← Chapters

အန်ညီအစ်မများ

Vol. 5 Ch. 455

အန်ညီအစ်မများ

Vol. 5 Ch. 455

"ဟုတ်တယ် ... ဘယ်မိသားစုနဲ့ မဟာမိတ် ဖွဲ့မယ် ဆိုတာတော့ မသိပေမဲ့ တရုတ် မြောက်ပိုင်းက အင်အားကြီး မိသားစု ကလန် ဖြစ်မယ် ဆိုတာတော့ ကျိန်းသေတယ် ... အစ်ကိုက တက္ကစီ ဒရိုင်ဘာဆိုတော့ အဲ့လောက်ပဲ သိတယ် ..."

တက္ကစီ ဒရိုင်ဘာက ခေါင်းခါရင်း ပြောလိုက်၏။

"အာ ... ဒါနဲ့ ခုရက်ပိုင်း အတွင်း အန်မိသားစု တွေ့ဆုံပွဲ ရှိတယ် လို့ ကြားတယ် ... နှစ်စဉ်နှစ်တိုင်း မိသားစုကြီးတွေ တွေ့ဆုံပွဲ လုပ်တာက အစ်ကိုတို့ တုန်းဟယ် ပြည်နယ်ရဲ့ ရိုးရာ တစ်ခုပဲလေ ... ညီလေးကရော အဲဒီ တွေ့ဆုံပွဲကို လာတဲ့ ဧည့်သည်လား ..."

တုန်းဟယ်ပြည်နယ်မှာ တရုတ် မြောက်ပိုင်းတွင် တည်ရှိရာ သူတို့၏ ရိုးရာ ယဉ်ကျေးမှုများကား တရုတ် တောင်ပိုင်း ကျန်းနန်နယ်၏ ယဉ်ကျေးမှုများနှင့် အတော်အသင့် ကွာခြားမှု ရှိသည်။

သို့သော်လည်း မိသားစု တွေ့ဆုံပွဲများမှာမူ တရုတ်၏ နေရာတိုင်း၌ ရှိတတ်သည့် ကိစ္စ တစ်ရပ် ဖြစ်သည်။ ထိုတွေ့ဆုံပွဲများတွင် မိသားစု၏ ကိုင်းခွဲများစွာမှာ တစ်နေရာတည်းတွင် ပြန်လည် စုစည်းပြီး အနာဂတ် အစီအစဉ်များကို တိုင်ပင်ကြသည်။

အန်မိသားစုမှာ နှစ်ရာချီအောင် တည်ရှိခဲ့သည့် အင်အားကြီး မိသားစုကြီး ဖြစ်ကာ သူတို့၏ ဂိုဏ်းခွဲများမှာလည်း တရုတ် တစ်နိုင်ငံလုံးတွင် ဖြန့်ကြက်ထားသည်။ ထို့ကြောင့် သူတို့၏ တွေ့ဆုံပွဲမှာ ချန်းမိသားစု၏ တွေ့ဆုံပွဲထက် ဆယ်ဆခန့် ပိုမို ကြီးကျယ်လိမ့်မည်ဟု ချန်းဖန် တွေးမိလိုက်သည်။

"အင်း ... ဟုတ်တယ် ..."

ချန်းဖန်က ထူးမခြားနားစွာ ပြန်ပြောလိုက်၏။

တက္ကစီ ဒရိုင်ဘာက ချန်းဖန်အား တလေးတစား ကြည့်လိုက်ရင်း ...

"ဒါဆို ညီလေးက အန်မိသားစု ဖိတ်ကြားခံရတဲ့ လူချမ်းသာ မိသားစု တစ်ခုက ဖြစ်ရမယ် ... အန်မိသားစုရဲ့ ဧည့်သည် အများစုက ပြည်နယ် ခေါင်းဆောင်တွေနဲ့ ဒေသခံ အရာရှိတွေချည်းပဲ ... မီးငှက်မြို့က သူဌေးတွေတောင် သူတို့ရဲ့ ဖိတ်စာ စာရင်းမှာ မပါကြဘူး ..."

တက္ကစီ ဒရိုင်ဘာမှာ အန်မိသားစုအား အလွန် အမင်း အမွှမ်းတင်ကာ ပြောဆိုနေ၏။ သူ့အတွက် အန်မိသားစုကား ကြီးကျယ်လွန်းပုံ ပေါ်သည်။

တုန်းဟယ် ပြည်နယ်ကား ကျန်းနန်နယ်လောက် မဖွံ့ဖြိုးသေးသော ပြည်နယ် တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ဤဒေသ၌ အန်မိသားစုမှာ ရေအိုင်ငယ် အတွင်းမှ အကြီးဆုံး ငါးကဲ့သို့ မင်းမူနေခြင်း ဖြစ်သည်။ တုန်းဟယ် ပြည်နယ်ရှိ လူတိုင်းက သူတို့အား ဘုရင်တစ်ပါးကဲ့သို့ ဆက်ဆံကြသည်။

"သိပြီ ..."

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ သူကား ဒရိုင်ဘာ၏ လေးစားမှုကို ကိုယ်ချင်းစာဟန် မရချေ။

သူ့လက်အောက်၌ KGB ၏ ဒါရိုက်တာပင်လျှင် ကျဆုံးခဲ့ရရာ အန်မိသားစုက သူ့အတွက် မည်သို့ အဓိပ္ပာယ် ရှိနည်နည်း။ အကယ်၍ အစ်မအန်ကြောင့်သာ မဟုတ်လျှင် အန်မိသားစုသို့ လာလိမ့်မည်ပင် မဟုတ်ချေ။

သို့သော်လည်း ဒရိုင်ဘာ၏ စကားများ အရ အန်မိသားစုနှင့် ပတ်သက်သော အချက်အလက်များအား ချန်းဖန် ပိုမို သိရှိလာခဲ့ရသည်။

အန်လုပ်ငန်းစုမှာ စက်ရုံများစွာ ပိုင်ဆိုင်သော လုပ်ငန်းစုကြီး တစ်ခု ဖြစ်၏။ ထို့အပြင် သူတို့၏ ကုန်သွယ်ရေး လုပ်ငန်းများမှာလည်း တရုတ် တစ်နိုင်ငံလုံးသို့ ဖြန့်ကြက်ထားသေးသည်။ သူတို့၏ စီးပွားရေး ကမ္ဘာတွင် လွှမ်းမိုးနိုင်မှုက ဟောင်ကောင်၏ လုံမိသားစုထက်ပင် ပိုမိုနေသေးသည်။

အဘိုးအိုအန်ဆိုလျှင် အန်လုပ်ငန်းစု ဒါရိုက်တာများ၏ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ အောင်အောင်မြင်မြင် တာဝန်ယူနိုင်ခဲ့သည်။ အဘိုးအိုအန် အငြိမ်းစား ယူပြီးနောက် သားဖြစ်သူ အန်ထျန်းရှု့က ကုမ္ပဏီအား ဆက်လက် ဦးစီးခဲ့သည်။

မိသားစု တွေ့ဆုံပွဲတွင် အဓိက လုပ်ဆောင်သော အကြောင်းအရာမှာ ဒါရိုက်တာများ အဖွဲ့အတွက် အဖွဲ့ဝင်များ ပြန်လည် ရွေးကောက်ခြင်း ဖြစ်၏။

"အန်မိသားစုကို ရောက်ပါပြီ ..."

မိနစ်သုံးဆယ်ခန့် အကြာ၌ တက္ကစီ ဒရိုင်ဘာက ကားကို ရပ်လိုက်ရင်း တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်၏။

ထိုနေရာကား မြို့ပြ၏ အလယ်ပင် ဖြစ်သည်။ ပတ်ဝန်းကျင် တစ်ဝိုက်၌ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ စသည်ဖြင့် နေရာမလပ် ပြည့်ကြပ်နေ၏။

ဒရိုင်ဘာ ညွှန်ပြသော နေရာတွင်မူ ရှည်လျား ထူထဲသော နံရံနှင့် အနီရောင် တံခါးတစ်ချပ် ရှိနေခဲ့၏။ အဝင်ဝ တစ်ဖက် တစ်ချက်တွင်မူ ကျောက် ခြင်္သေ့ ရုပ်တုများ ရှိနေခဲ့သည်။

ရှည်လျားသော နံရံကြီး၏ နောက်တွင်မူ စိမ်းလန်းသော သစ်ပင်မျာက ရှည်လျားစွာ ရှင်သန် ကြီးထွားနေခဲ့ပြီး သဘာဝဆန်သော အငွေ့အသက်များကို ထုတ်ဖော်နေ၏။

"အံ့အားသင့်စရာပဲ ... ဒီလို ရာသီဥတု ပတ်ဝန်းကျင်မျိုး ..."

ချန်းဖန်ပင်လျှင် ရေရွတ်လိုက်မိ၏။

အန်မိသားစု ခြံဝန်း၏ ခမ်းနားမှုကို ဖော်ပြရန် သူ့တွင်ပင် စကားလုံး မရှိချေ။

မီးငှက်မြို့မှာ တုန်းဟယ်ပြည်နယ်၏ မြို့တော် ဖြစ်ပြီး လူဦးရေ တစ်သန်းခန့် ထူထပ်သည်။ မီးငှက်မြို့ကား တရုတ်၏ အကြီးမားဆုံး မြို့များ အနက်မှ တစ်မြို့ ဖြစ်သည်။ မီးငှက်မြို့၏ မြို့ပြ ဧရိယာမှာ တစ်စတုရန်း မီတာလျှင် အနည်းဆုံး သောင်းချီ၍ တန်ကြေးရှိနိုင်သည်။ သို့သော်လည်း အန်မိသားစု၏ ခြံဝန်းမှာ မြို့တော်၏ နှလုံးသား နေရာတွင်ပင် စတုရန်းမီတာ သိန်းချီ၍ ကျယ်ဝန်းပေသည်။

ထိုကဲ့သို့သော နေရာမှာ တန်ဖိုးကြီး အိမ်ခြံမြေ ခြံရာတစ်ခု တည်ဆောက်ရန်ပင် လုံလောက်သည်။ အကယ်၍ ထိုနေရာကိုသာ တိုက်ခန်းများ အဖြစ် ပြောင်းလဲပါက ထရီလီယံ ချီ၍ပင် မြတ်စွန်းနိုင်သည်။

သို့သော်လည်း အန်မိသားစုကမူ ရိုးရာ နှစ်ထပ် အဆောက်အဦများသာ တည်ဆောက်ထားခဲ့ပြီး ကျန်မြေနေရာများကိုလည်း ဥယျာဉ်ခြံမြေ ကဲ့သို့ သဘောထားကာ အပင်များသာ စိုက်ပျိုးထားခဲ့သည်။

အန်မိသားစု၏ ချမ်းသာ ကြွယ်ဝမှုများကို ဝူကျိုး၏ စုမိသားစုပင် ယှဉ်နိုင်တော့မည် မဟုတ်ချေ။

"ဆရာ ... ဖိတ်စာလေး ပြပါဦး ..."

ချန်းဖန် အနီရောင် တံခါးနားသို့ ရောက်သည်နှင့် ဂိတ်စောင့်များက ယဉ်ကျေးစွာ တားလိုက်ကြ၏။

ထိုအစောင့်များကာ သပ်သပ်ချေချေ ဝတ်စားထားပြီး ယဉ်ကျေး သိမ်မွေ့ပုံ ပေါ်သည်။ တက္ကစီ ဒရိုင်ဘာ၏ စကား အရဆိုလျှင် ထိုဂိတ်စောင့်များ၏ လစာမှာ ရုံးအရာရှိ တစ်ယောက်ထက်ပင် ပိုကောင်းသည်ဟု ဆိုသည်။

"ငါ့မှာ ဖိတ်စာ မပါဘူး ... ငါ ဒီကိုလာတာ အသိ တစ်ယောက်ကို လာရှာတာ ..."

ချန်းဖန်က အေးဆေးစွာပင် ပြောလိုက်၏။

"ဆရာ ဘယ်သူ့ကို ရှာနေတာလဲ မသိဘူး ... ဆရာ့ရဲ့ နာမည်နဲ့ ဆရာ့ရဲ့ တောင်းဆိုမှုကို ကျွန်တော်တို့ တင်ပြပေးပါ့မယ် ..."

ချန်းဖန်တွင် ဖိတ်စာ မပါကြောင်း သိသည့်တိုင် အစောင့်၏ လေသံက ပြောင်းလဲ မသွားပေ။ ယဉ်ကျေး သိမ်မွေ့ဆဲပင်။ သို့သော်လည်း သူတို့၏ စိတ်ပျက်နေဟန် ရသော မျက်လုံးများကမူ သူတို့အား သစ္စာဖောက်နေခဲ့၏။

"ငါ အန်ရာကို လာရှာတာ ..."

ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အန်ရာ ... ဒီနာမည်ကို ငါတို့ မကြားဖူးပါဘူး ..."

အစောင့်များက တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက်မိကြသည်။

အန်မိသားစုဝင်တိုင်း၏ နာမည်ကို သူတို့ သိကြသည့်တိုင် အန်ရာ ဆိုသော အမည်ကိုမူ မကြားဖူးချေ။

ဂိတ်စောင့်များ အန်ရာဆိုသော နာမည်ကို အပြေးအလွှား စဉ်းစားနေချိန်မှာပင် မာစီဒီး ဘန့် S500 ကား အတွင်းမှ အသက်လတ် လူကြီး တစ်ယောက် ထွက်လာခဲ့၏။ သူက တံခါးရှိရာသို့ လာရင်း ချန်းဖန်အား တစ်ချက် ပြုံးပြလိုက်သည်။

"သားလေး ... အန်မိသားစု တံခါးက လူတိုင်းအတွက် မဖွင့်ပေးဘူးကွ ... ဦးလေးဆို နှစ်ပေါင်း နှစ်ဆယ်လောက် အလုပ်ကြိုးစားခဲ့ပြီး ဒီနှစ်မှ အန်မိသားစုရဲ့ ဖိတ်စာကို ရခဲ့တာ ... မင်းသာ ဦးလေးလို ကြိုးစားရင် တစ်နေ့နေ့မှာ ဖိတ်စာ ရလာမှာပါ ..."

အသက်လတ် လူကြီးက ဝင့်ကြွားစွာ ပြောရင်း ဂိတ်တံခါးအား ဖြတ်ကျော် သွားခဲ့၏။ သူ၏ လက်တစ်ဖက်ကမူ မိတ်ကပ်များ လိမ်းခြယ်ထားသော မိန်းကလေး တစ်ယောက်ကို ဆွဲကိုင်ထားသည်။

အစောင့်များက ထိုအသက်လတ်လူကြီး ရှိရာသို့ လျှောက်သွားရင်း နှုတ်ဆက်လိုက်၏။

"သူဌေးဟောင် ... ကြိုဆိုပါတယ် ..."

"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ ခင်ဗျာ ..."

အသက်လတ် လူကြီး၏ အမည်မှာ ဟောင်ဟယ်ရှင်း ဖြစ်ပြီး တုန်းဟယ်၏ အချမ်းသာဆုံး သူဌေး ဆယ်ဦး စာရင်းဝင် ဖြစ်သည်။ သူ့အား အန်မိသားစုက တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

"ဆရာ ... အန်ရာလို့ ခေါ်တဲ့ နာမည် ဒီမှာ မရှိပါဘူး ... ဆရာများ အမှတ်မှား နေတာလား ..."

အစောင့်၏ လေသံက မယဉ်ကျေးတော့ပေ။ အနည်းငယ် အေးစက် လာခဲ့၏။

"သူ ဒီမှာ ရှိတယ် ... ငါ ခံစားလို့ ရနေတယ် ..."

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အတိအကျ ပြောလိုက်၏။

ချန်းဖန်နှင့် အန်ရာတို့မှာ ငယ်စဉ် ကတည်းကပင် မခွဲမခွာ နေခဲ့ကြသူများ ဖြစ်ရာ သွေးချင်းပင် ဆက်စပ်နေသည် ဟု ဆိုနိုင်သည်။ ထို့ကြောင့် နတ်ဘုရား စိတ်အာရုံကို မသုံးလျှင်ပင် အန်ရာ၏ တည်ရှိမှုကို ချန်းဖန် ခံစား၍ ရသည်။

"တကယ်လို့ မင်း ထွက်မသွားရင် ငါတို့ ရဲကို ခေါ်ရလိမ့်မယ် ..."

လူငယ် ဂိတ်စောင့် တစ်ယောက်က မည်းမှောင်သော မျက်နှာထားနှင့် တင်းမာစွာ ဆိုလိုက်၏။

"ဟမ် ..."

ချန်းဖန်၏ မျက်နှာက ဒေါသ အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူ့အနေဖြင့် အကြမ်းမဖက်ပဲ အစ်မအန်ကို ပြန်ခေါ်သွားရန်သာ အစီအစဉ် ချထားခဲ့သည်။ သို့သော်လည်း သူတို့က သေခြင်းတရားကို ရွေးချယ်လျှင် ချန်းဖန် ညှာတာနေမည် မဟုတ်ပေ။

"ကောင်းပြီလေ ..."

ချန်းဖန်က အေးစက်စွာ ပြုံးလိုက်သည်နှင့် အဝါရောင် ကျောက်မျက်က တဆတ်ဆတ် တုန်ယင်လာခဲ့၏။ ထိုအရာက သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေချိန်တွင် သာယာသော အသံတစ်ခုက ချန်းဖန်၏ နားအတွင်းသို့ ဝင်လာခဲ့၏။

"ရှင်က အစ်မအန်ကို ရှာနေတာလား ... ကျန်းနန်ဘက်က အစ်မအန်ရဲ့ ဆွေမျိုးများလား ..."

ချန်းဖန်က နောက်သို့ လှည့်ကြည့်လိုက်ရာ ပြိုင်ကား အတွင်းမှ ထွက်လာသည့် လူငယ် သုံးယောက်အား တွေ့မြင်လိုက်ရသည်။

တစ်ယောက်မှာ အရပ်ရှည် ချောမောသော လူငယ် တစ်ယောက် ဖြစ်ပြီး ကျန်နှစ်ယောက်မှာမူ မိန်းကလေးများ ဖြစ်သည်။

အသက် အနည်းငယ် ကြီးဟန်ရသော မိန်းကလေးမှာ အသက် နှစ်ဆယ်စွန်းစွန်းခန့် ရှိမည် ဖြစ်ပြီး လုပ်ငန်း ဝတ်စုံကို ဆင်မြန်းထားသည်။ သူမ၏ မျက်နှာက ချောမောသော်လည်း မာန ကြီးဟန် ရသည်။

ချန်းဖန်အား ပြောလိုက်သည့် သူမှာ ငယ်ရွယ်ဟန် ရသော မိန်းကလေး ဖြစ်သည်။ သူမက အသက် ဆယ့်ခြောက်နှစ်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အထက်တန်းကျောင်းသူ ဝတ်စုံကို ဆင်မြန်းထားသည်။ ခပ်မိုမို့ ပါးပြင်လေးက သူမအား ပိုမို ချစ်စဖွယ် ကောင်းစေသည်။ သူမက လှပစွာ ပြုံးရင်း ချန်းဖန်အား ကြည့်နေခဲ့၏။

သူမ၏ ကျောင်းဝတ်စုံ ရင်ဘတ်ရှိ ကျောင်းနာမည်ကို ချန်းဖန် ဖတ်လိုက်မိသည်။

"တုန်းဟယ် ပြည်နယ် နိုင်ငံခြား ဘာသာ အကယ်ဒမီ ..."

"ရှောင်ရှီ ... သူစိမ်းတွေကို စကားမပြောရဘူးလို့ အစ်မ မမှာထားဘူးလား ..."

အရပ်ရှည်သော မိန်းကလေးက ဆူပူလိုက်သည်။

"ဒါပေမဲ့ အစ်မ ... သူက အစ်မအန်ကို သိနေတယ်လေ ... သူက ကျန်းနန်ပြည်နယ်က ဖြစ်ရမယ် ... အစ်မအန်ရဲ့ ရည်းစားတောင် ဖြစ်ချင် ဖြစ်နေမှာ ..." မိန်းကလေးက နှုတ်ခမ်းဆူရင်း ချစ်စဖွယ် ပြောလိုက်၏။

"မိန်းကလေးတို့ ... ပြန်ရောက်လာပြီလား ..."

အစောင့်များက နှုတ်ဆက်လိုက်သည်။

"အထဲကို ဝင်ကြပါ ခင်ဗျ ... အပြင်မှာက တော်တော်လေး အေးပါတယ် ... တော်ကြာနေ ကလေးမလေး အအေးမိ နေဦးမယ် ..."

"ဪ  ... သခင်လေးဟိုလည်း ပါလာတာပဲ ... ရှောင်ဝမ် ... မိန်းကလေးရဲ့ ကားကို ဂိုဒေါင်ထဲကို သွားထည့်ပေးလိုက် ..."

အစောင့်များကား ပျာပျာသလဲပင်။

ချန်းဖန်က ထိုမိန်းကလေး နှစ်ယောက်ကို ကြည့်ရင်း တက္ကစီ ဒရိုင်ဘာ ပြောခဲ့သည့် အန်မိသားစု၏ အသည်းကျော် အန်ယုချင်နှင့် အန်ရိုရှီ ဖြစ်လိမ့်မည်ဟု မှတ်ချက်ချလိုက်မိသည်။

အန်ရိုရှီ၏ စိတ်ကောက်နေသော ပုံစံကို ကြည့်ရင်း ချောမောသော လူငယ်က ...

"ယုချင်  ... ငါတို့ သူ့ကို အတူ ခေါ်သွားမှ ဖြစ်မယ် ထင်တယ် ... မဟုတ်ရင် ရှောင်ရှီ စိတ်ကောက်ပြေတော့မှာ မဟုတ်ဘူး ..."

လူငယ်၏ စကားကြောင့် အန်ယုချင်မှာ အနည်းငယ် တွေဝေသွားသည်။

အန်ရိုရှီကမူ ရယ်မောလိုက်ရင်း ...

"ခဲအိုက သမီးစိတ်ကို အသိဆုံးပဲ ..."

ထို့နောက် သူမက အန်ယုချင်၏ လက်ကို ဆွဲရင်း ချွဲလိုက်သည်။

"အစ်မ ... အစ်မအန် အတွက် သမီး တကယ် စိတ်မကောင်းဘူး ... သူက အမြဲ အထီးကျန်ပြီး ဝမ်းနည်းနေတာ ... သူ့ အသိလာတွေ့တာ သူ့အတွက် ဝမ်းသာစရာပဲလေ ..."

"နင် စကားကို ဆင်ခြင်ပြော ... သူက နင့် ခဲအို မဟုတ်ဘူး ... သူနဲ့ငါက လက်မထပ်ရသေးဘူး ..."

အန်ယုချင်က အန်ရိုရှီကို မျက်စောင်းထိုးရင်း လူငယ်အား အကူအညီ ကင်းမဲ့စွာ လှမ်းကြည့်လိုက်၏။

လူငယ်၏ ခေါင်းညိတ်မှုအား မြင်သည်နှင့် သူမက လက်ခါယမ်း ပြလိုက်ပြီး ...

"ကောင်းပြီ ... ကောင်းပြီ ... သူ့ကို ပေးဝင်လိုက် ..."

"ဆရာ ... ကျွန်မ ညီမလေး စိတ်ကျေနပ်အောင် ရှင့်ကို ပေးဝင်လိုက်ပါတယ် ... ဒါပေမဲ့ ရှင့်ရဲ့ အပြုအမူတွေ ကိုတော့ ဆင်ခြင်ပါ ... အထဲမှာ ဧည့်သည်တွေ အများကြီး ရှိတယ် ..."

အန်ယုချင်က ချန်းဖန်ဘက်သို့ လှည့်ရင်း အေးစက်စွာ ပြောလိုက်၏။

***

All Chapters