← Chapters

မိတ်ဆွေ တစ်ယောက်၏ သေဆုံးမှု

Vol. 5 Ch. 448

မိတ်ဆွေ တစ်ယောက်၏ သေဆုံးမှု

Vol. 5 Ch. 448

ထိုအသံကြောင့် တန့်ရီဖေးနှင့် တန့်ယွမ်ချင်းတို့ နောက်သို့ ပြန်ကြည့်လိုက်ကြ၏။

ထိုနေရာမှာတွင်မူ လက်နှစ်ဖက်အား နောက်သို့ ပစ်ထားသည့် လူငယ်တစ်ယောက် ရှိနေခဲ့၏။ တဖျောက်ဖျောက် ကျနေသော မိုးရေစက်များကား လူငယ်၏ ခန္ဓာကိုယ်ပေါ်မှ ထူထဲသော နှင်းမြူများ သဏ္ဌာန် အလင်းကို ထိတွေ့သည်နှင့် ဘေးသို့ ပြန့်ကျဲ ထွက်နေခဲ့သည်။

"ကျုပ်ရဲ့ နိမ့်ကျတဲ့ နှုတ်ဆက်မှုကို လက်ခံပေးပါ ဆရာချန်း ..."

ချန်းဖန်အား တွေ့သည်နှင့် တန့်ယွမ်ချင်း၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ သူ၏ နှလုံးသားတွင်မူ ကြောက်ရွံ့မှုနှင့် ပျော်ရွှင်မှုများက ရောနှော နေခဲ့သည်။

ထိုအချိန်၌ တန့်ရီဖေးမှာမူ ချန်းဖန်အား ရုပ်တု တစ်ခုအလား ငေးမော ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများကမူ ချစ်ခင်ခြင်းနှင့် လေးစားခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

"ရှင် တကယ် ပြန်လာပြီပဲ ..."

မိန်းကလေး၏ မျက်ရည်များက ပျော်ရွှင်မှုဖြင့် စီးကျလာခဲ့သည်။

"ထတော့ ..."

ချန်းဖန်က ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသည့် တန့်ယွမ်ချင်းအား ကြည့်လိုက်၏။

"ကျုပ် ပြန်ပေါ်လာတာ ငါးရက်လောက် ရှိပြီ ... ခင်ဗျား သိဘူးလား ..."

တန့်ယွမ်ချင်းက မြေပြင်ပေါ်မှ ထရင်း ဖြူရော်သော အပြုံးဖြင့် ...

"ဆရာချန်းက ကျွန်တော့်ကို အထင်ကြီးနေတာ ဖြစ်ရမယ် ... ကျုပ်က ကျန်းနန်နယ်က နယ်ခံ သူဌေးလေး တစ်ဦးပါပဲ ... ကျုပ် သိရတာ ဆိုလို့ ကောလာဟလ တွေပဲ ရှိတာပါ ... နောက်ပြီး ဆရာချန်း ပြန်ရောက်လာတဲ့ ကောလာဟလတွေ ခဏခဏ ကြားရလွန်းလို့ အဲဒါတွေကို ကျုပ် မယုံနိုင်တော့ဘူး ..."

"အင်း ..."

ချန်းဖန်က တီးတိုးပြောရင်း ခေါင်းညိတ်လိုက်၏။

တန့်ယွမ်ချင်း၏ စကားက မှန်ကန်ပေသည်။ သူကား ကျန်းနန်နယ်၏ သူဌေးတစ်ဦးမျှသာ ဖြစ်သည်။ သူ၏ လွှမ်းမိုးမှုက တရုတ် တစ်ပြည်လုံး မဆိုထားနှင့် ကျန်းနန်နယ် တစ်ခုလုံးကို့ပင် မလွှမ်းခြုံနိုင်ချေ။ ထို့ကြောင့် သူပြန်ရောက်လာကြောင်း မသိခြင်းမှာ အံ့အားသင့်စရာ မရှိပေ။

"လွန်ခဲ့တဲ့ ငါးရက်တုန်းက ရုရှားမှာ ဗိုလ်ချုပ်ရှာချန်းကို ကျုပ် သတ်ခဲ့သေးတယ် ... ခင်ဗျားတို့ သိပ်မကြာခင် သတင်းမှာ တွေ့ရမှာပါ ..."

ချန်းဖန်က ပြောရင်း တန့်ယွမ်ချင်းတို့ ရှိနေသည့် ဘန်ကလိုကဲ့သို့ အဆောက်အဦငယ်လေး အတွင်းသို့ ဝင်လာခဲ့၏။ ထိုအဆောက်အဦ ငယ်လေးမှ ဆိုလျှင် ကျင်းမြို့တော် မြစ်ရှုခင်းအား ကောင်းစွာ တွေ့မြင်နိုင်သည်။  တသွင်သွင် စီးဆင်းနေသော မြစ်ကြီးကား ရောင်စုံမီးများ၏ ရောင်ပြန်ဟပ်မှုဖြင့် အသက်ရှူ မှားလောက်အောင် လှပနေခဲ့သည်။

"ဒါဆို ကောလာဟလတွေက အမှန်ပဲပေါ့ ..."

တန့်ယွင်ချင်းက ပင့်သက်ရှိုက်လိုက်၏။

"ဆရာချန်းက တကယ်ပဲ စစ်တပ်ကြီး တစ်ခုလုံးကို အနိုင်ယူပြီး ရုရှားမြောက်ပိုင်းတိုင်းမှူးကို သတ်ပစ်ခဲ့တာပေါ့ ... အဲ့သတင်းသာ ပျံ့နှံ့သွားရင် ကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွားမှာ သေချာတယ် ..."

တန့်ယွမ်ချင်း၏ လေးစားမှုများက ချန်းဖန် အပေါ် အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့တော့၏။

ကမ္ဘာပေါ်ရှိ သက်ရှိ အားလုံးထဲ၌ မည်သူက စစ်တပ် တစ်ခုလုံးကို အနိုင်ယူရလောက်အောင် သန်မာသနည်း။ လွန်ခဲ့သည့် နှစ်ရာချီက တန်ခိုးရှင် အဆင့် ပညာရှင်များပင် ထိုသို့ ပြုလုပ်နိုင်မည်လား မသေချာပေ။

"တန့်ယွမ်ချင်း ... ကျုပ် ဒီကိုလာတာ ခင်ဗျားရဲ့ မြှောက်ပင့်တဲ့ စကားတွေကို နားထောင်ဖို့ မဟုတ်ဘူး ... ကျုပ်မရှိတဲ့ တစ်နှစ်အတွင်း ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတာ ကျုပ်ကို ပြောပြ ..."

ချန်းဖန်က အဝါရောင် ကျောက်မျက်ကို တည်ငြိမ်စွာ ပွတ်သပ်ရင်း ပြောလိုက်၏။

"ဆရာချန်း ... ကျုပ် ရှင်းပြပါ့မယ် ..."

တန့်ယွမ်ချင်း၏ အမူအရာက လေးနက်သော ဟန်ပန်များ ပေါ်လာခဲ့၏။

သို့သော်လည်း တန့်ရီဖေးက အလျင်စလိုဖြင့် ...

"ချန်းဖန် ... ဒါက ကျွန်မတို့ အမှား မဟုတ်ပါဘူး ... ရှင် သေပြီလို့ သတင်း ထွက်လာကတည်းက ဟောင်ဂိုဏ်းက မဟာမိတ် ပုဂ္ဂိုလ် တစ်ဦးနဲ့ အတူ ပေါ်ထွက်လာခဲ့တယ် ... သူတို့ရဲ့ မဟာမိန်က တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုရဲ့ အထွတ်အထိပ် ပညာရှင် လင်းတရှန်တဲ့ ... သူတို့က ကျန်းပေ့ကို လက်ဝါးကြီး အုပ်ပြီး ဆန့်ကျင်တဲ့လူ မှန်သမျှကို သတ်ပစ်ခဲ့တယ် ... ရှု့အိုတောင် သူတို့ လက်ထဲမှာ သေသွားခဲ့ပြီ ... ကျွန်မတို့က ဘာတတ်နိုင်ဦးမှာလဲ ..."

"ဗိုလ်ချုပ်လီနဲ့ ပျံလွှားနီလေးတို့ရဲ့ ကာကွယ်ပေးမှု ကြောင့်သာ မဟုတ်ရင် ရှင်နဲ့ အခုလိုတောင် စကားပြော နေနိုင်တော့မှာ မဟုတ်ဘူး ... ကျွန်မတို့ သားအဖ သေနေလောက်ပြီ ..."

"အခုဆိုရင် လင်းတရှန်က ကျန်းပေ့နယ်ကို အပြည့်အဝ သိမ်းပိုက်ပြီးတဲ့ အပြင် ကျန်းနန်နယ် တစ်ဝက် နီးပါးလောက်ကိုတောင် ထိန်းချုပ်ထားနိုင်နေပြီ ..."

မျက်ရည်များက တန့်ရီဖေး၏ မျက်ဝန်းတွင် စီးကျနေခဲ့၏။ သူမ၏ အသံများမှာလည်း ဒေါသနှင့် ဝမ်းနည်းမှုကြောင့် တုန်ယင်နေခဲ့သည်။ ထိုအချက်က တစ်နှစ် အတောအတွင်းတွင် သူမ မည်မျှ စိတ်ဆင်းရဲ ခဲ့ရကြောင်းအား ဖော်ပြနေခဲ့သည်။

"ရှု့အို သေပြီလား ..."

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင်မူ ရှု့အို၏ ခင်မင်ရင်းနှီးတတ်သော ပုံသဏ္ဌာန် တဝဲလည်လည် ပြန်ပေါ်လာခဲ့၏။

ဟိုင်တုန်းရဲ့ ရှု့အို ...

သူသည် ကျန်းပေ့၏ ခေါင်းဆောင်ဟောင်း တစ်ဖြစ်လည်း ရှု့ယုံဖေး၏ ဖခင်ဖြစ်သည်။ သူကား ချန်းဖန် အပေါ်တွင် အမြဲတမ်း သစ္စာ ရှိခဲ့သည်။

ရှု့အိုမှာ ချန်းဖန် မတိုင်ခင် ကျန်းပေ့နယ်အား အုပ်စိုးခဲ့သူ ဖြစ်ကာ ကျန်းပေ့နယ်၏ သူဌေး မြောက်မြားစွာကို သူ၏ လက်အောက်၌ စည်းလုံး ညီညွတ်စေခဲ့သည်။ ကျန်းပေ့နယ်၏ သူဌေးကြီးများ ချန်းဖန် အပေါ် သစ္စာရှိရသည့် အဓိက အကြောင်းရင်းမှာလည်း ရှု့အိုကြောင့်သာ ဖြစ်သည်။ ရှု့အိုမှာ ယွင်ဝူရေ ရောင်းချမှုကို ဦးစီးပြီး နှစ်စဉ်နှစ်တိုင်း ဘီလျံနှင့် ချီသည့် အမြတ်ငွေများကို ချန်းဖန်ထံ အပ်နှံခဲ့သည်။

သို့သော်လည်း ချန်းဖန် မရှိခိုက်၌ ရှု့အိုကား သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

"ရှု့ယုံဖေးရော ဘာဖြစ်သွားလဲ ..."

ရှု့အိုနှင့် တွဲ၍ ချန်းဖန်၏ အတွေးထဲသို့ ပထမဆုံး ဝင်လာသူမှာ ရှု့ယုံဖေး ဖြစ်သည်။ ကံကြမ္မာ၏ ကျီစားမှုဖြင့် သူမမှာ ချစ်ရသော ဖခင်နှင့် ဒုတိယအကြိမ် အပြီးခွဲခွာခဲ့ရပြီ ဖြစ်သည်။ မိန်းကလေး၏ ဆိုးရွားလှသော အဖြစ်အပျက်က ချန်းဖန်၏ အတိတ်ဘဝကိုပင် သတိရစေသည်။

"ဒီဘဝမှာ မင်းကို သာယာ ပျော်ရွှင်အောင် လုပ်ပေးဖို့ ငါတွေးခဲ့တယ် ... ဒါပေမဲ့ ငါ ဘာမှ မလုပ်နိုင်ခဲ့ဘူး ... ငါ့ကြောင့်ပဲ မင်းရဲ့ အဖေတောင် သေခဲ့ရတယ် ... မင်းအဖေသာ ငါနဲ့ မသိရင် ဘာမှ ဖြစ်ခဲ့မှာ မဟုတ်ဘူး ..."

ချန်းဖန်က စိတ်မကောင်းစွာဖြင့် အဝေးသို့ ငေးမောနေမိသည်။

"မြစ်မြောက်ပိုင်းက ဝေ့မိသားစုတောင် ဟောင်ဂိုဏ်းနဲ့ လင်းတရှန်တို့ကြောင့် လက်လျှော့ခဲ့ရတယ် ... ကျန်းပေ့နယ်က သူဌေးကြီး အများစုကတော့ အဲဒီ မဟာမိတ်အဖွဲ့ကို ချက်ချင်းပဲ ပူးပေါင်းခဲ့ကြတယ် ... ရှု့အိုတစ်ယောက်ပဲ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တာ ... ဒါကြောင့်ပဲ လင်းတရှန်က သူ့ကို သတ်ပစ်လိုက်တာ ..."

တန့်ယွမ်ချင်းက သက်ပြင်းတစ်ချက် ချလိုက်၏။ သူပင်လျှင် ရှု့အို၏ ခေါင်းမာမှုကို အံ့အားသင့်ရသည်။

"ဟောင်ဂိုဏ်း၊ လင်းတရှန်၊ လင်းမိသားစု၊ ကျန်းပေ့ရဲ့ သူဌေးတွေ ... ဒါ အကုန်ပဲလား ..."

ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်၏။ သူ၏ မျက်လုံးတွင်မူ စိတ်မကောင်းမှုများက အထင်းသားပင်။

တန့်ယွမ်ချင်းနှင့် တန့်ရီဖေးတို့ကမူ နောက်နားတွင် စိတ်ရှည်စွာ ရပ်ရင်း ချန်းဖန် ပြောလာမည့် စကားအား စောင့်ဆိုင်းနေခဲ့၏။

ခဏအကြာ၌ ချန်းဖန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရင်း ...

"ဒီကိစ္စမှာ ပါတဲ့ လူအားလုံးရဲ့ အချက်အလက်တွေကို လိုချင်တယ် ... ခင်ဗျား စုဆောင်းပေးပါ ..."

"သူတို့ကို ဘာလုပ်မယ်လို့ ဆရာချန်း တွေးထားလဲ ..."

တန့်ယွမ်ချင်းက ခေါင်းညိတ်ရင်း မေးလိုက်၏။

"သူတို့က သတ်ပစ်ရမှာပေါ့ ..."

ချန်းဖန်က မြစ်ပြင်အား စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

အဝါရောင် ကျောက်မျက် အတွင်းရှိ ဓားကမူ ချန်းဖန်၏ ဒေါသကို ခံစားမိသည့် အလား တဆတ်ဆတ် တုန်ခါလာခဲ့သည်။ ထိုအရာကား သွေးများကို သောက်သုံးရန် အဆင်သင့် ဖြစ်နေပုံ ရသည်။

လင်းတရှန်တို့ တစ်သိုက်ကား လွန်ခဲ့သည့် တစ်နှစ် အတွင်းမှ စ၍ တန့်မိသားစု အတွက် အန္တရာယ် ဖြစ်လာနိုင်သည့် အုပ်စု ဖြစ်ရာ သူတို့၏ အသေးစိတ် အချက်အလက်များအား တန့်ယွမ်ချင်း စုဆောင်းခဲ့ပြီး ဖြစ်သည်။

"လင်းတရှန်က တရုတ် အရှေ့မြောက်ပိုင်း၊ လင်းမိသားစုကပါ ... သူက လင်းမိသားစုထဲက ထွက်လာခဲပါတယ် ... လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က သူ့ညီ လင်းထျန်းရှန် မိသားစုကနေ ထွက်ပြေးခဲ့တယ် ... အဲ့တစ်ကြိမ်တုန်းကပဲ လင်းထျန်းရှန် နောက်ကိုလိုက်ဖို့ သူ လင်းမိသားစု အပြင်ဘက်ကို ထွက်လာခဲ့ဖူးတယ် ... ခုတစ်ကြိမ်က ဟောင်ဂိုဏ်းရဲ့ ဖိတ်ခေါ်မှုကြောင့် ထွက်ပေါ်လာတာ ဖြစ်နိုင်တယ် ..."

"သူနဲ့ ပူးပေါင်းခဲ့တဲ့ လူတွေကတော့ ..."

"ထျန်းဟယ်မြို့ရဲ့ ဟန်ထျန်းရှန်း ..."

"ချင်းရွှေမြို့ရဲ့ လျှိုကောတုန်း ..."

"ကျန်းကျိုးမြို့ရဲ့ ဝူချီရှင်း ..."

"..."

ချန်းဖန်က လူစာရင်းအား ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်၏။ ရှု့အိုမှ လွဲ၍ ကျန်းပေ့နယ်၏ သူဌေးကြီး အားလုံးကား သူအား ဆန့်ကျင်ခဲ့ကြပုံ ပေါ်သည်။

ချန်းဖန် အနေဖြင့် သူတို့၏ သစ္စာဖောက်မှုကို အပြစ်မတင်ချင်ပေ။ အကယ်၍ သူတို့သာ ရှု့အို လမ်းစဉ်ကို လိုက်လျှင်လည်း သေဆုံးရမည် ဖြစ်သည်။

ချန်းဖန် ခွင့်မလွှတ်နိုင်သော အရာမှာ သူတို့၏ လုပ်ရပ်များ ဖြစ်သည်။ သူတို့က ရှု့အို၏ ပိုင်ဆိုင်မှုများအား အကုန် မောင်ပိုင်စီးခဲ့သည့် အပြင် ယွင်ဝူရေ အပါအဝင် ချန်းဖန်၏ လုပ်ငန်းများကိုပါ သိမ်းယူခဲ့သည်။

ချန်းမိသားစုနှင့် ကျင်းရှို့ လုပ်ငန်းစု ကျဆင်းရသည့် အကြောင်းရင်းများတွင် ယွင်ဝူရေမှ ဝင်ငွေ မရခြင်းလည်း ပါဝင်ပေသည်။

"မင်းတို့ လုပ်ခဲ့တာတွေ အတွက် ပြန်ပေးဆပ်ရမယ် ..."

ချန်းဖန်က အေးစက်စွာ ပြုံးရင်း ကောင်းကင်သို့ ခုန်တက်လိုက်၏။ ထို့နောက် သူက အလင်း၏ အမြန်နှုန်းဖြင့် အမှောင် ကောင်းကင်အတွင်း တိုးဝင်ကာ ပျံသန်း ရွေ့လျား သွားတော့သည်။

"အဖေ ... ချန်းဖန်က ဘာလုပ်မယ် ထင်လဲ ..."

မိုးကုပ်စက်ဝိုင်းအား မျှော်ကြည့်ရင်း တန့်ရီဖေးက မေးလိုက်၏။

"သမီးမှာ အဖြေ ရှိပြီးသားပါ ..."

တန့်ယွမ်ချင်းက ခေါင်းခါရင်း သက်ပြင်းတစ်ချက် ချလိုက်၏။

"လင်းတရှန်တို့က သူပြန်လာမယ်လို့ ထင်ထားခဲ့မှာ မဟုတ်ဘူး ... အင်း ... ဒီညတော့ သွေးချောင်းစီးဦးမှာပဲ ... ရှု့အို ... သနားစရာ ကောင်းလိုက်တာ ..."

တန့်ယွမ်ချင်းနှင့် တန့်ရီဖေးတို့မှာ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချ နေမိကြတော့၏။

***

ချန်းဖန်မှာ မြစ်ကမ်းတစ် တစ်ဖက်သို့ ရောက်သည်နှင့် တစ်နာရီလျှင် ကီလိုမီတာ ရာချီနှုန်းဖြင့် စတင် ပြေးလွှားလိုက်၏။ သူ၏ အရှိန်ကား ပြိုင်ပွဲဝင် ကားများထက်ပင် လျင်မြန်နေသေးသည်။ သူ့အတွက် ကျန်းကျိုးမြို့ကို ရောက်ရန် အချိန် သိပ်ယူရမည် မဟုတ်ပေ။

ကျန်းကျိုးမြို့ကား ချန်းဖန် အကြိမ်များစွာ ရောက်ဖူးခဲ့သည့် မြိုတစ်မြို့ ဖြစ်သည်။

ချန်းဖန်၏ ပထမ အစီအစဉ်မှာ ကျန်းကျိုးမြို့၊ သခင်ကြီးဝူထံသို့ သွားကာ ကျန်းပေ့နယ် အကြောင်း မေးမြန်းရန် ဖြစ်သည်။ သို့သော်လည်း တန့်ယွမ်ချင်းထံမှ အချက်အလက်များ ရရှိပြီးပြီ ဖြစ်ရာ သခင်ကြီးဝူကို သွားရောက် တွေ့ဆုံရန် မလိုတော့ချေ။

"ကျန်းကျိုးမြို့ရဲ့ ဝူချီရှင်း ... ဟမ့် ..."

ချန်းဖန်က ရောင်စုံမီးများဖြင့် လင်းလက်နေသည့် ကျန်းကျိုးမြို့အား ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်၏။

ထို့နောက် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ ကျန်းကျိုး တစ်နယ်လုံးအား ဖုံးလွှမ်းကာ စစ်ဆေးလိုက်သည်။

"ဒီမှာလည်း မရှိဘူး ... ဒီမှာလည်း မရှိဘူး ... မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာလား မသိဘူး ..."

ချန်းဖန်က မြို့၏ နေရာတစ်ခုချင်းစီကို အသေးစိတ် စစ်ဆေးလိုက်သည်။ သခင်ကြီးဝူမှာ ရန်သူများသော လူတစ်ယောက် ဖြစ်ရာ နေရာ အတည်တကျ မနေတတ်ပေ။ သို့သော်လည်း ချန်းဖန် အတွက်မူ သူ့ကို ရှာဖွေရန်မှာ အချိန် တစ်ခုသာ လိုအပ်သည်။

"တွေ့ပြီ ..."

ဆယ်မိနစ်ခန့် အကြာ၌ ချန်းဖန်က မျက်လုံးများအား ဖွင့်ရင်း ရေရွတ်လိုက်၏။ ထို့နောက် ထိုင်ရာမှ ထရပ်ရင်း သူ၏ ခြေလှမ်းများအား ကျန်းကျိုးမြို့၊ အရှေ့ပိုင်းဆီသို့ ဦးတည်လိုက်တော့၏။

***

ထိုအချိန်၌ သခင်ကြီးဝူ၊ ဝူချီရှင်းမှာ ဧည့်ခန်းတွင် ဧည့်သည် တစ်ယောက်နှင့် အတူ ထိုင်နေခဲ့၏။

သူ၏ ဧည့်သည်က အဖြူရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ် လူကြီး ဖြစ်သည်။ ထိုလူကြီး၏ ထက်ရှသော မျက်လုံးများက အတွင်းအား ပညာရှင် တစ်ယောက်ဖြစ်ကြောင်း ဖော်ညွှန်းနေခဲ့သည်။

"ဆရာဟောင် ... တန့်ယွမ်ချင်းကို ဖယ်ရှားဖို့ ကျုပ်ကို ကူညီမယ့် အတွက် ကျေးဇူး အထူးပဲ တင်ပါတယ် ခင်ဗျာ ..."

သခင်ကြီးဝူက လက်သီးဆုပ်ရင်း ပြောလိုက်၏။

"မလိုပါဘူး ... ကျုပ်တို့က ဆရာကြီးလင်းဆီမှာ အမှုထမ်းကြသူတွေ ပါပဲ ... ဒီလောက်က မပြောပလောက်ပါဘူး ... ကျုပ်တို့သာ တန့်ယွမ်ချင်းကို ဖယ်ရှားနိုင်ရင် တန့်မိသားစုက အားနည်းပြီး ပျက်စီးသွားလိမ့်မယ် ..."

အသက်လတ်လူက ဆိုလိုက်၏။

"ကျုပ်တို့ ကျန်းကျိုးမြို့ကို သိမ်းပိုက်ပြီးရင် ကျန်းနန်နယ်မှာ လင်းမြို့တော် တစ်ခုပဲ ကျန်ရှိတော့တယ် ... ဆရာကြီးလင်းရဲ့ နာမည်နဲ့တောင် တန့်မိသားစုက ကျုပ်တို့ကို ဂရုမစိုက်ခဲ့ဘူး ... ဟမ့် ... ဆရာကြီးလင်းက ကျန်းနန်နယ်လောက်ကို မျက်လုံးထဲ မထည့်ဘူး ... ဟောင်ဂိုဏ်းရဲ့ တောင်းဆိုမှုကြောင့်သာ မဟုတ်ရင် ဆရာကြီးလင်းက လင်းမိသားစုကနေ ထွက်လာမှာတောင် မဟုတ်ဘူး ..."

"ဒါပေါ့ ... ဒါပေါ့ ..."

သခင်ကြီးဝူ၏ မျက်နှာက ပျားရည်ကဲ့သို့ ချိုသာ နေခဲ့၏။

သူကား သူ မူလ သစ္စာခံခဲ့သည့် တန့်ယွမ်ချင်းနှင့် ချန်းဖန်တို့ကို မေ့လျော့၍ပင် နေခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် ... တံခါးဆီမှ အသံတစ်ခု ပေါ်ထွက်လာခဲ့၏။

"အာ ... ဒီအချိန်ကြီး ဘယ်သူလာတာလဲ ..."

သခင်ကြီးဝူနှင့် အသက်လတ်လူတို့က တံခါးရှိရာသို့ ကြည့်လိုက်ကြ၏။

***

All Chapters