ့ကို ကြည့်ခွင့်ပေး”
ကျိရှောင်ယင်က ချိုးယွဲ့၏လက်ထဲမှ ကွာရှင်းစာတစ်စောင်ကို လှမ်းယူလိုက်သည်။ ထိုစာပေါ်တွင် ရေးထားသော စကားလုံးများကို မြင်သောအခါ သူမ၏မျက်နှာက ဒေါသကြောင့် မျက်နှာနီရဲသွားရသည်။ သူမက ဒဏ်ရာများ ဖုံးလွှမ်းနေသော စူးချင်းကို ပြန်ကြည့်နေရင်း "အဲ့ဒါက ဒီအစ်မကို ရိုက်နှက်ခဲ့တဲ့ ခွေးကောင်ပဲ ဖြစ်ရမယ်။ အဲ့ကောင်က တိရိစ္ဆာန်ထက် ပိုဆိုးတယ်!”
"မှန်တယ်၊ သူက တိရစ္ဆာန်ထက် ပိုဆိုးတယ်၊ သူ(မ)ခန္ဓာကိုယ်မှာ ကောင်းတဲ့နေရာဆိုတာ မရှိတော့ဘူး”
ချိုးယွဲ့ကလည်း စူးချင်းကို စာနာစိတ်ဖြင့် ကြည့်နေခဲ့သည်။
ဘယ်လောက်သနားစရာကောင်းတဲ့ မိန်းမလဲ? သူမ မကွာရှင်းခဲ့ရင်တောင် ကွာရှင်းထားတာနဲ့ ဘာမှ မထူးခြားဘူး။ သူမက ခင်ပွန်းဖြစ်သူရဲ့ မိသားစုက စွန့်ပစ်ထားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေတာကြောင့် သူမသွားလေရာရာမှာ အခြားသူများထက် နိမ့်ကျနေလိမ့်မယ်။
သူမရဲ့မိခင်မိသားစုက အဆင်ပြေနေပြီး နေစရာနေရာ ရနိုင်ရင်တော့ ကောင်းတာပေါ့။ သူမရဲ့မိခင်မိသားစုက အခြေအနေမကောင်းရင် ဒီကမ္ဘာကြီးမှာ ပျော့ညံ့တဲ့မိန်းမတစ်ယောက်အတွက် နေရာရှိမှာတဲ့လား?
ချိုးယွဲ့က ရေနွေးကျိုလိုက်ပြီး ကျိရှောင်ယင်က စူးချင်း၏ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ရန် ကူညီပေးခဲ့သည်။ စူးချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များကို ကြည့်နေရင်း ကျိရှောင်ယင်၏ မျက်လုံးများမှ မျက်ရည်များ ဝဲလာပြန်သည်။
"အစ်မက တော်တော်ဒုက္ခရောက်ခဲ့ပုံပဲ"
"ဟုတ်တယ်!" ချိုးယွဲ့က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"သူ(မ)ကို အဝတ်အစား အရင်ပြန်ဝတ်ပေးရအောင်!"
စူးချင်းက အရေပြားအလွှာတစ်ခု ရစ်ပတ်ထားသော အရိုးစုကဲ့သို့ ပိန်လွန်းလှသည်။ ကျိရှောင်ယင်၏အဝတ်အစားများက သူမ ကိုယ်အပေါ်တွင် ချောင်နေသော်လည်း ပြန်လည်သန့်ရှင်းပေးပြီးနောက်တွင် သူမက အရင်ကလောက် စုတ်ပြတ်သတ်မနေတော့ပေ။
“အစ်ကိုကြီးက ဆေးပင်တွေ ရှာတွေ့ပြီး ပြန်ယူနိုင်မလား မသိသေးဘူး။ အစ်မက အခြေအနေ တော်တော်ဆိုးနေပုံရတယ်”
ကျိရှောင်ယင်က စူးချင်း၏ဆံပင်များကို ဖြီးပေးနေရင်း သူမ၏အစ်ကိုကြီး ဆေးပင်များ အမြန်ပြန်ယူလာစေရန် မျှော်လင့်နေကာ တောင်ပေါ်သို့ လှမ်းမျှော်ကြည့်ရှုနေသည်။
စူးချင်း၏ ခန္ဓာကိုယ်က ပွက်ပွက်ဆူနေပြီး ဒယ်အိုးထဲသို့ ပစ်ချခံလိုက်ရသလို ခံစားနေရသည်။ ကျိရှောင်ယင်က သူမကို ရေပတ်တိုက်ပေးနေချိန်တွင် သူမ ပိုအဆင်ပြေနေခဲ့သော်လည်း ခဏအကြာတွင် အပူက သူမကို နောက်တကြိမ် ဝါးမျိုလိုက်ပြန်သည်။
"ရေ!" သူမ အော်ပြောလိုက်သည်။
ရေကပဲ သူမရဲ့လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငြိမ်းသတ်ပေးနိုင်လိမ့်မယ်။
"ရေနည်းနည်း သောက်လိုက်ပါဦး!"
စူးချင်းက ရေလိုချင်နေကြောင်း ကြားလိုက်သောအခါ ကျိရှောင်ယင်က သူမကို ဝမ်းသာအားရ ကူညီပေးခဲ့သည်။ စူးချင်းကို သူမကိုယ်ပေါ် မှီထားစေပြီး ရေအိတ်ကို သူမပါးစပ်နားသို့ ဂရုတစိုက် ကပ်ပေးကာ ဖြည်းဖြည်းချင်း ရေတိုက်နေခဲ့သည်။
"သခင်! သခင်!”
ရှောင်ချီက စူးချင်းကို လှမ်းအော်နေရင်း ငိုရှိုက်နေသည်။
သူ့သခင်ရဲ့ ကျန်းမာရေးက မနေ့ကထက် ပိုဆိုးလာပြီ။ ဒါက နောက်ထပ် အအေးမိသွားတာပဲ။ ဆေးကို မကြာခင် ရှာမတွေ့ရင် ဒီခန္ဓာကိုယ်က ဆီမရှိတော့တဲ့ မီးခွက်လို ဖြစ်သွားလိမ့်မယ်။
စူးချင်းက ရှောင်ချီ၏ အသံကို ကြားလိုက်ရပြီး သူမ၏မျက်လုံးကို ဖွင့်ရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။ သို့သော်လည်း သူမ၏ မျက်ခွံများက လေးလံလွန်းသဖြင့် သူမ မည်သို့ပင် ကြိုးစားစေကာမူ လုံးဝ မဖွင့်နိုင်ခဲ့ပေ။ သူမ၏ ခေါင်းက ပွက်ပွက်ဆူနေသော အိုးတစ်လုံးကဲ့သို့ ဖြစ်နေပြီး ပူထူနေသည်။
သူမ ပြန်လည်မွေးဖွားလာတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ သူမ မကြာခင် ပြန်သေရတော့မှာလား?
မဟုတ်ဘူး.... ငါ ဒီလို သေလို့ မဖြစ်သေးဘူး။
စူးချင်းက သူမ၏ ခွန်အားရှိသမျှကို အသုံးပြု၍ သူမ၏မျက်လုံးကို ဖွင့်လိုက်ပြီး ရေအိတ်ကို ယူလိုက်သည်။
“ယာဂုနည်းနည်းစားပါ။ စားပြီးရင် ခွန်အားတွေ ရလာမှာပါ”
စူးချင်း၏ နားထဲတွင် နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသော်လည်း ကျိရှောင်ယင်၏အသံလောက် သက်တောင့်သက်သာမရှိပေ။ သူမ မော့ကြည့်လိုက်ချိန်တွင် နူးညံ့သိမ်မွေ့သော ကောင်မလေးတစ်ယောက်က သူမကို စိုးရိမ်စိတ်ဖြင့် ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမ၏လက်ထဲတွင် မြေပန်းကန်တစ်လုံးကို ကိုင်ထားပြီး ယာဂုနံ့များ လွင့်ပျံနေသည်။
စူးချင်းက အစားမစားရတာ သုံးရက်ရှိပြီ။ အရင်က လျိုပေါင်စန်းနဲ့ သူ့အမေက သူမကို ညှင်းပန်းနှိပ်စက်ပြီး အစားအစာ မစားစေခဲ့ဘူး။ သူမ ပြန်မွေးဖွားလာပြီးတဲ့နောက်မှာ သူမက ထောင်ဟွားတောင်ကို အလျင်အမြန်သွားပြီး ဆေးမြစ်တွေ ရှာချင်နေတာကြောင့် ဘာမှ မစားဘဲ နေခဲ့တယ်။ အခု ယာဂုရနံ့ကို အနံ့ခံလိုက်ရတော့ သူမဗိုက်က တဆတ်ဆတ်တုန်လာတယ်။
သူမက ယာဂုပန်းကန်ကို စိုက်ကြည့်နေသည်။ သူမ ငယ်ရွယ်က ထိုလူမဆန်သော လူများက သူမတို့၏စိတ်ဆန္ဒများကို လေ့ကျင့်ပေးရန် ရက်အနည်းငယ်လောက် အငတ်ထားတတ်ကြသည်။ စူးချင်းက ထိုဘဝတွင် သေခြင်းကိုပင် မကြောက်ခဲ့သော်လည်း သူမအကြောက်ဆုံးက ဆာလောင်မှုဖြစ်သည်။
ချိုးယွဲ့က ယာဂုတစ်ဇွန်းကို ခပ်ယူလိုက်ပြီး စူးချင်းအား "ငါ တိုက်ပေးမယ်!"
“ငါ့ကို ပေးပါ” စူးချင်းက ခပ်ရှရှ အသံဖြင့် ပြောလိုက်သည်။
တန်ခိုးကြီးတဲ့ စစ်နတ်ဘုရားက သူများဆီက ကျွေးမွေးခံရလောက်အောင် အားနည်းနေမတဲ့လား? ပြီးတော့ ကျိရှောင်ယင်က လွဲရင် သူမနားကို ချဥ်းကပ်လာတဲ့ ဘယ်သူ့ကိုမဆို သူမ အသားမကျသေးဘူး။
သူမရှေ့က မိန်းခလေးက နူးညံ့သိမ်မွေ့ပြီး အကျင့်စရိုက်ကောင်းပုံရပေမယ့် သူမရဲ့မျက်လုံးတွေက ကျိရှောင်ယင်လောက် မသန့်ရှင်းဘူး။ အဲ့မျက်လုံးတွေမှာ ဆန္ဒတွေ ရှိနေတယ်။
ချိုးယွဲ့က အံ့အားသင့်သွားသည်။ ဒီအမျိုးသမီးမှာ ဒီလောက်ပြင်းထန်တဲ့ ရောင်ဝါ ရှိတယ်လား? သူမရဲ့ စကားသံက အမိန့်ပေးလိုဖြစ်နေပြီး လူတွေကို စိတ်မသက်မသာဖြစ်စေတယ်။
ကျိရှောင်ယင်က တောင်ပေါ်မှ သူမအစ်ကိုကြီး၏ အရပ်ရှည်ရှည် ပုံရိပ် ပြန်ထွက်လာသည်ကို မြင်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“အကိုကြီး ပြန်လာပြီ”