← Chapters

နတ်ဓား၏ အောက်ဝယ်

Vol. 018 Ch. 1795

နတ်ဓား၏ အောက်ဝယ်

Vol. 018 Ch. 1795

ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များက ဆက်လက်၍ ထွက်ပြေးသွားကြသည်။ ဝတ်ရုံဖြူတန်ခိုးရှင်က ထျန်းဟယ်မဟာအကြီးအကဲကို နှောင့်နှေးစေရန် တားဆီးထားသည်။ ထို့​ကြောင့် အခြားအင်အားစုမှ တန်ခိုးရှင်များက ရီဖူရှင်းနောက်သို့ ဆက်၍ လိုက်သွားနိုင်ပေသည်။

ထျန်းဟယ်မဟာအကြီးအကဲက သူတို့၏ အဖွဲ့ဝင်အများအပြားကို သတ်ဖြတ်ခဲ့လျှင်ပင် ထိုအဖွဲ့၏ အင်အားက ရီဖူရှင်းတို့ထက် ပို၍ အားကောင်းနေဆဲ ဖြစ်သည်။ အဆုံးမှာတော့ သူတို့က လာရောက်မတိုက်ခိုက်ခင် အစွမ်းထက်ဆုံး တပ်ဖွဲ့ကို စုစည်းခဲ့ခြင်း ဖြစ်လေသည်။ သူတို့တွင် ကောင်းကင်သင်္ချိုင်းကလန်ကဲ့သို့သော အထက်ကောင်းကင်ဘုံ၏ ထိပ်သီးအင်အားစုများပင် ပါဝင်လေသည်။

သူတို့သည်လည်း နတ်နန်းတော်မှ တန်ခိုးရှင်များနှင့် တူညီသော အခြေအနေတွင် ကျရောက်နေသည်။ သူတို့အားလုံးသည် ဤအခြေအနေသို့ ရောက်နေကတည်းက ဆုံးဖြတ်ချက် တစ်ခုခုချရတော့မည်ကို ရှင်းရှင်းလင်းလင်း သိရှိထားပေသည်။ သူတို့သည် မည်သည့် ကံတရားပေါ်ကိုမှ မှီခိုနိုင်ခြင်း မရှိပေ။ အခြားဘက်မှ ရန်သူများအား အပြီးတိုင် သုတ်သင်ရှင်းလင်းပစ်မှသာ သူတို့၏ လုံခြုံမှုကို အကြွင်းမဲ့ အာမခံနိုင်ပေမည်။

ထိပ်သီးပုဂ္ဂိုလ်များအကြား တိုက်ပွဲတွင် သူတို့ ပါဝင်နိုင်ခဲ့ခြင်း မရှိသော်လည်း ဤတိုက်ပွဲက သူတို့နှင့်သာ သက်ဆိုင်နေသည်။

အနည်းဆုံးတော့ သူတို့သည် ကောင်းကင်အာဏာစက် ကျောင်းတော်မှ ရီဖူရှင်းကိုသာ သတ်ဖြတ်ရန် လိုသည်။

ရီဖူရှင်း အသတ်ခံရမည်ဆိုလျှင် ပြိုင်ဘက်၏ မဟာမိတ်တပ်များက ပြိုကွဲသွားမည်ဖြစ်သည်။ ထိုသို့​ဖြစ်လျှင် သူတို့အပေါ် ခြိမ်းခြောက်မှုများက အတော်လျော့နည်းသွားနိုင်သည်။

တန်ခိုးရှင်များထဲတွင် လေဟာနယ်လမ်းစဥ်အား ကျွမ်းကျင်သူများက အရှိန်အမြန်ဆုံး ဖြစ်သည်။ ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်ကဲ့သို့ အင်အားစုများမှ လူများသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ကြ၏။ ရန်ဟောင်အထွတ်အထိပ်အဆင့်မှ ပုဂ္ဂိုလ်အချို့သည် ရီဖူရှင်း၏ အဖွဲ့ကို ပထမဆုံး လိုက်မီလာကြသည်။ ရှန်ကလန်မှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က သူ၏ လက်ဝါးနှင့် ရိုက်ချလိုက်သည်။ အဝေးမှ ကောင်းကင်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက လေဟာနယ်ကို ဟက်တက်ခွဲကာ တန်ခိုးရှင်များဆီ တိုးဝင်လာသည်။

အခြားသော တန်ခိုးရှင်က ရှေ့သို့ လှမ်းလိုက်ရင်း သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးက ထွက်ပေါ်လာသည်။ နတ်အလင်းတန်းများ ထိုးထွက်လာပြီး ၎င်း၏ လမ်းကြောင်းအတွင်း ရှိသမျှ လူများကို သတ်ဖြတ်သွားလေသည်။

လေပြင်းမုန်တိုင်းက ပတ်ဝန်းကျင်တွင် တိုက်ခတ်လာသည်။ နတ်နန်းတော်၏ ဓားနန်းတော်မှ တန်ခိုးရှင်တစ်ဦးသည် ပြန်လှည့်ကာ ကောင်းကင်သို့ ခုန်တက်သွားသည်။ နတ်ဓားများက ကောင်းကင်သို့ ဖြတ်သန်းသွားပြီး အခြားသူများဆီသို့ ထိုးဝင်သွားလေသည်။ ယင်းက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

အရပ်မျက်နှာအသီးသီးမှ အခြားတန်ခိုးရှင်များက တိုက်ခိုက်လာပြီး ရီဖူရှင်း၏ အဖွဲ့ကို ထွက်ပြေးမရနိုင်စေရန် ဝန်းရံထားသည်။ ရီဖူရှင်း၏ အဖွဲ့မှ တန်ခိုးရှင်များသည် ပြန်လှည့်လိုက်ပြီး တိုက်ပွဲသို့ တစ်ယောက်ပြီး တစ်ယောက် ပါဝင်လာသည်။

ခဏချင်းအတွင်းမှာပင် မဟာလမ်းစဥ်၏ ထိပ်တန်းတိုက်ခိုက်မှု ပညာရပ်က လမ်းစဥ်ပင်လယ်အထက်မှ ကောင်းကင်တွင် ထွက်ပေါ်လာသည်။ ဝိညာဥ်လက်နက်များက အရပ်မျက်နှာအားလုံးမှ ပျံသန်းလာကာ နတ်မိုးကြိုးလျှပ်စီးတို့က ကောင်းကင်မှ ဆင်းသက်လာသည်။ ရွှေရောင်နတ်အလင်းက လေထုကို ခွဲထွက်လာပြီး မဟာလမ်းစဥ်ဓားများက ကောင်းကင်ကို ထိုးခွဲကာ အက်ကြောင်းများ ဖြစ်လာစေ၏။

မရေတွက်နိုင်သော တိုက်ခိုက်မှုများက ပေါက်ကွဲထွက်လာပြီး လမ်းစဥ်ပင်လယ်တွင် လှိုင်းများ ထလာစေသည်။ ပင်လယ်လှိုင်းများက ရိုင်းစိုင်းကြမ်းကြုတ်စွာ အော်မြည်၍ လှုပ်ရှား​နေကြသည်။

ရီဖူရှင်း၏ အဖွဲ့က အရေးသာနေဆဲ ဖြစ်၏။ အခြားသူများသည် ရီဖူရှင်းအတွက် မဟာလမ်းစဥ်မုန်တိုင်းများကို တားဆီးထားပေးသည်။ ထိုလူများသည် သူ့အား ပြင်းပြစွာ သတ်ဖြတ်လိုနေကြ၏။ သူတို့အားလုံးက ရီဖူရှင်းကို လမ်းစဥ်ပင်လယ်ထဲတွင် သေသွားစေလိုသည့် ဆန္ဒများ ပြင်းပြနေကြပေသည်။

ရီဖူရှင်းအား ထွက်ပြေးလွတ်မြောက်ရန် ကူညီပေးနေသူမှာ ထျန်းဟယ်မဟာအကြီးအကဲ၏ ဇနီးဖြစ်သော ရှန်ကလန်မှ တန်ခိုးရှင် ရှန်လော့ရွှီပင် ဖြစ်သည်။ သူမက ရီဖူရှင်းကို ပြောလိုက်သည်။ "သူက တန်ခိုးရှင်တွေ အများကြီးကို သတ်ခဲ့ပေမယ့် ငါတို့ရဲ့ တန်ခိုးရှင်အရေအတွက်က သူတို့ထက် နည်းနေတုန်းပဲ။ ငါ သွားပြီး သူတို့ထဲက တချို့ကို တားထားလိုက်မယ်။ မင်းတို့်အားလုံး ဆက်ပြီး ထွက်ပြေးကြပါ။ သူတို့ရဲ့ ပစ်မှတ်က မင်းပဲ။ အဲဒီတော့ အထွတ်အထိပ် ရန်ဟောင်အဆင့်တွေရဲ့ တိုက်ပွဲနဲ့ ဝေးနိုင်သမျှ ဝေးဝေးကို သွားလိုက်။"

"ကောင်းပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက မည်သည့်စကားကိုမှ ထပ်မပြောတော့ပေ။ ရှန်လော့ရွှီက ပြန်လှည့်သွားလိုက်သည်။ သူမ၏ ထျန်းရှင်းနတ်ရောင်ဝါက တောက်ပလာပြီး အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံသွားကာ သူတို့ကို လိုက်ဖမ်းနေသည့် တန်ခိုးရှင်များ လမ်းကြောင်းကို တားဆီးလိုက်သည်။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားသွားခဲ့သည်။ အချိန်တခဏအတွင်း လမ်းစဥ်ပင်လယ်ထက်တွင် တိုက်ပွဲကြီး ဖြစ်ပွားလာသည်။ လက်ရှိ ရီဖူရှင်းနှင့်အတူ ရှေ့ဆက်သွားနေသော တန်ခိုးရှင် အရေအတွက်က အလွန်ပင် နည်းပါးလှသည်။

ရီဖူရှင်းက အဝေးသို့ ကြည့်နေသည်။ သူတို့က ကမ်းခြေကို ဝေဝေဝါးဝါး မြင်နိုင်နေပြီ ဖြစ်သည်။ သူတို့သည် ကုန်းမြေခံတပ်သို့ ရောက်ရှိရန် အလွန်နီးကပ်လာပြီ ဖြစ်၏။ အရည်အချင်းရှိသော ပုဂ္ဂိုလ်များအနေနှင့် သူတို့သည် အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်ကြသည်။

သူတို့အား လိုက်လံဖမ်းဆီး​နေသူတို့က နည်းသထက်နည်းလာပြီး ထိုအထဲ၌ ကျင့်ကြံဆင့်မြင့်မားသော တန်ခိုးရှင်က အနည်းငယ်သာ ရှိသည်။ ရန်သူများက ရီဖူရှင်း၏ မဟာမိတ်အဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ဤတိုက်ပွဲတွင် ရှန်ကလန်မှ တန်ခိုးရှင်များ၊ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများ ပါဝင်ကြသည်။ သူတို့ထဲမှ အများစုသည် သက်ဆိုင်ရာကလန်များတွင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဤတိုက်ပွဲသည် အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို စုစည်းလိုက်စဥ်ကတည်းက မဟာလမ်းစဥ်ဘုံသုံးထောင်တွင် အကြီးမားဆုံး တိုက်ပွဲအဖြစ် သတ်မှတ်နိုင်သည်။ ထိပ်သီးအင်အားစုများနှင့် ထိပ်သီးပုဂ္ဂိုလ်များသည်ပင် ဤတိုက်ပွဲ၌ ပါဝင်ကြသည်။

မဟာလမ်းစဥ်ဘုံသုံးထောင်၌ မဆိုထားနှင့် ဤသို့သော အနေအထားနှင့် တိုက်ပွဲသည် ကောင်းကင်ဒေသ၏ ပြင်ပဘုံ၌ပင် အလွန်ရှားပါးလှသည်။ ဤမျှ ကြီးကျယ်လှသော စစ်ပွဲသည် လက်ရှိ ကစဥ့်ကလျားခေတ်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လေပြင်းမုန်တိုင်းက ဆက်လက်တိုက်ခိုက်နေပြီး ရွှေရောင်နတ်အလင်းက တောက်ပနေသည်။ အထွတ်အထိပ်အဆင့် ရန်ဟောင်သုံးပါးက ရီဖူရှင်းနောက်သို့ ဆက်လိုက်နေသည်။

ယခု ရီဖူရှင်းဘေး၌ ကျန့်ချန်ကျီတစ်ဦးသာ ကျန်ရှိ​နေသည်။ ဆန့်ကျင်ဘက်အနေနှင့် ရန်သူအဖွဲ့တွင် မတူညီနေသော အရပ်မျက်နှာသုံးခုမှ လာနေသည့်အထွတ်အထိပ်အဆင့် ရန်ဟောင်သုံးပါးအပြင် အလယ်အလတ်အဆင့် ရန်ဟောင်အနည်းငယ်လည်း ရှိသည်။

တောက်ပသည့် ရွှေရောင်နတ်အလင်းတန်းက သူတို့ထံ ပြေးဝင်လာသည်။ ကျန့်ချန်ကျီက တိုက်ခိုက်မှုများကို ရီဖူရှင်း ရှောင်တိမ်းနိုင်ရန် လမ်းညွှန်ပေးသည်။ ကြောက်မက်ဖွယ် နတ်အလင်းက သူ့ခန္ဓာကိုယ်အား ထိမှန်ရန် လက်မအနည်းငယ်အလိုမှ ဖြတ်သန်းသွားသည်။

"စီနီယာ သွားသင့်တယ်။" ရီဖူရှင်းက ကျန့်ချန်ကျီကို ပြောလိုက်သည်။

ကျန့်ချန်ကျီက သူ့ကို ကြည့်လိုက်၏။

"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။" ရီဖူရှင်းက ပြောလိုက်သည်။

ကျန့်ချန်ကျီက ခေါင်းညိတ်လိုက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူက လျင်မြန်စွာ ပြန်လှည့်လိုက်ပြီး အဋ္ဌမဆင့်နတ်ဝင်ရိုးနှင့် တန်ခိုးရှင်ကို တိုက်ခိုက်လိုက်သည်။ ထိုသည်မှာ သူ ရီဖူရှင်းအတွက် လုပ်ဆောင်​ပေးနိုင်သော အကောင်းဆုံးအရာ ဖြစ်သည်။

ရီဖူရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လေထဲသို့ ဆက်ကာ ခြေလှမ်းလိုက်သည်။ သူက ကမ်းခြေရှိရာသို့ ဆက်လက်၍ သွားလေသည်။

သူ့နောက်သို့ သဲကြီးမဲကြီး လိုက်နေသူမှာ သတ္တမဆင့်နတ်ဝင်ရိုးနှင့် အထွတ်အထိပ် ရန်ဟောင်နှစ်ပါးနှင့် အလယ်အလတ်အဆင့် ရန်ဟောင်များသာ ဖြစ်သည်။ သူတို့၏ အရှိန်က အံ့သြစရာကောင်းလောက်အောင် လျင်မြန်လှသည်။ သူတို့မျက်လုံးထဲ၌ ရက်စက်ယုတ်မာသော အတွေးတို့​က ပေါ်လွင်​နေသည်။ သူတို့သည် ဤတစ်ကြိမ်၌ ရီဖူရှင်းကို လွတ်မြောက်ခွင့် မပေးနိုင်ဟု ဆုံးဖြတ်ထားခဲ့သည်။

သတ္တမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်နှစ်ယောက်မှ တစ်ယောက်သည် ရှန်ကလန်မှ ဖြစ်ကာ နောက်တစ်ယောက်က ရွှေရောင်နတ်ပြည်ထောင်မှ ဖြစ်လေသည်။

သူတို့နှစ်ယောက်လုံး၏ မျက်လုံးများက ရီဖူရှင်းအား သေလူကဲ့သို့ စိုက်ကြည့်​နေကြသည်။ ထိုအင်အားစုနှစ်ခုလုံးသည် ရီဖူရှင်းနှင့် သွေးကြွေးများ ရှိနေကြ၏။ သူတို့က ရီဖူရှင်း ထွက်ပြေးသွားသည်ကို ​မြင်သောအခါ သူတို့က စိတ်ထက်ထက်သန်သန်နှင့် လိုက်ပါသွားကြပေသည်။

ယခုမတိုင်ခင်က ထျန်းဟယ်မဟာအကြီးအကဲ၏ ထွက်ပေါ်လာမှုက အင်အားစုနှစ်ခုလုံးကို အထိအခိုက်အကျအဆုံးများစေခဲ့သည်။ သို့သော် သူတို့သည် ဤတိုက်ပွဲ၌ အရေးသာမှုတို့ ရှိနေသည့်အတွက် တိုက်ပွဲ၏ ရလဒ်က ပြောင်းလဲသွားမည် မဟုတ်ပေ။ နတ်နန်းတော်က ယနေ့တွင် ပျက်စီးရမည့်ကံကြမ္မာအား ရှောင်ရှားနိုင်လျှင်ပင် ရီဖူရှင်းအား သတ်နိုင်ခဲ့ပါက မဟာမိတ်တပ်များက ပြိုကွဲသွားမည်ဖြစ်သည်။ ထိုသို့​ဖြစ်သည့်အခါ နတ်နန်းတော်က မည်သည့်အခါမှ ပြန်လည်ဦးမော့လာနိုင်တော့မည် မဟုတ်ပါချေ။

ထိုအချိန်၌ ရီဖူရှင်း၏ ပုံရိပ်က ခေတ္တတုံ့ဆိုင်းသွားသည်။ သူသည် လမ်းစဥ်ပင်လယ်၏ အဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက ပြန်လှည့်ကာ သူ့နောက်သို့ လိုက်လာသည့် လူများကို ကြည့်လိုက်သည်။

ပင်လယ်ကမ်းစပ်မှာ ရှိနေသည့် လူများက လမ်းစဥ်ပင်လယ်ထက်ရှိ ကောင်းကင်၏ အဝေးတစ်နေရာသို့ မော့ကြည့်လိုက်ကြသည်။ ကြောက်မက်ဖွယ် အရှိန်အဝါက ထိုနေရာမှ ထွက်လာနေသည်ကို ခံစားမိသောအခါ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ ထိပ်သီးအင်အားစုမှ လူများ ချဥ်းကပ်လာခြင်း ဖြစ်သည်။

ရွှေရောင်နတ်ပြည်ထောင်နှင့် နတ်နန်းတော်၏ ထိပ်တိုက်ရင်ဆိုင်တွေ့မှုက အထက်ကောင်းကင်ဘုံမှ လူတိုင်း သိကြသည့်အရာ ဖြစ်သည်။ ကြီးမားသည့်တိုက်ပွဲက ဘုံအတွင်းရှိ လူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုတိုက်ပွဲက မည်သို့ အဆုံးသတ်သွားသနည်း။

"အဲဒါ ဘယ်သူလဲ။" ရီဖူရှင်းအား မော့ကြည့်နေသည့် လူများထဲမှ တစ်ယောက်က မေးလိုက်သည်။ "ဘာလို့ ဒီလောက် တန်ခိုးရှင်အများကြီးက သူ့နောက် လိုက်နေတာလဲ။"

သူ့ခန္ဓာကိုယ်မှ အရှိန်အဝါအရ သူသည် ဒုတိယအဆင့်နတ်ဝင်ရိုး၌သာ ရှိနေပေဦးမည်။ သူသည် မည်သို့ဖြစ်၍ ထိုမျှများပြားသော အစွမ်းထက်ပုဂ္ဂိုလ်များ၏ အာရုံကို ဆွဲယူနိုင်ခဲ့ရသနည်း။ ထိုသည်က အလွန် ရူးလောက်စရာပင် ​ဖြစ်သည်။

ဒုတိယအဆင့် နတ်ဝင်ရိုး တန်ခိုးရှင်တစ်ဦး အား သတ်ဖြတ်ရန် အလယ်အလတ်အဆင့် တန်ခိုးရှင်တစ်ဦးဆိုပါက လုံလောက်နေပြီ မဟုတ်ပါလား။

သို့သော် ထိုတန်ခိုးရှင်များက တစ်ဖက်စစ်ပွဲ၌ ကူညီနေရမည့်အစား တစ်ယောက်တည်းကိုသာ သဲသဲမဲမဲ လိုက်ဖမ်းနေကြပေသည်။ ကြည့်ရသည်မှာ သူတို့က အဖြူရောင်ဝတ်စုံနှင့် ဤလူငယ်ကိုသာ ဦးစားပေးလိုက်ဖမ်းရန် စီစဥ်ထားပုံ ရသည်။

"သူ့မှာ အဖြူရောင်ဆံပင်တွေ ရှိပြီး အဖြူရောင်ဝတ်စုံကို ဝတ်ထားတယ်။ ဘယ်သူများ ​ဖြစ်နိုင်ဦးမှာလဲ။" တစ်ယောက်က ပြန်ဖြေလိုက်သည်။ "သူက ကောင်းကင်အာဏာစက်ကျောင်းတော်က ရီဖူရှင်းလေ။ သူက မဟာလမ်းစဥ် ဘုံသုံးထောင်မှာတော့ တကယ့် အကျော်အမော်ပဲ။ သူ့ကို သူ့မျိုးဆက်ထဲမှာ အားအကောင်းဆုံးဆိုပြီး လူသိများတယ်။ ဘယ်သူမှ သူ့ကို မယှဥ်နိုင်ဘူး။"

ထိုသည်က ရီဖူရှင်း ဖြစ်သည်။ လူအုပ်ကြီးက အဖြေကို ကြားသည့်အခါ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။ ထို့နောက် ယခု အဖြစ်အပျက်က အံ့သြစရာမရှိတော့ဟု တွေးလိုက်ကြသည်။

ထိုမျှ အစွမ်းထက်သော တန်ခိုးရှင်များက တစ်ဖက်စစ်မြေပြင်ကို ကူညီရန်အတွက် ရီဖူရှင်းအား လိုက်ဖမ်းနေကြခြင်း ဖြစ်လေသည်။

ဤသည်ကို ကြည့်လျှင် ရီဖူရှင်းက မည်မျှ အရေးကြီးသည်ကို သိနိုင်သည်။

ရီဖူရှင်းကို ဖမ်းနိုင်လျှင် စစ်ပွဲကို အဆုံးသတ်ရန် တစ်ဝက်နီးစပ်သွားပြီဖြစ်သည်။

ရီဖူရှင်း ရပ်တန့်လိုက်သည့်အခါ အခြားသူများကလည်း သူ့အား တိုက်ခိုက်ရန် အလျင်မလိုကြပေ။ အဆင့်မြင့်ရန်ဟောင်နှစ်ပါးက သူ့ရှေ့တွင် ထွက်ပေါ်လာပြီး အလယ်အလတ်အဆင့် ရန်ဟောင်များကလည်း သူတို့နောက်သို့ လိုက်မီလာသည်။ သူတို့က သူ့ကို ဝန်းရံထားလိုက်ကြသည်။

ယခု၌ သူတို့သည် ရီဖူရှင်းအား အသေဖမ်းမည်လား အရှင်ဖမ်းမည်လား သိချင်နေကြသည်။

ဤသို့သော အခြေအနေမျိုးတွင် ရီဖူရှင်း ထွက်ပြေးရန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် လေထဲတွင် ရပ်နေပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ဝေ့ကြည့်လိုက်သည်။ သူသည် ပြိုင်ဘက်များ၏ အရှိန်အဝါကို ခံစားမိပေသည်။ သူ့ရှေ့တွင် ရပ်နေသည့် အဆင့်မြင့်ရန်ဟောင်နှစ်ဦးက သူ့အား စိုက်ကြည့်နေသည်။ အလယ်အလတ်အဆင့် ရန်ဟောင်များက အနီးတွင် ဝိုင်းပတ်လာကာ သူ့ကို ဝန်းရံထားသည်။ သူတို့၏ စွမ်းအားများက သူ့ကို ဖိအားပေးလာသည်။ ထိုအချိန်တွင် သူသည် ပိုက်ကွန်ထဲမှ ငါးတစ်ကောင်ကဲ့သို့ပင် ဖြစ်၏။

"သူ့ကို သတ်" တစ်ယောက်က အမိန့် ပေးလိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်မှ အဆင့်မြင့်ရန်ဟောင်က လက်ထဲ​၌ လှံကို ကိုင်စွဲထားပြီး သတ်ဖြတ်လိုစိတ်များကလည်း ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ အလယ်အလတ်အဆင့် ရန်ဟောင်များကလည်း ရီဖူရှင်းကို တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ လမ်းစဥ်များက မတူညီသည့် လက်နက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်ခုက ရီဖူရှင်း၏ မျက်ခုံးတန်းနှစ်ခုကြားမှ ထိုးထွက်လာသည်။ အလင်းတန်းသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး နေရာလွတ်ခန်းမတစ်ခုအ​​ဖြစ် ပြောင်းလဲသွားသည်။ လူတိုင်းက တွေဝေစွာ မျက်မှောင်ကြုတ်လိုက်၏။ ဝိညာဥ်ရတနာလား။

ရီဖူရှင်း၏ အနီးသို့ ချဥ်းကပ်လာသည့် အလယ်အလတ်အဆင့် ရန်ဟောင်တို့က ရီဖူရှင်း ထိုအတွင်း၌ ပုန်းမနေနိုင်စေရန် နေရာလွတ်ခန်းမအတွင်း လိုက်ဝင်သွားကြ၏။

ချက်ချင်းပင် နေရာလွတ်ခန်းမက ကျယ်ပြန့်လာပြီး ရီဖူရှင်းနှင့် အလယ်အလတ်အဆင့် ရန်ဟောင်များကို လွှမ်းခြုံသွားသည်။

သတ္တမဆင့် နတ်ဝင်ရိုး အဆင့်မြင့်ရန်ဟောင်နှစ်ဦးက ခန်းမတွင်းသို့ လိုက်မဝင်ကြပေ။ သူတို့က အပြင်ဘက်၌ ရပ်ကာ စောင့်ကြပ်နေကြသည်။

ရီဖူရှင်းက လေဟာနယ်ရတနာအား အသုံးပြုနေလျှင်ပင် ရီဖူရှင်းထက် ကျင့်​ကြံဆင့်မြင့်သော ထိုအလယ်အလတ်အဆင့် ရန်ဟောင်များက သူ့အားသတ်ဖြတ်ရန် လုံလောက်ပြီ ဖြစ်သည်။

ရီဖူရှင်း၏ လက်ထဲ၌ နတ်ဓားတစ်လက် ပေါ်ပေါက်လာသည်။ ၎င်းက တလက်လက် တောက်ပနေသည်။ ထိုသည်မှာ နောက်ထပ် အစွမ်းထက်ဝိညာဥ်လက်နက်တစ်ခု ဖြစ်သည်။ သူသည် ချပ်ဝတ်တစ်ခုကိုလည်း ဝတ်ဆင်ထားသေးသည်။ ရီဖူရှင်း၏ ထိုရတနာများ အားလုံးက နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ရရှိခဲ့ခြင်း ဖြစ်သည်။

နတ်ဓားပေါ်လာပြီးနောက် ၎င်းသည် လေထုနှင့် ရောယှက်နေသော မြည်သံကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သည့် ဓားစွမ်းအားများက ပတ်ဝန်းကျင်တွင် လွင့်မျောကာ သူတို့အား ဝန်းရံလာသည်။ နတ်အလင်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ခပ်မှိန်မှိန်လင်းလက်လာသည်။

ဟင်....

ရီဖူရှင်းကို ဝန်းရံထားသည့် တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်သည်။ ဘာတွေဖြစ်နေတာလဲ။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် နတ်အလင်းများ အချိန်နှင့်အမျှ တောက်ပသထက် တောက်ပလာသည်။ ကြောက်မက်ဖွယ် ထိပ်တန်းတိုက်ခိုက်မှုပညာရပ် စွမ်းအားက သူ့ထံ တိုးဝင်လာကာ သူ့အနီးမှ ဓားစွမ်းအားများကို အမှုန်အမွှားများအဖြစ် ဖြိုခွဲလိုက်သည်။

ဘန်း နတ်အလင်းရောင်က ပြင်းထန်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်ကို ရွှေရောင်နတ်အလင်းတို့နှင့် ကာကွယ်ထားလိုက်၏။ သူ့ကို ကြည့်ရသည်မှာ ခမ်းနားထည်ဝါလှသည်။

သူက ကု့ချင်းနတ်ဝင်ရိုးကို ထုတ်ဖော်လိုက်သည်။ မရေတွက်နိုင်သော ကု့ချင်းကြိုးများက လေဟာနယ်အတွင်း ထွက်ပေါ်လာ၏။ ကု့ချင်းကြိုးတစ်ချောင်းချင်းစီသည် ပြိုင်ဘက်ကင်း ရွှေရောင်နတ်အလင်းတို့ကို ထုတ်လွှတ်နေ၏။ ကြိုးများတွင် ဓားစွမ်းအားတို့လည်း ပါဝင်နေသည်။

ထွမ် မြည်သံတစ်ခုကို ကြားလိုက်ကြရ၏။ ကု့ချင်းရွှေကြိုးများတွင် ဓားစွမ်းအားများ စီးဆင်းနေပြီး လေဟာနယ်အတွင်း လွှမ်းခြုံထားသည်။

တန်ခိုးရှင်တစ်ဦးက သူ့နေရာ၌သူ မရွှေ့ဘဲ ရပ်နေသော်လည်း သူသည် ကု့ချင်းကြိုးမှ စွမ်းအားများက သူ့ဝန်းကျင်ကို ဆက်တိုက်ထိုးဖောက်နေကြောင်း ခံစားမိပေသည်။ ကြိုးများက လေဟာနယ်ကို တဖြေးဖြေး သီးခြား ​ဖြစ်လာစေသည်။ ၎င်းတို့က မဟာလမ်းစဥ် လေဟာနယ်စွမ်းအားတို့အဖြစ် ဖြစ်တည်လာသည်။

ဘုန်း မဟာလမ်းစဥ် နတ်ဝင်ရိုးမှ အလွန်တောက်ပသည့် အလင်းများသည် တန်ခိုးရှင်များပေါ်သို့ မိုးရွာသကဲ့သို့ ရွာသွန်းလာသည်။

တန်ခိုးရှင်များထံမှ အလွန်အစွမ်းထက်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ သူတို့၏ နတ်ဝင်ရိုးများမှ စွမ်းအားများ ဖြာထွက်လာသည်။ သို့သော် ထိုအချိန်၌ သူတို့၏ နတ်ဝင်ရိုးများက ရီဖူရှင်းကို ယှဥ်နိုင်ခြင်းမရှိဟု ခံစားလာရသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ နတ်ရောင်ဝါတို့ ထိုးထွက်လာသည်။ ၎င်းက ပျံ့နှံ့သွားကာ ထိုတန်ခိုးရှင်များသည် သူတို့၏ မျက်လုံးများ နာကျင်လာမှုကြောင့် မျက်လုံးများ မှိတ်လိုက်ကြရသည်။

အနီးဝန်းကျင်ရှိ တန်ခိုးရှင်များ၏ အမူအရာတို့က ပြောင်းလဲသွားသည်။

ဤသည်က ဧကရာဇ်အလင်းများလော။

သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ မဟာအင်ပါယာ၏ သင်ကြားပေးမှုကို ခံယူခဲ့ရသည်။ ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များက အလွန် စိတ်ဝင်စားမှုကို ပြသလာသည်။ ဤသည်က သူ၏ စွမ်းရည် အစစ်အမှန်လား။ သူက တစ်ချိန်လုံး စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည်လား။

သူ ယခင်က ပြောဖူးသည်မှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ မဟာအင်ပါယာ၏ သင်ကြားပေးမှုကို ခံခဲ့ရသည်ဟူ၍ ဖြစ်သည်။

ယခုတွင် သူတို့ရှေ့မှ မြင်ကွင်းက ရီဖူရှင်း ယခင်က ပြောဖူးသော မောက်မာသည့် စကားများကို သက်သေပြနေသကဲ့သို့ ဖြစ်သည်။ သူသည် မဟာအင်ပါယာ၏ သင်ကြားပေးမှုကို ခံယူခဲ့ရပြီး နတ်ဘုရားများကို မျက်မြင်တွေ့ကြုံခဲ့ရသည်။

ရီဖူရှင်းက သူ၏ ဓားကို မ,လိုက်ကာ ကောင်းကင်အား နတ်အလင်းတို့နှင့် ထိုးဖောက်လိုက်သည်။ ဤလေဟာနယ်အတွင်း ဓားစွမ်းအားများက တသားတည်း ​ဖြစ်လာကာ ဓားကမ္ဘာတစ်ခု ဖွဲ့တည်လာသည်။

"သေလိုက်တော့" ရီဖူရှင်းက အေးစက်သည့်အသံနှင့် ပြောလိုက်သည်။

သူ ထိုသို့ ပြောပြီးသည့်နှင့် သူ့လက်ထဲမှ နတ်ဓားက ပျံသန်းထွက်သွားသည်။ မဟာလမ်းစဥ်စွမ်းအားများက ဝန်းကျင်တွင် စိမ့်ဝင်ပျံ့နှံ့နေပြီး အော်မြည်သံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ အလယ်အလတ်အဆင့် ရန်ဟောင်တစ်ဦးက နတ်ဓားကို တားဆီးရန် အစွမ်းထက်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း နတ်ဓားအလင်း၏ အောက်တွင် သူ့ပုံရိပ်က အမှုန်များအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့ပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားရတော့သည်။

***

All Chapters