← Chapters

ကျန်းနန်နယ်၏ အံ့အားသင့်မှု

Vol. 5 Ch. 452

ကျန်းနန်နယ်၏ အံ့အားသင့်မှု

Vol. 5 Ch. 452

နံနက် နေထွက်လာသည်နှင့် သတင်းကား အထက်တန်းစား အသိုင်းအဝိုင်း တစ်ခုလုံး၌ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ထိုအသိုင်းအဝိုင်းရှိ လူတိုင်းလိုလိုကား ထိုအကြောင်းကိုသာ ပြောဆိုနေကြတော့သည်။

"မိသားစု ဆယ့်ခြောက်ခုမှ ခေါင်းဆောင်များ သေဆုံးခြင်း ..."

ထိုသတင်းကို ဖုံးဖိထားရန် မဖြစ်နိုင်ပေ။ သတင်းမှာ တောမီးကဲ့သို့ ကျန်းနန်နယ် တစ်ခုလုံးအား ပျံ့နှံ့သွားခဲ့တော့၏။ လူတိုင်းကား အပြောင်းအလဲကြီး တစ်ခု ဖြစ်ပျက်တော့မည် ဖြစ်ကြောင်း သတိထားလိုက်မိကြသည်။

"ချန်းပေ့ရွှမ်း ပြန်လာပြီလား ..."

"ဟီးဟီး ... အဆုံးမှာ ချန်းမိသားစု ပြန်လာနိုင်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ..."

အဘိုးအိုကျို့က ခေါင်းခါရင်း ရေရွတ်လိုက်၏။

"ချန်းပေ့ရွှမ်းက တကယ် နတ်ဆိုး ဝင်စားတဲ့သူပဲ ... သူက လူတွေ အများကြီးကို တစ်ညတည်းမှာ သတ်ဖြတ်ခဲ့တယ် ... ကျန်းပေ့က လူတွေ ဒီသတင်းကြားရင် ဘယ်လိုနေမယ် မသိဘူး ..."

ကျင်းလင်မြို့၊ ကျို့မိသားစု ခေါင်းဆောင်မှု အသက် ခုနစ်ဆယ်ခန့် ရှိပြီ ဖြစ်သည့်တိုင် ကျန်းမာ ကြံ့ခိုင်နေတုန်းပင်။

"အဖေ ... ချန်းဖန် ပြန်လာတယ် ဆိုတာ သေချာလို့လား ..."

ကျို့လော့ရင်က စိတ်ဝင်တစား မေးလိုက်သည်။ သူမ၏ အသံကမူ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

"ဗိုလ်ချုပ်လီရဲ့ စကား ဆိုတော့ သေချာပါတယ် ... နောက်ပြီး ချန်းပေ့ရွှမ်းက လွဲလို့ ဘယ်သူက ဒီလောက် ရက်စက်မှာလဲ ... သူက ကီလိုမီတာ တစ်ထောင်လောက်ကို တစ်ညတည်းနဲ့ ခရီးနှင်ပြီး ရာချီတဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ် ... ကောလာဟလတွေ အရ သူက စစ်တပ်ကြီး တစ်ခုလုံးကိုတောင် အနိုင်ယူနိုင်အောင် သန်မာတယ် တဲ့ ... ကြည့်ရတာ ကောလာဟလတွေ မှန်နေပုံပဲ ..."

အဘိုးအိုကျို့က ပင့်သက်ရှိုက်လိုက်၏။

လူများစွာ၏ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့် ချန်းဖန်၏ စွမ်းအားများက အဘိုးအိုကျို့ အပါအဝင် သူဌေးကြီး မြောက်မြားစွာက သွေးလန့်စေသည်။ စွန်းမိသားစု ဆိုလျှင် မိသားစု တစ်ခုလုံးပင် သုတ်သင်ခံလိုက်ရသည်။

"ချန်းပေ့ရွှမ်း ဆိုတာက ဘယ်သူလဲ ..."

ကျို့လော့ရင်၏ သူငယ်ချင်းက မေးလိုက်၏။ သူမက ဂျင်းစကပ်နှင့် ဖြစ်ကာ နေကာမျက်မှန်ကို တပ်ထားသည်။ သူမကား လှပယဉ်ကျေးပြီး ချမ်းသာသည့် အိမ်သူဇနီးမယား တစ်ယောက်၏ ရင့်ကျက်ခြင်းကို သယ်ဆောင်ထား၏။

"ချိုးယွင် ... သူ့နာမည်ကို တိုက်ရိုက် မခေါ်မိအောင် ဂရုစိုက်ပါ ..."

အဘိုးအိုက ပြုံးရင်း ပြောလိုက်၏။

"ဟမ့် ... ဘာဖြစ်ဖြစ် သူက အရှုံးသမားပဲ ... သူ့လို လူမျိုးတွေ ကျွန်မ တွေ့ဖူးတယ် ... သူတို့က ဘယ်ပြဿနာမဆို အကြမ်းဖက်ပြီး ဖြေရှင်းနိုင်တယ်လို့ တွေးနေကြတာ ... ဥပဒေကို လေးစားရကောင်းမှန်း မသိကြဘူး ..."

ဖေ့ချိုးယွင်က နှာခေါင်းရှုံ့လိုက်၏။

ဖေ့မိသားစုမှာ ရန်ကျင်း၌ ထိပ်ဆုံး မိသားစု မဟုတ်သည့်တိုင် ဒုတိယတန်းစား၊ တတိယတန်းစား မြို့များတွင်မူ သူမ၏ အဆင့်အတန်းက အထင်ကြီးလောက်သည်။ ထို့အပြင် ဖေ့ချိုးယွင်၏ ခင်ပွန်းမှာ ရန်ကျင်းမြို့၌ လွှမ်းမိုးနိုင်သည့် မိသားစုတစ်ခု၏ ဆက်ခံသူ ဖြစ်သည်။

မြင့်မားသော ပညာ အဆင့်အတန်းနှင့် ခင်ပွန်းသည်၏ လွှမ်းမိုးမှုက ဖေ့ချိုးယွင်အား ပိုမို မာနကြီးစေသည်။

"ဟဲ့ ... ချန်းပေ့ရွှမ်းက သာမန် သိုင်းသမား မဟုတ်ဘူးဟ ... နင်တို့ ရန်ကျင်းက အလွှမ်းမိုးနိုင်ဆုံး ဝမ်ချန်း၊ လီမူဖန်၊ ရှောင်ထျန်းချန် တို့လို လူငယ်ခေါင်းဆောင်တွေတောင် သူ့ကို တွေ့တာနဲ့ အမြီးကုပ် နေရမှာ ..."

ကျို့လော့ရင်က လက်ဖက်ရည်ကို မှုတ်ကာ သောက်ရင်း ပြောလိုက်၏။

"ဟုတ်လား ..."

ဖေ့ချိုးယွင်မှာ ကျို့လော့ရင်၏ စကားကို မယုံကြည်ပေ။

"ငါ ရန်ကျင်းမှာ သိုင်းပညာရှင်တွေ၊ အစီအရင် ပညာရှင်တွေ အများကြီး တွေ့ဖူးပါတယ်ဟာ ... ဒါပေမဲ့ သူတို့က မိသားစုကြီးတွေမှာ သက်တော်စောင့် အဖြစ်ပဲ အမှုထမ်းနေရတာ ... ဘယ်လို သက်တော်စောင့် သိုင်းပညာရှင်က လူငယ်ခေါင်းဆောင် တွေနဲ့ နှိုင်းယှဉ်နိုင်မှာ မလို့လဲ ..."

ဝမ်ချန်း၊ လီမူဖန်၊ ရှောင်ချန်းချန်တို့မှာ ရန်ကျင်းမြို့၏ ထိတ်ထိတ်ကြဲ လူငယ်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဖေ့ချိုးယွင်၏ ခင်ပွန်းပင်လျှင် ထိုလူငယ်များနှင့် ယှဉ်ပါက မှေးမှိန်ရသည်။

"ကောင်းပြီ ... ငါနင့်ကို ပြောပြရမှာပေါ့ ... လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဒုတိယ သခင်လေးဟန် ဟန်ဟုန်ကုံက ချန်းပေ့ရွှမ်းကို စော်ကားမိခဲ့တယ် ... သူ ဘာဖြစ်သွားတယ် ထင်လဲ ..."

ကျို့လော့ရင်က ဖေ့ချိုးယွင်ကို ကြည့်ရင်း မေးလိုက်၏။

"ဟန်ဟုန်ကုံလား ... လွန်ခဲ့တဲ့ တစ်နှစ်လောက်က အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်ကို ဆန့်ကျင်မိတာကြောင့် အိမ်ထဲကနေ ပေးမထွက်ခဲ့ဘူး လို့တော့ ငါကြားတယ် ..."

ဖေ့ချိုးယွင်က မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်၏။

"ဒါက ... ချန်းပေ့ရွှမ်းကြောင့်လား ..."

"ဟန်ကျန်းတုရဲ့ တောင်းပန်မှု ကြောင့်သာ မဟုတ်ရင် ဟန်ဟုန်ကုံ သေနေလောက်ပြီ ... စွန်းမိသားစုကတော့ ကျင်းမြို့ကနေ ကန်ထုတ်တာ ခံလိုက်ရတယ် ... လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ချန်းပေ့ရွှမ်း သေပြီလို့ သတင်းထွက်လာခဲ့တယ် ... အဲဒီ အချိန်ရောက်မှ စွန်းမိသားစုက ကျင်းမြို့ကို ပြန်ပြောင်းလာခဲ့တာ ..."

ကျို့လော့ရင်က ရှင်းပြလိုက်၏။

"ဒါက  ... မဖြစ်နိုင်တာ  ... ဟန်မိသားစုက ဟန်ကျန်းတုက သူ့ကို တောင်းပန်ရတာလား ..."

ဖေ့ချိုးယွင်၏ မျက်နှာက ဖြူရော်သွား၏။

"ချန်းပေ့ရွှမ်းက သာမန် သိုင်းပညာရှင် တစ်ယောက် မဟုတ်ပါဘူးလို့ ငါပြောသားပဲ ... သူက ကောင်းကင်စာအုပ် နံပါတ်တစ် နေရာမှာ ရှိတယ် ... သူ့ရဲ့ အဆင့်က ရဲ့နန်ထင်းထက်တောင် ပိုမြင့်သေးတယ် ..."

ကျို့လော့ရင်က ဆက်လက် ရှင်းပြလိုက်၏။

"ရဲ့နန်ထင်း ..."

ဖေ့ချိုးယွင်မှာ ငြိမ်ကျသွားသည်။

သူမမှာ ရဲ့နန်ထင်း အကြောင်းကို ကောင်းစွာ ကြားဖူးသည်။ ရဲ့နန်ထင်း၏ ကိုယ်ပိုင် အစွမ်း မဆိုထားနှင့်။ သူ့၏ မိသားစု ဖြစ်သော ရန်တောင် ရဲ့မိသားစုပင်လျှင် ရန်ကျင်း၏ ဝမ်မိသားစု၊ ရှောင် မိသားစုများထက် ပိုမို လွှမ်းမိုးနိုင်စွမ်း ရှိသည်။

"ဒါပေမဲ့ သူက လူတွေ အများကြီး သတ်ထားတာလေ ... အထူးဌာနကို သူ မကြောက်ဘူးလား ..."

ဖေ့ချိုးယွင်က နားမလည်နိုင်စွာ မေးလိုက်သည်။ သူမ၏ အမြင်အရ ဆိုလျှင် ချန်းပေ့ရွှမ်းမှာ ဥပဒေကို ချိုးဖောက်ခဲ့သူ ဖြစ်သည်။ သူကား ပြည်သူများ၏ ရန်သူပင် ဖြစ်သည်။

"ချန်းပေ့ရွှမ်း အတွက် ဒီလို အရေးမပါတဲ့ ကိစ္စလေးတွေက ထိခိုက်မှာ မဟုတ်ဘူး ..."

အဘိုးအိုကျို့က ခေါင်းခါရင်း ဝင်ရောက်ပြောလိုက်၏။

"ဘယ်လို ... အရေးမပါတာ ဟုတ်လား ..."

ဖေ့ချိုးယွင်က မျက်လုံး အဝိုင်းသားဖြင့် အဘိုးအိုအား ကြည့်လိုက်၏။

ချန်းပေ့ရွှမ်းမှာ မိသားစု ဆယ့်ခြောက်ခု၏ ခေါင်းဆောင်များအား သတ်ခဲ့သည့် အပြင် စွန်းမိသားစုဝင် အားလုံးကိုလည်း သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ စုစုပေါင်း သေဆုံးသူ ဦရေမှာ ငါးရာခန့်ပင် ရှိသည်။ ထိုမျှ ရက်စက်သော ပြစ်မှုကြီးက အဘယ်ကြောင့် အရေးမပါရမည်နည်း။

"လွန်ခဲ့တဲ့ ငါ့ရက်တုန်းက ချန်းပေ့ရွှမ်းက ရုရှား ခြေလျင်တပ်မ ၁၁၆ ကို အနိုင်ယူခဲ့တဲ့ အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းကိုပါ သတ်ဖြတ်ခဲ့သေးတယ် ..."

အဘိုးအိုကျို့က စားပွဲအား ခေါက်ရင်း ဆက်ပြောလိုက်၏။

"အဲဒါတွေနဲ့ ယှဉ်ရင် မနေ့က လုပ်ခဲ့တာတွေက ဘာမှ မဟုတ်ဘူး ... ဟုတ်တယ်မလား ..."

အဘိုးအိုကျို့၏ စကားအဆုံး၌ အခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ ဖေ့ချိုးယွင်၊ ကျို့လော့ရင်နှင့် အစေခံများစွာမှာ သူတို့ ကြားရသော စကားကြောင့် ဆွံ့အ သွားကြတော့သည်။

"သူက မဟာအင်အားကြီး နိုင်ငံကြီး တစ်နိုင်ငံကိုတောင် ဖိအားပေးပြီး ဒူးထောက်စေခဲ့တယ် ... ဗိုလ်ချုပ်လီရဲ့ စကား မဟုတ်ရင် ငါတောင် ယုံမိမှာ မဟုတ်ဘူး ... ကျန်းနန်နယ်မှာ ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ... သူက သူ့ရဲ့ မိသားစုကို ကမ္ဘာမှာ မဟုတ်ရင်တောင် တရုတ်မှာ အစွမ်း အထက်ဆုံး မိသားစု အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိတယ် ..."

"ဒီလောက်တောင်လား ... သူက ကမ္ဘာကြီး တစ်ခုလုံးကို ကြိုက်သလို လုပ်နိုင်တာပေါ့ ..."

ဖေ့ချိုးယွင်နှင့် ကျို့လော့ရင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်ကြ၏။

ဤသို့ဆိုလျှင် ချန်းပေ့ရွှမ်းကား ကမ္ဘာကြီးကိုပင် ပြောင်းလဲနိုင်သည် အထိ အစွမ်းထက်သော မိစ္ဆာ တစ်ယောက်ဟု မှတ်ယူနိုင်ပေသည်။ ရန်ကျင်း၏ ဝမ်ချန်း၊ လီမူချန်း တို့ကဲ့သို့သော လူငယ် မျိုးဆက်များ မဆိုထားနှင့် မိသားစု ခေါင်းဆောင်များပင် ထိုမကောင်းဆိုးဝါးကို လေးလေးစားစား ဆက်ဆံရမည် ဖြစ်သည်။

ကျို့မိသားစု နည်းတူ ကျန်းနန် ပြည်နယ်၏ အခြားမိသားစုများစွာမှာလည်း ဖြစ်ပျက်သမျှကို လက်ခံနိုင်စွမ်းပင် မရှိကြချေ။

ဟွာမိသားစုနှင့် ရမ်မိသားစုတို့မှာ သူတို့၏ မိသားစု ခေါင်းဆောင်များ သေဆုံးရခြင်းကို အမှုမထားပဲ လက်ဆောင် ပဏ္ဍာများ ယူ၍ ချန်းမိသားစု ထံသို့ လာရောက် တောင်းပန်ကြသည်။

သို့သော်လည်း ချန်းမိသားစုမှာ သူတို့၏ သစ္စာဖောက်မှုများကြောင့် တံခါးအား ဖွင့်မပေးခဲ့ကြချေ။ ချန်းဟွိုက်အန်းက ချန်းနဉ်အား လက်ဆောင်များကို လက်မခံစေပဲ ပြန်လွှတ်ရန် ခိုင်းစေခဲ့သည်။

မိသားစု များစွာမှာ ချန်းမိသားစု၏ စကားကို မလွန်ဆန် ဝံ့ကြချေ။ ဆရာချန်းကား ပြန်ရောက်လာပြီ ဖြစ်ရာ တစ်နည်းဆိုရလျှင် ချန်းမိသားစု ပြန်လာခဲ့ပြီ ဟု ဆိုနိုင်ပေသည်။

ရှန်းမိသားစုနှင့် စွန်းမိသားစုတို့က သူတို့ အတွက် သင်ခန်းစာ တစ်ခု ဖြစ်သည်။ သူတို့ကား မိသားစု ခေါင်းဆောင် တစ်ယောက်သာ ဆုံးရှုံးခဲ့ရသည်။ အကယ်၍ သူတို့သာ ချန်းမိသားစု အပေါ် ကျိုးနွံမှု မရှိလျှင် ကမ္ဘာပေါ်မှ အပြီးတိုင် ဖျောက်ဖျက်ခံရသည့် တတိယမြောက် မိသားစု ဖြစ်သွားနိုင်သည်။

သေဆုံးခြင်းကား ချန်းမိသားစု၏ ရန်သူများကို စောင့်ကြိုနေပေသည်။

***

ထိုအချိန် ကျင်းတက္ကသိုလ် စာသင်ခန်း တစ်ခု အတွင်း၌ ...

ကျော့ရှင်းသော ရုပ်ရည်ရှိသည့် မိန်းကလေး တစ်ယောက်မှာ သင်ခန်းစာများကို မှတ်စု ထုတ်နေခဲ့၏။ သူမ၏ မျက်နှာတွင်မူ မိတ်ကပ် လိမ်းခြယ်ထားခြင်း မရှိပဲ သဘာဝ အလှအပကို ဖော်ပြထားခဲ့၏။ အတန်းအတွင်းရှိ အခြားလူများက သူမအား မကြာခဏ ကြည့်နေကြသည့်တိုင် သူမကမူ ပါမောက္ခ၏ သင်ခန်းစာကိုသာ အာရုံစိုက် နေခဲ့သည်။

လူအများ၏ အတွေးတွင်မူ ထိုမိန်းမလေးကား ဘုရားသခင်၏ ဦးစားပေး ခံရသော ကလေး ဖြစ်သည်။

သူမက အလွန်အမင်း လှပသလို ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စ၍ အရိပ်မည်း တစ်ခု၏ စိုးမိုးခြင်း ခံရသည့်အလား သူမ၏ မျက်နှာမှာ အမြဲတမ်း ငေးငိုင်နေတတ်သည်။

"ဖန့်ချုံး ... သမီး အဆင်ပြေရဲ့လား ... သမီးကြည့်ရတာ သင်ခန်းစာကို စိတ်မပါသလိုပဲ ..."

ပါမောက္ခက သူမထံသို့ လျှောက်လာရင်း ကြင်နာစွာ မေးလိုက်၏။ သူမကား သူ၏ အတော်ဆုံး ကျောင်းသူ ဖြစ်သည်။

"ကျွန်မ အဆင်ပြေပါတယ် ... နည်းနည်း စိတ်လွင့်သွားလို့ပါရှင် ... နောက် မဖြစ်စေရဘူးလို့ ကတိပေးပါတယ် ..."

ဖန့်ချုံးက တောင်းပန်လိုက်သည်။ ထိုစဉ်မှာပင် သူမ၏ ဖုန်းသို့ ကျောင်းယို့ယို့၏ ဖုန်းခေါ်ဆိုမှု ဝင်လာခဲ့၏။

ပါမောက္ခ၏ ခေါင်းညိတ်ပြမှုဖြင့် ဖန့်ချုံးက ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူမ၏ သူငယ်ချင်းမှာ အတန်းချိန် အတွင်း အကြောင်းမဲ့ ဖုန်းခေါ်လိမ့်မည် မဟုတ်ပေ။

"ဖန့်ချုံး ... နင့်ယောက်ျား ပြန်လာပြီ ..."

"ဘုတ် ..."

ဖန့်ချုံးက ဆဲဖုန်းအား စားပွဲပေါ်သို့ ပစ်ချရင်း ရုပ်တု တစ်ခုအလား ငြိမ်သက်သွားတော့၏။

"ရှောင်ဖန် ... နင် တကယ်ပဲ ပြန်လာပြီလား ..."

***

All Chapters