← Chapters

ဖန့်ချုံးနှင့် ပြန်လည် ဆုံစည်းခြင်း

Vol. 5 Ch. 453

ဖန့်ချုံးနှင့် ပြန်လည် ဆုံစည်းခြင်း

Vol. 5 Ch. 453

ချန်းဖန် အရှေ့တောင်ကြား ဒေသသို့ ပြန်ရောက်ချိန်၍ ဝမ်ရှောက်ယွင်နှင့် ချန်းကောရှင်းတို့မှာ ကျင်းမြို့တော်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ဝမ်ရှောက်ယွင်က သားဖြစ်ကို တွေ့သည်နှင့် အချိန် အတန်ကြာအောင် ငိုယိုရင်း ပွေ့ဖက်ထားခဲ့၏။

"အမေ ... မစိုးရိမ်ပါနဲ့ ... ကျွန်တော် ပြန်လာပြီပဲ ... ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ကို ထိခိုက်အောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး ..."

ချန်းဖန်က မိခင် ဖြစ်သူ၏ ပခုံးနှစ်ဖက်အား ကိုင်ရင်း ညင်သာစွာ ပြောလိုက်၏။

ချန်းကောရှင်းကမူ ဘာမှ ဝင်မပြောခဲ့ချေ။ သူက ခေါင်းကို ညိတ်ရင်းသာ ထိုသားအမိအား ကြည့်နေခဲ့၏။

သူကား အသက်လေးဆယ် ကျော်မျှသာ ရှိသော်လည်း ဦးခေါင်းတွင်မူ ဆံပင်များက ဖြူဖွေးနေခဲ့သည်။ ဤတစ်နှစ် အတောအတွင်း၌ သူ မည်မျှ စိတ်ဆင်းရဲ ခဲ့ရကြောင်း သိသာလွန်းသည်။

"ရှောင်ဖန် ... ကျန်းနန်မှာပဲ အဖေ၊ အမေတို့နဲ့ နေပါလား ... ငါတို့ အတွက် လိုအပ်တာက ထာဝရ အသက်ရှင်ဖို့ မဟုတ်ဘူး ... တစ်သက်လုံး အတူတူနေရဖို့ပဲ ..."

ဝမ်ရှောက်ယွင်က ငိုရင်းမှ ချန်းဖန်ကို ပြောလိုက်သည်။

"အမေ ... ချန်းမိသားစုရဲ့ ကံကြမ္မာက ကျွန်တော့်ရဲ့ ပခုံးပေါ်မှာပါ ... တကယ်လို့ ကျွန်တော်သာ မသန်မာဘူး ဆိုရင် မနှစ်က ဘာဖြစ်သွားမယ် ထင်လဲ ... နောက်ပြီး ကျွန်တော့်ကြောင့်သာ မဟုတ်ရင် ထန်လုံ တပ်ဖွဲ့နဲ့ ဗိုလ်ချုပ်လီက ချန်းမိသားစုကို ကာကွယ်ပေးမှာတောင် မဟုတ်ဘူး ..."

ချန်းဖန်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

ဝမ်ရှောက်ယွင်မှာလည်း သူမ၏ တောင်းဆိုမှုကို ချန်းဖန် လက်ခံလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ သူမက ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ရင်း ရှက်ရွံ့စွာ ပြုံးလိုက်၏။

"ရှောင်ယွင် ... ချန်းဖန် ပြန်လာပြီ ဆိုတော့ တရုတ်မှာ ငါတို့ကို ဆန့်ကျင်ရဲတဲ့သူ ရှိမှာ မဟုတ်တော့ဘူး ... ငါတို့ ချန်းမိသားစုက နဂါးတစ်ကောင်လို ဝင့်ကြွားနိုင်ပါပြီ ... စိတ်မကောင်းဖြစ် မနေပါနဲ့တော့ ..."

ချန်းဟွိုက်အန်းက ရယ်မောရင်း ပြောလိုက်၏။

"ဟုတ်ကဲ့ ... ဒါနဲ့ ကျိမိသားစု၊ တန့်မိသားစုနဲ့ နင်းမိသားစုတို့ အကြောင်း ပြောဖို့ မေ့နေတာ ... သူတို့က ဒီကို လာရောက် လည်ပတ်ချင်တယ်တဲ့ ... ဒါပေမဲ့ ကျွန်မ သူတို့ကို ပြန်လွှတ်လိုက်တယ် ..."

ဝမ်ရှောက်ယွင်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်၏။

"အဲဒီ ရိုင်းစိုင်းတဲ့ လူတွေကို သင်ခန်းစာ တစ်ခုတော့ ပေးရဦးမှာပဲ ..."

ချန်းဖန်က အေးစက်စွာ ပြုံးလိုက်၏။

ရုရှား၏  အဖြစ်အပျက်များက ချန်းဖန်အား ရန်သူများကို မညှာတာရန် ဟူသော သင်ခန်းစာ တစ်ခုအား ပေးခဲ့သည်။ အကယ်၍ သူသာ ကျိမိသားစု၊ တန်မိသားစုနှင့် နင်းမိသားစုတို့အား အပြတ်ရှင်း ပစ်ခဲ့လျှင် သူမရှိစဉ် ကာလအတွင်း ချန်းမိသားစုကို ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ချေ။

"အမေ ... အစ်မအန်က ဘာဖြစ်သွားတာလဲ ..."

ချန်းဖန်က ဝမ်ရှောက်ယွင်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"သူက အန်မိသားစုကို ကျင်းရှို့ လုပ်ငန်းစု အတွက် ပြန်သွားတာပါ ..."

ဝမ်ရှောက်ယွင်၌ နောင်တရသော အမူအရာများ ဖြစ်ပေါ်လာသည်။

"အန်မိသားစုက ငါတို့ဆီကို ရောက်လာပြီး အန်ရာကို မေးခဲ့တယ် ... အန်ရာက ပထမဆုံး အန်မိသားစုကို ပြန်ဖို့ ငြင်းသေးတယ် ... နောက် ကျင်းရှို့ လုပ်ငန်းစုကို ကူညီဖို့ အန်မိသားစု ပေးခဲ့တဲ့ ကတိကြောင့် သူ ပြန်လိုက်သွားခဲ့တာ ... သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတောင် အမေ့ကို ပြောမပြခဲ့ဘူး ... အမေ တောင်းပန်ပါတယ် ... သူ့ကို မကာကွယ် နိုင်ခဲ့ဘူး ..."

မျက်ရည်များက ဝမ်ရှောက်ယွင်၏ မျက်လုံးများ၌ ဝေ့သီလာပြန်သည်။ အန်ရာမှာ ချန်းဖန်ထက် ပို၍ပင် သူမနှင့် အတူ ရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အန်ရာနှင့် သူမမှာ ချန်းဖန်ထက်ပင် ပိုမို ရင်းနှီးသည်။

"ဒါက အဆင်ပြေပါတယ် အမေ ... ကျွန်တော် အန်မိသားစုကို အလည်တစ်ခေါက်သွားပြီး အန်ရာကို ပြန်ခေါ်လာခဲ့ပါ့မယ် ..."

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အင်း ..."

ဝမ်ရှောက်ယွင်က ခေါင်းညိတ်လိုက်၏။

"အဘိုး အဖေ အမေ ... ကျွန်တော်တို့ မိသားစုကို စနစ်တကျ တည်ဆောက်ဖို့ လိုနေပြီ ... ကျွန်တော်တို့ကို မျှမျှတတ ဆက်ဆံခဲ့တဲ့ မိသားစုတွေ အားလုံးကို မဟာမိတ် အဖြစ် ဖွဲ့ရမယ် ... ဆန့်ကျင်ခဲ့တဲ့ မိသားစုတွေ ကိုတော့ သူတို့ လုံးဝ မမေ့မဲ့ သင်ခန်းစာ တစ်ခု ပေးရမယ် ... နောက်ပြီး ကျွန်တော်တို့ လုပ်ရပ်က မှားပါစေ ... သူတို့ကို မြို့ထဲကနေ ကန်ထုတ်ပစ်ရမယ် ... ကျွန်တော်တို့ရဲ့ တစ်သွေးတစ်သံ ဩဇာ အာဏာကို ကျန်းနန်မှာ တည်ဆောက်ရမယ် ..."

ချန်းဖန်က တစ်ယောက်ချင်းစီကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

"အရမ်းကောင်းတယ် ..."

ချန်းဟွိုက်အန်းက ခေါင်းညိတ်လိုက်၏။

ချန်မိသားစု၏ မူလ ဖွဲ့စည်းပုံမှာ ခိုင်မာမှု မရှိသဖြင့် စွန်းမိသားစု၏ ဖိနှိပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်က ချန်းမိသားစုအား သင်ခန်းစာ ရစေသည်။ ထို့ကြောင့် ချန်းဖန် ရှိမနေလျှင်ပင် ကိုယ်ပိုင် အင်အားဖြင့် ရပ်တည်နိုင်သည့် ချန်းမိသားစုကြီး ဖြစ်အောင် တည်ဆောက်ရပေမည်။

"ဪ ... ဒါနဲ့ ရှောင်ဖန် ... ဗိုလ်ချုပ်လီနဲ့ ပျံလွှားနီလေးက ငါတို့ကို အများကြီး ကူညီခဲ့တယ် ... မင်း အချိန်ရရင် သူတို့ကို ကျေးဇူးတင်စကား ပြောလိုက်ပါဦး ..."

ချန်းကောရှင်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ ... အဖေ ..."

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"သားမရှိတဲ့ အချိန်မှာ ရှောင်ချုံးက အမေတို့ဆီကို မကြာခဏ လာတယ် ... ဖန့်မင်ဒီနဲ့ စုစုတို့လည်း လာကြပါတယ် ... ဒါပေမဲ့ ဝူကျိုးရဲ့ စုမိသားစုကတော့ ကတိကို ချိုးဖောက်ခဲ့ပုံ ရတယ် ... အဘိုးကြီးစုက ဖန့်ချုံးရဲ့ လက်ထပ်ပွဲ အတွက် ကျိမိသားစုနဲ့ ပြန်ဆွေးနွေးနေတယ်တဲ့ ..."

ဝမ်ရှောက်ယွင်က ချန်းဖန်အား ကြည့်ရင်း ပြောလိုက်၏။

"အဲဒီ အတွက်တော့ စိုးရိမ် မနေပါနဲ့ အမေ ..."

ချန်းဖန်က အနည်းငယ် ပြုံးလိုက်သည်။

"ကျွန်တော် စိတ်ပူတာက ကျွန်တော် မရှိတဲ့ အချိန် ဖန့်ချုံး တစ်ခုခု ဖြစ်သွားမှာကိုပါ ... ကျန်တာက ကိစ္စ မရှိပါဘူး ..."

***

နောက်ရက်များ အတွင်း၌ ချန်းဟွိုက်အန်း၊ ချန်းကောရှင်း၊ ဝမ်ရှောက်ယွင်နှင့် ချန်းနဉ်တို့မှာ ချန်းဖန်၏ အစီအစဉ်များကို စတင် အကောင်အထည် ဖော်တော့သည်။ ချန်းဖန်၏ နာမည် လွှမ်းမိုးမှုအောက်၌ ကျန်းနန်နယ်၏ မိသားစုများမှာ ချန်းမိသားစု အောက်တွင် သစ္စာခံကြသည်။

သိပ်မကြာခင်မှာပင် ကျန်းနန်နယ်၏ သူဌေးကြီး များစွာမှာ ချန်းမိသားစု၏ လက်အောက်၌ စည်းရုံး မိကြတော့သည်။

ထိုအချိန်၌ ချန်းဖန်မှာ ကျင်းတက္ကသိုလ်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။

ကျင်းတက္ကသိုလ် စာကြည့်တိုက် အတွင်းတွင် ...

ဖန့်ချုံးမှာ ငြိမ်သက်စွာထိုင်ရင်း စာအုပ် တစ်အုပ်ကို ဖတ်နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်မူ အဖြူရောင် ဆွယ်တာ အင်္ကျီကို ဆင်မြန်းထားခဲ့သည်။ သူမ၏ ရှည်လျားသော ဆံပင်များကမူ ပခုံးထက်၌ မြစ်တစ်စင်း အလား ရစ်ပတ် စီးဆင်းနေသည်။

ကျောင်းယို့ယို့မှာမူ သူမ၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်လျက်ရှိ၏။

စာကြည့်တိုက် အတွင်းရှိ လူများစွာမှာမူ ထိုအလှပဂေး နှစ်ယောက်ကို မကြာခဏ ငေးမောကြည့်နေမိရာ သူတို့ လက်ထဲတွင် ကိုင်ထားကြသော စာအုပ်များကိုပင် အာရုံ မစိုက်နိုင်ကြချေ။

"ဖန့်ချုံးနဲ့ ကျောင်းယို့ယို့ တို့က BFF တွေတင် မဟုတ်ဘူး ... ငါတို့ ကျောင်းရဲ့ အဟော့ဆုံး ကောင်မလေးတွေပဲ ... သူတို့ကို လိုက်နေတဲ့သူတွေ အများကြီးပဲ ..."

"ဒါပေနဲ့ ဖန့်ချုံးက အမြဲတမ်း အေးစက်နေပြီး ယောက်ျားလေး သူငယ်ချင်းတောင် မထားဘူး ... သူ့ကြည့်ရတာ ငေးငေးငိုင်ငိုင်နဲ့ ... အသည်းကွဲ နေသလိုပဲနော် ..."

"သူတို့ ဒီစာကြည့်တိုက်ထဲကို ဘာလာလုပ်တယ်လို့ ထင်လဲ ... ကောင်လေး တစ်ယောက်ယောက်ကို လာစောင့်နေတာများလား ..."

ကျောင်းသားများက သူတို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်ကာ စူးစမ်းနေကြ၏။

"ဖန့်ချုံး ... ငါတို့ ဒီမှာ ဘာလာလုပ်နေကြတာလဲ ... နင့်ယောက်ျားကို သွားရှာတာ ပိုကောင်းမယ် ထင်တယ် ... ဒီမှာ အချိန်ဖြုန်းနေမယ့် အစားလေ ..."

ကျောင်းယို့ယို့၏ စိတ်ရှည်မှုများ ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူမက ဖန့်ချုံးအား ဒေါသတကြီး ကြည့်ရင်း ပြောလိုက်၏။

"နင့်ကို ငါနဲ့ လိုက်ခဲ့ပါလို့ မခေါ်သလို ငါသူ့ကို သွားရှာမယ်လို့လည်း မပြောခဲ့ပါဘူး ... ငါ သူလာမှာကို စောင့်နေတာ ... သူလာလိမ့်မယ် ဆိုတာ ငါသိနေတယ် ..."

ဖန့်ချုံးက လက်ထဲမှ စာအုပ်ကို နောက်တစ်မျက်နှာသို့ လှန်ရင်း ပြောလိုက်၏။

"နင် ..."

ကျောင်းယို့ယို့မှာ ဆွံ့အသွားသည်။

"ဒါနဲ့ အဲ့ခွေးကောင် လုပ်သွားတဲ့ သတင်းကို နင်ကြားပြီးပြီလား ... ငါ့အဖေဆီက အဲ့သတင်း ကြားရတုန်းကဆို ရူးတောင် ရူးချင်သွားတယ် ... ချန်းဖန်က ကျန်းနန်နယ်က မိသားစု ဆယ့်ခြောက်ခုကိုတောင် သတ်ခဲ့တာတဲ့နော် ... သူသတ်ခဲ့တဲ့ လူအားလုံးပေါင်းရင် ငါးရာလောက်တောင် ရှိတယ် တဲ့ ... အခုဆိုရင် လူတွေက သူတို့ ကလေးတွေကို ခြောက်လှန့်ဖို့ သူ့ရဲ့ နာမည်ကိုတောင် သုံးနေကြပြီ ..."

ကျောင်းယို့ယို့က ကြောက်ရွံ့စွာ ပြောလိုက်၏။

"ဟဲ့ ... နင့်ရဲ့ စုမိသားစုတော့ ချန်းဖန်ကို ဘယ်လို ရှင်းပြမလဲ မသိဘူးနော် ... နောက်ပြီး ဟိုမိန်းမ စုချင်က တကယ် စိတ်ပျက်ဖို့ ကောင်းတယ် ... နင်သာ ဆွဲမထားရင် သူ့ပါးကို ငါဆယ်ချက်လောက် ရိုက်ပြီးပြီ ... ငါ့အထင်တော့ ... ချန်းဖန်က သူတို့ကို လွယ်လွယ် လွှတ်ပေးမှာ မဟုတ်ဘူး ..."

ဖန့်ချုံးကတော့ မည်သို့မျှ ပြန်မပြောခဲ့ချေ။ သူမက ပါးစပ်ကို ပိတ်ရင်း မျက်မှောင်ကြုတ် နေခဲ့၏။

"နင် ဘယ်လိုလုပ်ပြီး ဒီလောက် တော်တဲ့သူကို ရှာတွေ့တာလဲဟာ ... ငါ့ရဲ့ ကိုရီးယား အိုပါးကတော့ ပါမောက္ခချန်းကြောင့် ပြန်ပြေးသွားရှာပြီ ..."

ကျောင်းယို့ယို့က ဖန့်ချုံးအား အားကျစွာ ကြည့်လိုက်သည်။

"အာ ... ဒါနဲ့ ..."

ကျောင်းယို့ယို့မှာ တစ်ခုခုကို သတိရသွားဟန် တူသည်။

"ချန်းဖန်နဲ့ ပါမောက္ခချန်းက တစ်ယောက်တည်းလို့ နင်ပြောသေးတယ် မလား ... သူက ဘယ်လို လုပ်ပြီး ရုပ်ပြောင်းသွားတာလဲ ..."

"နင်တွေ့ရင် သိရမှာပေါ့ ..."

ဖန့်ချုံးက ပြန်ပြောလိုက်၏။

ထိုအချိန်မှာပင် အရပ်ရှည်ရှည် ချောမောသော လူငယ်လေး တစ်ယောက် သူမတို့ဆီသို့ လျှောက်လာခဲ့၏။ သူ၏ ရှည်လျားသော ဆံပင်များက ပခုံးအထိ ရှည်လျား ကျနေခဲ့သည်။ သူ၏ ဒီဇိုင်းဆွဲကာ တည်ဆောက်ထား သကဲ့သို့ ရုပ်ရည်နှင့် ခန္ဓာကိုယ် တို့က နတ်ဘုရား တစ်ပါး အလားပင် ခန့်ညားလှသည်။

"မိန်းကလေး ... ကျုပ် ဒီမှာ ထိုင်လို့ ရမလား ..."

ချန်းဖန်က နွေးထွေးစွာ ပြုံးရင်း ယဉ်ကျေးစွာ မေးလိုက်၏။

"စိတ်မကောင်းပါဘူးရှင် ... ဒီနေရာက ကျွန်မ ယောက်ျား အတွက်ပါ ..."

ဖန့်ချုံးက အပေါ်သို့ မော့မကြည့်ပဲ ဖြေလိုက်သည်။

"ဟုတ်ကဲ့ ... ကျုပ်က မိန်းကလေးရဲ့ ယောက်ျားပါ ..."

ရင်းနှီးသော အသံကြောင့် ဖန့်ချုံးက မော့ကြည့်လိုက်၏။

ရုတ်တရက် ဖန့်ချုံးမှာ မျက်ရည်များ စီးကျလာပြီး ချန်းဖန်အား ပြေးဖက်လိုက်သည်။

"နင် ဘယ်တွေ သွားနေတာလဲ ... ဘာလို့ ငါ့ကို အကြာကြီး စောင့်ခိုင်းရတာလဲ ..."

ချန်းဖန်က မိန်းကလေး၏ အလိုက်သင့် ပွေ့ဖက် နှစ်သိမ့်လိုက်၏။

"ဖန့်ချုံး ... ငါ တောင်းပန်ပါတယ် ..."

***

All Chapters