သူဘယ်သူလဲ
Vol. 5 Ch. 446
ယနေ့ညမှာ စွန်းမိသားစု၏ အောင်ပွဲခံ ပါတီည ဖြစ်သည်။ သို့သော်လည်း ရွှေရောင် အလင်းတန်းက ရုတ်တရက် ပေါ်ထွက်လာကာ တတိယ သခင်ကြီးအား တိုက်ခိုက်ခဲ့သည်။ ထိုအဖြစ်အပျက်က လူတိုင်းအား ကြောက်လန့် အံ့အားသင့်စေသည်။
အခန်းအတွင်းရှိ မိန်းကလေးများစွာမှာ ချောက်ချားဖွယ် အဖြစ်အပျက်ကြောင့် အခန်းအတွင်းမှ ထွက်ပြေးရန် ပြင်နေကြပြီ ဖြစ်သည်။
သို့သော်လည်း ဝင်ပေါက်ရှိရာ၌ ထွက်ပေါ်လာသည့် လူပုံရိပ်ကြောင့် သူတို့၏ ခြေလှမ်းများအား ရပ်တန့်လိုက်ကြသည်။
လူတိုင်းက ထိုပုံရိပ်အား သေချာစွာ အကဲခတ်လိုက်ကြသည်။ သူကား အနက်ရောင် ဝတ်စုံ ဆင်မြန်းထားသည့် လူငယ်တစ်ယောက် ဖြစ်ပြီး လက်နှစ်ဖက်အား နောက်သို့ ပစ်ထားသည်။ သူ၏ မျက်လုံးများကမူ တစ်ချိန်တည်းမှာပင် အမှောင်နှင့် လောင်ကျွမ်းခြင်းတို့ ရောစပ်နေသည်။
"သူက ဘယ်သူလဲ ..."
တူညီသော မေးခွန်း တစ်ခုက လူတိုင်း၏ စိတ်တွင် ပေါ်လာခဲ့သည်။
ချန်းမိသားစုဝင်များထဲတွင် ချန်းဖန်အား တွေ့မြင်ဖူးသူ များများစားစား မရှိလှချေ။ စွန်းမိသားစု ခေါင်းဆောင် စွန်းရှန်းဟွာနှင့် သူ၏သား စွန်းတန့်မင် တို့ နှစ်ယောက်သာ ချန်းဖန်နှင့် ဆုံခဲ့ဖူးသည်။
ချန်းအား တွေ့သည်နှင့် သူတို့ နှစ်ယောက်မှာ သရဲတစ္ဆေ တစ်ကောင်ကို တွေ့ရ သကဲ့သို့ မျက်နှာများ ဖြူရော်နေကြပြီ ဖြစ်သည်။
"နင်က ဘယ်သူလဲ ... ဒါက ပိုင်နက် ကျူးလွန်မှုနော် ... နင် ငါ့မိသားစုကို တစ်ခုခု လုပ်ဖို့ ကြံနေတာလား ..."
စွန်းရှန်းဟွာ၏ ဇနီး ဟယ်ရှို့လီက မေးလိုက်၏။ သူမက အကြောက်အလန့် ကင်းမဲ့စွာဖြင့် ချန်းဖန်အား အေးစက်စွာ ကြည့်နေခဲ့သည်။
"ဟုတ်တယ် ... လုပ်မလို့ ... အဲဒီတော့ ဘာဖြစ်လဲ ..."
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ခြေတစ်လှမ်း တိုးလိုက်၏။
"လူငယ်လေး ... နင့်ရဲ့ ကလေးကွက် မျက်လှည့်တွေနဲ့ ငါ့မိသားစုကို စော်ကားဖို့ စဉ်းစားမနေနဲ့ ... ငါနင့်လို သိုင်းတစ်ကွက်၊ နှစ်ကွက် တတ်တဲ့ လူတွေ အများကြီး တွေ့ဖူးတယ် ... နင်ဘယ်သူလဲ၊ ဘာလိုချင်လဲ ဆိုတာ ငါဂရုမစိုက်ဘူး ... ခုညမှာ နင်တစ်ခုခု လုပ်ရဲရင် အဲဒီအတွက် ပြန်ပေးဆပ်ရမယ် ..."
ဟယ်ရှို့လီက ခိုင်မာစွာ ပြောလိုက်၏။
သူမသည် ကျောင်းဟိုင်၊ ဟယ်မိသားစုမှ ဖြစ်ပြီး အတွေ့အကြုံ များစွာ ကြွယ်ဝသော မိန်းမ တစ်ယောက် ဖြစ်သည်။ ယခုကဲ့သို့ သိုင်းပညာ အနည်းငယ် တတ်ရုံဖြင့် လူတွင်ကျယ် လုပ်နေသော လူငယ်များကို သူမ တွေ့ခဲ့ဖူးသည်။ ထို့ကြောင့်ပင် ချန်းဖန်ကို သူမ ကြောက်လန့်မှု မရှိခြင်းပင်။
"ဟုတ်လား ... ကျုပ်က ကြောက်နေမယ်လို့ ထင်နေတာလား ..."
ချန်းဖန်က အေးစက်စွာဖြင့် သူမအား ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ထိုအချိန်၌ စွန်းရှန်းဟွာနှင့် စွန်းတန့်မင်တို့မှာ ကြောက်လန့်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေကြပြီ ဖြစ်သည်။ သူတို့ကား အေးခဲနေသော ရုပ်တုကြီးများ ကဲ့သို့ ရပ်နေကြကာ အသက်ရှူရန်ပင် ကြောက်လန့်နေကြသည်။ တစ်ချိန်တည်းမှာပင် ချွေးစေးများမှ သူတို့၏ နဖူးထက်၌ စီးကျနေခဲ့၏။
"ဟမ့် ... နင်စော်ကားနေကာ ဘယ်သူ့ကိုလဲ ဆိုတာရော သိရဲ့လား ... စွန်းမိသားစုက ကျင်းလင်မြို့ရဲ့ အင်အား အကြီးဆုံး မိသားစုပဲ ... နောက်ပြီး ရန်ကျင်းရဲ့ ဟန်မိသားစုက ငါတို့ရဲ့ မိတ်ဖက်ပဲ ... နင် ငါ့မိသားစုကို တစ်ခုခု လုပ်ရဲရင် ထောင်ထဲမှာ သေဖို့သာ ပြင်ထားပေါ့ ..."
ဟယ်ရှို့လီက မာနကြီးစွာ ပြောလိုက်၏။
သို့သော်လည်း စွန်းရှန်းဟွာနှင့် စွန်းတန့်မင်တို့၏ ဆက်မပြောရန် အချက်ပြနေသည့် အကြည့်များအား သူမ မျက်လုံးထောင့်မှ တွေ့မြင်လိုက်ရ၏။ ထိုမြင်ကွင်းကြောင့် တစ်ခုခု လွဲချော်နေကြောင်း သတိထားမိသည်နှင့် ဟယ်ရှို့လီ သတိထားမိလိုက်၏။
"တွေ့ရတာ ဝမ်းသာပါတယ် ... ဆရာချန်း ..."
စွန်းရှန်းဟွာက စိတ်များအား ပြန်လည် စုစည်းရင်း ချန်းဖန်ရှေ့သို့ လျှောက်လာကာ နှုတ်ဆက်လိုက်၏။
"ဆရာချန်း ... ဘယ်လို ဆရာချန်း ဟုတ်လား ..."
လူတိုင်းက ချန်းဖန်အား ဆွံ့အစွာဖြင့် အသေအချာ ကြည့်လိုက်ကြ၏။ ထိုလူငယ်၏ ရုပ်ရည်ကား သူတို့၏ အိပ်မက်များထဲမှ နတ်ဆိုးနှင့်များစွာ တူညီနေကြောင်း သူတို့ သတိပြုမိလိုက်သည်။
"သူ ... သူက ကျန်းပေ့ရဲ့ ဆရာချန်း ... ချန်းမိသားစုရဲ့ ချန်းပေ့ရွှမ်း ..."
တစ်စုံတစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်၏။ အခန်းအတွင်းရှိ လူများစွာမှာလည်း ချန်းဖန်အား မျက်တောင် မခတ်တမ်း ကြည့်နေမိကြတော့သည်။
"နင် ... နင်က ဆိုက်ဘေးရီးယားမှာ သေသွားတာ မဟုတ်ဘူးလား ..."
ဟယ်ရှို့လီ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် သွေးဆုတ်နေခဲ့ပြီ ဖြစ်သည်။ ထို့အတူ သူမ၏ ယုံကြည်ချက်ရှိသော ပုံစံမှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
"ရုရှားတွေက ဗုံးကြဲ တိုက်ခိုက်ပေမဲ့ ငါ့ကို အသေမသတ်နိုင်ပါဘူး ..."
ချန်းဖန်က အခန်းအတွင်း ဖြည်းညင်းစွာ လျှောက်လာခဲ့၏။ ထို့နောက် သူက ခုံတစ်လုံးကို ဆွဲယူကာ ထိုင်လိုက်၏။ သူ၏ မျက်နှာတွင်မူ နွေးထွေးပြီး ခင်မင် ရင်းနှီးသော အပြုံးတစ်ခုက ဆင်မြန်းနေခဲ့သည်။
"အားလုံးပဲ ... ထိုင်ကြပါနော် ... စိတ်မရှိပါနဲ့ ... ခင်ဗျားတို့ ပါတီကို ဖျက်ဖို့ လာတာ မဟုတ်ပါဘူး ..."
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့စွာကြည့်ရင်း စိတ်မပါ လက်မပါ ထိုင်လိုက်ကြသည်။
ချန်းဖန်၏ အပြုအမူက ခင်မင် ရင်းနှီးဟန် ပေါ်နေသော်လည်း တတိယ သခင်ကြီးစွန်း၏ ခန္ဓာကိုယ်က သူတို့အား စိတ်မသက်မသာ ဖြစ်စေသည်။
"ဒီအဒေါ်က အမှန်ကို ပြောတာပါ ... စွန်းမိသားစုက ကျင်းလင်မြို့ရဲ့ နံပါတ်တစ် မိသားစုပါပဲ ... ဟင်း ... ဒါပေမဲ့ ... ဒီလို မိသားစုကြီးရဲ့ ကျဆုံးခန်းကို မြင်ရမှာ နှမြောစရာ ကောင်းလိုက်တာ ..."
ချန်းဖန်က သက်ပြင်းတစ်ချက်ချရင်း ဝိုင်ခွက် တစ်ခွက်အား ကောက်ယူလိုက်၏။
"ဆရာချန်း ... သူ့စကားကို ဗွေမယူပါနဲ့ ... အဲဒီ မိန်းမက သူပြောတဲ့ စကားကို သူမသိပါဘူး ..."
စွန်းရှန်းဟွာက အပြုံးတစ်ခုအား ဆင်မြန်းရင်း တောင်းပန်လိုက်၏။ သို့သော်လည်း သူ၏ ရင်ထဲတွင်မူ မီးတောင် တစ်လုံး ပေါက်ကွဲနေသကဲ့သို့ ဆူညံနေခဲ့သည်။ ထိုလူငယ်ကား စည်းကမ်းကင်းမဲ့ ရိုင်းစိုင်းကာ ရှန်းမိသားစု တစ်ခုလုံးအား အမြစ်ပြတ် သုတ်သင်ခဲ့သည်။ ထို့အပြင် တန်ကျင်းဖန်ကိုလည်း လူမြင်ကွင်း၌ သတ်ဖြတ်ခဲ့သေးသည်။ အဆိုးဆုံးကား ထိုလူငယ်မှာ ရုရှားများ လက်ကပင် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
"မင်း ငါ့ကို သိတယ် ဆိုရင် ငါ့ရဲ့ စည်းမျဉ်းတွေ အကြောင်းလည်း မင်းသိရမှာပေါ့ ... မင်းတို့ စွန်းမိသားစုကို ကျင်းလင်မြို့မှာ ထပ်မတွေ့ချင်ဘူးလို့ ငါမပြောဘူးလား ..."
ချန်းဖန်က ဝိုင်ခွက်ကို မော့ချရင်း စွန်းရှန်းဟွာအား ကြည့်လိုက်၏။
သူ၏ စကားလုံးများက စွန်းရှန်းဟွာအား အေးခဲသွားစေပြန်သည်။ ဤသို့ဆိုလျှင် ဆရာချန်းက သူတို့အား ညှာတာရန် ဖြစ်နိုင်ချေ မရှိတော့ပေ။
"ချန်း ... ဆရာချန်း ... ခဏလောက်... ကျွန် ... ကျွန်တော် ရှင်းပြတာ ... နားထောင်ပေးပါ ..."
စွန်းရှန်းဟွာက အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်၏။
"မင်းက ငါသေပြီလို့ ထင်နေတာ မလား ... ဒါကြောင့်ပဲ ငါ့စည်းမျဉ်းတွေကို မလိုက်နာခဲ့တာလေ ..."
ချန်းဖန်က ပြုံးလိုက်၏။
"အင်းပေါ့ ... ငါတစ်နှစ်လောက် ပျောက်နေတာ ဆိုတော့ ... လူတွေက ငါ့ကို မေ့နေလောက်ရောပေါ့ ... ကျန်းနန်နယ်က လူတွေကို သတိပေးရဦးမှာပဲ ..."
အခန်းအတွင်းရှိ လူတိုင်းကာ ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။ ချန်းဖန်၏ စကားထဲမှ "သတိပေးရဦးမှာပဲ" ဆိုသည့် စကား၏ အဓိပ္ပာယ်ကို သူတို့ ကောင်းစွာ သဘောပေါက်သည်။
ရုတ်တရက် စွန်းရှန်းဟွာက ဒူးထောက်လိုက်ရင်း...
"ဆရာချန်း ... ဒါက ကျွန်တော့် အမှားတွေပါဗျာ ... ကျွန်တော်တို့ကို ကျင်းမြို့တော်ကနေ ထွက်ခွာခွင့် ပေးပါ ... ကျွန်တော်တို့ ဘယ်တော့မှ ပြန်မလာတော့ပါဘူး ...ကျွန်တော်တို့ရဲ့ အသက်တွေကို ချမ်းသာပေးပါ ..."
"အဖေ ... ဘာလို့ သူ့ကို ကြောက်နေရတာလဲ ... သူ တကယ် ကျွန်တော်တို့ကို သတ်ရဲမယ် ထင်နေတာလား ... ဟန်မိသားစုနဲ့ တရုတ် အစိုးရက သူ့ရဲ့ လုပ်ရပ်တွေကို ခွင့်ပြုမှာ မဟုတ်ဘူး ..."
သူ့အဖေ၏ သနားစဖွယ် တောင်းပန်နေမှုအား ကြည့်ရင်း စွန်းတန့်မင်မှာ သွေးများ ဆူပွက်လာခဲ့တော့သည်။ စွန်းမိသားစု၏ သခင်လေးကား ဆင်ခြင်နိုင်စွမ်း ကင်းမဲ့စွာဖြင့် ချန်းဖန်အား ဒေါသတကြီး ကြည့်နေခဲ့သည်။
"ဟုတ်တယ် ... ဟန်မိသားစုက ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး ..."
ဟယ်ရှို့လီကလည်း တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"ဟန်မိသားစုလား ..."
ချန်းဖန်က အေးစက်စွာ ပြုံးလိုက်၏။
"လွန်ခဲ့တဲ့ ငါးရက်တုန်းက ရုရှား မြောက်ပိုင်း စစ်ဌာနချုပ်ရဲ့ ဗိုလ်ချုပ် တစ်ယောက်ကို ငါသတ်ခဲ့တယ် ... ဟန်မိသားစုက အဲဒီအကြောင်း မင်းတို့ကို ပြောမထားဘူးလား ..."
"ဘယ်လို ..."
စွန်းရှန်းဟွာမှာ တစ်စုံတစ်ခုအား နားလည် သွားခဲ့၏။ ဟန်မိသားစု သူတို့အား ရုတ်တရက် အဆက်အသွယ်ဖြတ်သွားသည့် အကြောင်းရင်းမှာ ချန်းဖန်၏ ပြန်လည် ပေါ်ထွက်လာမှုကြောင့်ပင် ဖြစ်ရမည်။
"မဖြစ်နိုင်ပါဘူး ... မဖြစ်နိုင်ပါဘူး ..."
စွန်းတန့်မင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
"ငါတစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံနေတဲ့ အတွင်းမှာ မင်းတို့က ကတိကို ချိုးဖောက်ပြီး ချန်းမိသားစုကို ဖိနှိပ်ခဲ့တယ် ... ငါ့အဘိုးဆို မင်းတို့ကြောင့် သေတော့မလို ဖြစ်ခဲ့ရတယ် ... ငါမင်းတို့ကို ဘာလုပ်သင့်တယ် ထင်လဲ ..."
ချန်းဖန်က ဝိုင်များကို လည်ချောင်းအတွင်း နောက်တစ်ကြိမ် သွန်ချလိုက်ရင်း မေးလိုက်၏။ သူ၏ စကားလုံးများမှ ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ထိုစကား၏ ဖိအားကမူ အလွန်ပြင်းထန် လွန်းသည်။
"မင်းတို့ကို ညှာတာခဲ့လို့ ချန်းမိသားစု ဒုက္ခ ရောက်ခဲ့ရပြီးပြီ ... အဲဒီလို အမှားမျိုး နောက်တစ်ကြိမ် ငါထပ်လုပ်မှာ မဟုတ်ဘူး ..."
ချန်းဖန်က ဝိုင်ခွက်ကို ပြန်ချရင်း အဝါရောင် ကျောက်မျက်ကို ထုတ်ယူလိုက်၏။
"ဓား ... နိုးထစမ်း ..."
ရွှေရောင် စွမ်းအားများက အဝါရောင် ကျောက်မျက် အတွင်းမှ စီးဆင်း ထွက်လာခဲ့၏။ ထိုရွှေရောင် စွမ်းအားမှာ အပြင်သို့ ရောက်သည်နှင့် တစ်ဆယ် စင်တီမီတာခန့် ရှည်သော ဓားတစ်ချောင်း အဖြစ် ဖွဲ့စည်းကာ ဖန်အိမ် အတွင်းမှ ရွှေငါးကဲ့သို့ ကခုန်သည်။ စွန်းတန့်မင်မှာ ချန်းဖန်နှင့် နီးကပ်သော ရှိနေခဲ့ရာ ဓား၏ ကိုယ်ထည်ရှိ စားလုံးနှစ်ခုအား ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။
"အမတေ အားဖြည့်ခြင်း ..."
"ဒီဓားက အမတေ အားဖြည့်ခြင်း လို့ ခေါ်တာလား ..."
ထိုအတွေးကား စွန်းတန့်မင် နောက်ဆုံး တွေးလိုက်သော အတွေးပင်။ ထိုအတွေးဆုံးသည်နှင့် သူ၏ ကမ္ဘာကြီးကား အမှောင်ထုဖြင့် စိုးမိုး သွားတော့၏။
ရွှေရောင်ဓားက အခန်းအား စက်ဝိုင်းသဏ္ဌာန် ဝိုင်းပတ်ရင်း ချန်းဖန်၏ လက်အတွင်းသို့ ပြန်ရောက်လာခဲ့၏။ စွန်းမိသားစုဝင် များစွာကား မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သတိမထား မိလိုက်ကြချေ။
"ပွက် ..."
စွန်းမိသားစုဝင်တိုင်း၏ ဦးခေါင်း၌ သွေးစင်းကြောင်း တစ်ခု ပေါ်လာကာ အူကြောင်ကြောင် အမူအရာများ ဖြစ်ပေါ်လာတော့သည်။ သူတို့တွင် အသိစိတ် ရှိကြဟန် မပေါ်တော့ပေ။ ဓားကား စွန်းမိသားစုဝင်တိုင်းကို သေခြင်းတရားထက် ပိုမိုသော ဘဝကို ပေးအပ်ခဲ့သည်။
မြေပြင်ပေါ်၌ ဒူးထောက်နေသည့် စွန်းရှန်းဟွာ တစ်ယောက်သာ ထိုတိုက်ခိုက်မှုမှ ကင်းလွတ်ခဲ့သည်။
သူက တုန်ယင်စွာဖြင့် ချန်းဖန်အား လက်ညှိုးထိုးလိုက်ရင်း ...
"မင်း လုပ်ရဲတယ်ပေါ့ ... မင်း ... ငါ့မိသားစု တစ်ခုလုံးကို ခုလို လုပ်ရဲတယ်ပေါ့ ..."
"ဒါပေါ့ ဘာလို့ မလုပ်ရဲ ရမှာလဲ ..."
ချန်းဖန်က ပြုံးရင်း ထိုင်ရာမှ ထလိုက်၏။
ထို့နောက် စွန်းရှန်းဟွာ၏ ဦးခေါင်းကို လက်ဖြင့် တစ်ချက်ထိကာ အခန်းထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့၏။ သူ အခန်း အပြင်သို့ ရောက်သည်နှင့် စွန်းရှန်းဟွာ၏ ခန္ဓာကိုယ်မှာ မြေပြင်သို့ တအိအိ ကျဆင်းသွားတော့သည်။
၂၀၁၀၊ မတ်လ ၁၀ ရက် ...
ချန်းပေ့ရွှမ်း အိမ်သို့ ပြန်ရောက်လာကာ စွန်းမိသားစုအား ဖျက်ဆီးခဲ့၏။
ထိုသတင်းကား ကျန်းနန်နယ်သို့ မုန်တိုင်းတစ်ခု အလား ပျံ့နှံ့သွားတော့သည်။
***