အရုဏ်တက်ချိန်
Vol. 5 Ch. 451
၂၀၁၀၊ မတ်လ ၁၁ ရက်၊ နံနက် လေးနာရီ ...
ကျင်းမြို့တော် ၊ ရွှေနှင်းဆီ ခြံရာကွက် ...
ရွှေနှင်းဆီ ခြံရာကွက်မှာ ကျင်းမြို့တော်၏ ဈေးအကြီးဆုံး အထက်တန်းစား နေရာ တစ်ခု ဖြစ်၏။ ထိုနေရာရှိ မြေကွက်တိုင်းမှာ တစ် စကွဲယားမီတာလျှင် ယွမ်ငွေ တစ်သောင်းခန့် တန်ကြေးရှိ၏။
ယခုအချိန်၌ မည်သူမျှ အိပ်ရာ မနိုးကြသေးပေ။ လုံခြုံရေး ဝန်ထမ်းများပင်လျှင် သူတို့၏ ရုံးများ အတွင်း၌ ငိုက်မြည်းလျက် ရှိနေကြဆဲ ဖြစ်သည်။
"တင် ... တင် ... တင် ..."
ကျို့လော့ရင်မှာ တယ်လီဖုန်း မြည်သံကြောင့် နိုးလာခဲ့၏။
သူမကား အိပ်နေစဉ် လာတတ်သော ဖုန်းများကို မုန်းတီးသူ ဖြစ်ပြီး အိပ်ရာ မဝင်ခင်တိုင်း ဖုန်းကို ပိတ်ပြီးမှသာ အိပ်တတ်သူ ဖြစ်သည်။ သို့သော်လည်း ယခုလာသော ဖုန်းမှာ သူမ၏ အယုံကြည်ရဆုံး အစေခံနှင့် ချိတ်ဆက်ထားသည့် အရေးပေါ် ဖုန်းခေါ်ဆိုမှု ဖြစ်၏။
ကျို့လော့ရင်က အိပ်ချင်မှုန်ဝါးဖြင့် ဖုန်းကို စမ်းလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ ကျို့ကျို့ ..."
ထိုအခိုက်၌ ကျို့လော့ရင်နှင့် အတူအိပ်နေသော သူငယ်ချင်းက မျက်လုံးအား မဖွင့်ပဲ မေးလိုက်၏။ သူမ၏ တစ်ကိုယ်လုံးမှာမူ အဝတ်အစား တစ်ခုမျှ ရှိမနေခဲ့ပဲ အမို့၊ အမောက်များက သဘာဝ ကျကျ ပေါ်လွင်နေခဲ့သည်။
"အထွေအထူး မဟုတ်ပါဘူး ..."
ကျို့လော့ရင်က ဖုန်းအား မကိုင်သေးပဲ သူငယ်ချင်း ဖြစ်သူ၏ ဘက်သို့ လှည့်လိုက်၏။ မိန်းကလေး၏ ကိုယ်တုံးလုံးအား မြင်သည်နှင့် သူမက စူးရဲစွာ ကြည့်လိုက်ရင်း ...
"ဟဲ့ ... နင့်ကိုနင် ဖုံးလိုက်ပါဦး ... နင်က အသက် သုံးဆယ် ပြည့်ခါနီးလို့ လက်ထပ်တောင် ပြီးနေပြီ ... သုံးနှစ်သမီးလို လုပ်မနေနဲ့ ..."
"ဟဟ ... ဘယ်သူက ဂရုစိုက်မှာလဲ ... ဒီမှာ နင်နဲ့ငါနဲ့ပဲ ရှိတာ ... အော် သိပြီ ... နင်က ဒီအလှအပလေးကို စိတ်ဝင်စားနေတာ မလား ..."
မိန်းကလေးက ကျို့လော့ရင်အား စနောက်လိုက်၏။
"နင် ..."
ကျို့လော့ရင်မှာ ရုတ်တရက် ဆွံ့အသွားခဲ့သည်။
ထိုမိန်းကလေးမှာ ရန်ကျင်း၏ ချမ်းသာသော မိန်းကလေး တစ်ဦးဖြစ်ကာ သူမနှင့် အမေရိကတွင် ပညာသင်စဉ်က ဆုံစည်းခဲ့ခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးမှာ မိသားစု နောက်ခံလည်း တူညီသလို အခြား အရာ တော်တော်များများတွင်လည်း တူညီသည်။
သို့သော်လည်း ကျို့လော့ရင်မှာ အမေရိကမှ ပြန်ရောက်သည်နှင့် မိသားစု လုပ်ငန်းများကို ဆက်ခံခဲ့ပြီး သူမ၏ သူငယ်ချင်းမှာမူ ရန်ကျင်းမြို့မှ ချမ်းသာသော လူငယ် တစ်ယောက်နှင့် လက်ထပ်ခဲ့သည်။
"ဟယ်လို ... အန်ကယ်ဟူလား ... ဘာဖြစ်လို့လဲ ..."
ကျို့လော့ရင်က ဖုန်းအား ကိုင်ရင်း မေးလိုက်၏။
"မိန်းကလေး ... တစ်ခုခုတော့ ဖြစ်နေပြီ ... စွန်းမိသားစု စံအိမ် မီးလောင်သွားတဲ့ အပြင် အဲ့အထဲမှာ ရှိတဲ့ လူတွေလည်း သေကုန်ကြပြီ ..."
"ဘယ်လို ..."
ကျို့လော့ရင်မှာ အလွန်အမင်း အံ့အားသင့် သွားတော့၏။
စွန်းမိသားစုကား ကျို့မိသားစု၏ အကြီးမားဆုံး ရန်သူ ဖြစ်သည်။ ထို့ကြောင့်ပင် ကျို့မိသားစုမှာ သူတို့အား အမြဲမပြတ် စောင့်ကြည့်ခဲ့သည်။
ကျို့လော့ရင် ဖုန်းချလိုက်သည့် အချိန်၌ သူမ၏ သူငယ်ချင်းမှာ တစ်ခုခု ဖြစ်ပျက်နေကြောင်း သတိထားမိလိုက်သည်။
"ဘာဖြစ်လို့လဲ ... ကျို့ကျို့ ... တစ်ခုခု ဆိုးဝါးတာ ဖြစ်လို့လား ..."
"မိသားစု အစေခံက ငါ့ကို ခေါ်တာ ... စွန်းမိသားစု မီးလောင်သွားသလို လူတိုင်း အသတ် ခံလိုက်ရတယ်တဲ့ ... စွန်းမိသားစု မရှိတော့ဘူး ... ငါကြောက်တယ် ..."
ကျို့လော့ရင်က တုန်ယင်စွာ ပြောလိုက်၏။ လွန်ခဲ့သည့် တစ်ပတ်ကပင် စွန်းမိသားစုမှာ ချန်းမိသားစုအား တွန်းအားပေးကာ ပျက်စီးအောင် ကြံစည် နေခဲ့သေးသည်။ သို့သော်လည်း ယခုတွင်မူ ထိုမိသားစု တစ်ခုလုံး ရှင်းလင်းခံလိုက်ရသည် ဟု ဆိုသည်။
ထိုအရာက လက်ခံရန် ခက်ခဲလွန်းလှသည်။
"နင်ပြောတာ ဟန်မိသားစုနဲ့ ပတ်သက်နေတဲ့ စွန်းမိသားစုလား ..."
မိန်းကလေးမှာ ရန်ကျင်းမြို့ ထိပ်တန်း မိသားစုမှ ဖြစ်သည့် အပြင် သူမ လက်ထပ်ခဲ့သည့် ယောက်ျားမှာလည်း ရန်ကျင်း ထိပ်သီး မိသားစု တစ်ခု၏ ဆက်ခံသူ ဖြစ်သည်။ သူမ အနေဖြင့် စွန်းမိသားစု၏ ဖြစ်တည်မှုကို အရေးမစိုက်သော်လည်း ဟန်မိသားစုနှင့် ဆက်စပ် ပတ်သက်နေမှုကြောင့် ကြားဖူးနားဝ ရှိခဲ့သည်။
သူမတို့ကဲ့သို့ နည်းတူ ကျင်းလင်မြို့၏ များစွာသော ထိပ်သီး အင်အားစုများမှာ မနက်စောစော နိုးထလာခဲ့ကြ၏။ အံအားသင့် ချောက်ချားဖွယ် သတင်းနှင့် အတူ ကျင်းမြို့တော်၏ နံနက်ခင်းကား နိမိတ်ဆိုးဖြင့် စတင်ခဲ့ပြီ ဖြစ်သည်။
"ဒီလို ပြစ်မှုမျိုးကို ဘယ်သူက လုပ်ရဲတာလဲ ..."
လူများစွာမှာ ကြောက်ရွံ့စွာဖြင့် တွေးနေမိကြသည်။ မည်သူပင် ဖြစ်စေ ထိုပုဂ္ဂိုလ်ကား ညှာတာ သနားမှု ကင်းမဲ့သော မကောင်းဆိုးဝါး ဝိညာဉ်ကို ပိုင်ဆိုင် ထားသူ ဖြစ်ရမည်။
"ညတုန်းက ရွှေရောင် အလင်းတန်း တစ်ခုကို မြင်လိုက်ရတယ် တဲ့ ... အဲဒါက ခေတ်မီ လက်နက်တော့ ဖြစ်ဟန် မတူဘူး ... ရှေ့ဟောင်း ဓားပညာရှင်တွေရဲ့ ဓားပျံပဲ ထင်တယ် ..."
တစ်ယောက်က ခန့်မှန်းလိုက်၏။
"ဓားပျံ ... နောက်ပြီး ချန်းမိသားစုကို ဖိနှိပ်ခဲ့တဲ့ လူတွေပဲ အသတ်ခံရတာ ဆိုတော့ ..."
လူများစွာမှာ အချက်အလက် များစွာအား ပုံဖော်ရင်း တစ်စုံတစ်ခုအား ကောက်ချက် ချလိုက်မိကြ၏။
"အဲဒါက ... သူ များလား ..."
ထိတ်လန့်ဖွယ် အတွေးက လူတစ်ယောက် ချင်းစီတိုင်းအား ဖြူရော်သွားစေသည်။
သိပ်မကြာခင်မှာပင် ကျင်းမြို့ အပြင်ဘက်မှ သတင်းများက တဖွဲဖွဲ ရောက်ရှိလာခဲ့၏။ ထိုအထဲတွင် ကျန်းကျိုးမြို့၊ ထျန်းဟယ်၊ ဟိုင်ကျိုး မြို့များမှ အဖြစ်အပျက်များလည်း ပါဝင်သည်။
ဤသို့ဖြင့် ကျင်းမြို့၊ အထက်တန်းစား များစွာ၏ နံနက်ခင်းကား သတင်းဆိုးကို သယ်ဆောင်လာသည့် ဖုန်းခေါ်ဆိုမှု များနှင့် အတူ နိုးထလာခဲ့ရတော့သည်။
ရဲအရာရှိများမူကား မှုခင်းဖြစ်ရာ နေရာသို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ နေရာတိုင်းရှိ ခြေရာ၊ လက်ရာများအား ကြည့်ပြီးနောက် ကျူးလွန်သူမှာ တစ်ယောက်တည်း ဖြစ်ကြောင်း မှတ်ချက်ချလိုက်ကြ၏။
"ဒါတွေ အားလုံးက ဥပဒေမဲ့ သတ်ဖြတ်ထားတာပဲ ... နောက်ပြီး ကျူးလွန်သူကလည်း တစ်ယောက်တည်းပဲ ... သူက ဓားလိုမျိုး ချွန်ထက်တဲ့ လက်နက်ကို သုံးပြီး သေဆုံးသူတွေရဲ့ ဦးခေါင်းကို ထိုးဖောက်ထားတာ ... ကျူးလွန်သူက ဓားပညာရှင် တစ်ယောက် ဖြစ်နေနိုင်တယ် ... အတွင်းအား ပညာရှင် တစ်ယောက်တောင် ဖြစ်ကောင်းဖြစ်မယ် ... သေသွားတဲ့လူတွေ အားလုံးက ရုန်းကန်ဟန် မရှိတာကြောင့် သူတို့တွေက ကျူးလွန်သူရဲ့ လက်မှာ တစ်ချက်တည်း သေဆုံးသွားခဲ့တာလို့ မှတ်ချက်ချနိုင်တယ် ..."
မှုခင်းစုံထောက်က သူ၏ ဒါရိုက်တာအား တင်ပြလိုက်၏။ ဒါရိုက်တာက မည်သို့မျှ ပြန်မပြောသော်လည်း သူ၏ မျက်နှာကမူ မည်းမှောင်နေခဲ့သည်။
ယခုပြစ်မှုကား အလွန်ကြီးမားသော ပြစ်မှုကြီး ဖြစ်ရာ သူ့အနေဖြင့် ကိုင်တွယ်ရန် မသေချာလှပေ။ ထိုပြစ်မှုအတွက် အထက်တွင် အစီအစဉ် တစ်ခု ရှိနေနိုင်သည်။
ဒါရိုက်တာက သူ၏ လူတစ်ယောက်ကို မှုခင်း မြင်ကွင်းအား မှတ်တမ်းတင်ထားရန် အမိန့်ပေးနေဉ်မှာပင် အနီး ပတ်ဝန်းကျင် မြို့တစ်ခုမြို့၏ လုပ်ဖော်ကိုင်ဖက်ထံမှ ဖုန်းတစ်ခု ဝင်လာခဲ့၏။
"ဘယ်လို ... ချင်းရွှေမြို့မှာလည်း လျှိုကောတုန်း အသတ်ခံလိုက်ရတယ် ... ဟုတ်လား ..."
"ဟိုင်ကျိုးက ရှု့လုံပါ သေသွားခဲ့တာလား ..."
"ချူကျိုးက သူ့ရဲ့အိမ်မှာ ကျိုးထျန်းဟိုရဲ့ အလောင်းကို တွေ့ခဲ့ရတာလား ..."
အဆက်မပြတ် ရောက်ရှိလာသော သတင်းက လူများစွာအား အံ့အားသင့်စေခဲ့၏။
"ဒါရိုက်တာ ... ဒီကိစ္စကို ကျုပ်တို့ ဘယ်လို ဖြေရှင်းကြမလဲ ..."
မှုခင်းစုံထောက်က တုန်ယင်စွာဖြင့် ဒါရိုက်တာအား ကြည့်ရင်း မေးလိုက်၏။ ထိုပြစ်မှုကြီးကား တရုတ်၏ အကြီးမားဆုံး ကွင်းဆက် လူသတ်မှုကြီး ဖြစ်သည်။ သေဆုံးသူက အနည်းဆုံး ငါးရာ အထိပင် ရှိပေလိမ့်မည်။ သို့သော်လည်း ကျူးလွန်သူက တစ်ယောက်တည်းပင်။
စုံထောက်နှင့် ဒါရိုက်တာများ၏ မျက်လုံးများတွင်မူ တစ်မြို့မှ တစ်မြို့သို့ ဓားပျံစီးကာ ခုန်ကျော် သတ်ဖြတ်နေသည့် ဓားပညာရှင် တစ်ယောက်ကို မြင်ယောင်နေမိသည်။ သူကား ည၏ အမှောင်ရိပ်နှင့် သည်းထန်သော မိုး၏ အကူအညီကို ယူကာ လူများစွာအား တစ်ယောက်ပြီး တစ်ယောက် ရက်စက်စွာ သတ်ဖြတ်ပေလိမ့်မည်။
ထိုမိစ္ဆာကား သီချင်းများ၊ ကဗျာများ အတွင်းမှ စစ်သူရဲ တစ်ယောက်အလား ရက်စက် ကြမ်းကြုတ်သူ ဖြစ်ရမည်။
ဒါရိုက်တာက တုန်ခါနေသော အသံကို ငြိမ်အောင် ကြိုးစားထိန်းရင်း ...
"အားလုံးပဲ ... မှုခင်း ဖြစ်တဲ့ နေရာတွေ အားလုံးကို ပိတ်ပြီး ရုံးကို ပြန်ကြတော့ ... ဒီပြစ်မှုက ငါတို့ ကိုင်တွယ်နိုင်တဲ့ အရာ မဟုတ်ဘူး ... ငါ ဖက်ဒရယ် အစိုးရကို အစီရင်ခံပြီး အထူးဌာနရဲ့ အကူအညီကို တောင်းလိုက်မယ် ..."
"ဟုတ်ကဲ့ပါ ဒါရိုက်တာ ..."
လူတိုင်းက ပင့်သက်ရှိုက်ရင်း ခေါင်းညိတ်လိုက်၏။ ထိုပြစ်မှုက ကျိန်းသေ သူတို့နှင့် သက်ဆိုင်သော အရာမဟုတ်ချေ။ အကယ်၍ အတင်းအကျပ် ကိုင်တွယ်မည် ဆိုပါက အန္တရာယ်အား လက်ယပ်ခေါ်သလိုပင် ဖြစ်သွားပေလိမ့်မည်။
"ကျန်းပေ့နယ်၌ ငါးရာထက် မနည်းသော လူများ အသတ်ခံရခြင်း ..."
ထိုသတင်းက ကျန်းပေ့နယ်သို့ မုန်တိုင်းတစ်ခု အလား ရိုက်ခတ်သွားတော့သည်။ ကျန်းနန်နယ်၏ သူဌေးကြီး အချို့ကား အိပ်မက်ဆိုးများကြောင့် ညများစွာ ကြာအောင် အိပ်မပျော်တော့မည်မှာ ကျိန်းသေသည်။
***
ဝူကျိုးမြို့၊ စုမိသားစု ခြံဝင်း ...
စုရန်ဟိုမှာ မနက်စောစောစီးစီး ဖုန်းခေါ်ဆိုမှု တစ်ခုကြောင့် နိုးထလာခဲ့၏။ သူက ဖုန်းအား ကောက်ကိုင်လိုက်သည်နှင့် တစ်ဖက်မှ သူ၏ သား စုကျန်းဒီ၏ အသံကို ကြားလိုက်ရသည်။
"အဖေ ... အဖေ လုံခြုံရဲ့လား ... ကျင်းမြို့က စွန်းမိသားစုတော့ တစ်ညအတွင်း အပြတ်ရှင်း ခံလိုက်ရပြီ ... နောက်ပြီးတော့ ဟွာမိသားစု၊ ရမ်မိသားစု၊ ကုန်းမိသားစု အပါအဝင် မိသားစု ဆယ့်ခြောက်ခုရဲ့ ခေါင်းဆောင်တွေလည်း အသတ်ခံလိုက်ရပြီ ..."
"ဘယ်လို ..."
ထိုသတင်းကြောင့် အိမ်ချင်မူးတူး ဖြစ်နေသည့် စုရန်ဟို၏ မျက်လုံးများ ပြူးကျယ် သွားခဲ့တော့သည်။
"နောက်ပြီးတော့ ကျန်းပေ့နယ်မှာလည်း လူငါးရာထက် မနည်း အသတ်ခံလိုက်ရတယ် ... လူတွေ ပြောကြတာတော့ သူပြန်လာတာတဲ့ ..."
သူဆိုသော စကားလုံးက စုရန်ဟို၏ နားအတွင်း မိုးကြိုးပစ် သကဲ့သို့ ဝင်ရောက်သွားတော့၏။ စုကျန်းဒီက ဆက်ပြောနေသည့်တိုင် သူ မည်သည်ကိုမျှ မကြားနိုင်တော့ချေ။ သူ့နားထဲတွင် စကားလုံး တစ်ခုကသာ ထပ်ကာထပ်ကာ ကြားယောင်မိ နေတော့သည်။
"သူ ... သူ ..."
"ချန်းဖန် ပြန်လာပြီလား ..."
***