စစ်သူကြီးဝမ်
Vol. 4 Ch. 52
စူးချင်းက တိုက်ရိုက်မေးလိုက်သည်။ သခင်ကြီးချင်က ကျိရှောင်ယင်ကို ကြည့်နေရင်း မည်သူ့အကြောင်းကို တွေးနေသည်ကို သူမ သိချင်နေမိသည်။ ကျိရှောင်ယင်နှင့် ကျိရွှေရှန့်တို့၏သွင်ပြင်လက္ခဏာများက သာမာန်ရွာသားများကဲ့သို့ မရိုးရှင်းကြောင်း သူမ၏ပင်ကိုယ်အသိက သူမကို ပြောပြနေခဲ့သည်။
“သူ(မ)က ငါ့ရဲ့မွေးစားသမီးလေးလေ.... သူ(မ)က အချစ်အတွက် သူမရဲ့ခင်ပွန်းနဲ့အတူ သေဆုံးသွားခဲ့တာ ဆယ့်ခြောက်နှစ်တောင် ရှိသွားပြီ”
သခင်ကြီးချင်က စိတ်လှုပ်ရှားနေပုံဖြင့် ပြန်ဖြေလိုက်သည်။ သူမက သူမအတွက် သေခြင်းကင်းလွှတ်ခွင့် ရွှေတံဆိပ်ပြားတစ်ခုရရန် ကြိုးစားပေးခဲ့ဖူးသော်လည်း သူမက အချစ်အတွက် အသေခံရန်သာ တောင်းဆိုခဲ့သည်။
သခင်ကြီးချင်က ကျိရှောင်ယင်ကို ကြင်နာသော အကြည့်ဖြင့် ထပ်ကြည့်လိုက်သည်။
"ငါရဲ့မွေးစားမြေးလေး ကျန်းကျန်းမာမာ ရှိနေသေးရင် ရှောင်ယင်ရဲ့အသက်အရွယ်လောက် ရှိနိုင်တယ်"
"ရှင့်ရဲ့မွေးစားသမီးက ဘာလို့ အချစ်ကြောင့်သေရတာလဲ? ကျွန်မ မေးလို့ရမလား?"
စူးချင်းက တည်ငြိမ်သော အမူအရာဖြင့် ဆက်လက်မေးမြန်းနေသည်။ ကျိရှောင်ယင်ကလည်း သခင်ကြီးချင်၏ စကားကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူမ၏ အနက်ရောင် မျက်လုံးကြီးများက သခင်ကြီးချင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကာ စားပွဲပေါ်ရှိ အရသာရှိသော အစားအစာကို စားရန်ပင် စိတ်မ၀င်စားပေ။
သူမ သည်းမခံနိုင်တော့ပဲ အဲ့ဒိအမျိုးသမီးအကြောင်းကို တကယ် သိချင်နေမိတယ်။
“အတိတ်အကြောင်းကို မပြောဘဲ နေကြရအောင်။ မင်းတို့စားချင်သောက်ချင်စိတ်ကို ငါ့ကြောင့် မထိခိုက်စေနဲ့"
သခင်ကြီးချင်က သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ရင်း စကားစဖြတ်လိုက်သည်။ သူက ဤအကြောင်းအရာကို ဆက်မပြောချင်တော့သည်မှာ ထင်ရှားနေသည်။ သူက ရှောင်ယင်ကို ကလေးတစ်ယောက်အား ကြည့်နေသလိုမျိုး ချစ်ခင်ကြင်နာစွာ ကြည့်နေရင်း သန့်စင်သော တူတစ်ချောင်းကို အသုံးပြုကာ ရှောင်ယင်အတွက် အကြားအုပ်ထားသော ကန်စွန်းဥတစ်ပိုင်း ထည့်ပေးလိုက်သည်။
စူးချင်းက အဘိုးအို ပြန်မဖြေချင်သည်ကို နားလည်လိုက်ပြီး ဆက်မမေးတော့ပေ။ ထိုအစား သူမက ခေါင်းငုံ့ပြီး ထမင်းဆက်စားနေလိုက်သည်။ ဤစားသောက်ဆိုင်ရှိ ဟင်းလျာများအားလုံးက ကောင်းမွန်လှပြီး အထူးသဖြင့် ကျော်ကြားသည့် ဟင်းပွဲဟု ယူဆနိုင်သော ရှီဟူငါးပေါင်းက ပို၍ စားကောင်းနေသည်။
ထိုဟင်းအတွက် ပြင်ဆင်ရမည့် အရာမျာနှင့် ချက်ပြုတ်သည့်နည်းလမ်းမျာကို ရှောင်ချီက သူမကို ပြောပြထားပြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမတို့က မြို့ထဲကို ရောက်နေတာဆိုတော့ သူမ လိုချင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်ဖို့ လွယ်ကူလိမ့်မယ်။
စူးချင်းက အရေးကြီးသော အရာတစ်ခုကို သတိရသွားပြီး သူမ၏တူများကို ပြန်ချလိုက်ကာ သခင်ကြီးချင်ကို လှမ်းပြောလိုက်သည်။ "ကျွန်မမှာ သခင်ကြီးချင်ကို အကူအညီတောင်းချင်တာတစ်ခု ရှိတယ်၊ တစ်ယောက်ယောက်ကို စေလွှတ်ပြီး မြို့တံခါးမှာ စောင့်ကြည့်ခိုင်းလို့ ရနိုင်မလား? ကျွန်မတို့ အဖွဲ့ကလူတွေကို တွေ့ရင် ပြန်လာပြီး ကျွန်မတို့ကို အကြောင်းကြားပေးရင် ရပါပြီ"
သူမနှင့် ရှောင်ယင်တို့က အတော်လေး မြန်မြန်ဆန်ဆန် ခရီးနှင်နိုင်ခဲ့ပြီး ကျိရွှေရှန့်နှင့် ကျန်သူများက ညဘက်တွင် ကျင်းချန်သို့ ရောက်ရှိလာနိုင်သည်။ သို့သော်လည်း ကျင်းချန်မှ မြို့စောင့်တပ်သားများက ဘေးဒဏ်သင့်သူများကို မြို့ထဲသို့ ဝင်ခွင့်ပြုမည် မဟုတ်ပေ။ စူးချင်းက သူမတို့ ထောင်ဟွားဝူအဖွဲ့မှ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေခဲ့သည်။
"မြို့ပြင်မှာ စောင့်ဖို့ လူတွေကို စေလွှတ်ထားပြီးသားပါ"
သခင်ကြီးချင်၏ခံစားချက်များက ပုံမှန်ပြန်ဖြစ်သွားပြီး သူက စူးချင်းကို အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
စူးချင်းက သူ့ကို ခပ်တော့တောင့် ကျေးဇူးတင်လိုက်သည်။ သူမက ထိုစကားများလုံးကို ချောချောမွေ့မွေ့ မပြောနိုင်သေးပေ။
"ရပါတယ်။ ငါက နတ်ဆေးဆရာမလေးကို နှောင့်နှေးစေခဲ့တာပါ။ ငါ ကူညီပေးသင့်ပါတယ်”
အံ့ဖွယ်သမားတော်က သူ့ကို ကျေးဇူးတင်စကားပြောလာမည်ဟု မမျှော်လင့်ထားသောကြောင့် သခင်ကြီးချင်က သဘောတကျ ပြုံးနေမိသည်။ ထိုအရာက သူမနှင့် အလှမ်းဝေးသော စကားဖြစ်ပုံရသည်။
ထမင်းစားပြီးနောက် သူတို့သုံးယောက် တည်းခိုဆောင်သို့ ပြန်လာခဲ့ကြသည်။ သခင်ကြီးချင်က စူးချင်းနှင့် ကျိရှောင်ယင်ကို စောစောအနားယူရန် အကြံပေးလိုက်သည်။ သူက သူ့အခန်းကို ပြန်လာခဲ့ပြီး ကခုန်နေသော ဖယောင်းတိုင်မီးတောက်ကို ကြည့်နေရင်း သူ့၏မွေးစားသမီးလေးအကြောင်းကို ပြန်တွေးနေခဲ့သည်။
သူ့သူငယ်ချင်းဟောင်း မသေဆုံးမီ သူ့ကို ဒီတာဝန် အပ်နှင်းထားခဲ့ပေမယ့် သူကတော့ သူမနဲ့ စစ်သူကြီးရှောင်းကို မကာကွယ်နိုင်ခဲ့ပါဘူး။ သူ သူ့သူငယ်ချင်းဟောင်းအပေါ် တာဝန်မကျေသလို ခံစားရပြီး အပြစ်မကင်းသလို ခံစားနေရတယ်။
စူးချင်းတို့လည်း သူမတို့၏အခန်းဆီသို့ ပြန်သွားခဲ့ကြပြီး သူမတို့ ပြန်ရောက်ချိန်တွင် တံခါးဝ၌ ရပ်နေသော တည်းခိုဆောင်တာဝန်ခံကို တွေ့လိုက်ရသည်။ စူးချင်းတို့ ပြန်ရောက်လာသည်ကို မြင်သည်နှင့် တာဝန်ခံက အလျင်စလို ဦးညွှတ်လိုက်ပြီး တောင်းပန်လာသည်။ "သခင်မလေး၊ တကယ်ကို တောင်းပန်ပါတယ်"
စူးချင်းက သူ့ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။ သူမက ဘာဖြစ်နေသည်ကို အကြမ်းဖျင်း တွေးမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူမသာ အရင်ဘဝတုန်းကလို ဒေါသကြီးနေသေးရင် သူမရဲ့အခန်းကို လာလုတဲ့သူက သေသွားလိမ့်မယ်။
"အခန်းပြောင်းပေးဖို့ ဖြစ်နိုင်မယ်လို့ သခင်မလေး ထင်လား? စစ်သူကြီးဝမ်က ဒီအခန်းမှာ နေထိုင်နေပါပြီ”
တည်းဖိုဆောင်၏တာဝန်ခံက စူးချင်း၏ အေးစက်သောအကြည့်ကို ရင်ဆိုင်နေရပြီး သူ၏ ဦးရေပြားပင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ အအေးဓာတ်က သူ့ခြေထောက်မှ သူ့ကျောရိုးအထိ မြင့်တက်လာသော်လည်း သူ့ထံတွင် နောက်ထပ်ရွေးချယ်စရာလည်း မရှိတော့ပေ။
ဘာပဲပြောပြော စကားစပြီးနေမှတော့ ဆုံးအောင် ဆက်ပြောရတော့မှာပဲ။
စူးချင်းကို စည်းရုံးရန် သူ အများကြီး အားထုတ်ရမည်ဟု တာဝန်ခံက ထင်ထားခဲ့ပြီး စူးချင်းက အလွယ်တကူ သဘောတူမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း စူးချင်းက “ကောင်းပြီလေ”
ကျိရှောင်ယင်ကတော့ အလွန်ဒေါသထွက်နေခဲ့သည်။ သူမတို့အခန်းကို လာသိမ်းပိုက်ရအောင် ဘယ်သူက ဒီလောက် မောက်မာနေတာလဲ?
"သခင်မလေးရဲ့နားလည်မှုပေးအတွက် ကျေးဇူးတင်ပါတယ်။ သခင်မလေးတို့ နှစ်ယောက် တတိယထပ်မှာ နေနိုင်ဖို့ ကျွန်တော် စီစဉ်ပေးထားပါတယ်။ အခန်းက ကောင်းပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"
တည်းခိုဆောင်တာဝန်ခံက သူ့၏နှဖူးမှ အေးစက်သော ချွေးများကို သုတ်လိုက်ပြီး စူးချင်းနှင့် ကျိရှောင်ယင်ကို အပေါ်ထပ်သို့ ပို့ဆောင်ရန် ပြင်ဆင်လိုက်သည်။
စူးချင်းက နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ တံခါးကို တင်းတင်းစေ့ထားသော်လည်း ဝမ်မျိုးရိုး အမည်ရှိသော ထိုယောကျာ်းက တံခါးဝတွင် ရပ်နေပြီး သူမတို့၏ စကားသံများကို နားထောင်နေကြောင်း သူမ ခံစားနိုင်သည်။
စူးချင်း လက်ရှိ စိတ်ပူနေသည်က တခြားအကြောင်းအရာ ဖြစ်သည်။
ဒီဝမ်မျိုးရိုးရှိတဲ့သူ တစ်ယောက် ဒီတည်းခိုဆောင်မှာ ရှိနေတာကို ကျိရွှေရှန့်က မသိနိုင်လောက်ဘူး။ ထောင်ဟွားဝူအဖွဲ့က ကျင်းချန်ရဲ့အစွန်အဖျားကို ရောက်ရှိလာတာနဲ့ သူမ ရှောင်ယင်ကို ခေါ်ပြီး ပြန်ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။
ပစ္စည်းတွေ ဝယ်ဖို့ကိစ္စကိုတော့ နောက်တစ်မြို့ကို ရောက်မှပဲ စဉ်းစားရတော့မယ်။
တတိယထပ်ရှိအခန်းက ဒုတိယထပ်မှ အခန်းထက် များစွာသေးငယ်သည်။ လမ်းကို မျက်နှာမူထားသည့် ပြတင်းပေါက်တစ်ခုသာ ရှိပြီး အနောက်ဘက်တွင် ပြတင်းပေါက် မရှိသောကြောင့် ဝါးတောများကိုလည်း မမြင်နိုင်တော့ပေ။ သို့သော် ညဘက်ရောက်နေပြီ ဖြစ်သောကြောင့် ဝါးတောကို ကြည့်ရသည် ဖြစ်စေ မကြည့်ရသည်ဖြစ်စေ၊ အခန်းက ကျဥ်းသည်ဖြစ်စေ၊ ကျယ်သည်ဖြစ်စေ အရေးမကြီးတော့ပေ။ မည်သို့ပင်ဖြစ်စေ အိပ်ပျော်နိုင်မည်ဖြစ်သောကြောင့် စူးချင်းက တော်တော် ကျေနပ်သွားသည်။
"သခင်မလေးတို့၊ မင်းတို့ လိုအပ်တာတွေ ရှိသေးလား?"
တည်းခိုဆောင်တာဝန်ခံက စူးချင်းကို မေးလိုက်သည်။
နောက်ဆုံးတော့ အခန်းပြောင်းခိုင်းရတဲ့အတွက် သူတို့ဘက်က အမှားဖြစ်သွားပြီလေ။ သူမတို့က သခင်ကြီးချင်ရဲ့အထူးဧည့်သည်တွေ ဖြစ်တာကြောင့် သူမတို့ကို မစော်ကားမိဖို့ အတက်နိုင်ဆုံး ကြိုးစားရတော့မယ်။
"အဆာပြေစာ ဆယ်မျိုးလောက် ယူလာပေး"
စူးချင်းက သူ့ကို အေးအေးဆေးဆေး စိုက်ကြည့်ပြီး ခပ်တည်တည် အမိန့်ပေးလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း သူမက လုံးဝ မယဉ်ကျေးပေ။ တည်းခိုဆောင်တာဝန်ခံက ခဏတာမျှ မင်သက်နေခဲ့သည်။ စူးချင်းက ဤမျှများပြားသော အစားအသောက်များကို မှာယူမည်ဟု သူ မမျှော်လင့်ထားမိပေ။
"ကောင်းပါပြီ၊ ဒါပေမယ့် သခင်မလေးတို့ ခဏတော့ စောင့်ပေးရလိမ့်မယ်။ မီးဖိုချောင်မှာ အဆာပြေစာတွေ လုံလုံလောက်လောက် မရှိတာကြောင့် အဲဒါတွေကို ထပ်လုပ်ရဦးမယ်”
တည်းခိုဆောင်တာဝန်ခံက တခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်း ပြန်ပြုံးကာ ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။
မင်းက လျော်ကြေးလိုချင်တယ်ဆိုရင်လည်း ငါ ပေးရမှာပါပဲ...
“အင်း”
စူးချင်းက ခေါင်းညိတ်ပြလိုက်သည်။ ကျိရှောင်ယင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုအပြည့်ဖြစ်လာပြီး တစ်လက်လက် တောက်ပနေကာ စူးချင်း၏လက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ကာ ခုန်ပေါက်နေလေသည်။
"အစ်မ၊ အစ်မက အရမ်းတော်တာပဲ!"
“မြန်မြန် သွားအိပ်တော့။ ငါတို့ ဒီည ခရီးပြန်ထွက်ရမယ်”
စူးချင်းက သူမ၏လက်ကို ဆွဲကာ ကလေးကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေသော ကျိရှောင်ယင်ကို ကြည့်နေပြီး သူမ၏နှုတ်ခမ်းထောင့်များက ကွေးညွတ်လာကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ကောင်းပြီ၊ သွားအိပ်ကြရအောင်"
ကျိရှောင်ယင်က ချက်ချင်း ခေါင်းညိတ်ပြပြီး ကုတင်ပေါ် ပြေးတက်သွားသည်။ သူမက သူမ၏အိမ်မှ အိပ်ယာကို အလွန်လွမ်းဆွတ်နေမိသည်။ သူမ လွန်ခဲ့သည့် ရက်အနည်းငယ်က မြေပြင်ပေါ်တွင် အိပ်စက်ခဲ့ရပြီး သူမ၏ အရိုးများပင် နာကျင်ခဲ့ရသည်။
ဤတည်းခိုဆောင်မှ စောင်များအားလုံးကို ပိုးသားဖြင့် ပြုလုပ်ထားသောကြောင့် ထိတွေ့လိုက်လျှင် ချောမွေ့နေပြီး ခန္ဓာကိုယ်ကို ဖုံးအုပ်ရန် အသုံးပြုသည့်အခါတွင်လည်း အလွန်သက်တောင့်သက်သာရှိနိုင်မည် ဖြစ်သည်။
ကျိရှောင်ယင်က အိပ်ယာပေါ် လဲလျောင်းလိုက်ပြီး စောင်ကို သူမ မျက်နှာပေါ်အထိ ဆွဲတင်ကာ နှမ်းခိုးစားနေသော ကြွက်ငယ်လေးကဲ့သို့ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
စူးချင်းက သူမ၏အပေါ်ဝတ်များကို မချွတ်ဘဲ လဲလျောင်းနေသည်။ ကျိရှောင်ယင်က စူးချင်း ပင်ပန်းနေသည်ကို သတိပြုမိသောကြောင့် သူမနှင့် စကားပြောရန် မကြိုးစားတော့ဘဲ သူမ၏မျက်လုံးမှိတ်ကာ အိပ်စက်လိုက်သည်။
သူမတို့နှစ်ယောက် အိပ်ပျော်သွားပြီး မကြာခင်မှာပင် တံခါးခေါက်သံကြောင့် ပြန်နိုးလာရသည်။ စူးချင်းက ရုတ်တရက် ထထိုင်လိုက်ပြီး တံခါးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ လှမ်းမေးလိုက်ပြီး သူမ၏အသံတိုးတိုးက အေးစက်လွန်းနေသောကြောင့် ရေခဲကဲ့သို့ ဖြစ်နေသည့်အပြင် ငြိုငြင်ရိပ်များပင် ပါဝင်နေသည်။
"ဘယ်သူလဲ?"
"သခင်မလေး၊ ငါက လက်ဖက်ရည်နဲ့ အဆာပြေစာမုန့်တွေ ပို့ပေးဖို့ ရောက်လာတာပါ"
တံခါးအပြင်ဘက်ရှိ တည်းခိုဆောင်ဝန်ထမ်းက ထိတ်လန့်သွားပြီး သတိကြီးကြီးဖြင့် ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။
“အထဲကို ယူခဲ့” စူးချင်းက သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး အထဲမှ အိပ်ပျော်နေသေးသော ကျိရှောင်ယင်ကို ဖုန်းကွယ်ပေးရန် ခြင်ထောင်ကို ဆွဲချလိုက်သည်။ ထို့နောက် သူမက ဖိနပ်စီးကာ တံခါးဖွင့်ရန် လျောက်လာခဲ့သည်။
တည်းခိုဆောင်မှ ဝန်ထမ်းသုံးဦးက လက်ဖက်ရည်ဗန်းကြီးသုံးချပ်ကို သယ်ဆောင်ကာ ဝင်လာကြသည်။ သူတို့က အသံမထွက်အောင် လမ်းလျှောက်နေရင်း ဘယ်သူမှ စကားမပြောရဲကြဘဲ စားစရာများကို ချပေးပြီးသည်နှင့် ဦးညွှတ်နှုတ်ဆက်ကာ ချက်ချင်း ပြန်ထွက်ခွာသွားကြသည်။
စူးချင်းက အဆာပြေမုန့်များကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းက ယခင်က သူမတို့ကို ဧည့်ခံဖူးသည့်မုန့်များနှင့် အတူတူဖြစ်ပြီး ရွှေအိုရောင်မုန့်ပျော့နှင့် ကွေ့ဟွားမုန့်တို့ ဖြစ်သည်။
ကျိရှောင်ယင် ရှိနေသောကြောင့် ဤမုန့်များကို စနစ်ထဲသို့ ထည့်ထားနိုင်တော့ပေ။ ထိုအတွက် အဆိုပါမုန့်များကို သိမ်းဆည်းရန်အတွက် အသုံးပြုနိုင်မည့်အရာတစ်ခုကို ရှာဖွေရပေဦးမည်။
စူးချင်းက သူမ ရက်လုပ်ခဲ့သည့် မိုးမခခြင်းတောင်း ဆယ်တောင်းလုံးကို သခင်ကြီးချင်အား ရောင်းချမိလိုက်သည့်အတွက် စိတ်မကောင်းဖြစ်သွားမိသည်။ ယခု သူမ ကြိမ်ခြင်းတောင်းများ ပြုလုပ်ချင်သော်လည်း မိုးမခကိုင်းက ရှိမနေပေ။
တည်ခိုဆောင်၏ခြံဝင်းအတွင်း ကိုင်းကျနေသော မိုးမခပင် နှစ်ပင်ရှိနေကြောင်း ပြန်တွေးလိုက်မိသောကြောင့် စူးချင်းက ထရပ်လိုက်ပြီး မိုးမခကိုင်းများ ခုတ်ရန် ခြံဝင်းထဲသို့ ဆင်းသွားဖို့ ပြင်ဆင်လိုက်သည်။
စူးချင်း လှေကားထိပ်သို့ ရောက်ချိန်တွင် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။ ထို့နောက် ဝမ်မျိုးရိုး၏အေးစက်သော အသံတိုးတိုးကို သူမ ကြားလိုက်ရသည်။
"အထဲဝင်ခဲ့"
စူးချင်း၏နှလုံးခုန်သံက စောင့်တက်သွားသည်။
သူတို့ပြောတာတွေ အကုန်လုံးကို သူမ သိချင်တယ်။
သို့သော် သူမ အောက်ထပ်သို့ မဆင်းမီ ဝမ်မျိုးရိုး၏ အခန်းတံခါးဝမှ အနက်ရောင်၀တ်စုံဝတ် လူနှစ်ယောက်က သူမကို တွေ့ရှိသွားခဲ့သည်။ သူတို့က သူတို့၏ သံမဏိဓားများကို
ဓားအိမ်များထဲမှ ဆွဲဖြုတ်ပြီး လှေကားဆီသို့ အပြေးအလွှား ရောက်လာကာ စူးချင်းကို ဓားဖြင့် ရွယ်ထားလိုက်ကြသည်။
“ဘယ်သူလဲ”
(T/N: ဒီအခန်းတွေမှာပါနေတဲ့ နားနေတည်းခိုဆောင်ဆိုတာက အရပ်သားစီးပွားရေးသမားတွေက ဖွင့်ထားတဲ့ သာမာန်တည်းခိုခန်းမျိုတွေ မဟုတ်ပါဘူး၊ မင်းမှုထမ်းတွေ တာဝန်နဲ့ခရီးထွက်ချိန်မှာ အဆင်ပြေဖို့ အာဏာပိုင်တွေက ဖွင့်ပေးထားတဲ့ နေရာမျိုးတွေပါ၊ လူရော မြင်တွေရော ခဏနားပြီး ခရီးဆက်တဲ့နေရာပေါ့၊ တချို့က မြို့ထဲမှာ ရှိပေမယ့် များသောအားဖြင့်တော့ လူ မနီးတဲ့ နေရာ၊ တခြားတည်းခိုခန်း မရှိတဲ့ လမ်းမကြီးတွေပေါ်မှာ ဖွင့်ပေးထားတာပါ၊ သက်ဆိုင်ရာ ဒေသက အကြီးအကဲက ကိုင်တွယ်ပြီး အဲ့နေရာက တာဝန်ခံကိုက မင်းမှုထမ်းပါ၊ အဆင့်တော့နိမ့်တာပေါ့၊ တည်းတဲ့သူကလည်း မင်းမှုထမ်းတွေပဲ တည်းရတာပါ၊ တချို့ ငွေများများရလို့ လာဒ်ယူပြီး တည်းခိုခွင့်ပေးတာမျိုးတော့ ရှိတာပေါ့၊ အမှုထမ်းတွေ လာရင်တော့ ဖယ်ပေးရတယ်၊ အခု စူးချင်းတို့ နေလို့ရတယ်ဆိုတာက သခင်ကြီးချင်ကြောင့်ပါ)