လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခြင်း
Vol. 5 Ch. 447
စွန်းမိသားစု၏ ကျဆုံးခန်းကား အစမျှသာ ဖြစ်သည်။ ချန်းဖန် ပျောက်ကွယ်နေစဉ် ကာလအတွင်း၌ ချန်းမိသားစုအား ဖိနှိပ်ခဲ့သည်မှာ စွန်းမိသားစု တစ်ခုတည်း မဟုတ်ချေ။ ကျင်းလင်မြို့တော်၏ ရမ်မိသားစုနှင့် ဟွာမိသားစု များမှာလည်း ပါဝင် ပတ်သက်နေသည်။
"မင်းတို့က ကြံရာပါတွေ ဆိုတော့ ... မင်းတို့ရဲ့ အသက်ကိုတော့ ချမ်းသာပေးရမှာပေါ့ ... ဒါပေမဲ့ အပြစ်တော့ ပေးရမယ် ..."
"အဓိက ပါဝင် ပတ်သက်တဲ့သူတွေ အတွက်တော့ ... သေလမ်း တစ်ခုပဲ ရှိတယ် ..."
ချန်းဖန်က အဝေးသို့ မျှော်ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အဇူရာ အလင်းတန်း အသွင်ပြောင်းကာ မူလ နေရာမှ ပျောက်ကွယ်သွားတော့၏။
ချန်းဖန်က အဇူရာ အလင်းတန်း အသွင်ဖြင့် ကောင်းကင်၌ ပျံသန်းရင်း နတ်ဘုရား စိတ်အာရုံကို ကျင်းမြို့တော် တစ်ခုလုံးသို့ ဖြန့်ကြက်လိုက်သည်။ ချန်းဖန်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် ထိပ်ဆုံးသို့ ရောက်နေပြီ ဖြစ်ရာ သူ၏ နတ်ဘုရား စိတ်အာရုံမှာလည်း တစ်ဆယ် ကီလိုမီတာ အထိ ဖြန့်ကြက်နေနိုင်ပြီ ဖြစ်သည်။
"ကျင်းလင်မြို့ ရမ်မိသားစု ... မိသားစု ခေါင်းဆောင် နာမည်က ရမ်ကျန့်လင် ... အသက် ၅၆ ... ရမ်ဘဏ္ဍာရေး လုပ်ငန်းစု ပိုင်ရှင် ... လိပ်စာ တွန်ဆမ် ဂေါ့ဖ်အပန်းဖြေ စခန်း၊ ယူနစ် ရှစ် ..."
"ကျင်းလင်မြို့ ဟွာမိသားစု ... မိသားစု ခေါင်းဆောင် နာမည်က ဟွာကျစ်ဟောင် ... အသက် ၄၈ ... ဟွာလုပ်ငန်းစု ပိုင်ရှင် ... လိပ်စာ ရှန့်ရှ ခရိုင်၊ ရီဟယ် ခြံရာကွက် ..."
"ကျင်းလင်မြို့ ကုန်းမိသားစု ... မိသားစု ခေါင်းဆောင် ကုန်းလျှိုကျီ ... အသက် ၆၉ ... သုံးချောင်းထောက် ဆေးအိုးနီရဲ့ အရင်ပိုင်ရှင် ... အခု လက်ရှိ နေတဲ့ နေရာက ..."
ချန်းဖန်က ပျံလွှားနီလေးထံမှ အကူအညီ တောင်းထားသော အချက်အလက်များကို ပြန်လည် စဉ်းစားလိုက်၏။ ထိုအချက်အလက်များတွင် ကျင်းလင်မြို့ရှိ အင်အားကြီး မိသားစုများ၊ ခေါင်းဆောင်များ၏ မျက်နှာများ၊ အသက်များ၊ နေရပ်လိပ်စာ စသဖြင့် စုံလင်စွာ ပါဝင်သည်။ ချန်းဖန်က ထိုလူများ အားလုံးကို နတ်ဘုရား စိတ်အာရုံ အသုံးပြု၍ အမှတ်အသား ပြုလိုက်သည်။
ချန်းဖန် အနေဖြင့် ထိုမိသားစု များထဲမှ မည်သူက ချန်းမိသားစုကို စော်ကားခဲ့ကြောင်း ဂရုစိုက် မနေပေ။ အကယ်၍ မိသားစုတစ်ခုမှ ချန်းမိသားစုအား စော်ကားခဲ့လျှင် ထိုတစ်မိသားစုလုံး အပြစ်ပေးခံရမည် ဖြစ်သည်။
"နိုးထစမ်း ..."
ချန်းဖန်က မြေပြင်သို့ ညင်သာစွာ ဆင်းရင်း တီးတိုး ရေရွတ်လိုက်၏။
သူ၏ စကားဆုံးသည်နှင့် အဝါရောင် ကျောက်မျက် အတွင်းမှ ရွှေရောင်အလင်းတန်း တစ်ခု ပေါ်ထွက်လာကာ မိုးကုပ်စက်ဝိုင်းသို့ ထိုးဖောက်သွား၏။ တစ်နှစ်ခန့် ကြာအောင် သန့်စင် အပြီး၌ ဓားပျံမှာ ပိုမို အစွမ်းထက်လာသလို ထိန်းချုပ်ရန်မှာလည်း ပိုမို လွယ်ကူလာခဲ့သည်။
"အမတေ အားဖြည့်ခြင်းဓား" က ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံ ထိန်းချုပ်မှုအောက်၌ ပင်ကို အသိစိတ်ရှိသည့် သတ္တဝါ တစ်ကောင်နှယ် လျှင်မြန်စွာပင် ပျံသန်းနေ၏။
ကျင်းမြို့တော်၊ ရှန့်ရှ ခရိုင်၊ ရီဟယ် ခြံရာကွက် ...
ဟွာမိသားစု ခေါင်းဆောင် ဟွာကျစ်ဟောင် ...
ကုန်းမိသားစု ခေါင်းဆောင် ကုန်းလျှိုကျီ ...
ဟူမိသားစု ခေါင်းဆောင် ...
ဝူမိသားစု ခေါင်းဆောင် ...
...
မျက်စိ တစ်မှိတ် အတွင်းမှာပင် မိသားစု ဆယ့်ခြောက်ခုမှ ခေါင်းဆောင်များအား ချန်းဖန် သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သည်။ ထိုအထဲတွင် ဟွာမိသားစုကဲ့သို့ မိသားစုကြီးများ ပါသကဲ့သို့ ဟူမိသားစု၊ ဝူမိသားစုတို့ ကဲ့သို့ အလယ်အလတ် မိသားစုများလည်း ပါဝင်သည်။
အကယ်၍ သူတို့က ချန်းမိသားစုအား လက်ညှိုးဖြင့် ထိုးခဲ့လျှင်ပင် ထိုအတွက် ပြန်လည် ပေးဆပ်ရပေမည်။
ပျံလွှားနီလေး အပါအဝင် မည်သူကမျှ ချန်းဖန် ထိုမျှ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံက ပစ်မှတ်များကို ရှင်းလင်းစွာ မှတ်သားထားရာ အရာအားလုံးက စက္ကန့်ပိုင်း အတွင်းတွင်ပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
"အမတေ အားဖြည့်ခြင်း ဓားက လက်စားချေတဲ့ နေရာမှာ အဆင်ပြေတာပဲ ... ဒါပေမဲ့ ငါက ဒီဓားကို ကိုယ်ပိုင် စွမ်းအား အဖြစ် ပြောင်းဖို့လောက်ထိ ငါက အစွမ်းမထက်သေးဘူး ... ခုအခြေအနေမှာ ဒီဓားက အခြေတည် ဖွဲ့စည်းခြင်းအဆင့် ဓားပျံတစ်ချောင်း သာသာပါပဲ ..."
"ဒင် ..."
ချန်းဖန်၏ ထိန်းချုပ်မှု အောက်၌ ဓားက ကောင်းကင်မှ မြစ်ရှိရာသို့ ဆင်းသက်သွား၏။ ထိုနေရာကား တန့်မိသားစု ရှိရာ နေရာပင်။
"ဒါက ကျင်းမြို့ရဲ့ နောက်ဆုံး မိသားစုပဲ ..."
ချန်းဖန်၏ မျက်လုံး၌ အေးစက်သော အလင်းတစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုအချိန် ကျင်းမြို့တော် မြစ်ကမ်းပါး အနီး၊ တန့်မိသားစု ခြံဝန်း အတွင်းတွင် ...
အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးမှာ မြေရေစီးဆင်းနေမှုကို ကြည့်ရင်း ထိုင်လျက် ရှိ၏။ သူဟ အမူအရာက ထိုင်းမှိုင်းနေပုံ ပေါ်ကာ အဝေးသို့ လှမ်းမျှော်ကြည့်လျှင် ရှိနေ၏။ သူ၏ ဘေးတွင်မူ မြင်းမြီးသဏ္ဌာန် ဆံပင်စည်းထားသည့် မိန်းကလေး တစ်ယောက် ရှိနေ၏။ သူမ ဆင်မြန်းထားသည့် တစ်ခုတည်းသော ရတနာကား ချောမွေ့သော လည်ပင်းထက်၌ ဆင်မြန်းထားသည့် ဗုဒ္ဓ လည်ဆွဲ တစ်ခုသာ။
မိန်းကလေးက အဘိုးအိုအား လက်ဖက်ရည် တစ်ခွက် ကမ်းပေးလိုက်၏။
"အဖေ ... ဘာလို့ ဒီလောက် အေးတဲ့ နေရာမှာ နေနေရတာလဲ ... လက်ဖက်ရည် ပူပူလေး သောက်လိုက်ပါဦး ..."
"အရူးမလေး ... မင်းအဖေက အထွတ်အထိပ် တစ်ပိုင်း အဆင့်ကို ရောက်နေပြီ ... ဒီအအေးဒဏ်လောက်က အဖေ့ကို ထိခိုက်စေမယ် လို့ ထင်နေတာလား ..."
အဘိုးအိုက ပြောလိုက်၏။ ထို့နောက် အဘိုးအိုက သက်ပြင်းချရင်း ရေရွတ်လိုက်၏။
"ဆရာချန်းသာ ပြန်လာရင် သူ့ကို ဘယ်လိုရှင်းပြရမယ် မသိဘူး ..."
ထိုအဘိုးအိုနှင့် မိန်းကလေးတို့မှာ တန့်ယွမ်ချင်းနှင့် သူ၏ သမီး တန့်ရီဖေးတို့ပင် ဖြစ်သည်။
"ဒါက အဖေ့ရဲ့ အမှား မဟုတ်ပါဘူး ... ချမ်းဖန်က အချိန် အကြာကြီး ပျောက်နေတော့ သူသေပြီလို့ လူတိုင်းက တွေးနေကြတာ ... နောက် သူ့မှာက ရန်သူတွေ အများကြီး ရှိတာ ဆိုတော့ ချန်းမိသားစုကို ကာကွယ်ဖို့ သမီးတို့ အတွက် မဖြစ်နိုင်ဘူးလေ ... သမီးတို့ အသက်ရှင်နေတာတောင် ကံကောင်းတယ် ..."
တန့်ရီဖေးက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
"ဟမ့် ... သူက သူ့ကိုသူ ပြိုင်ဘက်ကင်းပြီ ထင်နေတာ ... ရုရှားတွေရဲ့ ရှေ့ရောက်တော့ သူ့သိုင်းပညာတွေက ဘာအသုံးဝင်သေးလဲ ... သမီးတို့နဲ့ ချန်းမိသားစုကို ဒုက္ခတွင်းထဲ ထားခဲ့ပြီး သူ သေတော့မလိုတောင် ဖြစ်ခဲ့တာ ..."
"သူတို့ဘက်မှာ လင်းမိသားစုရဲ့ ပံ့ပိုးမှု ရှိနေတော့ သမီးတို့က ဘာလုပ်နိုင်မှာပဲ ... သူတို့မှာ လင်းတရှန် ရှိတယ် ... သမီးတို့မှာရော ဘယ်သူရှိလဲ ..."
မိန်းကလေးက စိတ်ဆိုးမာန်ဆိုး ပြောနေသည့်တိုင် သူမ၏ မျက်ဝန်းများထဲ၌ ဝမ်းနည်းမှု အရိပ်အယောင်များ ရှိနေခဲ့၏။
"ဟင်း ... ဆရာချန်းက အဖေတို့ကို ရှင်းပြခွင့်ပေးဖို့ပဲ မျှော်လင့်ရတော့မှာပဲ ..."
တန့်ယွမ်ချင်းက သက်ပြင်း ချလိုက်၏။
ရုတ်တရက် အသံတစ်ခုက သူတို့နောက်နားမှ ထွက်ပေါ်လာခဲ့၏။
"အင်း ... ရှင်းပြစမ်းပါဦး ..."
***