← Chapters

စွန်းမိသားစုသို့ အလည်တစ်ခေါက်

Vol. 5 Ch. 445

စွန်းမိသားစုသို့ အလည်တစ်ခေါက်

Vol. 5 Ch. 445

"မင်း အရှက်မရှိ လုပ်မနေနဲ့တော့ ... ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်း ..."

ချန်းဟွိုက်အန်းက ချန်းချမ့်ရှင်းကို အော်ငေါက်ရင်း ချန်းဖန်အား တောင်းပန်းသော မျက်လုံးဖြင့် ကြည့်လိုက်၏။

"ရှောင်ဖန် ... ဒီအရူးကို ခွင့်လွှတ် ပေးလိုက်ပါကွာ ..."

ချန်းဟွိုက်အန်း၏ မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲနေသည်။ သို့သော်လည်း ချန်းချမ့်ရှင်းမှာ သူ၏ သားဖြစ်သည်။ သူ့အနေဖြင့် ကာကွယ်ပေးရန် တာဝန်ရှိပေသည်။

"ရပါတယ် ... အဘိုး ..."

ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်၏။ သူ၏ မျက်လုံးများကမူ ကြည်လင် သန့်ရှင်းသော စမ်းရေအိုင် အလား တောက်ပနေခဲ့သည်။

"ဒါနဲ့ ... ကျွန်တော့်မှာ အဘိုးကို မေးစရာတွေ အများကြီး ရှိသေးတယ် ..."

"အာ ... ရတာပေါ့ ... စာကြည့်ခန်းထဲ သွားရအောင်လေ ..."

ချန်းဟွိုက်အန်းက ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် ခဏမျှ စဉ်းစားကာ ချန်းနဉ်ဘက်သို့ လှည့်ရင်း လက်ဖက်ရည် ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။

ချန်းဖန်ကမူ ဘာမှ ပြန်မပြောပဲ ချန်းကူးကူးလေးအား ချီပိုးရင်း အဘိုးအို၏ နောက်မှ လိုက်သွားလိုက်သည်။

အဘိုးအိုနှင့် လူငယ်တို့ ထွက်ခွာသွားသည်နှင့် အခန်း တစ်ခုလုံးကား အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပြန်၏။

ချန်းမိသားစုဝင် များစွာမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း သက်ပြင်းသာ ချနေမိကြတော့၏။ ချန်းဖန် ပြန်ရောက်လာခြင်းအား လက်ခံရန် သူတို့ အတွက် ခက်ခဲနေတုန်းပင်။

"သူက တကယ်ကို ပြန်ရောက်လာတာပဲ ..."

ခဏအကြာ၌ ချန်းဖန်၏ ဦးလေး တစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

"ချန်းဖန် ပြောတာတွေက အမှန်တွေလို့ နင်တို့ ယုံကြလား ..."

ပထမ အဒေါ်က သံသယ ဖြစ်စွာ မေးလိုက်သည်။

"ဟားဟား ... အဲဒါက အရေးကြီးလို့လား ... ရှောင်ဖန်က ငါတို့ ချန်းမိသားစုရဲ့ အဓိက ကျောရိုးပဲဟာ... သူ ပြန်လာပြီ ဆိုတော့ ငါတို့ ချန်းမိသားစု နောက်တစ်ကြိမ် ပြန်ကြီးပွားတော့မှာပေါ့ ..."

ချန်းဖန်၏ စတုတ္ထ ဦးလေးက ချန်းချမ့်ရှင်းနှင့် ပထမ အဒေါ်ကို ကြည့်ရင်း ဆက်ပြောလိုက်၏။

"ခင်ဗျားတို့တွေက ရှောင်ဖန်ကို နားမကြားတဲ့သူများ ထင်နေကြတာလား ... ခင်ဗျားတို့ ပြောတာတွေကို သူ အကုန်ကြားမှာပဲ ... သူက ခင်ဗျားတို့ အတွက် အချိန် မဖြုန်းချင်လို့ မသိချင်ယောင် ဆောင်သွားတာ ... အရူးတွေ ... ဝမ်ရှောက်ယွင်က ဝမ်မိသားစုက ဆိုတာ မေ့နေပြီလား ... ဝမ်ရှောက်ယွင် တစ်ခုခုဖြစ်ရင် ဝမ်မိသားစုက ဒီအတိုင်း ကြည့်နေမယ် ထင်ကြတာလား ..."

ထို့အပြင် ထန်လုံအထူး တပ်ဖွဲ့က ဝမ်ရှောက်ယွင်အား အချိန်ပြည့် ကာကွယ်နေသည့် အပြင် စစ်တပ်မှ ပျံလွှားနီလေး ဟု ခေါ်သော မိန်းကလေးမှာလည်း ချန်းဖန်နှင့် နက်ရှိုင်းသော ဆက်ဆံရေးများ ရှိသည်။ လီဝူချန်းမှာလည်း သူအသက်ရှင်နေသမျှ ကာလပတ်လုံး ချန်းဖန်၏ မိသားစု ပျက်စီးမည့် အရေးကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထိုအတွေးကြောင့် စတုတ္ထ ဦးလေးမှာ ကြက်သီးများပင် ထလာခဲ့၏။

သို့သော်လည်း ယခုတွင်မူ ချန်းဖန် ပြန်ရောက်လာပြီ ဖြစ်ရာ ချန်းမိသားစု၏ အရေးကိစ္စများမှာ ပြေလည်သွားခဲ့ပြီ ဟု ဆိုနိုင်ပေသည်။

အခြားတစ်ဖက်ရှိ စွန်းမိသားစု အတွက်မူကား စိတ်မကောင်း စရာပင်။ ချန်းဖန်က သူတို့အား ကိုင်တွယ်ရာ၌ ညှာတာလိမ့်မည် မထင်ချေ။

***

ထိုအချိန်၌ ချန်းဖန်နှင့် ချန်းဟွိုက်အန်း တို့မှာ စာကြည့်ခန်း အတွင်းသို့ ရောက်နေခဲ့ပြီ ဖြစ်၏။ ချန်းနဉ်မှာ သူတို့ နှစ်ယောက်အတွက် လက်ဖက်ရည် ဖျော်ရန် ချန်းကူးကူးကို ခေါ်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

ချန်းနဉ်နှင့် ချန်းကူးကူးတို့ အပြင်သို့ ရောက်သွားသည့် အချိန်ရောက်မှ ချန်းဟွိုက်အန်းက သက်ပြင်းချရင်း ...

"ရှောင်ဖန် ... စောစောပိုင်းမှာ မြေးကြားခဲ့ရတဲ့ စကားတွေ အတွက် အဘိုး တောင်းပန်ပါတယ်ကွာ ... ချန်းချမ့်ရှင်းနဲ့ ချန်းအန်တို့ ခုလောက်အထိ တစ်ကိုယ်ကောင်း ဆန်လိမ့်မယ်လို့ အဘိုး မထင်ခဲ့မိဘူး ..."

ချန်းဟွိုက်အန်း၏ မျက်နှာက ရှက်ရွံ့မှု၊ နာကျင်မှုများဖြင့် ပြည့်နှက်နေ၏။ သူ့အနေဖြင့် သူ့သားသမီး၊ မြေးမြစ်များကို သင့်သင့်မြတ်မြတ် ဖြစ်စေချင်ခဲ့သည်။ ယခုကဲ့သို့ ညီအစ်ကို အရင်းချင်း ဒုက္ခတွင်းသို့ တွန်းပို့ နေခြင်းမျိုးကို သူမမြင်လိုပေ။

"စိတ်မချမ်းသာစရာတွေကို မစဉ်းစားတော့နဲ့ အဘိုး ... နောက်ပြီး ကျွန်တော် ပြန်လာတာ သူတို့အတွက် မဟုတ်ဘူး ... အဘိုးရယ်၊ ကျွန်တော့် မိဘတွေရယ်၊ ချန်းကူးကူးလေးနဲ့ ချန်းနဉ်ရယ် အတွက်ပဲ ကျွန်တော် ပြန်လာခဲ့တာ ..."

ချန်းဖန်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ သူ၏ စကားသံထဲတွင် မည်သည့် စိတ်ခံစားချက်မှ ရှိမနေခဲ့ချေ။

"ဒါနဲ့ အမေ၊ အဖေတို့ရော အဆင်ပြေရဲ့လား ..."

ချန်းဖန်က မေးလိုက်သည်။

"မင်းအကြောင်း ကြားပြီးတည်းက သူတို့နှစ်ယောက် အဆင်ပြေကြပုံ မပေါ်ဘူး ... မင်းအဖေကတော့ ဗိုလ်ချုပ်လီရဲ့ ကာကွယ်မှုနဲ့ သူ့ရာထူးကို ဆက်ထိန်းထားနိုင်သေးတယ် ... မင်းအမေရဲ့ အခြေအနေကတော့ ပြောရခက်တယ် ..."

ချန်းဟွိုက်အန်းက ခဏမျှ ရပ်ရင်း လေးပင်သော အသံဖြင့် ဆက်ပြောလိုက်၏။

"ငါတို့ရဲ့ ရန်သူတွေလို့ ပြောရမယ့် ကျောင်းဟိုင်ရဲ့ ကျိမိသားစု၊ တန့်မိသားစု၊ နင်းမိသားစုတို့က ကျင်းရှို့ရဲ့ လုပ်ငန်းစုကို စပြီး ဖိနှိပ်လာတယ် ... နောက်ပြီး အန်ရာက ..."

ချန်းဟွိုက်အန်းက စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်သည်။

"အန်မိသားစုက သူ့ဆီကို လာခဲ့တယ် မလား ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ဟုတ်တယ်လို့ ပြောလို့ရသလို မဟုတ်ဘူး ဆိုလည်း မှန်တယ် ... ရှောင်ရာက ကျင်းရှို့ လုပ်ငန်းစုကို မင်းအမေရဲ့ ဆန္ဒကြောင့် ထားသွားခဲ့ရတာ ..."

ချန်းဟွိုက်အန်း၏ မျက်နှာ၌ စိတ်မကောင်းဟန်က အထင်းသား ပေါ်နေသည်။

"အန်မိသားစုက ဒီနှစ်ပိုင်း အတွင်းမှာ သိသိသာသာ တိုးတက်လာတယ် ... အခုဆိုရင် သူတို့က တုန်းဟယ် ပြည်နယ်မှာ အချမ်းသာဆုံး မိသားစု ဖြစ်နေပြီ ..."

"ဟမ့် ... တုန်းဟယ်ရဲ့ အချမ်းသာဆုံးလား ..."

ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

"အန်မိသားစုကို စိုးရိမ်နေစရာ မလိုပါဘူး ... သူတို့ကိုယ်တိုင် ကျွန်တော့်ရှေ့မှာ ဒူးထောက်လာလိမ့်မယ် ..."

ချန်းဖန်က အေးဆေးစွာ ပြောလိုက်၏။ သူ၏ မျက်လုံးများမှာမူ ယုံကြည်ချက်ဖြင့် တောက်ပနေ၏။

"အေးပါ ..."

အဘိုးအိုချန်းက ခေါင်းညိတ်လိုက်၏။ အန်မိသားစု၏ ဖြစ်တည်မှုက ချန်းဖန်အတွက် ပြဿနာ တစ်ခု ဖြစ်လိမ့်မည် မဟုတ်ပေ။ ရုရှားကဲ့သို့ မဟာအင်အားကြီး နိုင်ငံနှင့် ယှဉ်ပါက အန်မိသားစုမှာ သေးငယ်သော မိသားစု ကလန်လေးသာ ဖြစ်သည်။

"ရှောင်ဖန် ... လွန်ခဲ့တဲ့ တစ်နှစ်လုံး မင်းဘာတွေ လုပ်ခဲ့တာလဲ ... မင်းရဲ့ စွမ်းအားတွေက အရင်ကထက် အများကြီး ပိုတိုးတက်လာတယ်လို့ အဘိုး ခံစားလို့ ရနေတယ် ..."

ချန်းဟွိုက်အန်းက စိတ်ဝင်တစား မေးလိုက်၏။

ထိုအချိန်မှာပင် ချန်းနဉ်မှာ လက်ဖက်ရည် ဖျော်ပြီး၍ ချန်းကူးကူးနှင့် အတူ ပြန်ရောက်လာခဲ့၏။ သူမက ညင်သာစွာပင် လက်ဖက်ရည် နှစ်ခွက်ကို အဘိုးအိုချန်းနှင့် ချန်းဖန်တို့ထံ ကမ်းလိုက်၏။

ချန်းဖန်က ချန်းနဉ် ကမ်းပေးသည့် လက်ဖက်ရည် ခွက်ကို လှမ်းယူရင်း စုပ်သောက်လိုက်၏။ ထို့နောက် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို သေချာစွာ ရှင်းလင်း ပြောပြလိုက်သည်။

ချန်းဟွိုက်အန်းနှင့် ချန်းနဉ်တို့မှာမူ ချန်းဖန်၏ ဇာတ်လမ်းအား နားထောင်ရင်း အလွန်အမင်း အံ့အားသင့် လာကြတော့သည်။ ချန်းဖန် ပြောသမျှက သူတို့အတွက် ဒဏ္ဍာရီ ဇာတ်လမ်း သဖွယ်ပင်။

"သမန်းဝံပုလွေတွေ ..."

"ဝံပုလွေသွေးနှော ..."

"နင်က ရုရှား ခြေလျင်တပ်မ ၁၁၆ ကို အနိုင်ယူခဲ့တာလား ..."

"မြေးကို ရုရှား ခေါင်းဆောင်တွေဘက်ကနေ စပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တာပေါ့ ..."

ချမ်းဟွိုက်အန်းနှင့် ချန်းနဉ်တို့ကား သူတို့၏ နားများကိုပင် မယုံကြည်နိုင်ကြချေ။ သူတို့၏ အနားတွင် ထိုင်နေသော ချန်းကူးကူးလေးမှာလည်း ချန်းဖန်အား ကေပေါ့ဖန် မိန်းကလေး တစ်ယောက်အလား ကြည့်နေခဲ့သည်။ သူမ၏ ရင်ထဲတွင်မူ လေးစားခြင်းက ပြည့်လျှံနေတော့၏။

"တကယ် မယုံကြည်နိုင်စရာပဲ ... ရုရှားတွေက မြေးဆီမှာ ဒူးထောက်ခဲ့ရတာပေါ့ ... အန်မိသားစုကို မြေး ပေါ့ပေါ့တန်တန် သဘောထားနေတာ အံ့အားသင့်စရာ မရှိဘူးပဲ ..."

ချန်းဟွိုက်အန်းက သူ၏ ပေါင်ကို ပုတ်ရင်း သဘောကျစွာ ရယ်မောလိုက်သည်။ ချန်းဖန် အတွက် မဟာအင်အားကြီး နိုင်ငံများမှ လွဲလျှင် မည်သူမျှ ထိုက်တန်သော ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ချေ။

"ကဗျာဆရာတွေက စစ်တပ်ကြီးကို အနိုင်ယူနိုင်တဲ့ သူရဲကောင်းတွေ အကြောင်း ကဗျာတွေ စပ်ခဲ့ကြတယ် ... အဲဒါတွေကို အပိုတွေလို့ ထင်ခဲ့တာ တော်တော်လေး ရူးကြောင်ကြောင် နိုင်တာပဲ ..."

ချန်းနဉ်ကလည်း ဖြူရော်စွာ ပြုံးရင်း ရေရွတ်လိုက်သည်။

"အင်း ... ပိုက်ဆံတို့၊ ရာထူးတို့ ဆိုတာက အမြဲ ပုံသေ ရှိမနေဘူး ... ဒီတစ်နှစ် အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ချန်းမိသားစု အနေနဲ့ သင်ခန်းစာ ယူနိုင်ဖို့ မျှော်လင့်မိတယ် ... ကိုယ့်ရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ ပညာကပဲ ကိုယ့်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်တာ ..."

ချန်းဖန်က လက်ဖက်ရည်ခွက်အား ကိုင်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

"ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်ရမယ် ..."

ချန်းဟွိုက်အန်းက တီးတိုး ရေရွတ်လိုက်၏။

"အမှန်ပဲ ... ကျွန်တော်ကတော့ ချန်းမိသားစုကို သိုင်းပညာ မိသားစုကြီး ဖြစ်စေချင်တယ် ... ချန်းမိသားစုရဲ့ အဓိက မိသားစုဝင်တွေကို သိုင်းပညာ လက်ဆင့်ကမ်း ပေးရမယ် ... ဒီလိုမှပဲ ချန်းမိသားစုက ရေရှည် တည်တံ့လိမ့်မယ် ..."

ချန်းဖန်က တွေးတွေးဆဆ ပြောလိုက်၏။ ချန်းဖန်၏ အဓိက မိသားစုဝင် ဆိုသည့် စကားထဲတွင် ပထမအဒေါ်၊ ချန်းချမ့်ရှင်းနှင့် ချန်းအန်တို့ မပါဝင်ကြောင်း ချန်းနဉ်နှင့် အဘိုးအိုချန်းတို့ သဘောပေါက်လိုက်သည်။

"အရမ်းကောင်းတယ် ..."

ချန်းဟွိုက်အန်းက ချန်းဖန်၏ စကားကို ခေါင်းညိတ် ထောက်ခံလိုက်၏။

"ဒါနဲ့ ... စွန်းမိသားစု၊ ကျိမိသားစုနဲ့ ရမ်မိသားစု တို့ကိုရော ဘယ်လိုလုပ်ဖို့ နင့်မှာ အစီအစဉ်ရှိလဲ ..."

ချန်းနဉ်က ချန်းဖန်အား ကြည့်ရင်း မေးလိုက်၏။

"ဟားဟား ... ငါသူတို့ကို အစက အခွင့်အရေး ပေးထားပြီးပြီ ... ဒါပေမဲ့ ငါသေတယ် သတင်းကြားတာနဲ့ သူတို့က ငါ့မိသားစုကို ဖိနှိပ်ကြတာ ဆိုတော့ ... အဲဒီ အတွက် သူတို့ ပြန်ပေးဆပ် ရမှာပေါ့ ..."

ချန်းဖန်က အေးစက်စွာ ရယ်မောလိုက်၏။ သူ့အနေဖြင့် ထိုမိသားစုများအား ရင်ဆိုင်ရန်မှာ အသေးအဖွဲသာ ဖြစ်သည်။

"အဘိုး ... ကျွန်တော် စွန်းမိသားစုကို သွားလိုက်ဦးမယ် ... မကြာခင် ပြန်လာခဲ့မယ် ..."

ချန်းဖန်က ပြောရင်း လက်ဖက်ရည်ခွက်အား ချလိုက်၏။

ထို့နောက် သူ၏ ခန္ဓာကိုယ်က ရုတ်တရက်ပင် ရွှေရောင် အလင်းတန်းအသွင် ပြောင်းလဲကာ လေထဲ၌ တိုးဝင် ပျောက်ကွယ်သွားတော့၏။

"အင်း ... ခွန်အား ... ခွန်အား ... ခွန်အားရှိရင် ကမ္ဘာကို စိုးမိုးနိုင်တယ် ... ပိုက်ဆံဆိုတာ ခွန်အားနဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့ပါလား ... ငါတစ်သက်လုံး တွေးခဲ့တာတွေက မှားခဲ့တာပဲ ..."

ချန်းဟွိုက်အန်က သက်ပြင်း တစ်ချက်ချရင်း တီးတိုး ရေရွတ်လိုက်တော့သည်။

***

ထိုအချိန် ကျင်းလင်မြို့၊ စွန်းမိသားစု၌ မိသားစု ပါတီပွဲ တစ်ခု ခမ်းခမ်းနားနား ကျင်းပနေ၏။ မီးအလင်းရောင်များက ထိန်လင်းစွာ ထွန်းလင်း တောက်ပနေပြီး အစားအသောက်များမှာလည်း အလျှံပယ်ပင်။

"အစ်ကို ... လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ချန်းမိသားစုက ကျုပ်တို့ကို ခွေးတစ်ကောင်လို ကန်ထုတ်ပစ်ခဲ့တယ် ... ဒါပေမဲ့ တစ်နှစ်ကြာပြီးတဲ့ နောက်မှာ အခြေအနေတွေက ခုလို ဖြစ်လာမယ်လို့ ဘယ်ထင်မိမှာလဲ ... အဲဒီ ချီးထုပ်လေး ဆိုက်ဘေးရီးယားမှာ အသတ်ခံရတာ နည်းတောင် နည်းသေးတယ် ..."

စွန်းမိသားစု၏ တတိယ သခင်ကြီး စွန်းယုဟွာက သေရည်ခွက်ကို မြှောက်ရင်း အော်ကြီးဟစ်ကျယ် ပြောလိုက်၏။

"တတိယ ညီလေး ... မင်းသောက်တာ များနေပြီ ..."

စွန်းရှန်းဟွာက သူ၏ ညီဖြစ်သူအား တားလိုက်၏။ သူ၏ မျက်နှာကမူ တည်ငြိမ်ဟန် မရချေ။

ယခုရက်ပိုင်း၌ စွန်းရှန်းဟွာ၏ စိတ်၌ မရှင်းမရှင်း ဖြစ်နေသော ကိစ္စတစ်ခု ရှိနေခဲ့သည်။ အကြောင်းရင်းကား ဟန်မိသားစု ဒုတိယ သခင်လေး ဟန်ဟုန်ကုံက စွန်းမိသားစုထံသို့ လွန်ခဲ့သည့် နှစ်ပတ်ခန့်မှ စ၍ မဆက်သွယ်တော့ခြင်းပင်။ ထိုကဲ့သို့သော အခြေအနေက တော်တော်လေး ထူးဆန်းနေသည်။

"အဖေ ... တစ်ယောက်ယောက်က ချန်းဖန်ကို အရှေ့တောင်ကြားမှာ တွေ့ခဲ့တယ်လို့ သတင်းတွေ ပျံ့နေတယ် ..."

ထိုအချိန်မှာပင် သခင်လေး စွန်းတန့်မင်က အခန်းအတွင်းသို့ ဝင်လာရင်း ပြောလိုက်၏။

"မဖြစ်နိုင်ပါဘူး ... ငါတူ မင်းလည်း မူးနေပြီလား ... ကောလာဟလတွေကို နားမယောင်နဲ့ကွ ... အဲဒီ ချီးထုပ်က သေပြီ ... ဘာတဲ့ ... ဆိုက်ဘေးရီးယား ... ဟားဟား ..."

မူးနေသော တတိယ သခင်ကြီး စွန်းယုဟွာက အာလေးလျှာလေးဖြင့် ပြောလိုက်သည်။

ထိုစဉ်မှာပင် ရွှေရောင် အလင်းတစ်ခု အခန်းအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့၏။ တစ်ဆက်တည်း လိုလိုပင် ထိုအလင်းတန်းက စွန်းယုဟွာ ရှိရာသို့ ဦးတည်သွားကာ ဦးနှောက်အား ဖျက်ဆီးပစ်လိုက်၏။

"ငါ ဆိုက်ဘေးရီးယားမှာ သေပြီလို့ ဘယ်သူပြောတာလဲ ..."

အေးစက်သော အသံတစ်ခုက ဝင်ပေါက်ရှိရာမှ ပေါ်ထွက်လာခဲ့တော့၏။

***

All Chapters