← Chapters

အန်မိသားစုသို့

Vol. 5 Ch. 454

အန်မိသားစုသို့

Vol. 5 Ch. 454

ဖန့်ချုံးကား သီးသန့်နေတတ်ပြီး စိတ်ဓာတ် ခိုင်မာသော မိန်းကလေး ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ထို့ကြောင့်ပင် မျက်ရည်များ ကျ၍ ငိုယိုနေသော ဖန့်ချုံးကို တွေ့မြင်ရခြင်းမှာ စာကြည့်တိုက် အတွင်းရှိ လူတိုင်းအား အံ့အားသင့်စေသည်။ ကျောင်းသားများစွာ၏ စူးစမ်းသော အကြည့်များအား မြင်ရာ ဖန့်ချုံးက လျင်မြန်စွာပင် ဣန္ဒြေဆယ်လိုက်၏။

"ဘာတုံး ... ကျင်းတက္ကသိုလ်က အလှပန်းပွင့်လေးက ကောင်တစ်ကောင် အတွက် ငိုနေရတာလား ..."

လူများစွာမှာ ချန်းဖန်တို့ ရှိရာထံသို့ လှမ်း၍ ကြည့်နေကြဆဲ ဖြစ်သည်။

"ဟာ ... အဲဒါ တစ်နှစ်ကျော်လောက် ပျောက်ဆုံးနေတဲ့ ဇီဝဗေဒ ဌာနက ပါမောက္ခချန်း မလား ... သူက အခု ပြန်လာပြီး ဖန့်ချုံးကို တွေ့တာ ဖြစ်မယ် ..."

ကျောင်းသား တစ်ယောက်က တအံ့တဩ ရေရွတ်လိုက်၏။

ပါမောက္ခချန်းမှာ ကျင်းတက္ကသိုလ်၌ မသိသူ မရှိသော နာမည်ကျော် တစ်ယောက် ဖြစ်သည်။ ချမ်းသာမှု၊ အသိပညာ ဗဟုသုတ ကြွယ်ဝမှု၊ ချောမောရော ရုပ်ရည်တို့ကြောင့် ပါမောက္ခချန်းကား ကျောင်းသူများ အကြားတွင် အထူး ကျော်ကြားသည်။

လူများစွာ၏ အာရုံစိုက် ခံရမှုကြောင့် ချန်းဖန်က မိန်းကလေး နှစ်ယောက်နှင့် အတူ စာကြည့်တိုက်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

စာကြည့်တိုက် အပြင်သို့ ရောက်သည်နှင့် ချန်းဖန်က လှည့်စားခြင်း အစီအရင် တစ်ခုကို သုံးကာ သာမန် ချန်းဖန်၏ ရုပ်ရည်သို့ ပြောင်းလဲလိုက်၏။ မိန်းကလေး နှစ်ယောက်၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင် ချန်းဖန်မှာ သာမန် ကျောင်းသားအသွင် သဏ္ဌာန်ကား ပြောင်းလဲ သွားခဲ့တော့၏။

"ဟဲ့ ... ပါမောက္ခချန်းရဲ့ ရုပ်အတိုင်းပဲ နေစမ်းပါ ... နင့် ခုရုပ်ကို ငါကြည့်မရဘူး ..."

ကျောင်းယို့ယို့အား ချန်းဖန်အား ပြောလိုက်၏။

"ကြည့်မရရင် မကြည့်နဲ့လေ ..."

ချန်းဖန်က သူမကို စူးရဲစွာ ကြည့်ရင်း ပြောလိုက်၏။

သူကား မြောက်ပိုင်းကောင်းကင်၏ အရှင်သခင် ဖြစ်သည်။ သူ့အား မည်သူမဆို လေးစားမှုဖြင့် ဆက်ဆံ ရပေမည်။

"နင် ..."

ချန်းဖန်၏ စူးရဲသော အကြည့်များကြောင့် ကျောင်းယို့ယို့က ဖန့်ချုံး၏ အနားသို့ တိုးကပ်လိုက်သည်။

သိပ်မကြာခင်မှာပင် သူတို့ သုံးယောက် တိတ်ဆိတ်သော စားသောက်ဆိုင် တစ်ခုသို့ ရောက်လာခဲ့၏။ အချိန်မှာလည်း မွန်းတည့်ချိန် ရောက်နေပြီ ဖြစ်ရာ နေ့လယ်စာကို တစ်ခါတည်း စားရန် သူတို့ ဆုံးဖြတ်လိုက်သည်။

နေ့စဉ်စာ စားနေစဉ် အတောအတွင်း ဖန့်ချုံးက ချန်းဖန်ကို စကား အဆက်မပြတ် ပြောနေခဲ့ပြီး ချန်းဖန်ကမူ ခေါင်းညိတ်ရင်း နားထောင်၍သာ နေခဲ့သည်။

"ဒါဆို စုမိသားစုက သူတို့ ကတိကို ချိုးဖောက်ခဲ့တာပေါ့ ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်၏။

"စုရန်ဟိုကို အမြော်အမြင် ရှိတဲ့သူလို့ ငါထင်မိခဲ့တာ ... အခု သူ့လုပ်ရပ်က ငါ့ကို တကယ် စိတ်ပျက်စေတယ် ... သူ့ကို သင်ခန်းစာ တစ်ခု ပေးရဦးမှာပဲ ..."

"ဟုတ်တယ် ချန်းဖန် ... စုမိသားစုက လူတွေ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလဲ နင်မသိပါဘူး ... အထူးသဖြင့် ဟိုစုချင်လို့ ခေါ်တဲ့ ကောင်မ ... သူက ဖန့်ချုံးကို မိသားစု တစ်ခုလုံးရဲ့ ရှေ့မှာ ခဏခဏ အရှက်ခွဲခဲ့တာ ..."

ကျောင်းယို့ယို့က ဝင်ပြောလိုက်၏။

"တော်ပါတော့ဟာ ..."

ဖန့်ချုံးက သူမ၏ BFF ကို တားလိုက်သည်။ ထို့နောက် ချန်းဖန်ကို ညင်သာစွာ ကြည့်ရင်း ပြောလိုက်၏။

"အဲဒါတွေက အရေးမကြီးပါဘူး ... အရေးကြီးတာက နင်ပြန်ရောက်လာပြီလေ ..."

ဖန့်ချုံးမှာ အသက်နှစ်ဆယ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမမှာ ပို၍ လှပလာသလို ပို၍လည်း ရင့်ကျက်လာခဲ့သည်။

"နောက်ရက်အတွင်း နင်နဲ့ အတူ ဝူကျိုးကို သွားလည်ကြမယ်လေ ..."

ချန်းဖန်က ပြောလိုက်သည်။

"အင်း ..."

ဖန့်ချုံးကား ချန်းဖန်၏ စိတ်ကို မပြောင်းလဲနိုင်မှန်း သိရှိပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူမက အလိုက်သင့် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူမ၏ မျက်ဝန်းတွင်မူ ပျော်ရွှင်ခြင်း အငွေ့အသက်များ ရှိနေခဲ့၏။

နေ့လယ်စာ စားပြီးသည်နှင့် ချန်းဖန်က မိန်းကလေး နှစ်ယောက်ကို အဆောင်ရှိရာသို့ လိုက်ပို့ပေးပြီး ပြန်လာခဲ့သည်။ ဖန့်ချုံး လုံခြုံ၊ ဘေးကင်းသည်ကို မြင်တွေ့ရပြီးနောက်၌ သူ စိတ်ကျေနပ်သွားပြီ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်၏ စိတ်တွင်မူ အဖုထုံးတစ်ခု ရှိနေသေး၏။

"မြစ်မြောက်ပိုင်း ဝေ့မိသားစု၊ ဝူကျိုးရဲ့ စုမိသားစု၊  ကျောင်းဟိုင်ရဲ့ ကျိမိသားစု၊ ရန်ကျင်းရဲ့ ဟန်မိသားစုနဲ့ တရုတ် အရှေ့တောင်ပိုင်းရဲ့ လင်းမိသားစု ... မင်းတို့ လုပ်ခဲ့တာတွေ အတွက် ပြန်ပေးဆပ်ရမယ် ... အခုတော့ ငါ အစ်မအန်ကို အရင်သွားခေါ်လိုက်ဦးမယ် ..."

ချန်းဖန်က စိတ်ထဲမှ စဉ်းစားလိုက်၏။

သူ၏ ပျောက်ကွယ်နေမှုက များစွာသော အင်အားစုများကို ထကြွစေသည်။

ဥပမာ ဟန်မိသားစု ဆိုလျှင် ချန်းဖန် သေဆုံးပြီဟု တွေးကာ ဒုတိယ သခင်လေးဟန်ကို လွှတ်ပေးလိုက်သည်။ အဆိုးဆုံးကား ချန်းမိသားစုကို ဖိနှိပ်ရန် အတွက် စွန်းမိသားစုကို ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ထိုအတွက် ဟန်မိသားစု အနေဖြင့် ကြီးကြီးမားမား ပြန်လည် ပေးဆပ်ရပေမည်။

ချန်းဖန်မှာ ချန်းမိသားစု၏ ပြဿနာ တစ်ခုတည်း အတွက်သာ စိုးရိမ် နေရခြင်း မဟုတ်ပေ။ လုမိသားစု၊ အားရှို့၊ ဆေးနတ်ဘုရား တောင်ကြားနှင့် ဟောင်ကောင်ရှိ ကျန်းအန့်ချီတို့ အတွက်ပါ ပူပန်နေမိသည်။

အကယ်၍ ဟောင်ဂိုဏ်းသာ ကျန်းပေ့ကို ထိန်းချုပ်ခဲ့လျှင် လုမိသားစုနှင့် ဆေးနတ်ဘုရား တောင်ကြားသို့ပါ သွားရောက်ခဲ့ပြီး ဖြစ်နိုင်သည်။

"ဟင်း ... ဒါက သင်ခန်းစာပဲ ... အတိတ်ဘဝတုန်းက ငါ့ရဲ့ ကျင့်ကြံခြင်း ခရီးလမ်းက ဂိုဏ်းရဲ့ ကာကွယ်မှုနဲ့ ချောမွေ့ခဲ့တယ် ... ငါ့အနေနဲ့ စိုးရိမ် ပူပန်ဖို့ မလိုခဲ့ဘူး ... ဒါပေမဲ့ ခုတော့ အခြေအနေက မတူတော့ဘူး ... ကမ္ဘာပေါ်မှာ ငါ့အတွက် အင်အားစု တစ်ခုကို သေချာ မစုစည်းနိုင်ဘူး ဆိုရင် ငါ့ရဲ့ ရန်သူတွေက အခွင့်ကောင်း ယူသွားလိမ့်မယ် ..."

ချန်းဖန်က သက်ပြင်း တစ်ချက် ချလိုက်၏။

"ငါ့မိသားစုနဲ့ ငါ့နောက်လိုက်တွေကို ကာကွယ်နိုင်ဖို့ ဆိုရင် သူတို့ကို တစ်စုတစ်စည်းတည်း ဖြစ်အောင်လုပ်ဖို့ လိုတယ် ..."

ချန်းဖန်မှာ အတွေးထဲတွင် နစ်မြောနေခဲ့၏။

အတိတ်ဘဝ၌ သူကား အစစ်အမှန် ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့ပြီး အတိဒုက္ခ အဆင့်အထိ ချိုးဖျက်နိုင်ခဲ့သည်။ ထိုကဲ့သို့သော အဆင့်သို့ ပြန်လည် ရောက်ရှိခဲ့လျှင် ဓမ္မ ကျင့်စဉ်များကို အသုံးပြု၍ သူ့အတွက် တိုက်ခိုက်ပေးမည့် စစ်သည်တော်များကို လွယ်ကူစွာ ဖန်တီးလာနိုင်မည် ဖြစ်သည်။ ဤသို့ဆိုလျှင် သူကိုယ်တိုင်ပင် တိုက်ခိုက်ရတော့မည် မဟုတ်ချေ။

သို့သော်လည်း ထိုသို့ ဖန်တီးရန်မှာ မလွယ်ကူလှချေ။

စစ်သည်တော် တပ်ဖွဲ့ ဖန်တီးရန် အတွက် အချိန်နှင့် စိတ်ရှည်မှု လိုအပ်သည်။

ထို့ကြောင့်ပင် ချန်းဖန် အနေဖြင့် ထိုကိစ္စများကို အာရုံ မစိုက်နိုင်ပေ။ သူ၏ လတ်တလော လုပ်ရမည့် ကိစ္စမှာ အန်မိသားစုသို့ သွားရောက်ပြီး အစ်မအန်ကို ပြန်လည် ခေါ်ဆောင်ရန် ဖြစ်သည်။

ထိုအတွေးဖြင့် ချန်းဖန်က မြောက်ဘက် အရပ်သို့ ကြည့်လိုက်၏။ သူ၏ မျက်လုံးများကမူ အေးစက်မှုဖြင့် လင်းလက်တောက်ပ လာခဲ့သည်။

တုန်းဟယ် ပြည်နယ်၏ အန်မိသားစုမှာ တရုတ် မြောက်ပိုင်း၌ လွှမ်းမိုးမှု အရှိဆုံး မိသားစုများထဲမှ တစ်ခု ဖြစ်သည်။

သူတို့၏ လွှမ်းမိုးမှုက ဝမ်မိသားစု၊ ရှောင်မိသားစုများကို မမှီသည့်တိုင် တုန်းဟယ် ပြည်နယ်ကို ခြေကုပ်ယူပြီး များစွာသော ထူးချွန် ထက်မြက်သူများကို မွေးထုတ် ပေးနိုင်ခဲ့သည်။ အန်လုပ်ငန်းစု ဆိုလျှင် ကမ္ဘာ့ ထိပ်တန်း အဖွဲ့အစည်း ငါးရာတွင် ပါဝင်သည့် တရုတ် ကုမ္ပဏီ အနည်းစု အနက်မှ တစ်ခု ဖြစ်သည်။

ကျန်းနန်နယ်၏ များစွာသော သူဌေးကြီးများပင် အန်မိသားစုနှင့် ယှဉ်ပါက မှေးမှိန်ရသည်။ ဝူကျိုး၏ စုမိသားစု တစ်ခုသာလျှင် အန်မိသားစုနှင့် နှိုင်းယှဉ်နိုင်သည်။

အန်မိသားစုတွင် ကိုင်းခွဲများစွာ ရှိပြီး မိသားစုမှ လူများစွာမှာ တရုတ်နိုင်ငံ တစ်ခုလုံးတွင် ပြန့်ကျဲ နေထိုင်ကြသည်။

အန်ရာ၏ မိခင် အန်ကျင်းရှို့မှာ ရန်ကျင်းမြို့ရှိ အန်မိသားစု ကိုင်းခွဲ တစ်ခုမှ ဖြစ်သည်။ ထို့ကြောင့်ပင် သူမမှာ ဝမ်ရှောက်ယွင်နှင့် ငယ်ငယ် ကတည်းကပင် ခင်မင် ရင်းနှီးခဲ့ခြင်း ဖြစ်၏။ အန့်ကျင်းရှို့ လက်မထပ်ပဲ ကလေး မွေးချိန်တွင်မူ သူမမှာ မိသားစု၏ အပယ်ခံ ဖြစ်ခဲ့ရသည်။

ကောလာဟလများ အရ အန်ကျင်းရှို့၏ မိဘများ သူမကို အဆက်အသွယ် ဖြတ်ရသည့် အကြောင်းရင်းများတွင် အန်မိသားစု၏ ခြိမ်းခြောက်မှုများ ပါဝင်သည် ဟု ဆိုသည်။

"အန်မိသားစုက ဟန်မိသားစုလို လွှမ်းမိုးနိုင်စွမ်း ရှိတယ် ဆိုပေမဲ့ ကွာခြားချက်တွေ ရှိတယ် ... ဟန်မိသားစုက စစ်တပ်နဲ့ နက်နဲတဲ့ ပတ်သက်မှုတွေ ရှိတယ် ... အန်မိသားစုကတော့ သီးသန့် ဒေသခံ အင်အားစုပဲ ... ဒါကြောင့် ငါ့ကို သူတို့ သိပ်ဂရုစိုက်မယ် မထင်ဘူး ... တကယ်ဆို ငါလာတာကို သိတာနဲ့ သူတို့ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းဆိုရမှာ ..."

တုန်းဟယ်သို့ သွားသည့် လေယာဉ်ပေါ်၌ ချန်းဖန်မှာ ပျံလွှားနီလေး စုစည်း ပေးထားခဲ့သည့် အန်မိသားစုနှင့် ပတ်သက်သည့် အချက်အလက်များအား ကြည့်နေခဲ့သည်။

သူ၏ လူပေါင်းများစွာ သတ်ဖြတ်ခဲ့မှု အတွက် ပျံလွှားနီလေးမှာ သူ့ကို မကြည်သည့်တိုင် အန်မိသားစု အချက်အလက်များကိုမူ သူ့အတွက် စုဆောင်းပေးခဲ့သည်။

"အတိတ်ဘဝတုန်းက ကျင်းရှို့ လုပ်ငန်းစုက ထူးထူးခြားခြား အောင်မြင်မှု မရပဲ ပျက်စီးခဲ့ရတယ် ... ဒါကြောင့် အန်မိသားစုက အစ်မအန်ကို သတိမထားခဲ့မိဘူး ..."

"ဒါပေမဲ့ ခုဘဝမှာပေါ့ ကျင်းရှို့လုပ်ငန်းစုက ငါ့ရဲ့ ပံ့ပိုးမှုနဲ့ အရမ်းကို အောင်မြင်ခဲ့တယ် ... ဒါကြောင့် အစ်မအန်ရဲ့ နာမည်ကလည်း အမေရဲ့ လက်အောက်မှာ ကျော်ကြားလာခဲ့တယ် ... ဒါကြောင့် သူ့ကို အန်းမိသားစုက သူ့ကို မျက်စိကျသွားတာ ဖြစ်ရမယ် ..."

ချန်းဖန်က မျက်စိမှိတ်ရင်း တွေးနေမိခဲ့၏။

ချန်းဖန်၏ အတိတ်ဘဝ၌ အန်ရာကား သာမန် မိန်းကလေးမျှသာ ဖြစ်သည်။ သူမ၏ တည်ရှိမှုကို အန်မိသားစုပင် သတိမထားခဲ့မိချေ။

သို့သော်လည်း ယခုဘဝတွင်မူ သူမကား ကုမ္ပဏီကြီး တစ်ခု၏ ငယ်ရွယ်ပြီး ဆွဲဆောင်မှု ရှိသည့် စီအီးအို ဖြစ်သည်။ သူမ၏ အရည်အချင်းက လူတိုင်းအား ဆွဲဆောင်နိုင်စွမ်း ရှိသည်။

စုမိသားစုမှာ သူတို့၏ အတော်ဆုံး မျိုးဆက် စုရှောင်၏ လက်ထပ်မှုဖြင့် စီးပွားရေး မဟာမိတ် ဖွဲ့ခဲ့သလို အန်မိသားစုမှာလည်း ထူးချွန်သော အန်ရာအား ထိုသို့ နေရာတွင် အသုံးပြုနိုင်သည်။

"သူတို့က အစ်မအန်ကို မဟာမိတ် ဖွဲ့ဖို့ အတွက် အရုပ်တစ်ရုပ် အနေနဲ့ သုံးချင်တယ်ပေါ့ ..."

ထိုအတွေးဖြင့် ချန်းဖန်၏ ဒေါသများ ငယ်ထိပ်အထိ ရောက်လာခဲ့သည်။

"ဟမ့် ... သူတို့သာ အစ်မအန်ကို တစ်ခုခု လုပ်ရဲရင် အဲဒီ အတွက် အဆများစွာ ပြန်လျော်ရမယ် ..."

ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။ အဝါရောင် ကျောက်မျက် အတွင်းရှိ ဓားမှာမူ သခင်၏ ဒေါသကို ခံစားမိသည့် အလား တဆတ်ဆတ် တုန်ယင်လာခဲ့ပြန်သည်။

"ဟူး ... ဟူး ..."

ချန်းဖန် စီးနင်း လိုက်ပါလာသော လေယာဉ်ကား တုန်းဟယ် ပြည်နယ်၏ မြို့တော်၊ မီးငှက်မြို့သို့ ဆိုက်ရောက်လာခဲ့၏။

ကျင်းမြို့တော်နှင့် လင်းမြို့တော်များ ကဲ့သို့ မီးငှက်မြို့မှာ တရုတ်၏ ထိပ်တန်းမြို့ ဆယ့်ငါးခုထဲတွင် ပါဝင်သည်။ မီးငှက်မြို့ လမ်းများကား အသားအရေ ရောင်စုံ ရှိသည့် နိုင်ငံခြားသားများ အပါအဝင် လူများစွာဖြင့် ပြည့်နှက်နေ၏။

ချန်းဖန်က လေဆိပ်မှ ထွက်လာသည်နှင့် တက္ကစီ တစ်စီးကို ငှားယူလိုက်သည်။

သူ့အနေဖြင့် မီးငှက်မြို့၌ အသိမရှိသည့်တိုင် တုန်းဟယ် ပြည်နယ်၏ အန်မိသားစုကို ရှာဖွေရန်မှာ မခက်ခဲလှချေ။ အကယ်၍ တည်နေရာ အခက်အခဲ ရှိခဲ့လျှင်ပင် အစ်မအန် ဆီမှ ကျောက်စိမ်း အဆောင်ကို ခြေရာခံ၍ ရှာဖွေနိုင်သည်။

"ညီလေးက အန်မိသားစုကို သွားမှာလား..."

တက္ကစီ ဒရိုင်ဘာက မေးလိုက်၏။

"အဲဒါဆိုရင် လွယ်ပါတယ် ... အန်မိသားစုက မြို့ထဲမှာပဲ ရှိတယ် ... သူတို့ နေတဲ့ နေရာက ဈေးဝယ် စင်တာတွေ ထက်တောင် ကြီးသေးတယ် ... အန်မိသားစုက အစ်ကိုတို့မြို့မှာ အကြီးဆုံး ငါးကြီးပဲလေ ..."

"အင်း ... အာ့ဆိုလည်း အန်မိသားစုကို မောင်းတော့ဗျာ ..."

ချန်းဖန်က တက္ကစီ ဒရိုင်ဘာအား ပြောလိုက်၏။

တက္ကစီလေးကား ချန်းဖန်ကို သယ်ဆောင်ကာ မြို့ထဲသို့ မောင်းနှင်လာခဲ့ပြီ ဖြစ်သည်။ ကားပေါ်တွင်မူ ဒရိုင်ဘာက ချန်းဖန်အား အန်မိသားစု အကြောင်းကို ဖောက်သည်ချ နေခဲ့သည်။

"အန်မိသားစုက ဒီမြို့မှာတော့ ဆရာကြီးတွေပဲ ... အန်လုပ်ငန်းစုရဲ့ စီအီးအိုဆိုရင် တုန်းဟယ် ပြည်နယ်မှာ အချမ်းသာဆုံးလေ ... ပြည်နယ် ခေါင်းဆောင်တောင် သူတို့ကို လေးလေးစားစား ဆက်ဆံရတယ် ... နောက်ပြီး ခုရက်ပိုင်း အတွင်းမှာ အန်မိသားစုက လက်ထပ် မဟာမိတ်ပွဲ လုပ်ဖို့ စီစဉ်နေတယ်တဲ့ ..."

"လက်ထပ် မဟာမိတ်ပွဲ …"

ထိုစကားနှစ်လုံးကြောင့် ချန်းဖန်၏ မျက်လုံး နှစ်ဖက်မှာ အေးစက်သွားတော့၏။

***

All Chapters